ဝတ်မှုန်
4000 (ကျပ်)
စာရေးခြင်းကို မြတ်နိုးဝါသနာထုံသူ ဆရာမ ‘ ပျိုး ‘ ၏ တတိယမြောက် လက်ရာ ‘ ၀တ်မှုန် ‘ ။ ပျိုမြစ်နုငယ် ၊ ရွယ် ၊ လတ်သော အရွယ်စုံ အမျိုးသမီးတို့ ရင်ဆိုင်ရသည့် လောကငယ်တစ်ခုကို ခြယ်မှုန်းထားသော … ‘ ၀တ်မှုန်’။
၀တ္ထုအမည် ‘ ၀တ်မှုန် ‘ သည် စာဖတ်ပြီးချိန်မှာ စာဖတ်သူကိုယ်တိုင် မျှဝေခံစားနိုင်သည့် စာအမျိုးအစားမို့ ၀တ္ထုဇာတ်ကြောင်းကိုတော့ ကြိုတင်စကားဦး မသန်းလိုတော့ပါ။
သို့ပေမယ့် ‘ ၀တ်မှုန် ‘ သည် စာဖတ်ပြီး တစ်ခုခု မျှော်လင့်လိုသော စာဖတ်သူများအတွက်ဆိုလျှင်(အများစု) ကိုယ်နှင့်စိမ်းသက်သော အာဝေနိက ဒုက္ခဘ၀တွေအတွက် ‘ မျှဝေခံစားခြင်း ‘ ကို တို့ထိသက်၀င်နိုင်မည့် စာမျိုးဟု ဆိုချင်ပါသည် ။
စာမျက်နှာ | 208 |
---|---|
စာအုပ်အရွယ်အစား | 5.6 × 0.5 × 8 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 နိုဝင်ဘာလ (ပ-ကြိမ်) |
19 in stock
Ko Pauk Mdy (verified owner) –
“သင်းပျံ့စေသော ဝတ်မူန် “
ဆရာမပျိုးရဲ့ ပထမဦးဆုံးသော ဖယောင်းဥယျာဉ်ကတော့ ကလေးတွေကို စာသင်ပေးခဲ့တဲ့ လုပ်အားပေးကျောင်းဆရာမလေး မြင်တွေ့ကြုံခဲ့ရတဲ့ ဘဝလေးတွေကိုရေးဖွဲ့ထားတဲ့ စာအုပ်လေးဖြစ်ပြီး အင်မတန်မှနှစ်သက်စရာကောင်းပါတယ်။
ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ ဇလပ်နီကတော့ ဘဝဆိုးလှတဲ့ မိန်းကလေးတစ်ယောက်အကြောင်းဖြစ်ပြီး စာရေးသူကိုယ်တိုင်ရေးနေရင်းက မွန်းကျပ်လာတဲ့အတွက် မြန်မြန်ဇာတ်သိမ်းလိုက်တယ်လို့ သိထားရပါတယ်။
ဆရာမပျိုးရဲ့ တတိယမြောက်စာအုပ်လေးကတော့ ဝတ်မှုန်လို့အမည်ရတဲ့စာအုပ်လေးပေါ့။
ဝတ်မှုန်ဆိုတဲ့နာမည်လေးက အဆိုတော်ကြီးမွန်းအောင်ရဲ့နာမည်ကြီး အချစ်သီချင်းတစ်ပုဒ်ရဲ့နာမည်နဲ့ဆင်တူနေလေတော့ အချစ်အကြောင်းဘဲဖြစ်မယ်လို့ထင်မိတော့တာပေါ့။
ဇာတ်အဖွင့်မှာတော့ ပိုးနုနုငယ် ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အဆင်မပြေသော မိသားစုဘဝတစ်ခုအကြောင်းကနေအစပြုလို့ထားပါတယ်။
မသိတတ်သောအစ်ကိုဆိုးဆိုးနဲ့ သားချစ်တဲ့ မေမေတို့ နှစ်ယောက်ကြားမှာ မလူးသာမလွန့်သာရှိနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့။
ပိုးနုအကြောင်းရေးဖွဲ့ထားတာဖတ်ရတဲ့အခါ လှိုင်သာယာပတ်ဝန်းကျင်မှာရှိနေတဲ့ ကျူးအိမ်လေးတွေမှာနေကြတဲ့ လူတွေကို မျက်စေ့ထဲပြေးမြင်လာမိပါတယ်။
ငွေကြေးအတွက်ခက်ခဲတဲ့ ဘဝတွေအကြောင်းဖတ်ရတဲ့အခါမှာတော့ ” ဘယ်အချိန်ဘယ်ကာလရောက်မှဘဲ ကျွန်တော်တို့တစ်တွေ အဆင်ပြေစွာ နေထိုင်ကြတဲ့ဘဝကိုရောက်လာနိုင်ပါ့မလဲ “လို့ တွေးမိတော့ အနာဂတ်အတွက်ရင်မောမိတာအမှန်။
ကိုယ်တိုင်အဆင်မပြေတာတွေများနေတဲ့ဘဝကြီးထဲမှာ အဆင်မပြေတဲ့အကြောင်းတွေ ဖတ်နေရပြန်ပြီဆိုပြီး တွေးနေမိလေတော့ ဖတ်လို့သာဖတ်နေရတယ် စိတ်ထဲကိုသိပ်မရောက်သလိုပါဘဲ။
မိန်းခလေးတိုင်းရှောင်လွှဲမရ လစဉ်ကြုံနေကျကာလ မှာ အလူးအလဲခံရတဲ့ ဝေဒနာကိုလစဉ်လိုလိုခံစားနေရလို့ ဆေးခန်းကိုသွားအပြမှာ ကြုံရတဲ့ စိတ်အဆင့်မသင့်စရာတွေကို ရေးဖွဲ့ပြတဲ့အခါမှာ မဟုတ်မခံဇတ်ဇတ်ကျဲမလေး ပန်းနုက ဆေးခန်းမှာ မောက်မာစွာဆက်ဆံတတ်တဲ့သူတွေကိုတုန့်ပြန်ုပုံကို ဖော်ပြထားတဲ့ စရိုက်ကလေးကတော့ ချစ်စရာကောင်းနေပြန်ပါတယ်။
ကျန်းမာရေး တစ်ခုခု ချို့ယွင်းလာရင် ငွေမကုန်ဘဲ ကုသလို့ မရသလို မသိမတတ်တဲ့လူတွေအပေါ်မှာအခွင့်အရေးယူပြီး ဖြတ်ခုတ်နေတဲ့အချောင်သမားတွေက ဆေးရုံဆေးခန်းတွေမှာ အဆင်သင့်ရှိနေတာဆိုတာကလဲ ဖြေရှင်းလို့ မရသေးတဲ့ ကိစ္စတစ်ခုဆိုတာကိုဆက်စပ်ပြီးတွေးမိပါတယ်။ အဲ့ဒီအထဲမှာမှ ဆေးခန်းလာပြရင်း တွေ့လိုက်ရတဲ့ သူတစ်ပါးကို ကူညီချင်သူ အန်တီဘီဒယားနဲ့ တွေ့တော့ သွေးအားတက်အောင်ဆိုပြီးကြက်ဥပြုတ်ဇွတ်စားခိုင်းတာတွေ၊ ဇာတ်ဇာတ်ကျဲ ပိုးနုနဲ့ ဆရာဝန်မလေးတို့ ရင်ဆိုင်တွေ့ကြတာတွေဖတ်ရတော့ ဖတ်နေရင်း ပြုံးချင်မိသလို ရှေ့ကသယ်လာခဲ့တဲ့ မွန်းကျပ်မှုတွေကို ဖြေလျော့ပေးလိုက်သလိုပါဘဲ။ ပိုးနုအကြောင်းဖတ်နေရင်းက ဒရာမာတွေဆက်ခင်းအုံးမှာလားလို့ တွေးနေရင်း ဆက်ဖတ်ဘို့အတွက် စာမျက်နှာတစ်ရွက်လှန်လိုက်တော့ နောက်တစ်ယောက်အကြောင်းဇာတ်လမ်းတစ်ပုဒ်က ဆက်ပြီးဝင်လာပါတယ်။
နောက်တစ်ပုဒ်ကတော့ ကလေးလိုချင်ပေမယ့် မရနိုင်တော့တဲ့ အနေအထားကိုရောက်နေတဲ့ အစ်ကိုကြီးဝင်းဆွေနဲ့ မမနွယ်တို့ ရဲ့ ဇာတ်လမ်းပါဘဲ။ မမနွယ်ရဲ့ အမျိုးသားအစ်ကိုကြီးကတော့ ခပ်ကဲကဲအရာရှိကြီးတစ်ဦးပေါ့။
မနွယ်နွယ်အကြောင်း ဖတ်ကောင်းနေတုန်းဖျပ်ကနဲ့ နောက်တစ်ခန်းပြောင်းသွားပြီး ကလျာဆိုတဲ့ စက်ချုပ်ဆိုင်ဖွင့်ထားတဲ့သူအကြောင်း ဖြစ်သွားပြန်ပါတယ်။ ကလျာဘဝဇာတ်ကြောင်းကလည်း မလှမပ ဆိုတော့ အချစ်အကြောင်းမှတ်ပြီး ဖတ်မိတဲ့ကျွန်တော် ရင်နာစရာ ဒရာမာတွေနဲ့ ဘဲ တိုးနေပြန်ပါလေရော။
ကလျာ့အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းတာမို့ ဆက်ဖတ်နေတုန်း လေးနွယ်ဆိုတဲ့ကောင်မလေးအကြောင်းကိုခုန်ကူးသွားပြန်ပါတယ်။ ဆရာနဲ့ လေးနွယ်အကြောင်းကနေ ဧကရီဆိုတဲ့ စိတ်ထက်ထက် အမျိုးသမီးတစ်ယောက်အကြောင်းရောက်၊ ဧကရီအကြောင်းကနေ ငလင်းနဲ့မူမူကျော် မောင်နှမအကြောင်းကို ဖျပ်ကနဲရောက်လို့သွားပြန်ပါတယ်။ ဒီစာအုပ်မှာ ပန်းနု မမနွယ် ကလျာ လေးနွယ် ဧကရီ မူမူကျော် ဇာတ်ကောင်တွေအများကြီးပါဘဲ။ ဒါပေမယ့် ဇာတ်ကောင်တစ်ယောက်အကြောင်းကနေ နောက်တစ်ယောက်အကူးမှာ ရုပ်ရှင်မှာအခန်းပြောင်းသလိုဖျပ်ကနဲ ဖျပ်ကနဲ့ ပြောင်းသွားတဲ့အခါ “ ဘာလဲဟဲ့ “ဆိုတဲ့သိချင်ဇောနဲ့ အမောတကောလိုက်ဖတ်ရတော့တာပေါ့ ။ နောက်ဆုံးတော့ ဗဟိုရ်အမျိုးသမီးဆေးရုံကြီးပေါ်မှာဒီဇာတ်ကောင်အားလုံးသွားပြီး စုနေကြတာကိုဖတ်ရတော့မှ ပျိုးရဲ့ ရည်ရွယ်ရာကို ရောက်ပါတော့တယ်။ ဆေးရုံပေါ်ရောက်တာတောင်မှ ဇာတ်ကောင်က မကုန်နိုင်သေးဘဲ ချင်းပြည်နယ်ကဆေးရုံလာတက်တဲ့ ပန်းဇလပ်ဆိုတဲ့ တောင်ပေါ်သူ ဇာတ်ကောင်တစ်ယောက်က နောက်တိုးအဖြစ်ပါလာပါသေးတယ်။
စဖတ်ဖတ်ခြင်းကတော့ ဖြစ်နေကျ သာမန်ဇာတ်အသွားလိုထင်ရပေမယ့် ဇာတ်ကောင်တွေအများကြီး နဲ့ဘယ်လိုများဇာတ်လမ်းတွေခင်းအုံးမလဲဆိုတဲ့ သိချင်စိတ်ကလေးကြောင့် ဖတ်ရတာ ပိုပြီး ပိုစိတ်ဝင်စားစရာကောင်းလို့လာပါတယ်။
ဆေးရုံကြီးပေါ်ကိုရောက်ပြီဆိုမှ ဆရာမပျိုးရဲ့ လက်စွမ်းကို ပြက်ပြက်ထင်ထင်မြင်ရပါတော့တယ်။
ဇာတ်လမ်းအကြောင်းကို ဆက်ပြောနေရင် ဒီစာအုပ်ကိုဖတ်လို့ အရသာမရှိဘဲနေမှာစိုးတာကြောင့် ဇာတ်အသွားကိုတော့ ပြောမပြတော့ပါဘူး။
အနှစ်ချူပ်လိုက်မယ်ဆိုရင် မိန်းကလေးတွေအများစုမှာ ကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းရဲ့ ရောဂါတစ်ခုအကြောင်းကို စိတ်ဝင်စားဘွယ်ရာရေးထားတဲ့ စာစုလေးဖြစ်နေပါတယ်။ ပညာပေးဇာတ်လမ်းတွေလို ဆေးပညာဆိုင်ရာ ကိစ္စတွေကို အတုံးလိုက်အတစ်လိုက်ရေးမထားဘဲ မိန်းကလေးများ သိသင့် သိထိုက်တာလေးတွေကို ခပ်ပါးပါးလေးနဲ့ နားဝင်အောင် ရေးချသွားတာကတော့ ဖတ်လို့ မှတ်ဘို့ ကောင်းလိုက်တာလို့ ဆိုချင်မိပါတယ်။
ဆေးရုံမှာမလွဲမသွေကြုံကြရမယ့် အဖြစ်အပျက်တွေကို ရီစရာလေးနှောပြီး ရေးဖွဲ့ထားပုံတွေ၊ရောဂါသည်အချင်းချင်း စာနာစိတ်နဲ့ကူညီကြတာတွေ၊ လူ့စရိုက်လူ့သဘာဝတွေကို ဖော်ကျူးပြထားပုံတွေက စာဖတ်သူကို တစ်ဆင့်ခြင်းဆွဲခေါ်သွားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာ လေးနွယ်ဆိုတဲ့ ကလေးမလေးရဲ့ အဖြစ်အပျက်ကတော့ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင် မဆင်ခြင် မစူးစမ်းဘဲ ဆုံးဖြတ်တတ်ကြ ဝေဖန်တတ်ကြတဲ့ လူတွေကိုမီးမောင်းထိုးပြထားတဲ့ အကြောင်းအရာ လေးတစ်ခုပါဘဲ။
လူသားတစ်ယောက် လူ့လောကထဲရောက်လာဘို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မိခင်လောင်းတွေမှာဖြစ်တတ်တဲ့ ရောဂါဝေဒနာအကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးပြထားပြီး ပန်းကလေးတွေဝတ်မှုံကူးပြီး မျိုးဆက်သစ်တွေတိုးပွားလာသလိုဘဲ ကျွန်တော်တို့ လူ့လောကကြီးရဲ့လူအသစ်လေးတွေတိုးပွားလာရခြင်းကို ဝတ်မှုန်နဲ့ ခိုင်းနှိုင်းပြီးဖွဲ့ဆိုလို့သွားပါတယ်။
ပြောရရင် ဒီစာအုပ်က မိခင်လောင်း မိန်းကလေးတွေဖတ်သင့်တဲ့စာအုပ်ဖြစ်သလို ဖခင်လောင်းဖြစ်တဲ့ ယောက်ျားလေးတွေလဲ သိထားသင့်တဲ့အချက်အလက်တွေပါဝင်တာကြောင့် လူငယ်တိုင်းဖတ်သင့် တယ်လို့ ထင်မိပါတယ်။
တကယ်လိုများဒီစာအုပ်မှာ အခုလောက် ဇာတ်ကောင်တွေမများဘဲ အဓိကသိပ်မကျတဲ့ဇာတ်ကောင်တွေကိုလျှော့ချလိုက်ပြီး ပန်းနု မမနွယ် ကလျာ လေးနွယ်နဲ့ ဧကရီတို့အကြောင်းကိုသာ အနုစိတ်သာရေးဖွဲ့ခဲ့မယ်ဆိုရင် ပိုမိုလှပတဲ့အကြောင်းအရာလေးတွေကိုဖော်ဆောင်ထားတဲ့စာအုပ်လေးဖြစ်မယ်လို့ ဆိုချင်မိပါတယ်။ ဒီဇာတ်လမ်းထဲက ဧကရီ ရဲ့အကြောင်းကို အနုစိတ်သာရေးမယ်ဆိုရင် သူကလဲ ဇာတ်လမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်လာနိုင်တယ်လို့ ထင်မိပါတယ်။
ဝတ်မူန်ဆိုတဲ့ စာအုပ်လေးဖတ်ပြီးတဲ့ အခါမှာ ကျွန်တော်တို့နိုင်ငံမှာကျန်းမာရေးနဲ့ပတ်သက်ရင် သာမန်ပြည်သူပြည်သားတွေအတွက် ပြည့်စုံလုံလောက်မှုမရှိသေးတာ၊ ငွေကြေးချို့တဲ့သူများ မကျန်းမာတဲ့ အခါ ငွေမရှိလို့ မကုသနိုင်သေးတာ၊ ဆေးရုံနဲ့အထူးကုဆေးခန်းတွေရဲ့ ဆေးကုသစားရိတ်တွေက မိုးနဲ့မြေလောက်ကွာဟနေတာ၊ ပုဂ္ဂလိကဆေးရုံတွေမှာမြန်ဆန်ပြီး ပြည့်သူဆေးရုံတွေမှာ ကြာနေတာ၊ ဆေးရုံတက်တဲ့အခါမှကြုံတွေ့ရတဲ့အခက်အခဲတွေအများကြီးရှိနေတာ ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေနဲ့ပတ်သက်ရင် အခြေခံလောက်တောင်မှ မသိတဲ့ ကျန်းမာရေး အသိတရားချို့တဲ့ခြင်းတွေက လက်တွေ့ ဖြစ်နေတဲ့ အကြောင်းအရာတွေဆိုတာကို သိလိုက်ရပါတယ်။
ဆရာမပျိုးရဲ့ ဝတ်မူန်မှာလာတွေ့တဲ့ ထူးခြားချက်တစ်ရပ်ကတော့ ဇာတ်ကောင်တစ်ယောက်ကနေ နောက်တစ်ယောက်အပြောင်း မှာ ရုပ်ရှင်ဆန်ဆန် ဖျပ်ကနဲပြောင်းသွားပုံလေးတွေလှပတယ်လို့ခံစားမိပါတယ်။ ဒီစာအုပ်လေးထဲမှာ ပါတဲ့အကြောင်းအရာတွေက မွန်းကျပ်တဲ့ ဘဝတွေ ရင်မောစရာတွေပေမယ့် ဆေးရုံတက်ရတဲ့အခန်းတွေမှာရီမောစရာလေးတွေထည့်ပေးထားကတော့ ငြုပ်သီးစပ်စပ်ကျွေးပြီး မှ ရေအေးအေးလေးသောက်ခိုင်းသလိုပါဘဲ။ နေရာတိုင်းမှာ မေတ္တာတရာခေါင်းပါးသလို ခံစားနေရတဲ့လက်ရှိ ခေတ်ကာလကြီးထဲမှာ ရောဂါဝေဒနာအတွက် ဆေးရုံပေါ်ရောက်နေချိန် တစ်ဦးနဲ့တစ်ဦး မေတ္တာရှေ့ထားပြီး ကူညီကြတာတွေမြင်ကြရတော့ ငါ့တို့လူတွေကြားမှ မေတ္တာတရားဆိုတာ ရှားပါးပစ္စည်းဖြစ်ပေမယ့် လုံးဝကြီးတော့ ခေါင်းပါးမသွားသေးဘူး ဆိုတာသိလိုက်ရတာကလဲ စိတ်အဆာပြေစရာတစ်ကွက်ပါဘဲ။
“ ဝတ်မူန်“ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေးကို လှပတယ်လို့လဲထင်မိပါရဲ့။
ဘာဘဲပြောပြော တစ်အုပ်ထက်တစ်အုပ် အရေးအသားသွက်လာ ညက်လာတဲ့ ဆရာမပျိုးဆီက နောက်ထပ် ပွင့်လာမယ့် ရနံ့မွှေးပြီး အဆင်းလှသော ပန်းကလေးတွေကို စောင့်မျှော်နေမိပါတယ်။
ကိုပေါက် (မန္တလေး)
20122
Aung Kyaw Min –
ဝတ်မှုန်ဆိုတဲ့စာအုပ်လေးဟာ မိန်းမသားအများစုတို့ရဲ့ဘဝမှာဖြစ်တတ်တဲ့၊ဖြစ်လေ့ရှိတဲ့ ရောဂါဝေဒနာတို့အကြောင်းကို ဇာတ်လမ်း၊ဇာတ်ကောင်တွေနဲ့ စာဖတ်သူကို ဆေးပညာအသိတချို့ ထိတွေ့ပေးသွားတဲ့ ပညာပေးဝတ္တုတစ်ပုဒ်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ပိုးနုနုငယ်၊လေးနွယ်၊မမနွယ်၊ဧကရီ၊ကလျာစတဲ့ဇာတ်ကောင်တွေရဲ့ ဘဝအဖြစ်အပျက်နဲ့ အကြပ်အတည်းတွေ၊မိန်းမသားတို့ရဲ့ခံစားချက်နဲ့ ဝေဒနာရဲ့နာကျင်ရမှုအပေါင်းတွေကို တစ်စတစ်စဖွင့်ဟရေးသားချက်တွေကို မြင်ရမှာပါ။
ဇာတ်ကောင်တစ်ခုအကြောင်း ခံစားဖတ်ကောင်းနေချိန်မှာ နောက်ဇာတ်ကောင်တစ်ခုအကြောင်းပြောင်းသွားလိုက်၊ပြောင်းသွားလိုက်နဲ့ ပိုစိတ်ဝင်စားစေသလို တွေဝေပြီးဇာတ်ကိုပိုသိချင်လာလေလေပါပဲ။
ဗဟိုအမျိုးသမီးဆေးရုံမှာ အရပ်ရပ်ကရောက်လာကြတဲ့ ဇာတ်ကောင်တွေစုံတဲ့အခါမှာလည်း ညီအစ်အမအရင်းတွေသဖွယ်ကူညီဆက်ဆံကြ၊တစ်ယောက်နဲ့တစ်ယောက်အားပေးပြောဆို ရယ်မောကြနဲ့ ဆေးရုံရောက်နေသည်ဆိုတဲ့ အသိပင်ပျောက်၊ဘယ့်လောက်အားငယ်ကြောက်ရွံ့နေကြပေမယ့် တစ်ဦးအပေါ်တစ်ဦးရဲ့နွေးထွေးမှုဆိုတာ ကြောက်စိတ်ကိုပင်ပယ်စေတဲ့ အားဆေးတစ်ခွက်ဆိုတာကို အထင်းသားမြင်ရမှာပါ။
ဆေးရုံမှာကြုံကိုကြုံတွေ့ရမယ့် မိန်းမသားတို့ရဲ့တချို့အဖြစ်အပျက်တွေကိုဟာသနှောပြီးရေးထားတာတွေကတော့ စာဖတ်သူကိုယ့်ကိုပါ ပြုံးမိစေတဲ့လူ့သဘာဝစရိုက်တွေပေါ့။
‘…ပန်းတစ်ပွင့်ရယ်လို့ ဖြစ်တည်လာပြီး ဝတ်မှုန်ပါလာခဲ့ပေမယ့် ကိုယ်တိုင်ဝတ်မှုန်မကူးနိုင်တဲ့၊ကိုယ့်အနီးအနားက ချစ်ရသူတွေအတွက် ပန်းမျိုးဆက်အသစ်ကလေးတွေ လက်ဆင့်ကမ်းမပေးနိုင်တဲ့ ဝတ်မှုန်ဖျင်းဖျင်းတွေကိုသာ ပိုင်ဆိုင်ခဲ့ရသူ မဟုတ်လား…’
အိမ်တောင်ပြုပြီးတဲ့မိန်းမသားတစ်ယောက်ရဲ့ဘဝမှာ သူမချစ်ရတဲ့ခင်ပွန်းအတွက် ဒါမှမဟုတ်သူမတို့နှစ်ဦးလုံးအတွက် သူမအမက်မောဆုံးနဲ့ အတောင်းတရဆုံးအရာတစ်ခုဟာ သားသမီးရတနာပဲမဟုတ်လား။
*အမျိုးသားတွေပါသိသင့်တဲ့အကြောင်းအရာတချို့တွေလည်းပါတာမို့ ဒီဝတ္ထုလေးကိုဖတ်ကြည့်စေချင်ပါတယ်။ဖတ်ပြီး မိန်းမသားတွေအပေါ်လည်း နားလည်မှုလည်း ပေးနိုင်ကြပါစေဗျာ။*
#ဝတ်မှုန်
#ပျိုး
#bookreview
#bookreader
#readingbookswithleon
Swe Zin Theint (verified owner) –
စာအုပ်အမည် – ဝတ်မှုန်
စာရေးဆရာ- ပျိုး
ဆရာမ ပျိုး ရဲ့ ဝတ်မှုန် လေး
စာအုပ်နာမည်က ဝတ်မှုန်ဆိုတော့
ပန်းကလေးတွေရဲ့ ဝတ်မှုန်လေးတွေအကြောင်းတင်စားရေးဖွဲ့ထားတာလား………
ဝတ်မှုန်ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းလား………
ဒါမှမဟုတ် ပန်းဝတ်မှုန်လေးတွေနဲ့ တင်စားလောက်တဲ့ အခြားတစ်ခုခုလား…….
ဆိုတဲ့ ပဟေဠိတစ်ခုနဲ့ ဒီစာအုပ်လေးကို
စဖတ်ဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းကတော့
ဆရာနေဝင်းမြင့်ရဲ့ အိမ်ကလေး ၁၆ လုံးကို ဖတ်ရသလို ဘဝအခြေအနေ အဖုံဖုံ၊ မိသားစု အစုံစုံကို တစ်အိမ်ဆင်း တစ်အိမ်တက် အိမ်လည်ရောက်ခဲ့သလိုပါပဲ။
ထိုအိမ်ထောင်စု အဖုံဖုံက
အမျိုးသမီးတစ်စုဟာ ဆေးရုံတစ်ရုံမှာ
ရောဂါကုသမှုခံယူရင်း ဆုံတွေ့ကြပုံကို
ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းက
ရိုးရှင်းတယ်လို့ ထင်ရပေမယ့်
ရယူလိုက်ရတဲ့ message ကတော့ တကယ်ကိုလေးနက်လှပါတယ်။
ကိုယ်နဲ့ သိသိ မသိသိ
စေတနာကောင်းပြီးကူညီဖေးမတတ်တဲ့
လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်တွေအကြောင်းရေးသားထားပါတယ်။
မရှက်သင့်တာကို ရှက်ကြောက်နေတဲ့
ကျန်းမာရေး ကို အလေးထားရမှန်း မသိတဲ့
အရှက်အကြောက်ကြီးတဲ့
ကျွန်မတို့ မြန်မာ အမျိုးသမီးတွေအကြောင်း၊
ဗိုက်ထဲမှာ အလုံး တည်တာကို ကိုယ်ဝန်ဆောင်ထားတယ်လို့ ထင်တဲ့ ဆေးပညာဗဟုသုတနည်းတဲ့ လူမှုဝန်းကျင်အကြောင်းကို
ဆရာမက ဖြည်းဖြည်းချင်း မြင်အောင်ပြသွားပါတယ်။
သတိပြု ဆင်ခြင်စရာပါ။
တကယ်တော့
ကျွန်မတို့အားလုံးဟာ ဒုက္ခကိုယ်စီကို ကျောပိုးသွားနေရတဲ့သူတွေပါ။
ဒါကြောင့်
ကြုံတွေ့လာတဲ့ လောကဓံကို
ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားကြရင်း
နေပျော်အောင် နေတတ်ကြဖို့လည်း လိုအပ်ပါတယ်။
ဒါမှသာ ဘဝလမ်းကြမ်းကို ရဲရဲဝံ့ဝံ့နဲ့
လျှောက်လမ်းနိုင်ကြမှာပါဆိုတာကို
ဆရာမက
ပါးပါးလေး ရေးပြသွားပါတယ်။
နောက်တစ်ချက်အနေနဲ့
ကျွန်မရလိုက်တဲ့ အသိတစ်ခုကတော့
တစ်ယောက်နဲ့တစ်ယောက် မေတ္တာနဲ့ ဆက်ဆံပြီး
ဖေးဖေးမမ ဆက်ဆံနေထိုင်တတ်ရင်
သူစိမ်းဖြစ်သော်လည်း ဆွေမျိုးလိုပဲ ဆိုတဲ့အချက်ပါ။
ကျွန်မတို့အားလုံး
မေတ္တာရပ်ဝန်းလေးသာ ဖန်တီးနေထိုင်မယ်ဆိုရင်
ကြုံနေရတဲ့ဘဝအမောတွေကြားမှာ
အေးချမ်းစွာ နေထိုင်နိုင်မယ်ဆိုတာ အသေအချာပါပဲလို့ စိတ်ထဲမှာ ခံစားမိလိုက်ပါတယ်။
ဇာတ်သိမ်းပိုင်းမှာတော့
မျက်ရည်တွေ ဝဲခဲ့ရပါသေးတယ်။
ပြီးတော့ ဆုလေးတစ်ခု တောင်းလိုက်မိတယ်။
“ဝတ်မှုန်လေးတွေအားလုံး
လှပပြီး ရနံ့သင်းသော ပန်းပွင့်လေးတွေ ဖြစ်ပါစေ”ဟူ၍……
ဆရာမ ပျိုးရေ
ဒီစာအုပ်လို စာအုပ်ကောင်းလေးတွေ အများကြီး ရေးသားနိုင်ပါစေရှင်။
မဆွေဇင်သိမ့်