ရွာအကြောင်းရွာကလူတွေအကြောင်း

( 2 မှတ်ချက်)

8500 (ကျပ်)

ရွာအကြောင်းဆိုတာက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်လက်မှာ ခေါင်ဇယ်လို့ ပြောစမှတ်ရှိတဲ့ မုံရွေး-ကြေးမုံ ရွာကြီးရဲ့ အကြောင်းပါ ..
အဲ့ဒီရွာကြီးက ကုန်းဘောင်ခေတ်ဦးက စတင်ပြီး ” သမန္တ စက္ခု ဒီပနီ ” ကျမ်းအကျော်ကို ရေးသားပြုစုခဲ့တဲ့ မုံရွေးဆရာတော် ( အရှင် အရိယာဝံသ အာဒိစ္စရံသီ ) ကြောင့် ထင်ရှားခဲ့တဲ့ ရွာကြီးပါ .. ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကိုရင်ကြီးဘ၀နဲ့ ၄နှစ် ၄ဝါ နေထိုင် ပညာသင်ယူခဲ့တဲ့ ရွာကြီးပေါ့ ..
ပြီးတော့ ဝါဆိုလဆန်း၈ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်ထိ ဥပုဉ်နေ့တိုင်း ဘုရားပွဲတွေရှိနေတဲ့ ရွာကြီးလေ .. ဒါ့ပြင် ကြေးသွန်းလုပ်ငန်း ၊ ပန်းပဲလုပ်ငန်း ၊ ချည်စက်လုပ်ငန်းနဲ့ တောင်သူ လယ်သမားလုပ်ငန်း စသည်ဖြင့် လုပ်ငန်းပေါင်းစုံနဲ့ စည်ပင်လှတဲ့ ရွာကြီးပေါ့ .. ကိုလိုနီခေတ်ကတည်းက အခုချိန်ထိ ခေတ်ပညာတတ်တွေလည်း ပေါပါဘိသနဲ့ ..
ဒါ့ပြင် ၁၉၅၁ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အလင်းရောင် စာပေဗိမာန် ကျေးလက်စာကြည့်တိုက်က အခုချိန်ထိ ရှင်သန်လှုပ်ရှားနေဆဲ .. စာရေးဆရာ ကိုလေးမြတ် ၊ ကိုတာ ၊ ကဗျာဆရာ‌ မောင်ဆေးရိုး ၊ အောင်ဂျမ်းမြိုင်တို့ကို သီးပွင့်ပေးခဲ့တာလေ ..
အဲ့ဒီ မုံရွေး-ကြေးမုံရွာအကြောင်း ၊ ရွာသူရွာသားတွေအကြောင်းကို ခေတ်ရေစီးနဲ့အတူ စီးမျောပုံဖော်ထားတဲ့ စာအုပ်ပါ .. ကျေးလက် လူမှုဘ၀ ရှု့ခင်းတွေကို တွေ့ထိခံစားနိုင်ကြမှာပါ …..

စာမျက်နှာ

216

စာအုပ်အရွယ်အစား

5.5× 0.4×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလ ၊ ပထမအကြိမ်

10 in stock

ရွာအကြောင်းရွာကလူတွေအကြောင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    စာအုပ်နာမည်နဲ့တင် ဖတ်ချင်မိတဲ့စာအုပ်လေးပါ။လူတိုင်းကိုယ်စီ မွေးဖွားရာဇာတိကို လွမ်းဆွတ် တမ်းတတတ်ကြပါတယ်။
    အဝေးရောက်နေပါစေ၊ မြို့ကြီးပြကြီးမှာ ကောင်းကောင်းနေရပါစေ ဇာတိစိတ်နဲ့
    လွမ်းမိကြတာချည်းပါပဲ။စာအုပ်တစ်အုပ်ထဲ ဖတ်ဖူးတာလေး ဥပမာပေးရမယ်ဆိုရင် တိုက်တဲ့လေ၊ စွေတဲ့မိုးကိုတောင်
    ဇာတိမြေဆီ ပို့ပေးချင်ပါသတဲ့ ဆိုပြီးကို
    ကြံဖန်သတိရတတ်တာမျိုးပေါ့❤️
    အခုစာအုပ်လေးထဲမှာဆိုရင် ဆရာကိုလေးမြတ်ရဲ့ ရွာကလေးအကြောင်းကို ခံစားဖတ်ရှုရမှာ ဖြစ်ပါတယ်။
    သည်ရွာကလေးက မုံရွာမြို့နယ်ထဲက
    မုံရွေး-ကြေးမုံ ဆိုတဲ့ ရွာကလေးအကြောင်းပါ။လှည်းလမ်းကြောင်းပဲ ခြားတဲ့ ရွာကလေးတွေမို့ တဆက်တည်း
    အမည်တွင်နေတာလို့လည်း သိရပါတယ်။
    ကျေးလက် လက်ဖက်ရည်ဆိုင်လေးတွေ၊
    ခဲပေါက်ပွဲ၊အခုခေတ်နဲ့ မတူစည်းစနစ်ကျတဲ့ သူခိုးကြီးညအကြောင်း၊ကက်ကြေးပန်းပဲလုပ်ငန်း၊ ခုံဖိနပ်ခုတ်လုပ်ငန်း၊ ချိန်ခွင်ခွက်၊ ခက်စောင်၊ ကားတာယာဖိနပ် စတဲ့လုပ်ငန်းတွေအကြောင်းကိုလည်း အသေးစိတ်ရေးပြသွားတာမို့ ဗဟုသုတ အများကြီးရစေပါတယ်။
    တစ်ယောက်နဲ့ တစ်ယောက်ခေါ်ကြတဲ့အခါ နာမည်နှစ်လုံးဆင့်ခေါ်ကြတာလေးကလည်း ချစ်စရာကောင်းတယ်လို့ခံစားရပါတယ်။နောက်ပြီး ရွာကလေးမှာ(၁၉၅၁ခုနှစ်မှ အခုထိဆို)
    နှစ်ပေါင်း ၇၀ကျော်သက်တမ်းရှိပြီဖြစ်တဲ့”အလင်းရောင် စာပေဗိမာန် စာကြည့်တိုက်လေး” ရှိနေတာကလည်း လေးစားဂုဏ်ယူစရာပါပဲ။
    နောက်ထပ်ချန်ထားလို့ မဖြစ်တဲ့အရာကတော့ အညာစာလေးတွေပေါ့။သားကြီး ငါးကြီးမဟုတ်တဲ့ ပဲဆံကြော်ချက်၊ငရုတ်သီးကြော်၊ငါးခြောက်ထိုး၊ပဲဆံဟင်းချို၊ပဲတီချဥ်ဟင်း၊မှန်ရောင်ဟင်းချို
    စတဲ့ ဒေသစာလေးတွေကလည်း ဖတ်ရင်း စားချင်လိုက်တာလို့ မကြာခဏတွေးမိတာရယ်…။အချိုတည်းဖို့ကတော့ ဆီထွေး(နှမ်းနဲ့ထန်းလျက်ရောနယ်ထားတဲ့ အစားအစာ)ဆိုတာလေး စားဖူးချင်မိရဲ့❤️
    မှတ်သားမိတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကလည်း အများကြီးပါပဲ။နောက်ပြီး ရွာကလူတွေအကြောင်းကတော့ ရယ်စရာအသောလေးတွေရော၊ ဘဝအမောလေးတွေရော ရှိလေရဲ့။
    ဆရာကြီး ရွာကလေးကို စသွားကတည်းက ဖတ်လာလိုက်တာ…ရွာကနေ ရန်ကုန်ကို ပြန်ချိန်ရောက်လေတော့ ကိုယ်ပါရောပြီး ဝမ်းနည်းသလို၊လွမ်းသလို ခံစားချက်လေး ဖြစ်ရပါသေးတယ်။
    ကျွန်မကတော့ ရွာဓလေ့ဆို သိပ်သဘောကျတယ်။တိမ်ကောပျောက်ကွယ်လာတဲ့ အရာတွေအတွက်လည်း စိတ်မကောင်းဖြစ်ရသလို အခုထိ ကျန်ရှိနေဆဲ ထိန်းသိမ်းထားတဲ့ အရာလေးတွေကိုလည်း တန်ဖိုးထား မြတ်နိုးမိပါတယ်။
    စာအုပ်လေးရေးသားပေးတဲ့ ဆရာကိုလေးမြတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ဆရာကြီး ကျန်းမာအေးချမ်းပါစေ🙏🙏🙏
    #ကိုလေးမြတ်
    #ရွာအကြောင်းရွာကလူတွေအကြောင်း
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #13Dec2023

  2. Htet Htet Tin Zar

    🚌 ဆရာကိုလေးမြတ်ရဲ့ “ရွာအကြောင်း ရွာကလူတွေအကြောင်း” ဆိုတဲ့ ဒီစာအုပ်လေးက ဝတ္ထုဇာတ်လမ်းမဟုတ်ဘဲ ဆရာရွာပြန်တဲ့ပုံစံနဲ့ ရွာပြန်ရင် လုပ်လေ့ရှိတဲ့ လည်ပတ်လေ့ရှိတဲ့ အိမ်တွေ၊ စကားစမြည်ပြောဆိုဖြစ်တဲ့ပုံတွေ၊ ဘယ်ကနေ ဘယ်ကိုကူးသွားတတ်ပုံတွေ၊ သွားရောက်တဲ့ အိမ်၊ ရွာက မိသားစုတွေနဲ့ မိသားစုဝင်တွေအကြောင်းတွေ၊ ထိုသူတို့ လုပ်ကိုင်ကြတဲ့ လုပ်ငန်းအကြောင်းတွေ စသဖြင့် အကြောင်းအရာအစုံကို စာရေးသူက ပြန်လည်ပြောပြဟန်နဲ့ ရေးသားထားတဲ့ စာအုပ်လေးပါ။ ဇာတ်လမ်းမဟုတ်ပေမဲ့ ဖတ်ရတာ ကိုယ့်အတွက်တော့ ပျင်းမနေတဲ့အပြင် ရွာဓလေ့ သဘာဝ၊ အသုံးအနှုန်း၊ အခေါ်အဝေါ်တွေ၊ လုပ်ငန်းတွေအကြောင်း အများကြီး လေ့လာမိရလို့ ဗဟုသုတအသိတွေလည်း တိုးပွားစေတဲ့ သုတရသစာအုပ်လေးပါပဲ။
    __________________________

    🚃 ရွာလေးက စစ်ကိုင်း-မုံရွာလမ်းပေါ်မှာ တည်ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်ချုပ်စပ် မုံရွာမြို့နယ်ထဲက မုံရွေး-ကြေးမုံရွာပါ။ မုံရွေးရွာနဲ့ ကြေးမုံရွာက အုပ်ချုပ်ရေးအပိုင်းအရတော့ သပ်သပ်စီရှိနေကြတဲ့ ရွာတွေပါ။ ဒါပေမယ့် ရွာသားတွေက တစ်ပြည်တစ်ရွာရောက်လို့ ဘယ်ကပါလဲလို့ အမေးစကားရှိလာရင် “မုံရွေး-ကြေးမုံ” ကလို့ ပေါင်းစည်းဖြေတတ်ကြတယ်။ ဘာလို့ဆို မုံရွေးနဲ့ ကြေးမုံကလည်း “ယုန်ကလေးပြေးခုန် မုံရွေးကြေးမုံ” ဆိုတာလို ရွာနှစ်ရွာက လှည်းလမ်းကြောင်းသာ ခြားပြီး တဆက်တစပ်တည်း ရှိနေကြတာမို့ပါ။ ပညာတတ်၊ ပညာရှိတွေ ပေါများလှပါပေတယ်လို့ ဂုဏ်သတင်း ပျံ့နှံ့နေတဲ့ ရွာလေးလည်း ဖြစ်ပါတယ်တဲ့။

    🚍 ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ် ပိုင်းခြားထားတဲ့နေရာ ရောက်တာနဲ့ မုံရွာ စည်ပင်အကောက်ခွန်မုခ်ဦးကြီး ရှိတယ်။ အဲဒီမုခ်ဦး လွန်တာနဲ့ ဆရာတို့ရွာ ရောက်ပါပြီ။ ကျောင်းပေါက်၊ မုံရွေး-ရွာပေါက်၊ ဈေးပေါက်၊ ကြေးမုံရွာပေါက်နဲ့ သီတာရုံကျောင်းပေါက် ဆိုပြီး ဆင်းရမယ့်နေရာ ငါးနေရာ ရှိပါတယ်။ ဆရာကတော့ ဈေးပေါက်မှာ ဆင်းပြီး အိမ်တန်းမပြန်‌သေးဘဲ လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်းတွေနဲ့ လေကန်တတ်ပါတယ်။

    🚏 ဆရာက ရန်ကုန်မှာ ပေါ့ကျသောက်ပြီး မုံရွာမှာ ပုံမှန်ခါးသောက်တယ်။ မြင်းခြံဘက်မှာတော့ ပုံမှန်ခါးက်ု ပုံမှန်ဖန်ရည်ကဲလို့ ခေါ်တယ်။ ဟိုးအရင်က လက်ဖက်ရည်ဆိုင်ဆို ဦးဖေရွှင်ရဲ့ လက်ဖက်ရည်တစ်ဆိုင်ပဲ ရှိခဲ့ပေမဲ့ ခုဆို မန္တလေး မုံရွာ ကားလမ်းတစ်လျှောက်မှာ ခြောက်ဆိုင်၊ ရွာလယ် လမ်းမကြီးတစ် လျှောက်မှာ ခုနစ်ဆိုင် ပေါင်း ၁၃ ဆိုင်တောင် ရှိနေပါပြီ။

    🚌 ရွာရဲ့နောက်မျိုးဆက် လူငယ်တွေနဲ့ ဆရာက လက်ပွန်းတတီးရှိပြီး သူတို့က ဆရာ့နာမည်ရင်း ခင်မောင်သန်းဆိုတာ မသိကြတော့ဘဲ ကိုလေးမြတ်လို့သာ ခေါ်ကြတော့တယ်။ ဆရာက လူတန်းစားပေါင်းစုံနဲ့ ဆက်ဆံပြောဆိုတတ်ပြီး လွတ်လွတ်လပ်လပ် နေထိုင်သူဖြစ်တော့ ဆရာ့သူငယ်ချင်း ဆရာစိုးဘားဒိုင်ဆိုရင် ဂေါ်လီလို့ မှတ်ချက်ပြုပါတယ်တဲ့။

    🚃 ဒီလိုနဲ့ ဈေးပေါက်မှာ ဆင်းပြီး Y. Cafe မှာ ထိုင်တုန်း မောင်သန့် (ခင်မောင်သန့်) ခေါ် ကဗျာဆရာ မောင်ဆေးရိုး ဖုန်းဆက်ခေါ်ပါတယ်။ နောက်ပြီး လူငယ်တွေနဲ့ ကားဆရာတွေ ရောက်လာပြီး မနက် ၇နာရီက စလိုက်တဲ့ စကားဝိုင်းက ၁၀ နာရီ‌မှာ လူစုခွဲလိုက်ပါတယ်။ သောင်းဦးက ဆိုင်ကယ်နဲ့ ဆရာ့အရပ် ရွာသစ်ကို လိုက်ပို့ပေးပါတယ်။

    🚍 ဈေးဘေးက လမ်းကနေ ရွာထဲကို ဝင်လာကြတော့ ရွာရဲ့ပြောင်းလဲမှု တစ်ခုအနေနဲ့ ဈေးရှိလာတာကို တွေ့ရကြောင်း ပြောထားပါတယ်။ ဘာလို့ဆို ဆရာလူလားမြောက်တဲ့အထိ ဟင်းသီးဟင်းရွက်ဆိုတာ ဝယ်စားရတယ်မရှိဘဲ တောင်သူအိမ်တိုင်းရဲ့ မီးဖိုချောင် အဆောက်အဦးအနီးက ကြမ်းစင်လေးပေါ်မှာ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီးစိမ်း၊ ဗူးရွက်၊ ချဉ်ပေါင်ရွက်တွေ ဖြန့်ခင်းပြီး နှင်းကျခံထားကြတယ်။ အဲဒီအသီးအရွက်တွေကို အိမ်ရှင်ရှိရှိ မရှိရှိဘယ်သူမဆို ယူသွားနိုင်ကြပြီး ရွာမှာ ဟင်းသီးဟင်းရွက် ရောင်းစားတယ်ဆိုတာ ထုံးတမ်းစဉ်လာ မရှိသလောက်မို့ပါတဲ့။

    🚏 ဈေးလွန်တော့ ရွာထဲဝင်ပါပြီ။ ရွာလယ်လမ်းမကျော်လိုက်တာနဲ့ မြောက်ဘက်က ရွှေဂူရပ်၊ တောင်ဘက်က ကြည်တွင်းရပ်တွေကို ဖြတ်ပြီးရင် ရွှေဂူဘုရား ဝင်းတိုက်ကို ရောက်ပါတယ်။ ပြီးရင် ရွှေဂူဘုရားတွေ လွန်တာနဲ့ မင်းကျောင်းဘုန်းတော်ကြီးဝင်း၊ ပုပ္ဗာရုံကျောင်းဝင်း၊ တောင်ဘက်မုခ်က ထွက်လိုက်ရင် ချစ်ကြည်ရေးဘောလုံးကွင်းဟောင်း၊ မိုးဃ်နတ်ကျောင်းဝင်းထဲ ရောက်တယ်။

    🚌 မိုးဃ်နတ်ကျောင်းဝင်းကို ဖြတ်ပြီးတာနဲ့ “အောင်ကျော်စံအီ၊ ရွာသစ်တည်”လို့ စာချိုးရှိတဲ့ ဆရာ့မွေးရပ်မြေ ရွာသစ်ရပ်ကို မိုဃ်းနတ်ကျောင်းကို ဖြတ်ကျော်ပြီးတာနဲ့ ရောက်ပါတယ်။ အောင်ဆိုတာ တနင်္ဂနွေနံ – ၁၊ ကျော်ဆိုတာ တနင်္လာနံ – ၂၊ စံ-ဆိုတာ အင်္ဂါနံ – ၃၊ အီဆိုတာ တနင်္ဂနွေနံ – ၁။ အောင်ကျော်စံအီဆိုတော့ ရွာသစ်ရပ်ကို ကောဇာသက္ကရာဇ် ၁၂၃၁ ခုနှစ်မှာ တည်ခဲ့တယ်လို့ ဆိုလိုပါတယ်။ အခု ကောဇာ သက္ကရာဇ် ၁၃၈၂ ခုနှစ်ဆိုတော့ အရပ်သက်တမ်း ၁၅၁ နှစ် ရှိသွားပြီ။

    🚃 မုံရွေးကြေးမုံကို “မုံရွေးလေးရွာ” လို့လည်း ခေါ်တတ်ကြသေးတယ်။ အဲဒီလေးရွာက ကြေးမုံ၊ မုံရွေး၊ ရှစ်ဆယ်၊ နွားထိန်းရွာ။ ရွာသစ်တည်လို့ ရွာသစ်ရွာလို့ ခေါ်တယ်။

    🚍 မိုဃ်းနတ်ကျောင်း တောင်ဘက် ကွန်ကရစ်လမ်း အရှေ့ဘက်ကို ချိုးကွေ့လိုက်ရင် ကျောင်းဝင်း အုတ်တံတိုင်းဆုံးတာနဲ့ ဆရာ့အစ်ကိုရဲ့အိမ်ကို ရောက်ပြီး ထမင်းစားပြီးတာနဲ့ အရပ်ထဲ လျှောက်လည်ပြီး တစ်အိမ်ပြီးတစ်အိမ် မိသားစုတွေအကြောင်း၊ လုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်ငန်းတွေ၊ လုပ်ကိုင်နေတဲ့ အလုပ်တွေအကြောင်း စသဖြင့် ရွာရဲ့အကြောင်းအရာ အမျိုးစုံကို ပြန်လည်ပြောပြထားတဲ့ ရွာအကြောင်းတွေပါ။

    🚏 ပါဝင်တဲ့ အကြောင်းအရာတွေဆိုရင် လက်ဖက်ရည်ဆိုင်၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ခဲပေါက်ပွဲ၊ အရပ်ဇာတ်၊ ကတ်ကြေးပန်းပဲလုပ်ငန်း၊ ချစ်ကြည်ရေး လူမှုရေးအသင်းအကြောင်းနဲ့ အသင်းရန်ပုံငွေအတွက် ရွာမင်္ဂလာပွဲမှာ လိုက်လံကူညီပြီး ရွာဝင်ကြေးတောင်းတဲ့ အလေ့အထနဲ့ အခနှုန်း သတ်မှတ်ပြီး အိမ်အမိုး လိုက်မိုးပေးကာ ကန်ပုံငွေ ရှာတာတွေ၊ ခုံဖိနပ်လုပ်ငန်း၊ မုံရွာစောင် ခေါ် ဘာဘူစောင်လုပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ ဝါစိုက်ပျိုးမှုအကြောင်း (ဗမာဝါ (မတောလေးဝါ)၊ ကမ္ဘောဇဝါ၊ ချည်မျှင်ရှည်ဝါ)၊ ရွာစာကြည့်တိုက်၊ ပန်းတဉ်းလုပ်ငန်း၊ ကြေးမီးပူလုပ်ငန်း၊ ချည်ဆွဲစက်လုပ်ငန်း၊ ဂျင်ခုံလုပ်ငန်း၊ စောင်လုပ်ငန်း၊ ကားတာယာဖိနပ်လုပ်ငန်း၊ ၁၉၉၀ ရွေးကောက်ပွဲဖြတ်သန်းမှု၊ သရက်ခြံလုပ်ငန်း၊ ရွာအလှူနဲ့ ဖိတ်ကြားကျွေးမွေးဧည့်ခံပုံ၊ မြင်းကုန်းနှီးလုပ်ငန်း၊ နွားတန်ဆာပလာလုပ်ငန်း၊ ဒေါက်လှည်းလုပ်ငန်း စသဖြင့် အကြောင်းအရာတွေ အများကြီးကို လေ့လာရပါတယ်။
    __________________________

    Note:

    🚌 ဆရာက သူငယ်ချင်း မောင်မောက်ကို “မောင်မောက်ရ တို့ရွာသားတွေ ဆန်ထဲက စပါးလုံးတွေပဲကွ” လို့ ပြောခဲ့ဖူးတယ်။ ရယ်မောစရာအဖြစ်ပါ။ ဆန်ကို ဝိုင်းလိုက်ရင် စပါးလုံးတွေက ထိပ်ကို တက်လာရော။ သုံးစားရသလားဆိုတော့ မရလို့ကောက်ပြီးပြစ်လိုက်ရတာလေ။ အဲဒီလိုပဲ အရေးဆို တို့ရွာသားတွေက ထိပ်ကို တက်လာတတ်ကြတယ်။ သုံးစားရသလားဆိုတော့ ကောက်ပြီး လွှတ်ပစ်လိုက်ရတဲ့ စပါးလုံးတွေ။ (~ စာ ၉-၁၀)

    🚃 ဆရာတို့ရွာက ဘုရားစေတီတွေလည်း ပေါတယ်။ “ကျားမင်းလာ-လေးရွာဘုရားပေါင်း” လို့ အဆိုရှိတယ်။ ကျားက တနင်္လာနံ – ၂၊ မင်းက ကြာသပတေးနံ – ၅၊ လာက ဗုဒ္ဓဟူးနံ – ၄။ ဘုရားစေတီ ၂၅၄ ဆူ ရှိပြီး ဘုရားပွဲတွေကလည်း နှစ်စဉ် ဝါဆိုလဆန်း ၈ ရက်နေ့က တန်ဆောင်မုန်းလပြည့်နေ့ထိ ဥပုသ်နေ့တိုင်း ရှိတယ်။ ဘုရားပွဲ အဆိုလင်္ကာလေးက-

    ပြ-ချမ်း-ကူ-က • • • • • ဝါဆိုလ၊
    မင်-ရှစ်-စည်-သုံး • • • • • ဝါခေါင်ဆုံး၊
    စူ-သက်-စံ-ကင်း • • • • • တော်သလင်း၊
    မုဋ်-အောင်-နှစ်ဆူ • • • • • ဝါကျွတ်မူ
    လေး-သာ-ရုံ-နတ် • • • • • ဘုရားပြတ် တဲ့။ (အကျယ်ကို စာ ၂၅ နှင့် ၁၈၅ တွင် ဖတ်ရန်)

    🚍 ❝အိမ်တွင်းမင်းမဟာဂီရိအိုး❞
    ကလေးရှိတဲ့အိမ်တိုင်းလိုလိုမှာ မင်းမဟာဂီရိအိုးလေးတွေ ထားရှိတတ်ကြတယ်။ တစ်အိုးက လည်ပေါ်ရှည်ရှည်လေးနဲ့ ”မောင်” နတ်အိုး၊ တစ်အိုးက လည်မပါ ပုပြတ်ဝဝနဲ့ ”နှမ” နတ်အိုး၊ နတ်အိုး နေရာချထားပြီဆိုရင် ”မောင်” နတ်အိုးရဲ့ ယာဘက်မှာ ”နှမ” နတ်အိုးထားကြရတယ်။

    🚏 လူ့ဘောင်မှာလည်း နှမတွေက ထိုင်ကြရင်ဖြစ်ဖြစ်၊ လမ်းလျှောက်ကြရင်ဖြစ်ဖြစ် မောင်တွေရဲ့ ယာဘက်က ထိုင်ကြရတယ်၊ နေပြီး လမ်းလျှောက်ကြရတယ်။ ဇနီးမောင်နှံဆိုရင်တော့ ဇနီးက လင်သည်ရဲ့ လက်ဝဲဘက်မှာ နေကြရတယ်။ အဲဒီလို အနေအထားကို ကြည့်ပြီး မောင်နှမလား၊ ဇနီးမောင်နှံလားဆိုတာ ခွဲခြားသိနိုင်တယ်။ (~ စာ ၂၇)

    🚌 ရေနွေးအိုးနှစ်မျိုး ~ တည်အိုး (မြေအိုး၊ သတ္တုအိုး)၊ ခံအိုး (ဒန်အိုး၊ ကြွေရည်သုတ်အိုး) (~ စာ ၅၉)

    🚃 ရွာအိမ်တွေက များသောအားဖြင့် အနံ တစ်တောင်၊ အလျား လေးတောင်လောက်ရှိတဲ့ ဝါးကို လွှာထားတဲ့ အဆံလေးတွေနဲ့ ရက်လုပ်ထားတဲ့ ကပ်ချပ်ကို မိုးလေ့ရှိတတ်ကြတယ်။ ဝါးရဲ့ အပေါ်ယံကြောနဲ့ ရက်လုပ်ထားတဲ့ ကပ်ကို ကျောကပ်တဲ့။ အတွင်းသား အူနဲ့ ရက်လုပ်ထားတဲ့ကပ်ကိုတော့ အူကပ် ဆိုပြီး နှစ်မျိုးရှိတယ်။ ကျောကပ်က ခုနစ်မိုး၊ ခုနစ်နှစ်လောက် ခံတယ်။ အူကပ်က ငါးမိုး ငါးနှစ်လောက် အသုံးခံတယ်။ (~ စာ ၆၇)

    🚍 ဘိုးဘွားလက်ထက် အိမ်ကြီးကတော့ ထရံကာ၊ ကြမ်းခင်း၊ ရှေ့လက်တီး၊ နောက်လက်တီးနဲ့ နှစ်ထပ်အိမ်ပါ။ ‘လက်တီး’ဆိုတာ အိမ်ရဲ့ယောက်ကနေ အိမ်မအမိုးနဲ့ တစ်ဆက်တည်း မဟုတ်ဘဲ၊ အဖီဆွဲထုတ်တာကို ပြောတာ။ နှစ်ထပ်အိမ်ဆိုရင် ခါးပန်းကနေ အိမ်ရှေ့ကို အဖီဆွဲထုတ်တတ်ကြတယ်။ အဲဒါကိုတော့ လက်တီးလို့ မခေါ်ဘူး ‘ပရပ်’ တဲ့။ တစ်ခါ အိမ်ရဲဘေးကနေ အဖီဆွဲထုတ်ချထားရင်တော့ “ဇောင်း” လို့ ခေါ်ကြပြန်တယ်။ (~ စာ ၇၂)

    🚏 ကစားနည်း ~ ထုပ်စည်းတိုးတမ်း၊ အောင်တိုင်လုတမ်း၊ ရီ-ထိုးတမ်း၊ ကြက်ထုပ်ပစ်တမ်း၊ ဝက်-ကုန်းတမ်း၊ ကားကြီးခုန်တမ်း (~ စာ ၇၃)

    🚌 ချဉ်ပေါင်သုံးမျိုး ~ ရွက်ဝိုင်းချဉ်ပေါင် (ချဉ်ပေါင်ခါး)၊ ဘိလပ်ချဉ်ပေါင်၊ ကုလားချဉ်ပေါင် (~ စာ ၁၄၁)

    🚃 အိမ်က ထုပ်စွပ်၊ လျောက်စွပ်နဲ့ အုတ်ကျွတ်မိုးထားတဲ့အိမ်ကြီးပါ။ ထုပ်စွပ်၊ လျောက်စွပ်ဆိုတာ ထုပ်တို့ လျောက်တို့ကို အိမ်တိုင်မှာ ပဟက်ဖဲ့ပြီး သံနဲ့ကပ်ရိုက် ထားတာ မဟုတ်ပါဘူး။ အိမ်တိုင်လုံးတွေကို ဆောက်နဲ့ ထိုးချင်းပေါက်ဖောက်ပြီး သွင်းစွပ်ထားတာကို ပြောတာ။ (~ စာ ၈၀)

    🚍 ဘယာကြော်ဆိုတာက ရန်ကုန်မှာ မတ်ပဲကြော်လို့ ခေါ်တဲ့အကြော်ပါ။ ရန်ကုန်ခေါ်ကြတဲ့ ဘယာကြော်ကိုတော့ ကျွန်တော်တို့ဆီက အပြုံးကြော်လို့ ခေါ်တယ်။ (~ စာ ၁၀၉)

    🚏 အပေါ်ဖက်၊ အောက်ဖက် ချည်နဲ့ ခက်လုပ်ထားတဲ့ အကြားမှာ ဂွမ်းကို ဖြန့်ခင်းထား တာပါပဲ။ အဲဒါကို ခက်စောင်လို့ ခေါ်တယ်။ ဂွမ်းကပ်စောင် ဆိုတာကတော့ ချုပ်ထားတဲ့ အထည်စအထဲ ဂွမ်းကို ညီညီညာညာဖြစ်အောင် ထိုးသွင်းပေးထားတာပါပဲ။ ပြီးတော့ ဂွမ်းတွေ ရွေ့မသွားအောင် အပေါ်ကနေ ဆနွင်းမကင်းပုံ ချုပ်လုပ်ပေးလိုက်တယ်။ အဲဒါကို ဂွမ်းကပ်စောင်လို့ ခေါ်တယ်။ (~ စာ ၁၁၆ – ၁၁၇)

    🚌 ဖြတ်စကို ဆူးလုံးနဲ့ ဖွပြစ်လိုက်တာကို ‘ဖတ်’ တယ်လို့ ခေါ်တယ်။ ဆူးလုံးတပ်ဆင်ထားတဲ့ ခုံကို ဖတ်ခုံလို့ ခေါ်တယ်။ ဖြတ်စကနေ ဂွမ်းသားလိုဖြစ်အောင် လုပ်ကိုင်တဲ့ လုပ်ငန်းကိုတော့ ဖတ်ခုံလုပ်ငန်းလို့ ခေါ်တယ်။ ဖြတ်စကနေ ဂွမ်းသားလို ဖြစ်နေတာကို “ဖတ်သား” လို့ခေါ်တယ်။ (~ စာ ၁၁၉)

    🚃 နဖားကြိုးတပ်ခါစ နွားလေးတွေ ဝယ်ယူပြီး မွေးမြူထားကြတယ်။ အရွယ်ရောက်လာတော့ တံပိုးကျင့်ပြီး ခိုင်းနွားအဖြစ် ရောင်းစားကြတာပေါ့။ အဲဒါကို ကြေးတိုးနွား မွေးတယ်လို့ ခေါ်တယ်။ မွေးဖက် ထိန်းကျောင်းရတဲ့ နွားဆိုတာတော့ ငွေပိုငွေလျှံရှိတဲ့သူတွေက နွားမတွေ ဝယ်ထားပြီး မွေးဖက်ပေးထား တတ်ကြတယ်။ အဲဒီမှာ နွားမလေးမွေးရင် ထိန်းကျောင်းသူက ပိုင်ဆိုင်ရရှိတယ်။ နွားပိုက် (နွားထီး)လေး မွေးရင်တော့ နို့ဖြတ်ချိန်၊ နဖားကြိုးတပ်ချိန်မှာ ပိုင်ရှင်ကို ပေးကြရတယ်။ အဲဒါကို မွေးဖက်ပေးတယ်လို့ ခေါ်တယ်။ (~ စာ ၁၅၉)

    🚍 ‘စာဥ’ ဆိုတာ လည်တိုင်တစ်ဝိုက်လောက်သာ အညိုရောင်အမွှေး ခပ်ပါးပါးရှိပြီး ကျန်တဲ့အပိုင်းမှာတော့ အဖြူရောင် အမွှေးရှိနေတဲ့နွားကို ပြောတာ။ စာဥ ချိုရှည်လို့ ပြောတာက ချိုကြီးက ရှည်နေလို့ပါ။ အညိုရောင်လုံးဝမရှိ၊ လုံးဝအဖြူရောင်ရှိတဲ့ နွားကိုတော့ ”စံပယ်” လို့ ခေါ်ကြတယ်။ ‘ငမောက်’က နွားကို အမည်ပေးထားတာ။ ”နွားပြာနီ” ပေါ့။ နွားပြာနီ ဆိုတာကတော့ အနီရောင်အမွှေးနဲ့ အမည်းရောင်အမွှေး ရောယှက်ပြီး အနီရောင် ညိုညစ်ညစ် အမွှေးရှိတာကို ပြောတာ။ (~ စာ ၁၆၅)

    🚏 မြစ်ရေဝင်တဲ့ လယ်တွေမှာ မြစ်ရေကျပြီးရင် လယ်မြေတွေက မောက်တဲ့ နေရာမောက်၊ ချိုင့်တဲ့နေရာချိုင့်နဲ့ မညီမညာဖြစ်ပြီး ကျန်နေရစ်တတ်တယ်။ အဲဒီလယ်မြေတွေကို နွားရှဉ်းတွေခေါ်ပြီး ထွန်နဲ့ ဆွဲညှိကြရတာပေါ့။ အဲဒါကို လယ်ညှိတယ်လို့ ခေါ်တယ်။ (~ စာ ၁၆၉)

    🚌 ငါးခြောက်ထိုးဆိုတာက ငါးကြီးသားခြောက်ကို ပြုတ်ပြီး ထောင်းတာတွေကို ဆီနိုင်နိုင်နဲ့ ကြက်သွန်၊ ခရမ်းချဉ်သီး ဆီသတ်ချက်ထားတာထဲ ရောနှောပြီး မွှေကြော်ထားတာကို ပြောတာ။ ကျွန်တော်တို့ အရပ်ဒေသက ငါးမန်းခြောက်၊ ကလိန်ခြောက်၊ ငါးရောင်ခြောက်တွေကို ခွဲခြားခေါ်မနေတော့ဘူး။ ငါးကြီး သားခြောက်လို့ပဲ လုံးပြီး ခေါ်တတ်ကြတယ်။ ပဲဆံဟင်းချိုကတော့ ကုလားပဲခြမ်းကို ဟင်းချိုချက်ထားတာ ပြောတာပါ။ ပဲတီချဉ်ကတော့ ပဲတီစိမ်းကို အညှောင့်ဖောက်ပြီး အချဉ်တည်ထားတာကို ပြောတာ။ ရွာက အဲဒီငါးခြောက်ထိုး၊ ပဲဟင်း၊ ပဲတီချဉ် ဟင်း သုံးခွက်ကို “သုံးပေါက်ချွန်း“ လို့ ခေါ်တတ်ကြတယ်။ မှန်ရောင်ဟင်းချိုဆိုတာက ကြက်သွန်နဲ့ ငံပြာရည်ကြော်ထားထဲကို ရေလောင်းထည့်ထားတာပါပဲ။ ရေကိုတော့ ကျကျလေးဖြစ်အောင် ကျိုရတာပေါ့လေ။ မှန်ရောင်လို ကြည်နေလို့ မှန်ရောင်ဟင်းချို။ တချို့ရွာတွေကတော့ ရေဟင်းချိုလို့ ခေါ်ကြတယ်။ (~ စာ ၁၇၅ – ၁၇၆)

    🚃 အလှူရက် ~ မဏ္ဍပ်ဆောက်တဲ့နေ့၊ ပိတ်ကျက်တဲ့နေ့၊ ဆိုင်းဝင်တဲ့နေ့၊ ရှင်လောင်းလှည့်တဲ့နေ့၊ ရှင်မယ်ခံတဲ့နေ့။ (~ စာ ၁၇၇)

    🚍 အုပ်စုံဆိုတာ ကုန်းနှီး၊ ထိပ်အုပ်၊ မြီးထိန်း၊ ခြေနင်း၊ ဇက်ကြိုး၊ ဝမ်းဗိုက်ကြိုး စတဲ့ မြင်းတန်ဆာပလာအလုံးစုံ ပါဝင်တာကို ပြောတာ။ (~ စာ ၁၈၃)

    🚏 မီးချောင်တယ်ဆိုတာ လှည်းဘီး ‘တကူ’ တွေက ပိုပိုပြီး ခြောက်သွေ့လာရင် ကျုံ့သွားတတ်တယ်။ ကျုံ့သွားရင် လှည်းသံပတ်နဲ့ ကွာဟသွားတော့တယ်။ အဲဒီလို တကူနဲ့ လှည်းသံပတ် ကွာဟတာကို “မီးချောင်တယ်” လို့ ခေါ်ဝေါ်တယ်။ (~ စာ ၁၉၀)

    🚌 ကိုယ်ပိုင်နွားနဲ့ လှည်းနဲ့ စိုက်ပျိုးရာမှာ အသုံးပြုတဲ့ ကိရိယာတန်ဆာပလာတွေလည်း ရှိပြီး လုပ်ကိုင်စားသောက်သူကို “တောင်သူ“ လို့ ခေါ်တယ်။ ကိုယ်ပိုင်မြေယာမရှိပေမယ့် တောင်သူလုပ်ငန်းကို မှီခို ပြီး လုပ်ကိုင်စားသောက်သူကိုတော့ “မြောက်သူ” လို့ ပြောတတ်ကြတယ်။ (~ စာ ၁၉၂)

    🚃 မြေပဲဖော်ရာမှာ ”တောဖော်”၊ ”အိမ်ဖော်”ဆိုပြီး နှစ်မျိုးရှိတယ်။ အိမ်ဖော်ဆိုတာကို မြေပဲပင်တွေကို နုတ်ပြီး အိမ်ကို လှည်းနဲ့ တိုက်ယူလာတယ်။ အိမ်ရောက်မှ အသီးတွေကို ဆွတ်ယူရတယ်။ အဲဒါကို “အိမ်ဖော်” လို့ ခေါ်တယ်။ “တောဖော်” ဆိုတာက တောမှာပဲ နုတ်ပြီး ကိုယ့်ငန်းလေးနဲ့ကိုယ် တန်းစီချထား။ ပြီးရင် လယ်ထဲမှာပဲ ဆွတ်ကြရတယ်။ အပင်တွေကိုတော့ နောက်ရက်တွေမှ လှည်းနဲ့ တိုက်ယူတာပေါ့။ မြေပဲပင်ခြောက်ကို နွားရဲ့အစာအဖြစ် အသုံးပြုတယ်။ (~ စာ ၁၉၃)

    🚍 ထင်းအခြောက်လေးတွေ လိုက်လံရှာဖွေကောက်တာ၊ ခုတ်ယူတာတော့ ထင်းခွေတယ်လို့ သုံးနှုန်းတယ်။ သစ်ပင်စို ခုတ်တာကတော့ ထင်းခုတ်တယ်လို့ သုံးနှုန်းတယ်။ (~ စာ ၂၀၀)

    🚍🚍🚍🚍🚍

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကိုလေးမြတ် စာအုပ်များ