နှလုံးရိုင်း

( 2 မှတ်ချက်)

8500 (ကျပ်)

အသက်လေးနှစ်အရွယ်မှာ ကိုယ့်မျက်စိရှေ့တင် မိခင်အသတ်ခံရတာကို တွေ့ပြီး ထိတ်လန့်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ပဲ ရှင်သန်လာခဲ့ရတယ် ဘဝရဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း အကောင်းဆုံး ကြိုးစားရပ်တည်ခဲ့ပါတယ် စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာ ရှိတတ်တာမျိုးပါ ဒီစိတ်ဒဏ်ရာနဲ့ပဲ နစ်မြောပြီး ကိုယ့်ဘဝကိုယ် အနစ်မွန်းခံမလား ဒါကို ရအောင်တိုက်ထုတ်ပြီး လောကဓံရဲ့ ရိုက်ချက်တွေကိုမမှုဘဲ အားတင်းရင်း ရှေ့ဆက်မလားဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်ရမဲ့ အရာပါ။ ဒီစာအုပ်ဟာအရာရာဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်ဖြစ်သလိုသူ့မိခင်အတွက် ဂုဏ်ယူစရာဖြစ်အောင် ကြံ့ကြံ့ခံ ကြိုးစားခဲ့သူလေး ရဲ့ လှပတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

စာမျက်နှာ

256

စာအုပ်အရွယ်အစား

5.9× 0.4 × 8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2023 ဒီဇင်ဘာလ (ပထမအကြိမ် )

4 in stock

နှလုံးရိုင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    မိခင်မေတ္တာကို နှလုံးသားထဲမှာ အစဥ်အောက့်မေ့ပြီး ဘဝကို ရှင်သန်နိုင်အောင်
    ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦး။
    သူမနာမည်က “အမန်ဒါ”
    မိခင်ဖြစ်သူ အသတ်ခံရတာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတယ်။
    အဲ့ဒီနေ့က လူသတ်သမားရဲ့ ဒေါသတကြီး အော်ဟစ်ပြောဆိုသံက ညစဥ် ညတိုင်း သူမရဲ့ အိပ်ခန်းနံရံကနေ ထွက်ထွက်လာတတ်တယ်။အမန်ဒါက ကလေးပေမယ့် အရမ်းတွေးခေါ်တတ်တဲ့ ကလေးမျိုးပါ။အဲ့ဒီလို မကောင်းတဲ့အသံ ကြားလာရင် ကောင်းတဲ့အာရုံနဲ့ ပြောင်းပြီး အစားထိုး တွေးတာမျိုး လုပ်တော့တာပဲ။
    တကယ်ကို သနားစရာ၊ ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲ🤎
    အမန်ဒါရဲ့ မိခင်မရှိတော့တဲ့ နောက်ပိုင်း
    “ဒိုင်ယာနီ” ဆိုတဲ့အမျိုးသမီးက ဖခင်ဖြစ်သူရဲ့ ဇနီးအသစ်ဖြစ်လာတယ်။ကောင်းတဲ့ မိထွေးတွေလည်း ရှိကောင်းရှိနိုင်ပေမယ့် မိထွေးကတော့ မိထွေးဆိုသလိုပါပဲ။
    “ဒိုင်ယာနီ” ရောက်လာကတည်းက
    အမန်ဒါရဲ့ အေးချမ်းတဲ့ ဘဝလေး အမှောင်ထဲ ရောက်ရတော့တယ်။
    ဖခင်ဖြစ်သူက သမီးဘက်က ရှိမနေပေးတာတော့ တကယ်ကို ရင်အနာရဆုံးပါပဲ။
    တစ်ခါတစ်လေ ကျွန်မတို့တွေဟာ ကာကွယ်ချင်တဲ့စိတ်နဲ့ အချစ်ရဆုံးသူတွေကိုပဲ နာကျင်အောင်လုပ်မိတတ်ကြတယ်တဲ့လေ…။အမန်ဒါ ပြောတဲ့စကားလေး သဘောကျလို့ပါ။
    ဖခင်ဖြစ်သူကို ငယ်စဥ်က ခွင့်မလွှတ်နိုင်ခဲ့ပေမယ့် အမန်ဒါ ကိုယ်တိုင်မိခင်ဖြစ်လာတဲ့အခါမှာတော့ မေတ္တာစိတ်နဲ့ အဖေ့ကို ခွင့်လွှတ်ပြီး ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း လေးစားစရာကောင်းတဲ့ စိတ်ထားလေးတစ်ခု ဖြစ်ပါတယ်။
    အခုဆို အမန်ဒါမှာ ခင်ပွန်းသည် “ဂလန်”ရယ် “ဆူဆန်နာ”နဲ့ “အစ်စဘယ်” လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ သမီးကလေးနှစ်ယောက်ရယ် ရှိနေပြီ။သူမ လိုချင်တဲ့
    တက္ကသိုလ်ဘွဲ့ကိုလည်း ရအောင်ယူနိုင်ခဲ့တယ်။သူမ ဘဝကို စိတ်ဓါတ်မကျဘဲ
    ရှေ့ဆက်နိုင်ဖို့ အကောင်းဆုံး တွန်းအားကတော့ “မိခင်မေတ္တာ”ပဲပေါ့။
    ဒီစာအုပ်လေး ဖတ်ပြီးသွားတဲ့အခါ
    မိဘမေတ္တာကြီးမားပုံကို ပိုမိုခံစားမိတဲ့အပြင်၊ ဘဝမှာ ရှင်သန်နေထိုင်ရတဲ့အခါ
    ကြုံလာရတဲ့ ပြဿနာတွေ၊အခက်အခဲတွေကို တွန်းအားတစ်ခုအနေနဲ့ အသုံးပြုသင့်တယ်ဆိုတာလေး သတိချပ်မိစေပါတယ်။
    မကောင်းတဲ့အရာတွေ ကြုံခဲ့ရရင်တောင်
    “အမန်ဒါ” လိုသတ္တိမွေးပြီး ကြိုးစားရှင်သန်ရင် ပျော်ရွှင်အေးချမ်းတဲ့ ဘဝလေးရနိုင်ပါတယ်ဆိုတဲ့ အသိလေးလည်း
    ရလိုက်ပါတယ်🥰🤎
    ကျွန်မကတော့ “အမန်ဒါ”ရဲ့ ဘွားဘွားတွေကိုပါ ချစ်မိသွားလေရဲ့…။
    မပျော်ရွှင်မှုတွေကြားက ကြည်မွေ့စရာလေးတွေကို ခံစားမိရတဲ့အတွက်ပါ။
    ဘာသာပြန်ရေးသားပေးတဲ့ ဆရာမ စုမြတ်ချစ်ကိုလည်း ကျေးဇူးတင်ပါတယ်🤎🤎🤎
    လူတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးမို့လည်း ညွှန်းချင်ပါတယ်။
    #စုမြတ်ချစ်
    #နှလုံးရိုင်း
    #သားငယ်စာပေ
    #reviewby하은
    #Dec153023

  2. Htet Htet Tin Zar

    👩‍👧 ❝နှလုံးရိုင်း❞ အမည်နဲ့ ဆရာမ ❝စုမြတ်ချစ်❞ ဘာသာပြန်ဆိုတဲ့ စာအုပ်လေးက ဆရာမရဲ့ ခြောက်အုပ်မြောက်စာအုပ်လေး ဖြစ်ပြီး မူရင်းရေးသားသူက ❝Amanda Wright❞ ဖြစ်ပြီး စာအုပ်အမည်က ❝Without A Mother’s Love❞ ဖြစ်ပါတယ်။ ဒီစာအုပ်ရှေ့က ထွက်ခဲ့ဖူးတဲ့ ❝အဆိပ်သင့်နှလုံးသား❞ လိုပဲ မိခင်နဲ့ သမီးကြား ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းပုံစံမျိုးပေမဲ့ ဇာတ်လမ်းပုံစံကတော့ လုံးဝ မတူခြားနားပါတယ်။

    👩‍👧 ဇာတ်လမ်းအကြောင်းလေးကတော့ အသက် ၄၀ အရွယ် ရောက်နေပြီဖြစ်တဲ့ အမန်ဒါက သူ့အသက် ၄နှစ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ မိခင်အသတ်ခံခဲ့ရတဲ့ ထိတ်လန့်ဖွယ် အတွေ့အကြုံကို ပြန်လည်ပြောပြထားတဲ့ ဇာတ်လမ်းလေးပါ။ မိခင်ကို သတ်ခဲ့တဲ့ ဂျွန်ဒစ်ကင်ဆန်က သူ့မိခင်ရဲ့အသက်ကိုတင် မဟုတ်ပါဘူး။ ဒီအတွေ့အကြုံကြောင့် ကလေးတစ်ယောက်ရဲ့ သံသယ၊ စိုးရိမ်ထိတ်လန့်မှု၊ စိတ်ဒဏ်ရာ၊ အကြောက်တရား စတာတွေကိုလည်း ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ အမန်ဒါ ခံစားခဲ့ရပြီး အနာဂတ် အလားအလာ ယုံကြည်ချက်တွေလည်း ပျောက်ဆုံးခဲ့ရတယ်။

    👩‍👧 ခုချိန်မှာ အမန်ဒါမှာ ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ရယ်၊ ပျော်စရာသိပ်ကောင်းတဲ့ အလုပ်ရယ် ရှိနေပြီး မိခင်အတွက် ဂုဏ်ယူရတဲ့ သမီးတစ်ယောက်အနေနဲ့ ကောင်းမွန်စွာ ရပ်တည်နိုင်ပြီဖြစ်ပေမဲ့ အရင်လို စိုးရိမ်ထိတ်လန့်မှုတွေကို မခံစားရတော့ပေလည်း လုံးဝရုန်းထွက်နိုင်သေးတာတော့ မဟုတ်သေးပါဘူး။

    👩‍👧 ဒီစာအုပ်မှာ စာရေးသူက အမန်ဒါ နေရာကနေ ဝင်ပြီး ရေးသားထားတာမို့ ဖြစ်စဉ်တိုင်း အဖြစ်အပျက်တိုင်းမှာ ကလေးတစ်ယောက်အနေနဲ့ အမန်ဒါရဲ့ ခံစားချက်၊ မွန်းကြပ်မှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု စတဲ့ emotion မျိုးစုံနဲ့ သူ့ရင်ထဲက စကားသံတွေကို စာဖတ်သူက အတိအကျကို ဖတ်ရသိရ ခံစားနေမိရပါတယ်။ ထိတ်လန့်စရာ ဖြစ်ရပ်ကို ကြုံခဲ့ရပြီးလည်း အမန်ဒါအတွက် ဘဝက ခက်ခဲခဲ့တယ်။ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး နောက်ဆုံးမှာ ကောင်းမွန်တဲ့ မိသားစုဘဝကို ရရှိခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
    __________________________

    👩‍👧 ဒီစာအုပ်ကို ထုတ်ဝေသူက ကျွန်မကို ဘာသာပြန်စေချင်လို့ ပြတဲ့အခါ စိတ်ဝင်စားမိပါတယ်။ စာမြည်းလေးဖတ်ကြည့်လိုက်တာနဲ့ အမျိုးသမီးဇာတ်ကောင်နေရာကနေ ရေးသွားတာရော ဖြစ်ရပ်မှန်ဖြစ်တာရောကြောင့် ဘာသာပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရေးကို ရေးသင့်တဲ့စာအုပ်လို့လဲ ထင်မြင်ယူဆမိပါတယ်။

    ဒီစာအုပ်လေးထဲက အဖြစ်အပျက်တွေကို ဖတ်ပြီး ဝမ်းနည်းထိတ်လန့်ကာ ကိုယ်ချင်းစာ သနားမိလာမယ်၊ သူ့ကြိုးစားမှုတွေ မြင်ရတော့ လေးစားလာမယ်၊ ဒီလို ခံစားချက်ပေါင်းစုံ ရောပြွမ်းနေတာမို့ စာအုပ်ဖတ်ပြီးတာနဲ့ စာဖတ်သူတွေရဲ့ နှလုံးသားထဲမှာလဲ ခံစားချက်တစ်စုံတစ်ရာ ကိန်းအောင်းသွားမယ်ဆိုရင် ကျွန်မ ဘာသာပြန်ရကျိုး နပ်ပါပြီ။ (~ ဆရာမစုမြတ်ချစ်၏ ဘာသာပြန်သူအမှာစာမှ)
    __________________________

    👩‍👧 တစ်ခုသော မနက်ခင်း အသက်လေးနှစ်အရွယ် အမန်ဒါလေးက မိခင်နဲ့အတူ မိခင်ရဲ့ အခန်းမှာ အိပ်ရင်းက အိပ်ရာနိုးလာချိန်မှာ အခန်းထဲက ခုတင်ခြေရင်းမှာ လူစိမ်းတစ်ယောက် ရပ်နေပြီး ဘေးမှာ အိပ်နေတဲ့ မိခင်ဖြစ်သူကို လက်မောင်းကနေဆွဲပြီး ခုတင်ပေါ်က တရွတ်တိုက်ဆွဲချလို့ ကြမ်းပြင်ပေါ်မှာ လူစိမ်းက လည်ပင်းညှစ်နေခဲ့တယ်။ အမန်ဒါကိုလည်း ခေါင်းအုံးနဲ့ ဖိသိပ်ဖို့ ကြိုးစား‌ခဲ့ပေမဲ့ မသေခဲ့။ သတိရလာတော့ အိမ်မီးလောင်နေပြီး အမန်ဒါကို နွားနို့ပို့တဲ့ မိုက်ကယ်နိုးလ်စ်က ကယ်ထုတ်သွားခဲ့တယ်။

    👩‍👧 နောက်ပိုင်း မီးလောင်ဒဏ်ရာတွေကြောင့် ‌ခြေထောက်နဲ့ ခြေသလုံးနားက အရေပြားတွေ လောင်သွားလို့ ဆေးရုံတက်ပြီး အရေပြားအစားထိုး ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရတယ်။ ဆေးရုံတက်နေချိန်မှာ စုံထောက်၊ ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ကြိုးစားဖြေဆိုခဲ့တယ်။

    👩‍👧 ဆေးရုံမှာ အချိန်တော်တော်ကြာ ကုသမှု ခံယူခဲ့ရပြီးနောက် ဆေးရုံဆင်းတော့ ဖခင်ဖြစ်သူ မိဘတွေဖြစ်တဲ့ ဘွားဘွားအိဗ်၊ ဘိုးဘိုးဖရန့်ခ်နဲ့ ဖခင်တို့နဲ့အတူ နေထိုင်ပါတယ်။ နောက်တော့ အမန်ဒါကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် နှစ်ဖက်မိသားစု တရားရင်ဆိုင်နေကြပြီး နောက်ဆုံးမှာ အမန်ဒါက အရင်လိုပဲ အဖေဘက်က မိသားစုနဲ့ နေခွင့်ရပြီး ပိတ်ရက်တစ်ပတ်ခြားတစ်ခါတော့ အမေဘက်က မိသားစုနဲ့ သွားနေရပါတယ်။

    👩‍👧 နှစ်ဖက် အဘိုးအဘွား၊ ဦးလေး၊ အဒေါ်၊ ဝမ်းကွဲမောင်နှမတွေရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အလိုက်သင့် နေသားတကျဖြစ်နေပြီး မကြာခင်မှာပဲ အဖေဖြစ်သူက ဒိုင်ယာနီဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုလိုက်တာကြောင့် အမန်ဒါလေးက အဘိုးအဘွားတွေနဲ့ မခွဲချင်ဘဲ အဖေနဲ့အတူ လိုက်နေခဲ့ရတယ်။ မောင်လေး တယ်ရီကို မွေးဖွားချိန်မှာ ဒိုင်ယာနီနဲ့ အဆင်မပြေမှုတွေ ပိုဖြစ်လာခဲ့ရတယ်။ ဖခင်ဖြစ်သူကလည်း သူ့မိန်းမပြောသမျှဆို မလွန်ဆန်နိုင် ခေါင်းငုံ့နေတာပါပဲ။

    👩‍👧 ဆိုးဝါးတဲ့ အတွေ့အကြုံတွေကြောင့် အမန်ဒါလေးက မိခင်ဖြစ်သူကို သတ်ခဲ့တဲ့ လူကြီးရဲ့ အသံတွေကို ညဘက်မှာ မကြာမကြာ ကြားယောင်နေတတ်တယ်။ အဘွားအိမ်မှာတုန်းကဆို အမန်ဒါလေး ကြောက်ကြောက်လန့်လန့်နဲ့ ညသန်းခေါင် နိုလားပြီး မီးတွေ ထဖွင့်ရင် အဘွားက အမန်ဒါလေးကို နွေးထွေးနှစ်သိမ့်ပေးပေမဲ့ အဖေနဲ့အတူလာနေချိန်မှာ အမန်ဒါ ကြောက်လန့်ပြီး လျှောက်လမ်းမီးကို ထဖွင့်ရင် ဖခင်က ဒေါသတကြီး ဆူပူတတ်ပြီး နောက်တော့ လျှောက်လမ်းမီးသီးကို ဖြုတ်ပစ်လိုက်တယ်။ တယ်ရီလေး မွေးပြီးနောက် ဒိုင်ယာနီက အမန်ဒါဖို့ မနက်စာ ပြင်ဆင် မကျွေးတာမို့ သုံးမိနစ်လောက် သွားရုံသာဝေးတဲ့ အရင်နေခဲ့တဲ့ အဘွားအိမ်မှာ မနက်စာကို ဒိုင်ယာနီ မသိအောင်လည်း ကျောင်းမသွားခင် ပြေးစားရတယ်။ နောက် ဒိုင်ယာနီသိသွားတော့ အမန်ဒါ အဆူခံရတယ်။

    👩‍👧 ဒိုင်ယာနီက အမန်ဒါအပေါ်မှာလည်း သေးသေးလေးကအစ အရာရာ လွှမ်းမိုးချုပ်ကိုင်ထားတယ်။ အဘွားအိမ်မှာ မနက်စာ သွားမစားရတော့တာ၊ သူ့စက်ဘီးလေးကို တခြားသူကို ပေးပစ်တာ၊ အပြင်ထွက် မဆော့ရတာက အစပေါ့။ အမန်ဒါ အသက် ၁၆ နှစ်အရွယ်မှာ ပိုဆိုးလာခဲ့တယ်။ ဒိုင်ယာနီက တစ်ပတ်ကို အိမ်စရိတ် ၅ပေါင် ပေးဖို့ အမန်ဒါကို တောင်းဆိုလာတယ်။ အမန်ဒါက တစ်ပေါင်ပဲပေးတော့ အစာလည်းမကျွေး၊ အိမ်ကပစ္စည်းတွေလည်း အသုံးပြုခွင့် မပေးတော့ပါဘူး။ ဒါကိုလည်း ဖခင်ဖြစ်သူက သူ့ဘက်ကနေ ရပ်တည်မပေးခဲ့ပါဘူး။

    👩‍👧 အသက် ၁၇နှစ်မှာ မိထွေးရဲ့ ဆိုးယုတ်မှုတွေကို မခံနိုင်တော့တဲ့အဆုံး အိမ်ကနေ ထွက်ခွာလာခဲ့ပြီး ကိုယ့်ဘဝကို ကြိုးစားပြီး ရပ်တည်လာခဲ့ပါတော့တယ်။ ကံကောင်းတာတစ်ခုက အမန်ဒါမှာ ဖခင်ဘက်ကရော၊ မိခင်ဘက်က အဘိုး၊ အဘွား၊ ဆွေမျိုးအားလုံးက သူ့အပေါ် ကောင်းကြ၊ စောင့်ရှောက်ပေးကြပြီး သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေလည်း ရှိတာ သူ့ဘဝ ရပ်တည်နိုင်ဖို့ ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။

    👩‍👧👩‍👧👩‍👧👩‍👧👩‍👧

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စုမြတ်ချစ် စာအုပ်များ