ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား

( 3 မှတ်ချက်)

6000 (ကျပ်)

ချစ်တတ်သော နှလုံးသားဟာ
အစစ်မှန်ဆုံးသော ဉာဏ်ပညာပါတဲ့…

ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားဟာ အချိုးကျကျ Balance ညီညီမျှမျှရှိဖို့ လိုအပ်ပါတယ်။ အကောင်းဆိုး အမှန်အမှား ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိတဲ့ ဦးနှောက်၊ စာနာ နားလည်မှုနဲ့ ဖေးကူနိုင်စွမ်းရှိတဲ့ နှလုံးသားတစ်စုံရှိဖို့ အရေးကြီးပါတယ်။ ပင်ကိုယ်မွေးရာပါ ဉာဏ်ရည်နဲ့ ဘ၀မှာ သင်ယူရလာတဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ရင်း မြင့်မြတ်တဲ့ နှလုံးသားနဲ့ အများကို ကောင်းကျိုးပြုနိုင်တဲ့ လူတော်၊ လူကောင်းဖြစ်လာဖို့ ကြိုးစားလေ့ကျင့်ယူရမှာဖြစ်ပါတယ်..

ဒီစာအုပ်လေးက စာဖတ်သူရဲ့ ဘ၀ကို ဉာဏ်ပညာနဲ့အတူ ချစ်ခြင်းတရား အချိုးညီညီ ပေါင်းစပ်ပြီး အကောင်းဆုံးဖန်တီးပုံဖော်ဖို့ ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ..

စာမျက်နှာ

125

စာအုပ်အရွယ်အစား

5.1 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 ဖေဖော်ဝါရီလ (ပ-ကြိမ်)

131 in stock

ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Aeri Myat (verified owner)

    “ဤစကြဝဠာတခွင်၌ ဥာဏ်ပညာနှင့် ချစ်ခြင်းတရား အကြီးမားဆုံးသော မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏”🙏
    စာအုပ်အဖွင့်လေးကတည်းက ကျက်သရေ မင်္ဂလာရှိလှတဲ့ စာလေးနဲ့ အစပြုထားတာမို့ စာအုပ်လေး စကိုင်ကတည်းက စိတ်အေးချမ်းစေတာ အမှန်ပါပဲ။
    ဆရာမ ဥာဏရဲ့ အခုစာအုပ်လေးထဲမှာဆိုရင်
    □Self-Awareness
    □Self-Management
    □Social Awareness
    □Relationship Management
    ဆိုပြီး အပိုင်း(၄)ပိုင်း ပါဝင်ပါတယ်။
    အဓိကတော့ Self-Reflect ကောင်းကောင်းလုပ်မိစေမယ့် စာအုပ်လေးဖြစ်ပါတယ်။နောက်ပြီး မိမိတို့ရဲ့ စိတ်သန္တာန်မှာလောဘ၊ဒေါသ၊မောဟ စိတ်တွေ ဝင်လာရင် ဘယ်လိုမျိုး သတိဝင်အောင် နေရမလဲ၊ခံစားချက်တွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အချက်လေးတွေလည်း ပါဝင်ပါသေးတယ်။
    🍀🤍ဝမ်းသာစရာတွေပဲ ကြုံလာလာ…စိတ်ညစ်စရာတွေပဲ ကြုံလာလာ…ကြုံလာသမျှ အရာရာတိုင်းကို အသိအမှတ်ပြုစွာနဲ့ လက်ခံပြီး နောက်ဆုံးမှာ let go လုပ်နိုင်ဖို့ လိုပါတယ်။
    စိတ်ခံစားချက်ကလေးတွေကို မိုးရေစက်လေးတွေလို အငြိအတွယ် အနှောင်အဖွဲ့မရှိ ရွာသွန်းပြီး သူလိုရာအတိုင်းသာ စီးဆင်းသွားပါစေ။
    🍀🤍 လူတွေဟာ ရွေးချယ်ခွင့်ရှိတယ်။
    အမှောင်ထဲမှာ နေထိုင်ဖို့ ရွေးချယ်နိုင်တယ်။အလင်းရောင်ထဲမှာ ဖြတ်သန်းဖို့ ဦးဆောင်နိုင်တယ်။အဆိုးမြင်လို့ ရသလို အကောင်းမြင်လို့လည်း ရတယ်။နောက်ဆုံးမှာတော့ အားလုံးက ကိုယ်ရွေးချယ်တဲ့လမ်းကို ရောက်ရှိသွားကြပါတယ်။
    🍀🤍 လူတစ်ယောက်ရဲ့ ဘဝမှာ ဆန္ဒနဲ့ ဝီရိယ၊ စိတ်ဓါတ်နဲ့ ပညာ ဒီလေးခုသာရှိရင် ကိုယ့်ရဲ့ ဘဝလမ်းခရီးတစ်လျှောက်မှာ ဘယ်ဘူတာကိုပဲ ဆိုက်ရောက်ချင်ပါစေ…လိုရာခရီး ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
    လူတွေမှာ ကိုယ်ချင်းစာတရား၊မေတ္တာတရားတွေ ပိုမိုထားတတ်စေဖို့၊ သဟဇာတ၊ အညမည ဖြစ်အောင်နေထိုင်တတ်ဖို့ လမ်းညွှန်ချက်များစွာကို
    ဓမ္မအသိဘက်ကနေ ရေးပြပေးထားတာမို့ အသိပညာ၊ဗဟုသုတများစွာ ရစေပါတယ်။ဖတ်ရင်းလည်း ကုသိုလ်စိတ် ဖြစ်မိပြီး အေးချမ်းရပါတယ်။အများအကျိုးအတွက် မေတ္တာ၊စေတနာအပြည့်နဲ့ စာအုပ်ကောင်းလေး ရေးသားပေးတဲ့
    ဆရာမ ဥာဏကို ကျေးဇူးအများကြီးတင်ပါတယ်🥰🤍

  2. TA LA (verified owner)

    ကျွန်တော့်ဘဝမှာ ကျွန်တော်အကြိုက်ဆုံးဖြစ်ပြီး ကျွန်တော့်ရဲ့လက်ကိုင်ဆောင်ပုဒ်တစ်ခုလည်းဖြစ်တဲ့ Quote တစ်ခုရှိပါတယ်။ အဲ့တာက ဦးငှက်(ထူးအိမ်သင်)ရဲ့

    ဤမြေပြင်ပေါ်တွင်
    ချစ်ခြင်းမေတ္တာနှင့်
    ဉာဏ်ပညာမှတပါး
    အခြားသော အလေးအမြတ်ပြုအပ်ရာ
    မည်သည်မရှိ …

    ဆိုတဲ့ စာလေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တော်တော်များများကို ဒီနှစ်ခုနဲ့ ရွေးချယ်ဆုံးဖြတ်တတ်ကြပါတယ်။ အခြေအနေပေါ်အလိုက် ဉာဏ်ပညာနဲ့ ရွေးချယ်ခဲ့တာရှိမယ်။ ချစ်ခြင်းမေတ္တာချည်းနဲ့လည်း ဆုံးဖြတ်ရွေးချယ်ခဲ့တာ ရှိမယ်။ ဒီဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာရဲ့ ကျင့်ကြံအားထုတ်မှုစွမ်းရည်အပေါ် မူတည်ပြီး ကျွန်တော်တို့ဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုးဆိုကျိုးတွေ ခံစားခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ စင်စစ်ပုထုဇဉ်လူသားတွေမို့ အမြဲတမ်းတော့ မှန်မနေပါဘူး။ အမှားထဲကနေမှ သင်ယူရတယ်။ သင်ယူရင်းနဲ့ပဲ ဒီဉာဏ်ပညာနဲ့ချစ်ခြင်းမေတ္တာ အားကောင်းလာအောင် ကျင့်ကြံစွမ်းဆောင်ကြရတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးလည်း ထိတ်လန့်စရာအခြေအနေတွေနဲ့ ကြုံလိုက်ရတဲ့အချိန်ကစပြီး ဒီနှစ်ခုအပေါ်မှာ ကြိုးစားဖြည့်ဆည်းခဲ့ပါတယ်။ ကျွန်တော့်ကို ဘဝအတွက် အလိုအပ်ဆုံးက ဘာလဲလို့ မေးရင် ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာလို့ပဲ ကျွန်တော်ဖြေမှာပဲ။ ဒီအကြောင်းကိုလည်း ကျွန်တော့်သူငယ်ချင်းနဲ့ ခဏခဏဆွေးနွေးဖြစ်တယ်။ ကျွန်တော့်သူငယ်ချင်းကြောင့်ပဲ ကျွန်တော့်ရဲ့ခံယူချက်တွေ အများကြီးပြောင်းလဲခဲ့ပါတယ်။

    မဉာဏရဲ့ ဒီစာအုပ်လေးတွေ့တော့ စာအုပ်နာမည်နဲ့တင် ကျွန်တော့်အတွက် စိတ်ဝင်စားစရာ အရမ်းကောင်းခဲ့ပါတယ်။ ဒီစာအုပ်က Self-help စာအုပ်တစ်အုပ်ပါ။ ကျွန်တော်တို့အတွက် အသိအမြင်တွေ အများကြီးပေးတဲ့စာအုပ်ပါ။ အပေါ်က ပြောခဲ့တဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ( စာအုပ်မှာတော့ ဉာဏ်ပညာနှင့်ချစ်ခြင်းတရား ) ဟာ တစ်ခုခုကောင်းနေရမှာမဟုတ်ဘဲနဲ့ နှစ်ခုစလုံး Balance ဖြစ်နေဖို့ အရေးကြီးတဲ့အကြောင်းနဲ့ အဲ့နှစ်ခုရဲ့စွမ်းရည်တွေ အမြဲတမ်းတိုးတက်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေ အများကြီးပြောထားပါတယ်။ လူပီသတဲ့လူဖြစ်ဖို့အတွက် ကျွန်တော်တို့ဟာ အဲ့နှစ်ခုလုံးမှာ ပြီးပြည့်စုံနေမှ မဟုတ်ပါဘူး။ ရှိသင့်ရှိထိုက်တာလောက်ကို ရှိရင် လုံလောက်ပါပြီ။ ပြီးတော့ အဲ့ဒီကနေပြီး ပိုပိုပြီးများလာအောင် ကျွန်တော်တို့ အမြဲတမ်းဖြည့်ဆည်းနေသင့်ပါတယ်။ အဲ့ဒီလို ဖြည့်ဆည်းနိုင်ဖို့အတွက် မှတ်သားစရာတွေကို ဒီစာအုပ်မှာ စာရေးသူက အပိုင်း ၄ ပိုင်းခွဲပြီး ပြောပြထားပါတယ်။

    အပိုင်း ၁ မှာ Self – Awareness အကြောင်းပါ။ Awareness သတိရှိမှုက ကျွန်တော်တို့အတွက် အဓိကဖြစ်တဲ့ အခြေခံလိုအပ်ချက်ပါ။

    အပိုင်း ၂ မှာ Self Management အကြောင်းပါ။ မိမိကိုယ်ကို ထိန်းကြောင်းအားဖြည့်ရမယ့်အကြောင်းတွေ ပါပါတယ်။

    အပိုင်း ၃ မှာ Social Awareness အကြောင်းကို ပြောထားပါတယ်။ တစ်ယောက်တည်းမနေတတ်တဲ့ လူသားမျိုးနွယ်တွေအတွက် ပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်သွားရမလဲကို ပြောပြထားပါတယ်။

    နောက်ဆုံးအပိုင်းမှာတော့ Relationship Management အကြောင်းပဲ ဖြစ်ပါတယ်။ အသိုက်အဝန်းနဲ့နေတတ်တဲ့လူသားတွေမှာ ပေါင်းသင်းဆက်ဆံရေးဟာ အဓိကကျတဲ့ soft skill တစ်ခုထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်က အဲ့ဒီ skill မှာ အားနည်းတဲ့ထဲပါပါတယ်။ လူရှုပ်တဲ့နေရာတွေလည်း မသွားချင်သလို လူတွေနဲ့လည်း စကားသိပ်မပြောချင်တဲ့ထဲမှာ ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီ skill အားနည်းမှန်း စသိကတည်းက သတိထားပြီးပြောင်းလဲကြည့်ပါတယ်။ ကိုယ့် Response ကြောင့် ပိုဆိုးတဲ့အခြေအနေထဲမရောက်အောင် သတိထားပါတယ်။ တခြားရှုထောင့်ကနေ ကြည့်တတ်အောင်လည်း ကြိုးစားကြည့်ပါတယ်။ နောက်ဆုံးမေတ္တာထားကြည့်တာပေါ့။ မဟုတ်ရင်တော့ ဥပေက္ခာပဲ ပြုပြီး အခြေအနေတွေ ပိုမဆိုးအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းရပါတယ်။ အဲ့ဒီလိုပဲ လူတွေနဲ့ Relationship ကို တည်ဆောက်ထိန်းသိမ်းထားပါတယ်။

    ဉာဏ်ပညာနဲ့ချစ်ခြင်းမေတ္တာအကြောင်းကို စာအုပ်တစ်အုပ်တည်းနဲ့တော့ ပြီးပြည့်စုံအောင် ပြောပြနိုင်ဖို့ မလွယ်ပါဘူး။ ဒီစာအုပ်က ကျွန်တော်တို့ စဖို့အတွက် လမ်းစလေးတစ်ခုကို ပေးထားရုံပါ။ စာဖတ်ရုံနဲ့လည်း ဒီစွမ်းဆောင်ရည်တွေ ပြည့်လာမှာ မဟုတ်ပါဘူး။ စာအုပ်ကနေမှ ကိုယ့်မြင်ကွင်းတွေ ပိုကျယ်လာမယ်။ ပြီးတော့ ကိုယ်လျှောက်မယ့်လမ်းကိုလည်း ရွေးချယ်လို့ရသွားမယ်။ အဲ့ဒီကနေမှ ဒီစွမ်းရည်တွေကို သင်ယူရင်း ဖြည့်ကျင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ထဲကနေ 1 % လောက် ရသွားရင်တောင် တစ်ဘဝလုံးအတွက် အသုံးချနိုင်မယ့်အရာတွေမို့ အရှုံးမရှိပါဘူး။ စာမိတ်ဆွေတို့ စိတ်ဝင်စားတယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ကြည့်ပါ။

    စာချစ်သူတွေအားလုံး ရောက်ရာအရပ်မှာ ငြိမ်းချမ်းရပါစေ …

    11.03.2024

    Your Beautiful Pixel With Metta :
    🌿 TALA | Take A Look Around 🌿

  3. Phoe Toat

    that’s a good book!

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဉာဏ စာအုပ်များ