သိုဝှက်ကျီစားအပ်သော ရပ်ဝန်း၌
6000 (ကျပ်)
မြစ်တွေမှာ ဦးတည်ရာရှိသလား…
မြစ်တွေရဲ့အစက ဘယ်မှာလဲ…
မြစ်တွေရဲ့ အဆုံးမှာရော ဘာတွေရှိနိုင်မလဲ…
မြစ်တွေက လှလား…
ဒီလိုမေးခွန်းပေါင်း မြောက်မြားစွာနဲ့ ခံစားတတ်သူတွေအဖို့ သိပ်လှတဲ့မြစ်တွေဟာ ထင်သလောက် မရိုးရှင်းကြပါဘူး။ သူတို့ဟာ အတားအဆီး အခက်အခဲပေါင်း မြောက်မြားစွာကို ကျော်ဖြတ်တိုးဝေ့ပြီး သဘောထားကြီးတဲ့ ပင်လယ်ကြီးဆီကို ဦးတည်ပြီး စီးဆင်းကြရတယ်။
အမျိုးသမီးတွေဟာ မြစ်တွေလိုပဲ ကောက်ကွေ့ကြတယ်လို့ ပြောတတ်ကြတယ်။ သူတို့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ အရာဆီ မရောက်မချင်း အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့က ဖြောင့်တန်းနေဖို့မှ မလွယ်တာလေ။ တကယ်တမ်း မြစ်တွေဟာ သူတို့ကို ထိန်းသိမ်းတတ်ရင် သူတို့ရဲ့ မြစ်ကမ်းပါးဟာ တကယ့်ကို ရှားပါးလှတဲ့ အလှရတနာတစ်ပါးပါ။
မြစ်တွေဟာ သူတို့ စီးဆင်းရာတစ်လျှောက် ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး အကျိုးပြုဖို့ပဲ တွေးထားကြတာပါ။ ဒါပေမယ့် ဒီမြစ်ကို အသုံးချတဲ့သူတွေရဲ့ လောဘကြောင့် မြစ်ရဲ့အလှတွေဟာ ပျက်စီးခဲ့ရသလို တခါတစ်ရံ ဆိုးကျိုးတွေတောင် ဖြစ်သွားစေတတ်ပြန်တယ်။
မြစ်တွေကို ဘာကြောင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သင့်သလဲဆိုတဲ့ ပညာဗဟုသုတတွေ… အရွယ်မတိုင်ခင် ပန်းကောင်းအညွှန့်ချိုးခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖွင့်ဟဖော်ထုတ်ပြတဲ့ ခံစားချက်တွေ… ကောင်းခြင်းဆိုးခြင်းတွေ ရောယှက်နေတဲ့ အမျိုးသမီးတွေရဲ့ အနစ်နာခံတတ်မှုတွေ… ဒီလို မြစ်နဲ့တူတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ယုံကြည်လက်ခံထားတဲ့ ခံယူချက်နဲ့ ပင်လယ်လို သဘောထားပြည့်ဝလွန်းတဲ့ ယောကျ်ားတစ်ယောက်ရဲ့ ခံယူချက် အားပြိုင်မှုတွေ …
ဒါတွေကို ဆရာမခေတ်ရှေးညိုရဲ့ သိုဝှက်ကျီစားအပ်သော ရပ်ဝန်း၌ ဆိုတဲ့ စာအုပ်လေးမှာ … ဖတ်ရှုခံစားရမှာပါ..
စာမျက်နှာ | 216 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
15 in stock
Thet Naing Aung –
ဆရာမ ခေတ်ရှေးညို ရဲ့ ” သိုဝှက်ကျီစားအပ်သောရပ်ဝန်း၌ ” စာအုပ်ကိုဖတ်မိတော့ ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်မိတာတွေများတယ်လို့ ဦးစွာပြောရမယ်။
📚 ကျွန်တော်တို့မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီး ။ အဲ့ဒီမြစ်ကြီးကို မှီခိုရပ်တည်ကြတဲ့ လူတွေဆိုတာ ထောင်သောင်းမက ။ ဒီဧရာဝတီမြစ်ကြီး တိမ်ကောတာပဲဖြစ်ဖြစ် ။ ကမ်းပြိုသောင်ပြိုတာပဲဖြစ်ဖြစ် ။ အဲ့လိုတွေ ဖြစ်လာလို့ ဒုက္ခတွေရောက်ကြပြီဆိုရင် လူဦးရေပေါင်းမြောက်များစွာ ။ အဲ့လူတွေဘာပဲဖြစ်ဖြစ် မိမိနဲ့မဆိုင် စီးပွါးရေးသာအဓိကဆိုပြီး ကိုယ်ကျိူးသာကြည့်တဲ့လူတွေကို ဒီစာအုပ်ထဲမှာ ပီပီပြင်ပြင်ရေးဖွဲ့ထားတာတွေ့ရတယ်။
📚 ဒီမြစ်ကြီးပေါ်မှာ အစိုးရက ခွင့်ပြုတာထက်ကျော်လွန်ပြီး ရေသဲကျောက်တွေကိုစည်းကမ်းမဲ့စုပ်ယူကြတဲ့အခါ သောင်ပြိုကမ်းပြိုလာတာမို့ မှီခိုနေကြတဲ့လူထုတွေ ဆန္ဒပြကြတဲ့အခါ ဖြေရှင်းဖို့ ဧကရီဆိုတဲ့ အမျိုးသမီးကရောက်လာတယ်။သူဟာ နိုင်ငံခြားနဲ့စာချုပ်ချုပ်ဆိုပြီး ရေသဲကျောက်တွေတူးဖော်ဖို့ရှိတာမို့ ဒီဖြစ်နေတာတွေကို ငွေလမ်းခင်းဖို့ရောက်လာတယ်ပဲဆိုပါစို့။အဲ့ဒေသရောက်တဲ့အခါ သူသိထားသလိုမဟုတ်ပဲ အန္တရာယ်ဖြစ်တဲ့အထိ ခိုးယူနေကာ မျက်ဝါးထင်ထင်တွေ့ရတယ်။ ပိုဆိုးတာက သူနဲ့ရှယ်ယာအတူပါဝင်ထားတဲ့ သဇင်နွယ်ဟာ ဧကရီရဲ့ ရှယ်ယာတွေပါလက်ဝါကြီးအုပ်ချင်နေတာပါပဲ။ ဆရာမခေတ်ရှေးညိုရဲ့ထုံးစံအတိုင်း ဇာတ်ကောင်တွေကို ပိုင်နိုင်စွာနေရာချပြီး လှုပ်ရှားခိုင်းတာမို့ အစဆုံးမပျင်းရတဲ့ ၀တ္တုတစ်အုပ်ပါပဲ။
📚 ဒီထဲမှာ ဧကရီဟာ အဓိကဇာတ်ကောင်တဦးဖြစ်ပြီး ရန်ကျော် ၊ အောင်ခေတ် ၊ ကိုကို (ဧကရီရဲ့အမျိုးသား ) ၊ အောင်အောင်သန့် တို့ရဲ့ ပတ်သက်ဆက်နွယ်မှူ့တွေဟာ ဇာတ်ကို ရုပ်လုံးပိုကြွစေခဲ့ပါတယ်။
📚 ပထမဖတ်ရချိန်မှာ ဧကရီ ကို သာမန်သာခံစားရပြီး နောက်ကြောင်းပြန်တဲ့အခန်းတွေမှာ ဧကရီကြုံတွေခဲ့ရတဲ့ အဖြစ်ပျက်တွေဟာ သနားစရာအတိ ။ သနားလာရင်းနဲ့ ဇာတ်အလှည့်အပြောင်းတခုမှာ ဧကရီကို ကျနော် မုန်းမိလာသလိုခံစားရတာတော့အမှန်ပဲ ။ အောင်အောင်သန့်ရဲ့သားဟာ အောင်ခေတ်ဆိုတာသိပြီးနောက်ပိုင်း အောင်ခေတ်အပေါ် ထားတဲ့ ဧကရီရဲ့စိတ်ကို မုန်းမိတယ်။ ဒါပေမယ့် ဧကရီကြုံတွေ့ခဲ့ရတာဟာလည်း အောင်ခေတ်အပေါ် အဲ့လိုစိတ်ဖြစ်သင့်တယ်လို့တော့တွေးမိပါတယ် ။ အဆုံးသတ်မှာ အောင်ခေတ်က ဧကရီကိုစာလေးပေးတော့ အဲ့စာလေးဖတ်ရတဲ့အချိန် ကျတော် တော်တော်လေးရင်ထဲမှာ မကောင်းဖြစ်ရတယ်။ အမှန်ပြောရရင် ဆရာမခေတ်ရှေးညိုကို အဲ့လိုမျိူးကျောခိုင်းစေခဲ့လို့ စိတ်ဆိုးချင်တယ် ။ ဒါဟာလည်း အနုပညာတရပ်ပါပဲလေလို့ဖြေသိမ့်ရတဲ့အထိပါပဲ ဆရာမရေ။
” နောက်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင် ကျွန်တော်က ကျွန်တော်ပဲ ပြန်ဖြစ်ခွင့်ရချင်ပြီး တစုံတယောက်ကလဲ တစုံတယောက်ပဲ ဖြစ်ခွင့်ရပါစေ။ အဲ့ဒီအခါကျမှ တဝကြီးခေါ်ချင်နေတဲ့ နာမ်စားလေးကို ခေါ်ခွင့်ရမယ် ထင်ပါတယ်။ ဘဝမှာ ရှေ့ဆက်အများကြီးပျော်ရွှင်ပါစေ ….”
စာကြွင်း ။ ။ အောင်ခေတ်ပေးတဲ့စာကိုဖတ်ပြီး ဧကရီ က ကျောခိုင်းနိုင်ခဲ့ပေမယ့် ကျနော်သာဆို အဲ့နေရာတင် သေချာပေါက်အရုပ်ကျိူးပျက်လဲကျမိမှာ အမှန်ပါပဲ ။ ဧကရီဟာ တကယ့်ကို အသည်းမာတဲ့ မိန်းမ ။ အတ္တကြီးတဲ့မိန်းမ တယောက်ပါပဲ ။
ki –
မျှော်တော့ မျှော်လင့်ထားပေမယ့် နရသူ လောက်တော့ ရင်ထဲမရောက်ဘူး
ဧကရီကလဲ ညိုလိုပဲ အတ္တကြီးပီး အသဲမာတဲ့ မိန်းမ
ကိုယ်သာ အောင်ခေတ်စာကိုဖတ် ရခဲ့မယ်ဆို အရုပ်ကျိုးပျက် ခံစားရမှာ အမှန်ပဲ
ကိုယ့်ကိုမျှော်လင့်နေရှာတဲ့ အောင်ခေတ်လေးကို ဖက်ငိုမိမှာ အမှန်ပဲ
မျက်စိအောက် မြင်တွေ့နေပါရက် လှစ်လှူရှု ခံရတဲ့ ခံစားချက်
နောက်တစ်ခုက တို့တွေရဲ့ အသက်သွေးကြော ဧရာဝတီကြီး အကြောင်း
သဘာဝဆိုတာ လူတွေရဲ့ လောဘတွေကြောင့်ပဲပျက်စီးရတာ အမှန်ပဲ
သဘာဝအလှတရားကို လူတွေသိလို့ သွားကျလေ ပျက်စီးလေပဲ သိပ်မှန်တာပဲ
ဘာလို့လဲဆို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် မရှိတဲ့ လူတွေကြောင့်ပဲ
ကျွန်မတို့ တိုင်းပြည်က လူတွေ အဆိုးဆုံးပါပဲ
အဲလို တွေးရ မြင်ရတဲ့အတွက်လဲ ရှက်လဲရှက် စိတ်လဲ မကောင်းမိပါဘူး
“နောက်ဘဝမှာ လူဖြစ်ခဲ့ရင် ကျွန်တော်က ကျွန်တော် ဖြစ်ခွင့်ရချင်ပြီး တစ်စုံတစ်ယောက်ကလဲ တစ်စုံတစ်ယောက်ပဲ ဖြစ်ခွင့်ရပါစေ ။ အဲအခါကျမှ တဝကြီးခေါ်ချင်နေတဲ့ နာမ်စားလေးကို ခေါ်ခွင့်ရမယ် ထင်ပါတယ် ။ ဘဝမှာ ရှေ့ဆက် အများကြီး ပျော်ရွှင်ပါစေ “
#𝓴𝓱𝓪𝓽𝓴𝓲 #သိုဝှက်ကျိစားအပ်သောရပ်ဝန်း၌