အဝါရောင်ကောင်းကင်

( 1 မှတ်ချက်)

8000 (ကျပ်)

တဒင်္ဂ စိတ်ခံစားချက်ကို အလိုလိုက်ပြီး အိမ်ထောင်တစ်ခုကို လွယ်လွယ်ပြုလိုက်ရာမှ လူရွေးမှားခဲ့ပြီး အိမ်ထောင်ရေးနွံထဲမှာ စုန်းစုန်းနစ်သွားရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း အခြေခံ ရေးဖွဲ့ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် .. စီးပွားရေးအဆင်မပြေတဲ့ မိသားစုရဲ့ ဝေးရာကို ထွက်ပြေးလာမိတဲ့ ညိုဟာ လူတစ်ယောက်ကို ယုံကြည်အားကိုးမိပြီး ထိုသူရဲ့နောက်ကို မျက်စိစုံမှိတ်ကာ လိုက်သွားခဲ့ပါတယ် .. အိမ်ထောင်ရေးဆိုတာ လူနှစ်ယောက် ပေါင်းဖက်တာတင်မဟုတ်ဘဲ မတူညီတဲ့ အသိုက်အ၀န်းနှစ်ခု ထိတွေ့လိုက်တာလို့ ညိုသိလိုက်ရချိန်မှာ အရာအားလုံး နောက်ကျသွားခဲ့ရပါပြီ .. သာယာချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုကို ညို ကြိုးစားတည်ဆောက်ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ဘ၀ ထပ်တူကျဖို့ အရမ်းခက်ခဲမှန်း တဖြည်းဖြည်း သူမ ပိုပို သိလာခဲ့ပါတော့တယ် .. အိမ်ထောင်ရေးဆိုတာ အငိုလွယ်ပြီး အရှိုက်ခက်တာမို့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေတဲ့ အခြေအနေကြီးကို သူမ ဘယ်လို ဖြတ်သန်းမလဲ .. ဒီလို လှုပ်လေ မြုပ်လေ ဖြစ်နေတဲ့ အိမ်ထောင်ရေးနွံထဲကနေ သူမ ဘယ်လို ရုန်းထွက်နိုင်မလဲ ဆိုတာကတော့ ..

ဒီဝတ္ထုလေးဟာ ဆယ်ကျော်သက် အမျိုးသမီးငယ်လေးတွေ အိမ်ထောင်တစ်ခုကို အလွယ်တကူ မတည်ဆောက်မိစေဖို့၊ အိမ်ထောင်တစ်ခုမှာ အချစ်တစ်ခုတည်းနဲ့ မပြည့်စုံတဲ့ အကြောင်းသိစေဖို့ ၊ မိဘနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်ပြေးချင်တဲ့ အိမ်ပြေးမလေးတွေလမ်းမှားမရောက်စေဖို့၊ မိဘတွေဆူငေါက်တာဟာ သူစိမ်းတွေ ပြောဆိုတာ ခံရတာနဲ့စာရင် ပန်းနဲ့ပေါက်သလောက်ပဲရှိတယ်ဆိုတာ သိစေဖို့အတွက် မီးမောင်းထိုးပြထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ .. ဒီဝတ္ထုထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ကြီးပုံတွေ၊ မာန်မာနတွေ၊ ထက်မြက်မူတွေ၊ Single Mother တစ်ယောက်ရဲ့ လောကဓံကို ခါးစောင်းတင်ပြီး ရပ်တည်ပုံတွေ၊ မိခင်မေတ္တာကြီးမားပုံတွေ၊ အမျိုးသမီးတွေဟာ အိမ်ထောင်ရေးမှာ ယောင်္ကျားတွေထက် သံယောဇဥ်နှင့် သစ္စာတရားကြီးမားတတ်ပုံတွေကို စိတ်ဝင်တစား ဖတ်ရှုရမှာပါ .. ဒါ့အပြင် ဒီစာအုပ်လေးမှာ ” ဘာမှမပြည့်စုံပဲ အိမ်ထောင်တစ်ခုကို စိတ်လိုလက်ရ တည်ထောင်ခဲ့ပြီးပြီဆိုလျှင် ထိုအိမ်ထောင်တစ်ခု သာယာဖို့အတွက် လင်ရော၊ မယားရော စိတ်လိုလက်ရ ကြိုးစားဖို့လိုပါသည်။ သို့မှသာ မွေးဖွားလာမည့် ကိုယ့်သားသမီးများကို ကောင်းမွန်စွာပျိုးထောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် လူသားတစ်ဦး၏ ဘ၀တစ်ခုကို မွေးဖွားပေးမည့်မိဘများသည် အလွန်တရာ ကြီးလေးသည့် တာ၀န်တစ်ခုကို ထမ်းဆောင်လိုက်ခြင်းဖြစ်ကြောင်း သိထားဖို့လည်းလိုပါမည်။ မိဘတွေ အသုံးမကျလို့ ဖြူစင်သည့် ကလေးငယ်များ အညွှန့်တုံးပြီး အနင်းခံမြေစာပင်များ ဖြစ်နေရသည့်အဖြစ်မျိုး လူ့ပတ်၀န်းကျင်မှာ ရှိကို ရှိမနေသင့်ပါ။

ကိုယ့်ရဲ့လိင်စိတ်နိုးထခဲ့ရုံသက်သက်နဲ့တော့ ဖြူစင်အပြစ်ကင်းသည့် ကလေးငယ်များကို ဒုက္ခရောက်စေဖို့ လူ့လောကထဲ ဆွဲမခေါ်သင့်ပါ .. ” ကလေးငယ်တိုင်းသည် နွေးထွေးသည့်မိသားစုနဲ့ ထိုက်တန်ပါသည်။ ” စသဖြင့် ခေတ်နစ်ကိုထင်ဟပ်နေသည့် အရေးအသား အဖွဲ့အနွဲ့များပါ ရောပြွန်းနေပါတယ် ..ဒီစာအုပ်လေးကို အိမ်ထောင်သည်များလည်း ဖတ်သင့် သလို၊ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးငယ်များကလည်း Toxic relationship က ရှောင်တိမ်းနိုင်ဖို့ ဖတ်သင့်ပါတယ် .. မိဘများအနေနဲ့လည်း ကိုယ့်သားသမီးကို လမ်းမှားမရောက်စေရန် ဖတ်ရှုခိုင်းသင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တာကြောင့် ပေးရတဲ့တန်ဖိုးထက် စိတ်ကျေနပ်မူရရှိမယ့် ရသစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ် …။

စာမျက်နှာ

288

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဖေဖော်ဝါရီလ ၊ ပထမအကြိမ်

16 in stock

အဝါရောင်ကောင်းကင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Mon Halsey (verified owner)

    စာရေးတာက အမျိုးသားစာရေးသူဆိုပေမယ့် ဒီစာအုပ်ရဲ့အဓိကဇာတ်ဆောင် Character အမျိုးသမီးနေရာကနေ တောက်လျှောက်ရေးသွားတာကိုတွေ့ရတယ် ။

    စာအုပ်ရဲ့အဆုံးပိုင်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့ Ending လေးနဲ့အဆုံးသတ်သွားတယ် ။Happy Ending လို့ဆိုရမှာပါပဲ။

    ဒါပေမဲ့ အဲဒီအပိုင်းက နောက်ဆုံးဆယ်ရွက်လောက်ကမှစပြီး ရောက်လာတာမို့.. အစကနေ.. ဆုံးဖြတ်ချက်မှားတာတွေ.. ခံယူချက်မှားတာတွေ ရွေးချယ်မှုမှားတာတွေ မလွတ်မြောက်နိုင်တဲ့ Old Patterns တွေကြားမှာ
    တိုင်ပတ်နေတာတွေကြောင့် ဖတ်ရတဲ့သူလည်း အသည်းတယားယား ဖြစ်လာ..စိတ်တွေဆိုးလာပေမဲ့ လက်ကတော့ မချနိုင်ဘူးရယ်။

    ဒါနဲ့ပဲ ဖတ်ရင်းနဲ့မနေနိုင်တော့ဘူး
    ကျွန်မလည်း ဒီစာအုပ်ထုတ်ဝေတဲ့ စာရိပ်မြိုင်စာပေက ကိုပြည့်အာကာဆီ လှမ်းပြီးMessage ပို့လိုက်ပါတယ်..

    ကိုပြည့်ရေ အဝါရောင်ကောင်းကင် ဖတ်နေပြီ

    ဘယ်လိုလဲ မမွန် အတော်ကောင်းသလား

    ကောင်းသလားမမေးနဲ့ စိတ်တွေပါဆိုးလာလို့..ဒီကောင်မလေးဟာ အသိခေါက်ခက်အဝင်နက်နေတယ် သူဘယ်တော့ အမြင်မှန်ရမလဲ သိချင်လို့ မချတမ်းဖတ်နေရတယ်ဟယ်။

    ထရောမရိုက်ချင်ဘူးလား..ဟီး။

    အေး..ငါ့ညီမသာဆိုရင်ကွယ်..သုံးချက်လောက်တော့ နားဘန်ကျင်းမိပြီ။

    တကယ်ပါပဲ..ကျွန်မစိတ်ထဲမှာ အဲဒီလိုကို ဖြစ်လာခဲ့ပါတယ်။

    လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဒုတိယ အောက်ဆုံး အလွှာက လူတွေရဲ့ ခက်ခဲ ပင်ပန်း ဆင်းရဲ ရုန်းကန်ရမှုတွေနဲ့အတူ အဲဒီအရာတွေတွေက လွတ်မြောက်ဖို့ဆိုရင် လိမ်မာတယ် ပါးနပ်မှု ..
    စွန့်စားမှု
    မပျင်းရိမှုတွေ လိုအပ်တယ်ဆိုတာ စာရေးသူက သွယ်ဝိုက်ပြီး ပြသခဲ့တယ် ။

    ဒီလူမကောင်းရင် သူနဲ့မနေနဲ့တော့ပေါ့လို့ ပြောလိုက်တာကလွယ်ပေမဲ့တကယ်တမ်းလက်တွေ့မှာ ခက်ခဲနေတဲ့ဘဝတွေ ရှိတယ်.. ဒီအခက်အခဲတွေကနေ လွတ်ကျွတ်သွားနိုင်ဖို့ဆိုတာက ကံတရားရဲ့ ဖေးမမှုကလည်း နည်းနည်းတော့ပါရဦးမယ်..

    ဘယ်သူတွေဖတ်သင့်သလဲဆိုရင် မောင့်မျက်နှာတစ်ရွာထင်တယ် ဆိုတဲ့အမျိုးသမီးငယ်လေးတွေဖတ်သင့်တယ်..
    အိမ်မှာအဆင်မပြေတိုင်း ယောက်ျားနဲ့ခိုးရာလိုက်ပြေးဖို့ စဉ်းစားတတ်ကြတဲ့မိန်းကလေးတွေဖတ်သင့်တယ်..

    နောက်ဆုံးမှာတော့ဘယ်သူမပြုမိမိမှုပဲ ..ကိုယ်ဖြစ်ကိုယ်ခံပဲ ..ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုလျှောက်ရမှာပဲ .. ကိုယ့်အားကိုယ်ကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပဲ..

    လှပတဲ့ ဘဝသင်ခန်းစာနဲ့အတူ အသေးစိတ် မြိုင်မြိုင်ဆိုင်ဆိုင်လေး ရေးထားတဲ့စာအုပ်တစ်အုပ်ပါ

    စာရေးသူနဲ့က မသိဖူး ..မတွေ့ဖူးပါ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ စာအုပ်ကလေးတစ်အုပ်ကို ညွန်းဆိုပါဆိုရင်ကျွန်မဒီစာအုပ်ကလေးကို ညွှန်းဆိုချင်ပါတယ်။

    #အဝါရောင်ကောင်းကင်
    #ညီလေးငယ်
    #bookreview
    #booksiveread

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ညီလေးငယ် စာအုပ်များ