သုခမြို့တော်

( 7 မှတ်ချက်)

15000 (ကျပ်)

စာမျက်နှာ

၅၇၄

စာအုပ်အရွယ်အစား

5.2 x 1.5 x 8 inches

ပုံနှိပ်မှတ်တမ်း

နှစ်ကာလများစာပေ၊ ၂၀၂၃ မေလ (သတ္တမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

၁၇.၆.၂၀၂၃ နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၁၂၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

သုခမြို့တော် အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. မအိမ့်အိမ့်ထူးအောင်

    “The City of Joy – သုခမြို့တော်” တဲ့။
    ပြင်သစ်အမျိုးသား စာရေးဆရာ Dominique Lapierre က ရေးသားထားပြီး
    ဆရာမြသန်းတင့်က ဘာသာပြန်ဆိုခဲ့တာ၊
    ၁၉၉၂ ခုနှစ်မှာ အမျိုးသားစာပေ(ဘာသာပြန်)ဆု ရရှိထားပါသေးတယ်။

    ဒီစာအုပ်ကို ဗြိတိန်နိုင်ငံက ရုပ်ရှင်ပြန်ရိုက်ခဲ့ချိန်မှာ ဒေါ်လာ၁.၄သန်း အကုန်အကျခံပြီး
    ကာလကတ္တားရှိ ၂.၅ဟက်တာ ကျယ်ပြန့်တဲ့
    သင်္ဘောကျင်းမြေကွက်လပ်လေးထဲမှာ ဆင်းရဲသားရပ်ကွက်တွေကို ပုံတူတည်ဆောက်ရတာမျိုးတွေ၊ ညစ်ပတ်တဲ့ လမ်းကြားကလေးများထဲမှာ ကြပ်ခိုးတွေနဲ့ မည်းနက်စုတ်ပြတ်နေတဲ့ အုတ်တိုက်ငယ်လေးတွေကို ဖန်တီးတည်ဆောက်ရတာမျိုးတွေ၊ ဟာလာဟင်းလင်းဖြစ်နေတဲ့ ရေဆိုးမြောင်းကြီးများထဲမှာ အညစ်အကြေးတွေကို
    လောင်းထည့်ရတာမျိုးတွေ စသဖြင့် စာအုပ်ထဲက ဆင်းရဲသားရပ်ကွက်တွေနဲ့တူအောင်
    တမင်ဖန်တီးရတာတွေ ရှိခဲ့ပါတယ်တဲ့။

    “သုခမြို့တော်” နဲ့ ပါတ်သတ်ပြီး ရုပ်ရှင်ကိုပဲ
    ကြည့်ဖူးတဲ့သူတွေ၊ စာအုပ်ကိုပဲ ဖတ်ဖူးတဲ့သူတွေ၊ နှစ်မျိုးလုံး လုပ်ဖူးတဲ့သူတွေ အဲ့သလို အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ကျွန်မကတော့
    စာအုပ်လည်း ဖတ်ဖူးသလို ရုပ်ရှင်လည်း ကြည့်ဖူးပါတယ်။ ဒါပေမဲ့ စာအုပ်မဖတ်ရသေးဘဲ ရုပ်ရှင်အရင်ကြည့်မိသွားတာက ကျွန်မစိတ်ကို ပိုသက်သာရာရစေခဲ့တာလား၊ စာအုပ်ကို ပြီးဆုံးတဲ့ထိ ဆက်မဖတ်ချင်လောက်အောင် ပိုစိတ်ဆင်းရဲစေခဲ့တာလား
    ကျွန်မ အသေအချာတော့ မပြောပြတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဖတ်ချင်စိတ်
    ပျောက်ပျောက်သွားတဲ့ ဒီစာအုပ်ကို
    ၂လလောက် အချိန်ယူပြီး (တစ်ခြားစာအုပ်လေးတွေပါ အမောပြေကြားညှပ်ဖတ်ပြီး) အောင်အောင်မြင်မြင် ဖတ်ဖြစ်ခဲ့တဲ့အတွက်တော့ ကိုယ့်ကိုကိုယ် အများကြီး ဂုဏ်ယူမိပါတယ်။

    ရုပ်ရှင်ထဲမှာတော့ လန်ချားသမား ဟာစရီပါးက သူ့သမီး မင်္ဂလာပွဲအတွက် လန်ချားလှည်းသန်နှစ်ချောင်းကြားထဲကနေ တစ်သက်တာလုံး ရုန်းကန်ပြေးလွှားမောင်နှင်ရင်း ဖော်ပြခဲ့တဲ့ ဖခင်မေတ္တာရယ်၊ ဆင်းရဲသားတွေရဲ့ ဒုက္ခအပေါင်းကို လာရောက်မျှဝေခံစား ဖြေရှင်းပေးကြတဲ့ လူနှစ်ယောက်ရဲ့ လူသားဆန်မှုတွေရယ်ကိုပဲ အထင်အရှား မြင်တွေ့ခဲ့ရပြီး အခြားခံစားစရာရသတွေကတော့ တခြားရုပ်ရှင်တွေနဲ့တူတူ သိပ်မထူးခြားဘူးလို့ပဲ မြင်မိပါတယ်။ စာအုပ်ထဲမှာတော့ အဲ့ထက်ပိုတဲ့
    ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှုပေါင်းများစွာ၊ လူလားမမြောက်ခြင်းခြင်းစွာ၊ လူရာမသွင်းခံရခြင်းများစွာ၊ နာကျည်းခံပြင်းဖွယ် အောက်ကျို့ရမှုပေါင်းများစွာ၊ တစ်ကမ္ဘာလုံးမှ အဆိုးဆုံးသော ကပ်ရောဂါများနဲ့ သဘာဝဘေးအန္တရာယ်များစွာ၊ စက္ကန့်နှင့်အမျှ နေ့မြင်ညပျောက်ဖြစ်နေကြတဲ့ မယုံနိုင်စရာ လူသေဆုံးမှုအမျိုးအစားများစွာ၊ နောက်ဆုံးကုန်ကုန်ပြောရလျှင် လူ့ဘဝမှာ အရှင်လတ်လတ်နဲ့ ငရဲကျခံရဖို့ ဖြစ်တည်လာကြရတဲ့ မနုဿလူသားများစွာအကြောင်းပေါ့…။

    “သုခမြို့တော်”ဝတ္ထုရဲ့ အဓိကဇာတ်ကောင်တွေက‌တော့ လန်ချားသမား ‘ဟာစရီပါး’တို့ မိသားစုဝင် ငါးယောက်ရယ်၊ ပိုလန်လူမျိုး ခရစ်ယာန်သာသနာပြု ဗရင်ဂျီဘုန်းကြီး ‘ကိုဗာစကီး’ရယ်၊ လိုအပ်နေသူတွေကို အကျိုးပြုချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်အမေရိကတိုက် ဖလော်ရီဒါနယ်ရှိ မီယာမီမြို့ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆေးကောလိပ်ဘွဲ့ရလူငယ် ‘မက်စ်’ရယ်၊ သုခမြို့တော်ရပ်ကွက်ထဲက လူမြင်းလို့ခေါ်တဲ့ လန်ချားသမားတွေရယ်၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် မထင်ရှားကြတော့တဲ့ ကိုယ်ရေရောဂါသည်တွေရယ်ပါ။ ဒါပေမယ့် ကျွန်မစိတ်အာရုံထဲ စွဲထင်ကျန်ရစ်တဲ့ ဇာတ်ကောင်ကတော့ ကိုဗာစကီး တစ်ယောက်တည်းပါပဲ…။

    “သုခမြို့တော်” ဘယ်လို ဖြစ်တည်လာခဲ့သလဲ ပြောရမယ်ဆိုရင် ရာစုနှစ်အစလောက်တုန်းက ဒေလီ-ကာလကတ္တားသွား ရထားလမ်းတာရိုးအနီးက စက်ရုံပိုင်ရှင်ဟာ သူ့အလုပ်သမားတွေကို နေရာချပေးဖို့ အဲ့ဒီနားက ငှက်ဖျားထူတဲ့ စိမ့်တောကြီးကို မြေဖို့ပေးခဲ့ရာက စတာတဲ့။ မိုးခေါင်ရေရှားကာ ဘာမှစိုက်မရတော့လို့ ငတ်ပြတ်ပြီး ကျေးလက်တောရွာကနေ ပြောင်းရွှေ့လာကြတဲ့
    ဒုက္ခသည်တွေ အများဆုံးနေတဲ့နေရာပေါ့…။

    သုခမြို့တော်လို့ ဆိုလိုက်တာနဲ့ သူနဲ့အတူ ဒွန်တွဲနေတဲ့ ကာလကတ္တားကိုလည်း ခွဲခြားထားလို့ မရပါဘူး။ ဒီစာအုပ်မှာ ကာလကတ္တားမြို့ကြီးရဲ့ လူမဆန်မှုများ၊ စိတ်ဆင်းရဲဖွယ် အနိဋ္ဌာရုံမြင်ကွင်းများ၊ မြင့်မြတ်မှုတွေနဲ့
    ဘေးချင်းယှဥ်ရပ်နေတဲ့ ယုတ်နိမ့်မှုများကို
    မြင်တွေ့ရဦးမှာပါ။ ပိုင်ရှင်မရှိလို့ မြစ်ထဲဖြစ်သလိုမျှောလိုက်ရတဲ့ လူသေအလောင်းတွေ၊လူလား‌မြောက်ပြီးဖြစ်တဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် လူမဖြစ်သေးတဲ့ ဗိုက်ထဲက ၇-လသားအရွယ် သန္ဓေသားလောင်းလေးကို ထုတ်ရောင်းပေးဖို့ ဗိုက်ခွဲခံရရုံသာမက နှလုံးသားကိုပါ စတေးလိုက်ရတဲ့ မိခင်တွေ၊ ဝါးနဲ့လုပ်ထားတဲ့ ထမ်းစင်ကလေးတွေရယ်…သွေးစွန်းနေတဲ့ ပတ်တီးစတွေနဲ့ဂွမ်းဖတ်တွေ စင်္ကြန်ပေါ်မှာ ပြန့်ကြဲနေကြတာတွေရယ်…တစ္ဆေခြောက်သလို ဖြစ်နေကြတဲ့
    လူနာတွေရဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေရယ်…ဒါတွေကလွဲရင် ဘာမျှမရှိတဲ့ ဆေးရုံကြီးတွေ၊
    မိုးကြီးမှုကြောင့် လျှံတက်လာတဲ့ရေတွေကို
    မြန်မြန်စီးသွားအောင် မြူနီစီပယ်က ဖွင့်လိုက်တဲ့ မြောင်းဖုံးပေါက်ထဲကို မသိလိုက်ဘဲ နစ်ကျသေဆုံးသွားကြတဲ့ မိုးရေထဲက လန်ချားသမားတွေ၊ အရိပ်ထဲမှာပင် အပူချိန်ဖာရင်ဟိုက်တစ်ရာ့လေးဆယ်အထိ တက်သွားတဲ့ သုခမြို့တော်ရဲ့နွေရာသီနေပူရှိန်ကြောင့် ရေဓာတ်အမြန်ခမ်းခြောက်ပြီး တဖြုတ်ဖြုတ်သေသွားကြရတဲ့ လူတွေလူတွေ၊ နောက်ပြီး အမှိုက်တွေကို သွန်ချပြီး ညီအောင်လုပ်နေတဲ့ မြေညှိစက်ကြီးအနီးမှာ အမှိုက်ပုံကပစ္စည်းတွေကို အလုအယက်ကောက်ရင်း ခြေချော်လက်ချော်ဖြစ်ပြီး သေဆုံးသွားကြတဲ့ ဆင်းရဲသားကလေးငယ်တွေ၊ နောက်ပြီးတော့ရော…နောက်ပြီးတော့ ဒီ့ထက်မလျော့လှတဲ့ အဆိုးတကာ့အဆိုးဆုံး အဖြစ်အပျက်တွေအများကြီး ဖြစ်နေကြဆဲပါပဲ…။

    လန်ချားသမား ဟာစရီပါးရဲ့အကြောင်းကို ပြောရမယ်ဆိုရင် သူဟာ လင်ယောက်ျားတစ်ယောက်ရဲ့ တာဝန်၊ ဖခင်တစ်ယောက်ရဲ့ တာဝန်၊ ရွာက အစာရေစာငတ်ပြတ်လုနီးပါးဖြစ်နေတဲ့ မိဘများအတွက် သားတစ်ယောက်ရဲ့တာဝန် စတဲ့ လူသားတစ်ဦးရဲ့ ပုခုံးပေါ် အလိုလိုကျရောက်လာတဲ့ တာဝန်တွေကို တာဝန်ဆိုတာထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတရားတွေ၊ အနစ်နာခံပေးဆပ်မှုတွေနဲ့အတူ အများကြီးကျေပွန်ခဲ့သူပါ။ သူ့လက်မောင်းကနေ သွေးဆယ်အောင်စကိုလည်း ဖောက်ထုတ်ရောင်းခဲ့ဖူးသလို သူ့ခန္ဓာကိုယ်ရဲ့ အရိုးတွေအကုန်လုံးကိုတောင် မသေခင်တည်းက ကြိုရောင်းဖို့ စီစဥ်ခဲ့တယ်။ ကတ္တရာလမ်းမတွေပေါ်မှာလည်း ရာသီဆိုးအမျိုးမျိုးကို အံတုပြီး သူ့ခြေဖဝါးတွေကို ချနင်းခဲ့ဖူးသလို ဘာမှမမြင်ရတဲ့ အညစ်အကြေးရည်တွေထဲမှာလည်း
    ဆူးငြောင့်ခလုတ်တို့ရဲ့ဒဏ်ကို အံကြိတ်ခံပြီး သူ့အဆုတ်တွေ စုတ်ပြတ်တဲ့အထိ လန်ချားဝင်ရိုးလှည်းသန်နှစ်ခုကြားမှာ မြင်းလို နွားလို မရပ်မနားပြေးလွှားရုန်းကန်ခဲ့ဖူးတယ်။ ဒါပေမဲ့လည်း သူ့ဆင်းရဲဒုက္ခတွေကို လျစ်လျူရှုနိုင်ပြီး သမီးလေးကို သူတို့ထက် အဆင့်အတန်းရှိတဲ့မျိုးရိုးက သတို့သားနဲ့ လက်ထပ်ပေးနိုင်ဖို့ရာအတွက် အမြဲခွန်အားဖြစ်စေခဲ့တဲ့အရာကတော့ ကွမ်းသီးလုံးလောက်ရှိတဲ့ ကြေးချူလုံးလေးရဲ့ (လန်ချားလှည်းသန်နဲ့ခေါက်လိုက်ရင် မြည်လာတဲ့)
    မြည်သံလေးပါပဲ…။

    ကဲ ဒါဆို ခရစ်ယာန်သာသနာပြု ‘ကိုဗာစကီး’ ရဲ့အကြောင်းကရော ဘယ်လိုမျိုးဖြစ်မလဲ…။
    သူကတော့ ကျွန်မတို့ရဲ့ နှလုံးသားကို ပိုပြီးနူးညံ့ပျော့ပျောင်းလာစေဖို့ရာအတွက် အဓိကဖန်တီးပေးသူတစ်ဦးပါပဲ။ သူဟာ ကိုယ်ရေရောဂါသည်တွေရဲ့ တုံးတိတိဖြစ်နေတဲ့ လက်ချောင်းလေးတွေကို အားရပါးရ ဆုပ်ကိုင်ပြီး နှုတ်ဆက်တတ်သလို ကိုယ်ရေရောဂါသည်တွေ ပြင်ဆင်ပေးတဲ့ ထမင်းကိုလည်း မရွံမရှာ အားရပါးရ စားပြတတ်တယ်။ ပြောရမယ်ဆိုရင် သူ့စိတ်ထဲက ရွံနေရင်တောင် ကြိတ်မှိတ်ပြီး လူသားဆန်နိုင်သမျှဆန်အောင် ကြိုးစားတတ်တဲ့သူပါ။ ဆင်းရဲ သားတွေနဲ့တန်းတူ ဒုက္ခတွေကို မျှဝေခံစားပေးတဲ့ ကိုဗာစကီးဟာ သုခမြို့တော်မှာတော့
    နတ်ဘုရားတစ်ပါးလိုပဲ ဆိုပါတော့။ ဒီစာအုပ်လေးကိုဖတ်ရင် ကိုဗာစကီးထံကနေ
    ကျွန်မတို့ရဲ့ လူသားချင်းအဆင့်တန်းခွဲခြားတတ်မှုတွေကို မှန်မှန်ကန်ကန် မြင်တတ်လာကြပြီးတော့ ဆင်းရဲချမ်းသာမရွေး၊ ကိုယ်ရေရောဂါသည်မရွေး အားလုံးကိုတန်းတူ လူသားဆန်စွာဆက်ဆံတတ်လာအောင် (အနည်းအကျဥ်းတော့)သင်ပေးနိုင်မှာ အသေချာပါပဲ။ တကယ်တမ်းတော့ ကိုဗာစကီးဆိုတာ ကာလကတ္တားမြို့ရဲ့လမ်းမများပေါ်မှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်တွေနဲ့ သေအံ့ဆဲဆဲ ခိုကိုးရာမဲ့သူတွေကို ကောက်ယူပြုစုပေးခဲ့သော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဗရင်ဂျီသီလရှင်ဆရာကြီး မာသာထရီဇာနဲ့ တန်းတူနီးပါး ကုသိုလ်ကောင်းမှုတွေကို ဆောင်ရွက်ခဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ဒီစာအုပ်လေးဖတ်ရင်း သိလာပါလိမ့်မယ်။

    The City of Joy ရုပ်ရှင်ရဲ့ ending လေးကတော့ ဟာစရီပါးကို အသက်နည်းနည်းလေး ဆက်ရှည်ဖို့ မျှော်လင့်ကြည့်လို့ ရသေးပေမယ့် စာအုပ်ရဲ့ ဇာတ်သိမ်းလေးကတော့ ကိုယ်ဖြစ်စေချင်သလို ဖြစ်ခွင့်မပေးခဲ့…။ (တကယ်တော့ ဒီစာအုပ်ကိုအသက်သွင်းခဲ့တဲ့ ရုပ်ရှင်လို့ မထင်ရလောက်အောင် ရုပ်ရှင်နဲ့စာအုပ်က အများကြီး ကွာခြားပါတယ်။)
    စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်။
    ဒါပေမယ့်လည်း အိန္ဒိယပြည်၊ ကာလကတ္တားမြို့က “သုခမြို့တော်”ဆိုတဲ့ လူဆင်းရဲရပ်ကွက်လေးတစ်ခုရဲ့ အံ့ဩမကုန်နိုင်သော
    ဘဝပေးအခြေအနေများကို စာနာစိတ်လေးနဲ့ သိချင်ရင်ဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် လောကကြီးမှာ ကံအဆိုးဆုံးလို့ သတ်မှတ်မိနေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် လူသားဆန်စွာ တော်တော်ဆက်ဆံတတ်နေပြီလို့ထင်နေရင်ဖြစ်ဖြစ် ဒီစာအုပ်လေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ (ဆရာမြသန်း
    တင့်ရဲ့ ဘာသာပြန်စာအုပ်ဆိုတော့ ဖတ်ပြီးသူ တော်တော်များများရှိမှာပါ။)

    တကယ်တော့လေ “သုခမြို့တော်”ဆိုတာ ဆင်းရဲသားအချင်းချင်း ဘယ်တော့မှ အိမ်တံခါးမပိတ်တတ်တဲ့ နေရာလေးတစ်ခုပါပဲ။
    နောက်ပြီး လူသားစစ်စစ်တို့ရဲ့ တည်ကြည်ပြီးသိက္ခာရှိတဲ့အပြုံးတွေ တည်ရှိတဲ့နေရာ ၊
    အောက်တန်းအကျဆုံးထဲက အထက်တန်းအကျဆုံးလူတွေ နေကြတဲ့နေရာ၊
    လူမဆန်တဲ့ တံလျှပ်မြို့ကြီးမှာ လူဆန်တဲ့
    စာနာရိုင်းပင်းမှုတွေ မြင်တွေ့နိုင်တဲ့ နေရာ၊
    ဒါဟာ “သုခမြို့တော်”ပါပဲ။
    .
    .
    .
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    (Wed, Aug 5)

  2. ပိုပို

    သုခမြို့တော်စာအုပ် ဖတ်ပြီး မှတ်သားလိုက်ရတာက‌‌ေတာ့ ဘဝမှာ အခက်အခဲဒုက္ခတွေကို ရှောင်လွှဲလို့မရသလို အခက်အခဲဒုက္ခတွေကြုံလာတဲ့အခါ ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ရမယ်ဆိုတာပါပဲ။

    ဘာကြောင့် သုခမြို့တော် လို့အမည်ပေးရလဲဆိုတာ စာရေးဆရာကို မေးကြည့်ချင်ပါသေးတယ်🤭

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ