မောင့်နွေဦး

( 1 မှတ်ချက်)

6500 (ကျပ်)

ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ခဲ့ဖူးတယ်။ အဲ့ဒါဟာမောင်ပါပဲ..

ဘယ်လောက်ထိလည်းဆိုရင် နာမည်ကြားလိုက်တာနဲ့ ရင်ခုန်ခဲ့တဲ့အချိန်တွေကနေ နာမည်လေးကြားလိုက်တာနဲ့ သွေးရူးသွေးတန်းအော်ငိုနေမိတဲ့နေ့တွေအထိပါပဲ…

မောင်ကအဲ့ဒီလို ကျွန်မဘဝကို စိုးမိုးခဲ့တယ်.. ဟုတ်တယ် မောင်ကကျွန်မကို အရူးတစ်ပိုင်းဖြစ်စေခဲ့တယ်။ မောင်ကကျွန်မရဲ့အချစ်ဦးမို့ ကျွန်မရူးတာလားမချစ်ခဲ့ဖူးလို့ပဲ ကျွန်မရူးခဲ့တာလား သေသေချာချာကျွန်မမသိ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်မ မောင့်လောက်ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး အချစ်ဦးကိုမြေးဦးရတဲ့အထိမမေ့ဘူးတဲ့ ဟုတ်ပါတယ် ကျွန်မဖြင့်မောင့်ကို မေ့သွားတဲ့နေ့ဆိုတာကိုမရှိခဲ့ပါဘူး..

မောင်ကလေ ကျွန်မသိပ်မြတ်နိုးရတဲ့ ကံ့ကော်ပန်းလေးလိုပဲ မခူးရင် မပန်ရက် မချေရက်ကလေး မောင့်ကို ကျွန်မရူးလောက်အောင်ချစ်တယ် ချစ်ခဲ့တယ် ပြီးတော့ချစ်နေဆဲ…

လောကကြီးကိုတောင်းဆိုလို့ရမယ်ဆိုရင် ကျွန်မတောင်းဆိုချင်တယ် တစ်ဘဝစာအတွက်မှမဟုတ် တစ်ခဏတာလေးတောင်ပေးမတွေ့ပါနဲ့လားလို့..

ဒီစာအုပ်လေးထဲမှာ အချစ်ဦးကို သိပ်ရူးတဲ့မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ခွင့်လွှတ်ပေးဆပ် ချစ်တတ်တဲ့အချစ်ကို ဖတ်ရှုခံစားရမှာပါ။ ဘယ်လိုတွေ မျက်ရည်ကျစေဦးမလဲ ဘယ်လိုတွေနာကျင်ရဦးမလဲ ဆိုတာကို တငြိမ့်ငြိမ့် ခံစားသက်ဝင်ဖတ်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။

စာမျက်နှာ

178

စာအုပ်အရွယ်အစား

5.3×0.4×8.1 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2024 မတ်လ(ဒုတိယအကြိမ်)

17 in stock

မောင့်နွေဦး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar (verified owner)

    ❝နွေဦး နောက်ဆို ကံ့ကော်ပန်းလေးတွေကို မပန်‌တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို နွေဦး ချစ်လို့❞

    💐 “မောင့်နွေဦး” လို့ နာမည်ပေးထားတဲ့ ဒီစာအုပ်လေးက ဆရာမမယ်ညိုရဲ့ တတိယမြောက် စာအုပ်လေးပါ။ ချစ်ခြင်းမေတ္တာချိုချိုလေးတွေမှ အပြီးသတ်မှ နာကျင်အောင် သတ်ချတတ်တဲ့ ဇာတ်လမ်းမျိုးလေးတွေ ရေးတတ်တဲ့ ဆရာမဟန်အတိုင်း ဒီစာအုပ်မှာလည်း ချိုမြိန်တဲ့ချစ်ခြင်းမေတ္တာ၊ ယောက်ျားတစ်ယောက်ရဲ့ နားလည်မှုမေတ္တာ‌တွေနဲ့ နွေးထွေးခံစားရတဲ့ မိန်းကလေး၊ နှလုံးသားက မြတ်နိုးရသူနဲ့ ဘဝကို ပြီးပြည့်စုံစေသူ နှစ်ဦးကြား ရွေးချယ်မှု လွန်စွဲမှုတွေအပြင် ဇာတ်လမ်းကို mystery ဆန်ဆန် လှည့်ကွက်ကလေးတွေ ထည့်ထားတာလည်း တွေ့ရပါတယ်။ ဇာတ်လမ်းဆုံးခါနီးအထိ တစ်ခုခုဖြစ်လာမလား ဘာဆက်ဖြစ်မလဲနဲ့ ပဟေဠိဆန်တဲ့ လှည့်ကွက်တွေနဲ့ ပုံဖော်ထားပါတယ်။
    __________________________

    💐 ခြံဝန်းကျယ်ကြီးထဲ သူမချစ်တဲ့ ကံ့ကော်ပင်တွေ အများကြီး ရှိပေမဲ့ မပျော်နိုင်ဘဲ အထီးကျန်ဆန်နေတဲ့ သူမ …
    💐 ကံ့ကော်ပန်းတွေကို နှစ်သက်မြတ်နိုးပေမဲ့ မခူးရက်၊ မပန်ရက်တဲ့ သူမ …
    💐 တစ်လတစ်ခါ စာတွေရေးပြီး စာအိတ်ထဲထည့် မိုးပျံပူဖောင်းမှာ ချည်ပြီး ပို့နေပေမဲ့ ပြန်စာမရတဲ့ သူမ …

    💐 အဲဒီသူမကတော့ နွေဦးခင်ဆိုတဲ့ နွေဦးရယ်ပါ။

    💐 ကံ့ကော်ပန်းလေးတွေကို ချစ်ပြီး အမြတ်တနိုး ပန်တတ်တဲ့ နွေဦးခင် … နွေဦး ကံ့ကော်ပန်း ပန်ချင်တယ်လို့ ပြောလိုက်ရင် အဖေလုပ်သူက ညမိုးချုပ်လည်း နေရာစုံကနေရအောင် သမီးဖြစ်သူ ပန်ဖို့ လိုက်ရှာပေးပြီး သမီးကို သည်းသည်းလှုပ်အောင် ချစ်တတ်သူ။

    💐 နွေဦးဖေဖေက ဆွေမျိုးမရှိ တစ်ယောက်တည်းသမား။ နွေဦးမေမေကတော့ ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွားလာသူ။ မေမေက ဖေဖေ့ကို ယူလိုက်တော့ အမွေပြတ်စွန့်လွှတ်ခဲ့ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာ နေထိုင်ပြီး သမီးဖြစ်သူ နွေဦးကိုလည်း သိပ်ချစ်ကြတယ်။ နွေးထွေးတဲ့ မိသားစုလေးပေါ့။

    💐 နွေဦးရဲ့မောင်နဲ့ စတွေ့ခဲ့တာ နွေဦးရှစ်တန်းနှစ်မှာပါ။ မောင်က နွေဦးထက် တစ်တန်းငယ်တယ်။ နွေဦးရဲ့ သူငယ်ချင်း သိမ့်ရဲ့ မောင်ဝမ်းကွဲ။ နွေဦး ကျူရှင်ကအထွက် လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေတဲ့ ဖေဖေ့ဆီ ပြေးသွားတုန်း မောင့်စက်ဘီးနဲ့ တိုက်မိမလို ဖြစ်ခဲ့တယ်။ မောင့်နာမည်က ကာရန်ဦး … အေးအေးဆေးဆေး နေတတ်ပြီး မိဘတွေ မရှိရှာတော့ဘူး။

    💐 မောင်က အဲဒီကတည်းက နွေဦးကို သဘောကျပြီး အမြဲတမ်း လိုက်ကြည့်နေခဲ့တာကို နွေဦး ကိုးတန်းရောက်မှ သိမ့်ပြောပြလို့ သိခဲ့ရတယ်။ သိမ့်က နွေဦးကို မောင်ဆွဲထားတဲ့ ပန်းချီပုံလေးတစ်ပုံ ထုတ်ပြတယ်။ ကျောင်းမတက်ခင်ဆို ကျောင်းဝင်းထဲက ကံ့ကော်ပင်အောက်မှာ နွေဦးက သွားထိုင်လေ့ရှိတယ်။ နွေဦး အဲဒီမှာ ထိုင်နေတဲ့ပုံကို ဆွဲထားတဲ့ မသပ်မရပ်ပန်းချီပုံလေး။ နွေဦးလည်း အဲဒီကတည်းက ဘေးပတ်ဝန်းကျင်ကို သတိထားပြီး လိုက်ကြည့်နေမိတော့တယ်။ ကံ့ကော်ပင်တွေအောက်‌ကနေ အမြဲလိုလို မောင်က စောင့်ကြည့်နေခဲ့တယ်။

    💐 တစ်ရက် နွေဦးကျောင်းမှာ ခြေခေါက်လဲတဲ့ရက်မှာ မောင် ကူညီပေးခဲ့လို့ မောင်နဲ့ ရင်းနှီးသွားခဲ့တယ်။ ဆယ်တန်းအောင်ရင် အဖြေပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ နွေဦးဖေဖေ အက်ဆီးဒင့်ဖြစ်ပြီး ခြေထောက်ထိမိခဲ့ရာကနေ လမ်းမလျှောက်နိုင်တော့ဘဲ နွေဦး ဆယ်တန်း မဖြေခင်လေးမှာ အပေါင်ခံထားတဲ့ ခြံကို ပြန်မရွေးနိုင်တော့လို့ ရန်ကုန်ကို ပြောင်းဖို့ ဖြစ်လာတော့တယ်။ မောင်နဲ့ သိမ့်ကို နှုတ်ဆက်တော့ မောင်က သူနဲ့ဆင်တူ လက်ပတ်ကြိုးလေးတစ်ခု ပေးခဲ့တယ်။ နောက်ပြီး ကံ့ကော်ပန်းကို မြတ်မြတ်နိုးနိုးချစ်လို့ မခူးရက်ဘူးလို့ မောင့်ရဲ့ နောက်ဆုံးစကားကြောင့် နွေဦးလည်း အဲဒီကစလို့ ကံ့ကော်တွေ မပန်ဖြစ်ခဲ့တော့ဘူး။

    ဒီလိုနဲ့ …
    💐 မောင်နဲ့ မောင့်နွေဦးတို့ ပြန်ဆုံဖြစ်ကြမလား?
    💐 နွေဦးဟာ မောင့်ရဲ့လက်တွဲဖော်ဖြစ်လာမလား?
    💐 မပြန်တော့တဲ့ စာတွေကို နွေဦး ဘယ်သူ့ဆီ ပို့နေခဲ့တာလဲ?

    💐💐💐💐💐

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မယ်ညို စာအုပ်များ