သွက်ချာပါဒကမ္ဘာ

( 1 မှတ်ချက်)

5000 (ကျပ်)

အောက်တိုဘာ ၁၈ရက် ဆရာမင်း‌ဝေဟင်ရဲ့ မွေးနေ့မှာ
ထွက်ရှိခဲ့တဲ့
သွက်ချာပါဒကမ္ဘာ …..

ဝတ္ထုတို​တွေဟာ တိုတိုတုတ်တုတ် ထိထိမိမိနဲ့ လူ့သ​ဘော လူ့သဘာဝ​တွေကို လှစ်ဟ​ဖော်ပြတတ်တဲ့ အပိုင်းအစတွေပါ။ ဒီအပိုင်းအစ​တွေကပဲ စိတ်ခံစားချက်တစ်ခုစီနဲ့ ​ဇာတ်​ကောင်တစ်​ယောက်ချင်းစီရဲ့ ဖြစ်တည်မှု​တွေကို ​ဖော်ပြ​နေတတ်တယ်။

ခု သွက်ချာပါဒကမ္ဘာဆိုတဲ့ မဂ္ဂဇင်းဝတ္ထုတိုများ စုစည်းမှုထဲမှာ စာ​ရေးဆရာတစ်​ယောက်ရဲ့ ရင်ဘတ်ထဲက စကားသံ​တွေ၊ စာ​ရေး​ဖော်စာ​ရေးဖက်​တွေနဲ့ အမှတ်တရအ​ကြောင်း​တွေကို ထူးထူးခြားခြား​တွေ့မြင်နိုင်တယ်။

ဒါတင်မက အိမ်လွမ်းနာအ​ကြောင်း​တွေ၊ သားတစ်​ယောက်က မိခင်တစ်​ယောက်ကို ​ပြောပြချင်တဲ့အ​ကြောင်း​တွေ၊ လူအချင်းချင်းကြား…မိဘနဲ့ သားသမီးကြားက အဖြူရောင်​မေတ္တာကို ပတ်ဝန်းကျင်ဆိုတဲ့အရာက အ​ရောင်ဆိုးမှုဟာ ရုပ်ဆိုးအကျည်းတန်​တဲ့အကြောင်း​​တွေ …စသဖြင့်​ပေါ့။

သွက်ချာပါဒကမ္ဘာဆိုတဲ့ အတို​လေးကို သင်ဖတ်ပြီး​ရင်​တော့ ရူးချင်လိုက်တာဆိုတဲ့ ခံစားချက်​တော့ ခဏ​တော့ဖြစ်မိမလားပဲ။ အစပိုင်းမှာ ငြိမ့်ငြိမ့်​​​ညောင်း​​ညောင်း​လေးဆွဲ​ခေါ်သွားပြီး အဆုံးမှာ လူကို ​ဆောင့်ချလိုက်သလိုမျိုး…။ ဒီလိုမျိုး အစပိုင်းဖတ်ပြီး အဆုံးထိမနားချင်​တော့​အောင် feelings မျိုး​ လိုချင်တယ်ဆိုရင်​တော့ ဒီစာအုပ်​လေးကို ဖတ်ကြည့်ပါ။

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.5 × 0.7 × 8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ 2022 အောက်တိုဘာလ (ပထမအကြိမ်)

20 in stock

သွက်ချာပါဒကမ္ဘာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Sone (verified owner)

    သွက်ချာပါဒကမ္ဘာ – မင်းဝေဟင်
    ဆရာမင်းဝေဟင်ရဲ့ သွက်ချာပါဒကမ္ဘာ မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှုစာအုပ်လေးအကြောင်း ဆရာ့ရဲ့ ရေးဖော်ဆရာ၊ဆရာမတွေရေးထားတာလေးတွေကို ဖတ်လိုက်၊ စာအုပ်လေးကို ဖတ်လိုက်နဲ့ ကြိုက်လွန်းလို့ ရက်ပိုင်းအတွင်းမှာ အစအဆုံး ၂ကြိမ်ပြန်ဖတ်ခဲ့မိတဲ့အထိပါပဲ။တချို့ဝတ္ထုလေးတွေဆို ၃ကြိမ် ၄ကြိမ်လောက်အထိ ပြန်ဖတ်မိနေတာမျိုးပေါ့။ဘဝအလွှာအသီးသီးကို ကိုယ်စားပြုထားတဲ့ ဇတ်ကောင်တွေရဲ့ လှုပ်ရှားသက်ဝင်နေမှုတွေထဲမှာ စီးမျောလိုက်ပါရင်းနဲ့ မတူကွဲပြားတဲ့ ရေးဟန်တွေ၊ စကားလုံးသုံးစွဲမှုတွေနဲ့ ဝါကျဖွဲ့စည်းမှုပုံသဏ္ဍာန်တွေကိုပါ လေ့လာနေခဲ့မိပါတယ်။
    ဒီစာအုပ်လေးမှာဆိုရင် ဖြတ်သန်းလာရတဲ့ ခေတ်ကာလပေါ်မှာ ထင်ဟပ်နေတဲ့အကြောင်းအရာတွေကို ဆရာ့ရဲ့ရေးသားဖန်တီးမှုအနုပညာနဲ့ပေါင်းစပ်ထားတဲ့ ဝတ္ထုတို ၁၅ပုဒ်ကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ဝတ္ထုတိုတစ်ပုဒ်ချင်းဆီတိုင်းမှာ စာရေးသူရဲ့ လောကကို ရှုမြင်ပုံတွေ၊ ဇတ်ဆောင်တွေရဲ့ရင်တွင်းပဲ့တင်သံတွေနဲ့အတူ ခါးသီးတဲ့အမှန်တရားတစ်ချို့ကိုပါ ပကတိအရှိအတိုင်း ဖွင့်ချရေးသားထားတာတွေကို ခံစားလိုက်ရမှာပါ။အမှာစာလေးကို ဖတ်လိုက်ရကတည်းက လစဥ်ထုတ်ရသမဂ္ဂဇင်းတွေ၊ အဲ့ဒီ့မဂ္ဂဇင်းတွေကိုပဲ့ကိုင်ခဲ့ကြတဲ့ ဆရာကြီး၊ဆရာမကြီးတွေနဲ့ ရေးဖော်ရေးဘက်တွေအကြောင်းကို ပြန်ပြောင်းရေးသားထားတာကို အက်ဆေးလေးတစ်ပုဒ်လို ခံစားမိတာပါပဲ။အမှာစာရဲ့နောက်မှာတော့ ခေတ်ပြိုင်ဖန်တီးမှုလက်ရာတွေကို ကိုယ်စားပြုနေတဲ့ ဝတ္ထုတိုတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။
    အစိုးရစီမံကိန်းအတွက် လယ်မြေတွေကို လျှော်ကြေးနဲ့အသိမ်းခံခဲ့ရတဲ့ လယ်သမားမိသားစုတစ်စုရဲ့အကြောင်းကို တင်ပြပုံကောင်းကောင်းနဲ့ဖန်တီးထားတဲ့ ” ချုပ်သောညတို့ မှောင်ရီရီ “။ကိုဗစ်တတိယလှိုင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ တွင်ကျယ်လာတဲ့လူမှုကွန်ယက်ယဥ်ကျေးမှုကို နောက်ခံထားပြီး စာဖတ်သူအပေါ်မှာ လှပ်ခနဲဖြစ်သွားစေမယ့် ဇာတ်ရှိန်အတက်အကျတွေနဲ့ “သွက်ချာပါဒကမ္ဘာ” ။လမိုက်ညတစ်ညမှာ သမီးအရင်းဖြစ်သူရဲ့ အထင်လွဲမှုကို ခံခဲ့ရတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးဖွဲ့ထားတဲ့ ” လခြမ်းလှေကို ယီးလေလေ့ခို ” ။ကလေးငယ်တွေဟာ လူကြီးတွေရဲ့ကိုယ်ပွားနဲ့ ခေတ်တစ်ခေတ်ရဲ့ပုံရိပ်ဖြစ်တယ်ဆိုတာ သူတို့ကစားနေတဲ့ ကစားနည်းတွေကတစ်ဆင့် သိရှိနိုင်ကြောင်း ရေးသားထားတဲ့ ” နွေလည်နေမွန်းတည့်တည့်” ။အတုအယောင်တွေနဲ့ ဟန်ဆောင်လိမ်ညာမှုတွေအကြောင်း ပုံဆောင်ရေးသားတဲ့ “ပဲခူးငါးချဥ်နဲ့ ပျော်ဘွယ်မုန့်ကြွပ်” ။အစရှိသဖြင့် ဝတ္ထုတို အားလုံးလိုလိုကို ကြိုက်နှစ်သက်မိပါတယိ။
    မှတ်မှတ်ရရဖြစ်နေမိတဲ့ ဝတ္ထုတိုတွေကတော့ ” မင်းပါမလား ချစ်သူဖြစ်တမ်းကစားရအောင်” ၊” ချစ်သူတို့အတွက် အချစ်ဝတ္ထု” နဲ့ ” သံသရာစက်ဝန်း တစ်နေရာရာ” တို့ပဲဖြစ်ပါတယ်။” မင်းပါမလား ချစ်သူဖြစ်တမ်းကစားရအောင်” ဝတ္ထုလေးမှာဆိုရင် သမဂ္ဂကျောင်းသားတစ်ယောက်ရဲ့ရပ်တည်ချက်နဲ့ ခေတ်အပြောင်းအလဲတစ်ခုမှာ ကျောင်းသူကျောင်းသားလေးတွေ ရင်ဆိုင်ရတဲ့ဖြစ်ရပ်လေးကို တွေ့ရှိရမှာပါ။
    “ချစ်သူတို့အတွက် အချစ်ဝတ္ထု” မှာတော့ လုံးချင်းတစ်အုပ်ရေးတော့မယ်ဆို ဖေ့ဘွတ်အကောင့်ကိုခဏပိတ်လေ့ရှိတဲ့ ဆရာမစံပယ်ဖြူနု၊ ဝိုင်လေးတစ်ခွက်သောက်လိုက်ရင် စာရေးချင်တဲ့ဖီလင်တွေက ဝေါခနဲကျလာမယ်ဆိုတဲ့ ဆရာမချောအိမာန်၊ရန်ကုန်နဲ့ မှော်ဘီက မိုးအတွက် တစ်တွေးစာပဲဆိုတဲ့ ဆရာမမီမိုး၊သင်္ဘောသားစာရေးဆရာတွေဖြစ်ကြတဲ့ ဆရာနေ(ပင်လယ်ပြာ)၊ဆရာသံလွင်ကို(မော်လမြိုင်)နဲ့ ဆရာအေထူးအောင်(အဏ္ဏဝါ)တို့ရဲ့အကြောင်းတွေ၊ဆရာဝန်စာရေးဆရာတွေဖြစ်တဲ့ ဆရာဇေဦးယျာ၊ဆရာရေအေးနဲ့ ဆရာဟမ်စိုင်း(ဆေး/မန်း)တို့ရဲ့အကြောင်းတွေ၊ရင်နှီးသူတွေက ဘုတ်ဆုံလို့ခေါ်ကြတဲ့ ဆရာမငွေဇင်ယော်ဦး(မိုးကုတ်)အစရှိသဖြင့် ချစ်ခင်လေးစားရတဲ့ ဆရာ၊ဆရာမတွေရဲ့ ပုံရိပ်လွှာတွေကို တွေ့ရှိလိုက်ရပါတယ်။(ချစ်လွန်းလို့ ဖောက်သည်ချလိုက်ပြီဆရာရေ)။”သံသရာစက်ဝန်းတစ်နေရာရာ”ကတော့ ဆရာ့ရဲ့ ဘဝကောက်ကြောင်း တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ယူဆရပါတယ်။
    ဆရာမင်းဝေဟင်ရဲ့ စာအုပ်လေးနဲ့ ပတ်သတ်ပြီး ပြောတတ်သလောက်တော့ ပြောခဲ့ပါပြီ။ပြောရမယ်ဆိုရင်လည်း ပြောရမှာတွေကအများကြီး။ခံစားလေ့လာမှုတွေအရ မပြောနိုင်သေးတဲ့အပိုင်းလေးတွေကလည်း ရှိနေတာတော့ အသေအချာ။ဘာပဲဖြစ်ဖြစ် ကျနော်တို့ဟာ သွက်ချာပါဒဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြရတာတော့ အမှန်ပါပဲလေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းဝေဟင် စာအုပ်များ