ညီအစ်မနှစ်ယောက်

( 0 မှတ်ချက်)

9000 (ကျပ်)

“ညီအစ်မနှစ်ယောက်(The Two Sisters)” ဝတ္ထုရှည်ကြီးကို ကမ္ဘာကျော် တရုတ်စာရေးဆရာမဝမ့်ဝါ(Wang Hua)”က ၂၀၁၉ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ ဝမ့်ဝါသည် မျက်မှောက်ခေတ်တွင် ထင်ရှားသော တရုတ်စာရေးဆရာမတစ်ဦး ဖြစ်သည်။ သူရေးသားထုတ်ဝေထားသည့် စာအုပ်များကို ကမ္ဘာတွင်စောင်ရေ၂သန်းကျော် ထုတ်ဝေပြီးသည်အထိအောင်မြင်ကျော်ကြားမှုများ ရရှိနေသည့် တရုတ်စာရေးဆရာမ ဖြစ်သည်။ သူ၏ Purple Clay Dollဝတ္ထုလတ်နှင့် Snow Bean (Qiaoxizhuang)ဝတ္ထုရှည်များသည်လည်း စာပေဆုများ အသီးသီးရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။

“ဝမ့်ဝါ”၏ “ညီအစ်မနှစ်ယောက်”သည် တော်လှန်ရေးလှုပ်ရှားကြိုးပမ်းမှုများဖြင့် ဖွဲ့တည်ထားပြီးလွတ်မြောက်ခြင်း အငွေ့အသက်များဖြင့် ထုံမွှမ်းထားသည့် နိုင်ငံရေးနောက်ခံ ဝတ္ထုရှည်ကြီးဖြစ်သည်။စုစုပေါင်း အခန်း(၄၁)ခန်းဖြင့် ရေးဖွဲ့ထားသည်။

ဇာတ်လမ်းအခြေတည်သည့်နေရာက ပန်းမြစ်ဝှမ်းဒေသ(Flower River)။ ခေတ်က ပဒေသရာဇ်ခေတ်နှောင်းပိုင်းကာလနှင့် ခေတ်ပြောင်းစကာလ။ဇာတ်လမ်းက မြေရှင်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်တော်လှန်ပြီး လွတ်မြောက်မှုအတွက် ရုန်းကန်လှုပ်ရှားကြိုးပမ်းကြသည့် ဇာတ်လမ်း။

ပန်းဖြူတို့မိသားစုသည် မြေယာမဲ့သီးစားမြေကျွန်များ ဖြစ်ကြသည့်။ ကပ်ရောဂါ (Yuqui ရောဂါ)ကြောင့်မိဘနှစ်ပါးစလုံး မျက်စိစုံမှိတ်သွားကြရာ ၁၃နှစ်အရွယ်ပန်းဖြူနှင့် ၉နှစ်အရွယ်ပန်းနီတို့ ညီအစ်မနှစ်ယောက်သည် မိဘမဲ့ညီအစ်မနှစ်ယောက်(နှစ်ကောင်ကြွက်)အဖြစ် လောကကြီးထဲဝယ် မျက်စိသူငယ် နားသူငယ်ဖြစ်ကာ ကျန်ရစ်ခဲ့သည်။

“အစ်မကြီး အမိအရာ” ဆိုသည့်အတိုင်း ပန်းဖြူသည် မိမိနှင့် ညီမငယ်ပန်းနီတို့၏ ယခုအရေးနှင့် နောင်ရေးအတွက်မြေပိုင်ရှင် ဝမ့်ထို၏ အမြှောင်မယားဘဝအဖြစ် ရရှိအောင် မိမိတွင်ရှိသော မိန်းကလေးတို့၏ မာယာပရိယာယ်များကိုသုံးကာ အကွက်ကျကျ ကြံစည်ဆောင်ရွက်သည်။ မြေပိုင်ရှင်၏ အမြှောင်မယားဘဝရောက်လျှင် မိမိတို့ ညီအစ်မနှစ်ယောက်စလုံး ရှေ့ဆက်လျှောက်ရမည့် ဘဝအတွက် စိတ်ချလက်ချရှိသွားလိမ့်မည်၊ လုံခြုံမှုနှင့် အာမခံမှုလည်း ရှိလာလိမ့်မည်ဟု ပန်းဖြူက ယုံကြည်သည်။ သို့သော် ဘဝဟူသည်ကားပင်လယ်ထက် နက်ရှိုင်းကျယ်ပြောရကား ပန်းဖြူတို့တွေးထင်ထားသည့်အတိုင်း ပန်းမွေ့ရာရွှေကော်ဇောခင်းထားသည့်လမ်းကို သိမ်သိမ်မွေ့မွေ့ ညင်ညင်သာသာလျှောက်လှမ်းကြရတာမျိုး မဟုတ်လေပါ။ ဘဝလှိုင်း၏ ကြီးမားပြင်းထန်ပြီး ရက်စက်သော အရိုက်အပုတ်ဒဏ်ကို ပန်းဖြူတို့ လူးလှိမ့်နေအောင် ခံကြရသည်။ ထိုလှိုင်းက ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးလှိုင်းဖြစ်ပြီး ပန်းဖြူတို့ဒေသတစ်ခုလုံး၊ တစ်တိုင်းပြည်လုံးနှင့် ပတ်သက်ဆက်စပ်နေသည်ဖြစ်ရာ ပန်းဖြူတို့ညီအစ်မနှစ်ယောက် အပါအဝင် ပန်းမြစ်ဝှမ်းဒေသကြီးတစ်ခုလုံး ရိုက်ပုတ်ခံလိုက်ရသည်။ ပန်းဖြူတို့ညီအစ်မနှစ်ယောက် အပါအဝင် ပန်းမြစ်ဝှမ်းဒေသတစ်ခုလုံးရှိ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ထိုနိုင်ငံရေးလှိုင်းဒဏ်ကိုအလူးအလဲ ခံကြရသည်။ သို့သော် ဘဝပေးအသိရှိထားသည့် ပန်းဖြူတို့သည် အညှာအတာကင်းမဲ့ပြီး ရက်စက်ပြင်းထန်သည့် ဘဝလှိုင်းကို အရှုံးမပေးဘဲ မိမိတို့တတ်သိသည့် နည်းမျိုးစုံဖြင့် ရင်ဆိုင်ခဲဲ့ကြရသည်။

ဆရာကိုနေ(မန်း) မြန်မာဘာသာပြန်ဆိုသည့် ဝမ့်ဝါ၏ညီအစ်မနှစ်ယောက်ဝတ္ထုရှည်ကြီးကို ဖတ်အပြီးမှာကျွန်တော်အနေဖြင့် “မြေရှင်ပဒေသရာဇ်စနစ်သည် ကံကြွေးချစနစ်ဖြစ်သလား။ မြေရှင်ပဒေသရာဇ်စနစ်သည် ဆိုးယုတ်မှုများဖြင့် ပြွမ်းတီးနေခဲ့သလား။ လူတွေ ဘာဖြစ်လို့ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲကြရသလဲ။ ပန်းမြစ်ဝှမ်းဒေသ၏ မြေရှင်ပဒေသရာဇ်စနစ်တော်လှန်ရေးကရော နည်းလမ်းကျခဲ့သလား၊ ဒါမှမဟုတ် အမြီးအမောက်မတည့်သည့် တော်လှန်ရေးမျိုးလား။ ခေတ်စနစ်အပြောင်းအလဲဆိုတာ ပြေပြေပြစ်ပြစ်နဲ့ လွယ်ကူချောမွေ့တတ်သလား၊ အဖုအထစ်တွေနဲ့ပြည့်လျှမ်းပြီး ခက်ခဲကြမ်းတမ်းတတ်သလား။ ဘယ်လိုအပြောင်းအလဲမျိုးက ချောမွေ့တတ်ပြီးဘယ်လိုအပြောင်းအလဲမျိုးကျ ခဲကပ်တတ်သလဲ။ လွတ်မြောက်ရေးအဦးအစ ကာလဆိုတာကရောအခက်အခဲတွေ၊ အဆင်သင့်မဖြစ်မှုတွေ၊ အရှုပ်အထွေးတွေနဲ့ ဝရုန်းသုန်းကား ဖြစ်လေ့ ရှိတတ်သလား၊ အဲဒါမျိုးမလွဲမသွေကြုံလာရင် လူတွေ ဘယ်လိုရုန်းကန်လှုပ်ရှားတတ်ကြသလဲ” စသည့် မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် မေးမြန်းကာ စဉ်းစားတွေးတောမိနေပါသည်။

(စာဖတ်သူတစ်ဦး၏ Review မှကောက်နှုတ်ဖော်ပြချက်)

စာမျက်နှာ

450

စာအုပ်အရွယ်အစား

5.1 x 0.5 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ညီအစ်မနှစ်ယောက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုနေ(မန်း) စာအုပ်များ