သမီးရတနာ

( 1 မှတ်ချက်)

18000 (ကျပ်)

“ အမျိုးသမီးကောင်းမှန်ရင် ချမ်းသာတဲ့လူနဲ့ လက်ထပ်နိုင်မှ ဂုဏ်တင့်တယ်၊ အမျိုးသမီးကောင်းဖြစ်ဖို့ ဗိုင်းကောင်းကျောက်ဖိ အိန္ဒြေတခွဲသားနဲ့ နေထိုင်ရမယ်၊ နိုင်ငံရေးဆိုတာ အမျိုးသမီးနဲ့ လားလားမျှ မဆိုင်’ စတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်ကြောင်း စာရေးသူက ဂျိုးဆက်ဖင်းဆိုတဲ့ ဇာတ်ကောင်နေရာကနေ အကောင်းဆုံး ရေးဖွဲ့ပြထားတာကိုလည်း တွေ့ရမှာဖြစ်သလို မတူညီကွဲပြားတဲ့ စရိုက်လေးမျိုးကို ပိုင်ဆိုင်ထားတဲ့ ညီအစ်မလေးယောက်ရဲ့ ဘ၀အပေါ် ရှုမြင်ပုံတွေကို အကောင်းဆုံး ‌ဖော်ညွှန်းထားတာမို့ သမီးရတနာ ၀တ္ထုဟာ ဆယ်ကျော်သက် အမျိုးသမီးငယ်လေး‌တွေအတွက်သာမကပဲ လူတိုင်းအတွက် စိတ်နှလုံးကြည်နူးဖွယ်ရာ၊ တွေးတော ဆင်ခြင်ဖွယ်ရာ စတဲ့ ရသပေါင်းစုံကို ပေးစွမ်းနိုင်ပါတယ် .. သမီးရတနာ စာအုပ်ရဲ့မူရင်း ကလောင်ရှင်ကတော့ အမေရိကန် စာရေးဆရာမ လူဝီဇာ မေ အယ်လ်ကော့ (Louisa May Alcott) ဖြစ်ပါတယ်။ လူဝီဇာဟာ ယခု သမီးရတနာ ၀တ္ထုကို ၁၈၆၈ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပြီး နောက်ဆက်တွဲဖြစ်တဲ့ ‘မယားအလိမ္မာ’ (Good Wives) ၀တ္ထုကိုလည်း ပရိတ်သတ်တွေရဲ့ တခဲနက် အားပေးတောင်းဆိုမှုကြောင့် ၁၈၆၉ခုနှစ်မှာ ဆက်လက် ထုတ်ဝေခဲ့ပြန်ပါသေးတယ်။ ၁၈၈၀ အရောက်မှာတော့ ယခင်ထွက်ရှိပြီးသား ၀တ္ထုနှစ်ခုကို စုစည်းပြီး ‘သမီးရတနာ ၀တ္ထုရှည်’ အဖြစ် ထပ်မံ ပြုပြင်ခဲ့ပါတယ် .. လူဝီဇာဟာ သူတို့ညီအစ်မတွေ ကြုံတွေ့ရတဲ့ ကိစ္စရပ်လေးတွေကို အခြေခံပြီး သမီးရတနာ ၀တ္ထုကို ဖန်တီးရေးသားခဲ့တာမို့ ဒီ၀တ္ထုဟာ စာရေးသူရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို ဖော်ပြနေရုံမျှမက ၁၉ ရာစုနှစ်နှောင်းပိုင်းရဲ့ လူမှုဆက်ဆံရေး၊ ဘ၀နေထိုင်မှုတို့ကိုပါ ထင်ဟပ်နေအောင် ပြသနိုင်ခဲ့တာလည်း အမှန်ရယ်ပါ .. သမီးအကြီးဆုံးလည်းဖြစ်သလို မိသားစုကို ပြန်ညှာတတ်တဲ့ မက်ဂ်၊ ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ဘယ်သူ့မှ ထီမထင်တဲ့ ဂျိုး၊ ခြောက်ပစ်ကင်း သဲလဲစင် ဘက်သ်နဲ့ အရာရာမှာ အနိုင်ရမှဆိုတဲ့ လိုချင်ရာကို မရ,ရအောင် ဖန်တီးယူမဲ့ အေမီတို့ ညီအစ်မလေးယောက်နဲ့ မိခင်ကြီး မာမီတို့ရဲ့ စကားအသွားအလာတွေဟာ ဘ၀ပင်လယ်ထဲကို လက်ပစ်ကူး၀င်ကြရတော့မဲ့ လူငယ်တွေအတွက် တွေးတောဆင်ခြင်ဖွယ်ရာ အကြောင်းအရာ၊ ကြိုတင်တွက်ဆလို့မရတဲ့ ကံကြမ္မာရဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲ နဲ့ ဘ၀ရဲ့ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို မိသားစုနဲ့အတူ ကြံ့ကြံ့ခိုင်ဖြတ်သန်းသွားရပုံတွေဖြစ်တာမို့ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်တွေအတွက် စံပြ ၀တ္ထုတစ်ခုအဖြစ်လည်း စာဖတ်ပရိတ်သတ်တွေက လက်ခံထားကြတာ ဖြစ်ပါတယ် …။

စာမျက်နှာ

600

စာအုပ်အရွယ်အစား

6.1 x 7.5 x 8.5 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်)

24 in stock

သမီးရတနာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Kyawt K Khine (verified owner)

    LOUISA MAY ALCOTT ရဲ့ LITTLE WOMEN ဘာသာပြန်စာအုပ်လေး
    ⚡တအုပ်လုံးကြိုက်နေတော့ ဘာကိုreviewပေးရမှန်းတောင်မသိတော့ဘူး
    စာဖတ်မြန်တဲ့လူဖြစ်တော့ ပြီးသွားမှာစိုးလို့ တနေ့ကိုနည်းနည်းပဲ ဖတ်ဖြစ်တယ်
    ⚡ဒီစာအုပ်ကဇာတ်ကားအနေနဲ့လည်းထွက်သေးတယ် မကြည့်ဖူးသေးဘူး ကြည့်ဖြစ်အောင်တော့ကြည့်မယ်
    ⚡ဘာသာပြန်စာအုပ်ဆိုတော့ ဘာသာပြန်ထားတာ ဖတ်ရတာအဆင်ပြေရဲ့လား အရင်ပြောရမှာပေါ့နော်
    ⚡ဘာသာပြန်စာအုပ်တွေကို ဖတ်ရတာကြိုက်တဲ့ ကိုယ့်အတွက်ကတော့ ဖတ်ရတာလုံးဝအဆင်ချောတယ်လို့ပြောလို့ရတယ်
    ⚡စာအရေးအသားကလုံးဝထောက်မနေဘူး ကဗျာတွေဆို ပြန်ထားတာတော်တော်အဆင်ပြေတယ်
    တချို့စာအုပ်တွေဆိုနားမလည်လို့နှစ်ခေါက်လောက်ပြန်ဖတ်ရတယ်
    ⚡ဆရာသက်ပိုင်ရဲ့ ဒီစာအုပ်ကိုဖတ်ပြီး ဘာသာပြန်သူက အသက်ကြီးပြီးတောင်ထင်တာ အသက်ငယ်ငယ်လေးပဲရှိသေးတော့ အံဩမိသေးတယ်
    ဆရာရဲ့ အရင်ထွက်တဲ့ စာအုပ်တွေလည်း ဝယ်ဖတ်ချင်လာရော ဒီလိုဘာသာပြန်စာအုပ်တွေလဲ များများပြန်ပေးပါလို့
    ⚡ဒီစာအုပ်မှာတော့ သမီးရတနာ နဲ့ မယားအလိမ္မာဆိုပြီးအပိုင်း (2)ပိုင်း ပါဝင်တယ်
    ⚡သမီးရတနာ ဇာတ်လမ်းလေးပြောရရင်တော့ မာ့ချ်ညီအမလေးယောက် မီးလင်းဖိုနားမှာ သိုးမွေးထိုးရင်း ခရစ္စမတ်အကြောင်းပြောနေတာလေးကစတယ်
    ⚡အကြီးဆုံးသမီးလေး မက်ဂ်
    အသက်16နှစ်ရှိပြီးဖြစ်တဲ့ မက်ဂ်ကအကြီးဆုံးဖြစ်တဲ့အလျောက် ညီအမတွေပေါ် ညှာတာတတ်ပြီး အမကြီးအမိရာဆိုတဲ့အတိုင်း ဆုံးမတတ်သူလေး
    အချုပ်အလုပ်ကိုဝါသနာပါပြီး ညီအမတွေထဲမှာ အလှဆုံးလို့ ထင်ရသူလေး
    ⚡ဒုတိယမြောက်သမီးလေး ဂျိုး
    ဂျိုး ကတော့ ကိုယ့်အကြိုက်ဆုံး ဇာတ်ကောင်ပါ ဂျိုးက 15နှစ်ဖြစ်ပြီး သွက်သွက်လက်လက်နဲ့ မိန်းကလေးဆန်ဆန်နေရတာ မကြိုက်တဲ့ ယောကျာ်းလေးဆန်သူ
    ပြဇာတ်တွေ ဝတ္ထုတွေဖန်တီးရတာကြိုက်တဲ့ စာဂျပိုးလေးတယောက်ဖြစ်ပြီး စာရေးဆရာမဖြစ်ချင်သူလေး
    ဂျိုးက အကြိုက်ဆုံးဇာတ်ကောင်ဖြစ်တာက ကိုယ်နဲ့ တူတယ်လို့ ခံစားမိလို့ပါ နိုဝင်ဘာမှာမွေးတာတောင် တူနေသေးတယ်
    ဂျိုးရဲ့ နောက်ဆုံးသူဆန္ဒလေးကလည်း ကိုယ့်လုပ်ချင်နေတာလေးနဲ့ ကွက်တိတူနေရော
    ⚡တတိယမြောက် သမီးလေး ဘက်ဂ်
    နှင်းဆီရောင် အသားအရေရှိပြီး ပျော့ပျောင်းတဲ့ ဆံကေသာတို့နဲ့အတူ ရွှန်းစိုတဲ့ မျက်ဝန်းရှိတဲ့ ကောင်မလေး ဂျိုးရဲ့ အချစ်ဆုံးညီမလေးပေါ့
    ညီအမတွေထဲ အအေးဆုံးလေးဖြစ်ပြီး အနစ်နာခံဆုံးလေးလို့ထင်မိတယ် သူကိုယ့်သူထက် မိသားစုကိုအလေးပေးသူလေး
    စန္ဒရားတီးရတာကြိုက်ပြီး သီချင်းဆိုကောင်းသူလေး
    အရှက်အကြောက်ကြီးပင်မဲ့ စိတ်ထားကောင်းပြီးသူတပါးကို အမြဲကူညီတတ်လို့ လူချစ်လူခင်ပေါသူလေး
    ⚡အငယ်ဆုံးလေး အေမီ
    အသက် 12နှစ်သာရှိသေးပင်မဲ့ လိုချင်တာကို မရမကယူတတ်ပြီး သူရဲ့ဝါသနာလေးကိုလည်း အမြဲတမ်းကြိုးစားနေတတ်သူလေး
    ပန်းချီဆွဲရတာကို ဝါသနာပါပြီး အလှအပကိုကြိုက်နှစ်သက်သူလေးပါ
    အငယ်ဆုံးလေးဆိုတော့ အမတွေပေါ်ဆိုးသူလေးပေါ့ မက်ဂ်ရဲ့အချစ်ဆုံးလေးလဲဖြစ်
    ⚡အမေ မစ္စမာချ့်
    ညီအမလေးယောက်အပေါ် အမြဲတမ်းပညာသားပါပါနဲ့ ပုံပြင်လေးပြောပြီး ဆုံးမတတ်သူ
    မာချ့် ညီအမလေးယောက်ရဲ့ ဝါသနာပါတာတွေကိုလည်း အမြဲတမ်းအားပေးတတ်သူ
    သမီးတွေ စကားကိုလည်းအမြဲတမ်းနားထောင်ပေးတတ်ကာ စိတ်ရှည်ပြီး အကြံဉာဏ်ပေးတတ်သူ
    ⚡အဖေ မစ္စတာမာချ့်
    နိုင်ငံအတွက်ရှေ့တန်းထွက်နေရပြီး ရှေ့တန်းရောက်နေတာကို ဂုဏ်ယူပင်မဲ့ သမီးလေးတွေနဲ့ အိမ်ကို လွမ်းနေတတ်သူ
    စာပေသမားကြီးဖြစ်တဲ့အလျောက် အဝေးကနေ စာအမြဲရေးပြီး မာချ့်ညီအမလေးယောက်ကို အမြဲဆုံးမတတ်သူ
    မစ္စတာမာချ့်လည်း ရှေ့တန်းကနေ အန္တာရယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပမလား
    ⚡လော်ရီ
    မာချ့်ညီအမလေးယောက်နဲ့ အိမ်နီးချင်းကောင်လေးဖြစ်ပြီး ဂျိုးနဲ့အရင်းနှီးဆုံးသူငယ်ချင်းလေး
    15နှစ်ရှိပြီး ဖြစ်တဲ့ လော်ရီဟာ ငွေကြေးဥစ္စာပြည့်စုံပြီး နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူ စွမ်းဆောင်နိုင်စွမ်းနဲ့ ကြင်နာတတ်တဲ့ကောင်လေး
    အေးအေးဆေးဆေးနေတတ်တယ်လို့ ထင်ရပင်မဲ့ နောက်ပြောင်ကျီစယ်တတ်တဲ့ ကောင်လေး
    ⚡မစ္စတာလော့ရင့်
    လော်ရီရဲ့အဘိုးဖြစ်ပြီး တဦးတည်းသော မြေးလေးအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားသူ
    မာချ့်မိသားစုအပေါ်လည်း ချစ်ခင်ကြင်နာတတ်သူ
    ⚡အပိုင်း(2) မယားအလိမ္မာအပိုင်းမှာတော့ 3နှစ်ကြာပြီးနောက် ကြီးပြင်းလာကြတဲ့ မာချ့်ညီအမလေးယောက်ရဲ့ အချစ်ရေးအချစ်ရာလေးတွေ မစ္စမာချ့်ရဲ့ မယားကောင်း တယောက်ဖြစ်ဖို့ ဆုံးမပုံ
    ⚡လော်ရီတယောက် မာချ့်ညီအမလေးယောက်နဲ့ အဆုံးထိ သူငယ်ချင်းလိုပဲဆက်ဖြစ်မလား ဘယ်သူနဲ့များ ဖူးစာပါသွားမလဲဆိုတာ ရင်ခုန်ရင်း
    ⚡အိမ်နီးချင်းကောင်လေး လော်ရီနဲ့ မာချ့်ညီအမလေးယောက် နဖူးစာရွာလည်ပုံလေးတွေကိုဖတ်ရှုရမှာပါ
    ⚡မာချ့်ညီအမ လေးယောက်ရဲ့ ကိုယ်စီအိမ်မက်လေးတွေကိုကြိုးစား ပုံဖော်နေကြပုံ နောက်ဆုံးသူတို့လေးတွေရဲ့အိမ်မက်လေးတွေ အကောင်အထည်ပေါ်လာပါ့မလား
    ⚡Spoilအနေနဲ့ အနည်းငယ်လေးပါရရင် ကိုယ့်အနေနဲ့ ဂျိုးကို နောက်ဆုံးထိ အပျိုကြီးပဲဖြစ်စေချင်တာ😁
    ⚡ဂျိုးသာ အပြင်မှာ ကိုယ့်ရဲ့သူငယ်ချင်းသာဆို အပျိုကြီးပဲဖြစ်မှာရယ်
    ⚡အခုအဆုံးသတ်လေးကလည်း သူ့ဘဝကိုအပျော်ဆုံးဖြတ်သန်းနေတဲ့ ဂျိုးကိုမြင်ရမှာပါ
    ⚡ငြိမ်းချမ်းရာကိုအရင်ဆုံးထွက်သွားတဲ့ ဘက်ဂ် အကြောင်းကိုဖတ်ရတော့လည်း မျက်ရည်ဝဲရပြီး သေမင်းက အကောင်းကြိုက်တာပဲလို့ ဖြေသိမ့်လိုက်ပါတယ်
    ⚡နောက်ဆုံးအနေနဲ့ ကတော့ စာအုပ်ဒီဇိုင်းနဲ့ စာရွက်သားကို တော်တော် ကြိုက်ပါ တယ် စာရွက်အဖြူကဖတ်တာကြာရင် မျက်လုံးတွေစပ်ပြီးမဖတ်နိုင်တော့ဘူး အစကစာအုပ်လှန်ကြည့်တော့ စာလုံးတွေက သေးလိုက်တာလို့ထင်ခဲ့တာ ဖတ်ကြည့်ပြီးအဆင်ပြေသားပေါ့
    reviewရှည်သွားပြီးထင်လို့တော်ပါပြီ😁
    24.3.2023
    #သက်ပိုင် #သမီးရတနာ #စာရိပ်မြိုင် #littlewomen #louisamayalcott

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သက်ပိုင် စာအုပ်များ