သွေးစုပ်မြေ

( 2 မှတ်ချက်)

4000 (ကျပ်)

သူဌေးတိုင်းပြည်လို့ နာမည်ကြီးနေသော အမေရိကန်ပြည်ကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်တဲ့ မိသားတစ်စုရဲ့ ရုန်းကန်လှုပ်ရှားရပုံများကို မြင်တွေ့ရမယ့် ဆရာကြီးရွှေဥဒေါင်းရဲ့ ၁၉၅၅ခုနှစ် စာပေဗိမာန် ဘာသာပြန်ဆုရ စာအုပ်ကောင်းတစ်အုပ် ..

အစားလေးတစ်လုတ်စားရဖို့အရေး ရှာလိုက်ရတဲ့အလုပ်တွေ .. အလုပ်လေးတစ်ခုရလာရင်လည်း အဲ့အလုပ် ပြန်ပြုတ်မသွားအောင် ဗလက္ကာရ ပြုကျင့်တာကိုတောင် ရေငုံနှုတ်ပိတ်နေရတဲ့ အဖြစ်တွေက ရင်နင့်စရာ ..

အေးခဲလွန်းတဲ့ ရာသီဥတုကို အန်တုပီး အလုပ်သွားပေမယ့် ခန္ဓာကိုယ်က မခံနိုင်တော့ သွေးခဲပြီး လက်ချောင်းလေးတွေ ပြတ်ကျသွားတဲ့ ကလေးငယ် .. အေးစက်မှောင်မိုက်တဲ့ အခန်းကျဥ်းလေးထဲမှာ ကြွက်တွေဝိုင်းကိုက်လို့ ကယ်ပါ ယူပါ တဆာဆာအော်ရင်း အရိုးစုဖြစ်သွားတဲ့ စတန်နီလို ကလေးလေးအကြောင်းကတော့ စာဖတ်သူရင်ကို ထိခိုက်စေမှာ အမှန်ပါပဲ ..

အထူးသဖြင့် အရင်းရှင်လူတန်းစားတစ်ရပ်က အလုပ်သမားလူတန်းစားတွေကို ဖိနှိပ်ပီး ဂုတ်သွေးစုပ် အုပ်ချုပ်နေကြတဲ့ အဖြစ်ကို ပေါ်လွင်အောင် ရေးသားထားနိုင်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ် ..

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.3 x 0.25 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ 2022 မေလ၊ (စတုတ္ထ-ကြိမ်)

21 in stock (can be backordered)

သွေးစုပ်မြေ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Htet Htet Naung

    ၁၈ ရာစုကျော်က အမေရိကန်ပြည်ရဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှု အရင်းရှင်လူတန်းစားတွေ လက်ဝါးကြီးအုပ်မှုတွေကို ဇာတ်လမ်း ဇာတ်ကွက် နဲ့ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်သွားနိုင်တယ်။ ဇာတ်လမ်းလေးကလည်း ဆင်းရဲသားတွေရဲ့ ဘဝကို ပုံဖော်သွားတာ ကိုယ့်မှာ မချောင်လည်ရင်တောင် သူတို့လောက် မဆိုးသေးပါဘူးဆိုပြီး စိတ်ထားတတ်လို့ရအောင် အစွမ်းရှိတဲ့ ဇာတ်လမ်း။ ဆရာ့ရဲ့ ဘာသာပြန်အရည်အချင်းက ချောမွတ်ညက်နေတော့ စာအုပ်က လက်ကမချနိုင်အောင်ပါပဲ
    ဝယ်ထားဖူးတာ လွန်ခဲ့တဲ့ ၇ နှစ်ထဲက ။ အစပိုင်းဖတ်ကြည့်ပြီး မကြိုက်လို့မဖတ်ဖြစ်တာ မနှစ်ကမှ ပျင်းပျင်းနဲ့ ထိုင်ဖတ်တာ ဒီလောက်ကောင်းတဲ့စာအုပ်ကိုရှိရက်သားနဲ့ မဖတ်မိလေခြင်းဆိုပြီး နောင်တရ

  2. Pyae Ar Kar

    မွန်းကျပ် လှောင်ပိတ်နေတဲ့ ခံစားချက်တွေကို မြင်ပီး ကျွန်တော်ဟာ အဆိပ်ကို အဆိပ်နဲ့ ဖြေရတယ်ဆိုတဲ့ စကားကို သဘောပေါက်လာခဲ့တယ် ..

    ခေတ်ပျက်ကာလကြီးရဲ့ အလုပ်အကိုင် ရှားပါးမှု ၊ အရင်းရှင်တွေရဲ့ ဂုတ်သွေးစုပ်မှုကြောင့် စား၀တ်နေရေး ကျပ်တည်းပီး ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကို ကြုံတွေ့ ခံစားလိုက်ရတဲ့ မိသားစု တစ်စုအကြောင်း .. ဆိုပေမယ့် ဒါဟာ အဲ့ခေတ်အခါတုန်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အလုပ်သမား လူတန်းစားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း မှန်းကြည့်လို့ရတယ် .. ( ဒီစာအုပ် ဖတ်ကြည့်ပီးရင် အဲ့ထက်လည်း ဆက်တွေးလို့ရတယ် )

    ၁၉၅၅ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆု ရရှိခဲ့တဲ့ ဒီစာအုပ်ရဲ့ သမိုင်းဟာလည်း မသေးခဲ့ဘူး .. အသားစက်လုပ်ငန်းမှာ လုပ်ရင်း စက်ကြီးထဲ ကျသွားတဲ့ လူတွေကိုပါ ရောကြိတ်ပီး စားသောက်ကုန်လုပ်ကြတယ်ဆိုတဲ့ အကြောင်းကို ဒီထဲမှာ ရေးပြလိုက်တော့ အမေရိကန်သမ္မတ ရုစဗဲ့ကိုယ်တိုင် စစ်ဆေးရေးအဖွဲ့လွှတ်ပြီး စုံစမ်းရတဲ့ အမေရိကန်ပြည်မှာ ဂယက်ရိုက်သွားသော ကမ္ဘာကျော် ၀တ္ထုပဲဖြစ်တယ်လို့ ပိုစ့်တစ်ခုမှာ တွေ့ခဲ့ရဖူးတယ် ..

    နှစ်ပဲ ခြောက်ပြားတန် အလုပ်လေးတစ်ခုရဖို့အရေး ရှာလိုက်ရတဲ့ အလုပ်တွေ ၊ ရလာပြန်ရင်လည်း အလုပ်ကနေ ထွက်မသွားရဖို့အရေး ပေးဆပ်လိုက်ရတဲ့ ဘ၀တွေကို မြင်ရတာ ရင်ထဲ မချိသာ ..

    အေးစက်နေတဲ့ ရာသီဥတုကို အန်တုပီး အလုပ်ရှိရာကို သွားတော့ လမ်းမှာ သွေးခဲပြီး လက်ဆစ်တွေတောင် ကြွေကျတဲ့ အကြောင်းတွေ ၊ ဆိုးရွားလွန်းတဲ့ ရာသီဥတုမှာ ခိုနားစရာ နေရာမရှိလို့ အဆောက်အဦတချို့ရဲ့ လှေကားထစ်တွေမှာ တိုးဝှေ့ပီး အိပ်ရတဲ့ အဖြစ်တွေ ..

    ဒီစာအုပ်ထဲမှာ အဓိက ဇာတ်ကောင် ယူရဂီထက် ကျွန်တော့် စိတ်နှလုံးကို စိတ်မကောင်းခြင်းကြီးစွာဖြစ်အောင် ကိုင်လှုပ်နိုင်ခဲ့တာကတော့ ကလေးငယ်လေး စတန်နီပဲ ဖြစ်တယ် .. အမဲသားဘူးရုံမှာ ကြွက်တွေဝိုင်းကိုက်လို့ အရိုးစုမျှသာ ကျန်တော့တဲ့ စတန်နီလေးရဲ့ အဖြစ်ကိုမြင်တော့ မျက်ရည်တောင် ဝဲတက်သွားခဲ့တယ် ..

    ဒီစာအုပ်ဟာ ‌ဒီကာလမှာဖတ်ရင် နာကျင်ခြင်းရဲ့ အနက်အဓိပ္ပာယ်ကို သင် ပိုပြီး နားလည်သွားလိမ့်မယ် .. ပြီးတော့ အဆိပ်ကို အဆိပ်နဲ့ ဖြေလို့ရပါလားဆိုတဲ့ အတွေးလည်း ၀င်သွားလောက်တယ် …..

    စာအုပ်အမည် #သွေးစုပ်မြေ #TheJungle
    စာရေးသူ #ရွှေဥဒေါင်း #UptonSinclairs
    စာအုပ်တိုက် #ပန်းဆက်လမ်း #PannSattLann
    မျက်နှာဖုံးဒီဇိုင်း #မာဏ
    ပုံနှိပ်မှတ်တမ်း – ၂၀၂၂ ခုနှစ် ၊ မေလ ၊ စတုတ္ထအကြိမ် ၊ အုပ်ရေ ၁၀၀၀ ၊ တန်ဖိုး ၄၀၀၀ကျပ်

    #စာညွှန်းအိမ်
    #PyaeArKar

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ရွှေဥဒေါင်း စာအုပ်များ