စာအုပ်များနှင့် နှစ်ပေါင်းများစွာ

( 1 မှတ်ချက်)

8000 (ကျပ်)

▪️ ဖတ်ရမှတ်ရသမျှထဲက ထိထိရှရှရှိပြီဆိုလျှင် သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင်ပြီး တမေ့တမော စားမြုံ့ပြန်ရသည်။ အခုတော့ သူငယ်ချင်းတွေနှင့်လည်း မဆုံနိုင်တော့ပြီ။ လက်ဖက်ရည်ဆိုင်လည်း မထိုင်နိုင်တော့ပြီ။ စာအုပ်တွေနှင့်ကား မကင်းမကွာရှိဆဲ၊ သည်လိုနှင့်ဖတ်ရသမျှထဲမှာ ပြောချင်ဆိုချင်သမျှကို စာဖတ်သူများကိုသာ သူငယ်ချင်းအမှတ်ဖြင့် တိုင်တည်ရင်ဖွင့်ရတော့သည်…

▪️ ယခုစာစုမှာ ဤသို့သော တိုင်တည်ရင်ဖွင့်ချက်များကို စုစည်းလိုက်ခြင်းဖြစ်ပါသည်။ ဒဂုန်တာရာ၊ မြသန်းတင့်၊ နတ်နွယ်၊ မောင်စူးစမ်း၊ မောင်ဝံသ၊ ကိုတာ၊ ဂျူး စသော မြန်မာစာရေးဆရာတွေ၏ စာအုပ်တွေလည်းပါသည်။ ဆင်မျူရယ်(လ်) ဟန်တင်တန်၊ အန်ထော်နီရယ်(လ်)ဂီဒင်၊ ဟာနန်ဒိုဒီဆိုတိုစသော နိုင်ငံတကာပညာရှင်တွေ၏ စာအုပ်တွေလည်းပါသည်။ တချို့တိုတို၊ တချို့ရှည်ရှည်၊ တချို့ပါးပါး၊ တချို့နက်နက် တို့ထိချက်များသာဖြစ်ပါသည်။

▪️ ဆရာကျော်ဝင်း၏ နိဒါန်းအမှာစကားလေး ဖြစ်ပါတယ်။ ယခုစာအုပ်မှာ တတိယအကြိမ်အဖြစ် ဆရာ့၏ စာအုပ်အညွှန်းဆောင်းပါးသစ်များဖြည့်စွက်၍ ထုတ်ဝေထားပါသည်။ စာဖတ်သူများ၊ စာသမားများနှင့် ဆရာကျော်ဝင်းစာအုပ်တွေ တခုတ်တရ ဖတ်ရှုလေ့လာသူများအတွက် တန်ဖိုးထားဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

694

စာအုပ်အရွယ်အစား

5.5 × 2 × 8.4 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၀ ဇူလိုင်လ၊ (ပ-ကြိမ်)

စာအုပ်များနှင့် နှစ်ပေါင်းများစွာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Ar Kar

    ‘ တော်စတွိုင်းဆို မြသန်းတင့် ‘ ၊ ‘ ဒေါ့တိုယက်စကီးဆို နတ်နွယ် ‘ ၊ ‘ မိုပါဆွန်းဆို မောင်ထင် ‘ ၊ ‌’ မော်ရေးဗီးယားဆို ညွှန့်ကြူး ‘ လို့ ဆရာကျော်ဝင်းက ဘာသာပြန်လိုက်ဖက်မှုကို မှတ်ချက်ပြုခဲ့တယ် ၊ နောက်တစ်ခုရှိသေးတယ် ‘ ချက်ကော့ ‘ ၊ သူ့ကိုကျတော့ ဗန်းမော်တင်အောင် ပြန်တဲ့ဟန်က ခန့်နေတယ် ၊ ဒဂုန်တာရာ ပြန်တဲ့ ဟန်က နုနေတယ် ၊ ဒီလိုနဲ့ ဘယ်ဟန်က ချက်ကော့ရဲ့ ဟန်ကို အမိဆုံးလဲဆိုတော့ ကျွန်တော်များရဲ့ ဘေဘီလုံ ဆရာကြီး ဦးဖေမြင့်ကို သွားတွေ့သတဲ့ ၊ ဆရာဖေမြင့်ရဲ့ လူနာဆောင်အမှတ်ခြောက်ကို သွားတွေ့တော့ ‘ ချက်ကော့ဆို ဖေမြင့် ‘ ဖြစ်သွားရော

    စာရေးသူ သုံးသပ်တင်ပြချက်တွေက တွေ့မြင်ဖူးတဲ့ စာအုပ်တွေကိုတောင် အရမ်းဖတ်ချင်သ‌ွားလောက်အောင် ဆွဲဆောင်နေတယ် ၊ ‌‌မောင်ထင်‌ရေးတဲ့ ယောမင်းကြီး ဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းဆိုတဲ့ စာအုပ်ကြီးကို အရင်က မြင်တွေ့ခဲ့ပေမဲ့ စိတ်မဝင်စားခဲ့ဘူး ၊ ဒီစာထဲက သုံးသပ်ချက်မှာပါတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဆိုတာက သီပေါမင်းတရားကို ဆုံးမတဲ့ကျမ်းဖြစ်ရုံတင်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံရေး ဘောဂဗေဒကျမ်းလို့လည်း ခေါ်လို့ရတယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုကြည့်ပီး အရမ်းတွေ စိတ်ဝင်စားသွားမိတယ်

    ဒီစာအုပ်ကြီးဖတ်ပြီး ဝယ်ရမဲ့ စာအုပ်တွေ တစ်ပုံကြီးကို စာရင်းမှတ်ခဲ့ရပြီ ၊ ဘာပဲပြောပြော ဦးနှောက်မှာ ရင်းနှီးမြှပ်နှံတဲ့အရာက အကျိုးအရှိဆုံးမို့ စုဝယ်ဖြစ်မှာပါ ၊ တချို့စာအုပ်တွေကျတော့ ပြန်မထွက်သေးတာ တွေ့ရတယ် ၊ အင်္ဂလိပ်စာအုပ်တွေမှာလည်း မြန်မာပြန် မထုတ်သေးတာတွေတော့ရှိတယ် ၊ ဒီထဲက စာအုပ်တွေ ကိုယ့်မှာနည်းနည်းပဲရှိတယ် ၊ တစ်ချို့စာအုပ်တွေကတော့ ပြန်ထွက်တာတွေလည်း ရှိတယ် ….

    ဆရာကျော်ဝင်းကိုယ်တိုင် စာအုပ်အသစ်ထွက်ရင် ဖတ်ချင်လွန်းလို့ တစ်နေ့ရေးမှ တစ်နေ့ဝင်ငွေရမဲ့ စာရေးခြင်းအလုပ်ကို ခဏထားပြီး အသစ်ထွက်လာတဲ့ ဆရာမဂျူးရဲ့ ဝတ္ထုကို ကြိုတင် ဘိုကင်လုပ်ပြီး ငှားဖတ်ခဲ့ဖူးတာ တွေ့ရတယ်

    စာကြည့်တိုက်တွေ ၊ စာအုပ်စုဆောင်းသူတွေ ၊ ဘယ်စာအုပ် ဖတ်ရမယ်မှန်းမသိဖြစ်နေတဲ့ လူတွေအတွက် ဝယ်ယူထားသင့်တ‌ဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းချင်ပါတယ် ၊ ဒီစာအုပ်ကြီးဖတ်ပြီးရင် ဆက်လက်ပြီး ဖတ်ရမဲ့စာအုပ်တွေအတွက် ပိုက်ဆံကြိုတင်စုထားကြပါတော့လေ …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကျော်ဝင်း စာအုပ်များ