ရွှေမန်းကသန်းနှစ်သန်း

( 2 မှတ်ချက်)

4000 (ကျပ်)

မန္တလေးမြို့ အငြိမ့်လောကမှာ ထင်ပေါ်ကျော်ကြားပြီး ပရိသတ်ရင်ထဲစွဲဆဲဖြစ်တဲ့ အငြိမ့် မင်းသမီး ၃ လက်ရှိပါတယ်။ “ သန်းသုံးသန်း ” ဆိုပြီး အမှတ်သညာပြုကြပါတယ်။ အဲဒီ အငြိမ့်မင်းသမီး ၃ လက်ကတော့ ( ဒေါ် ) မျိုးချစ်သန်း၊ ရွှေမန်းသူ ( ဒေါ် ) မြင့်မြင့်သန်းနဲ့ ( ဒေါ် ) ထိပ်သီးသန်းသန်းတို့ပဲ ဖြစ်ကြပါတယ်။ အဲဒီ မင်းသမီး ၃ လက်ထဲမှ ရွှေမန်းသူ ( ဒေါ် ) မြင့်မြင့်သန်းနဲ့ ( ဒေါ် ) ထိပ်သီးသန်းသန်းတို့အကြောင်းကို ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
သဘင်တက္ကသိုလ်လို့ တင်စားကြတဲ့ မန္တလေးမြို့မှာ ဟိုအရင်က အငြိမ့်အဖွဲ့ပေါင်း ၃၀ ကျော်ရှိခဲ့ပါတယ်။ အဖွဲ့ ၃၀ ကျော်စလုံး မကရတဲ့ ညက ခပ်ရှားရှား ဖြစ်ခဲ့တယ်ဆိုတာ အမှန်ပါ။ အခုတော့ အငြိမ့်အဖွဲ့ ၃ ဖွဲ့သာကျန်ပါတော့တယ်။ မြန်မာ့ သဘင်လောက ( အထူးသဖြင့် အငြိမ့်လောက ) က နိမ့်ပါးဆုတ်ယုတ်လျှက်ရှိပါတယ်။ ဝမ်းနည်းစရာ ကောင်းသလို နှမျောစရာလဲ ကောင်းပါတယ်။ ဒါ့ကြောင့်မို့ မှတ်တမ်းမှတ်ရာ တစ်ခုအဖြစ် ရေးသားလိုက်တဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ရွှေမန်းသူ ( ဒေါ် ) မြင့်မြင့်သန်းအကြောင်းကို ပြန်ပြောပြသူ ( third person ) အနေဖြင့်ရေးသားထားပြီး အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ( ဒေါ် ) ထိပ်သီးသန်းသန်း အကြောင်းကို ပြောသူ ( first person ) အနေဖြင့် ရေးသားထားပါတယ်။
မန္တလေးမြို့က အထင်ကရ လူရွှင်တော်ကြီး ( ဦး ) ချစ်စရာ၊ ( ဦး ) ထင်ပေါ်၊ စာရေးဆရာ ဥုံဖွ၊ ဒီဇိုင်နာထွန်းထွန်းလင်းတို့ရဲ့ အမှတ်တရစာများကိုလဲ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အငြိမ့်မင်းသမီးကြီး ၂ ယောက်ရဲ့ ရောင်စုံဓာတ်ပုံများကို ထည့်သွင်းဖော်ပြထားပြီး ဧယင်ကျူးနဲ့ပတ်သက်သည့် ကြိုးသီချင်း၊ ဗုံထောက်၊ တေးထပ်၊ ငိုချင်းတို၊ ငိုချင်းရှည် ပေါင်းများစွာ ကိုလည်း မှတ်သားဖွယ်ရာ ဖော်ပြထားပါတယ်။

စာမျက်နှာ

208

စာအုပ်အရွယ်အစား

5.5 × 0.7 × 8.5 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 နိုဝင်ဘာလ၊ (ပ-ကြိမ်)

14 in stock

ရွှေမန်းကသန်းနှစ်သန်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Mon Halsey

    ဒီစာအုပ်ကလေးကိုသဘောကျမိပါတယ် ..

    ဒီစာအုပ်ဟာစာရေးသူ
    မားအလိမ္မာရဲ့ တတိယမြောက်စာအုပ်ဖြစ်ပါတယ် ..သဘင်တက္ကသိုလ်လို့တင်စားခေါ်ဝေါ်ကြတဲ့မန္တလေးမြို့က အငြိမ့်မင်းသမီးကြီး နှစ်ဦးရဲ့အကြောင်းကို ရေးသားထားတာပါ ..

    ကျွန်မက သဘင်ပညာကို ထဲထဲဝင်ဝင်မသိပေမဲ့.. သဘင်ချစ်သူတစ်ယောက်ဖြစ်ပါတယ်.. ကိုယ်ရင်းနှီးကျွမ်းဝင်တဲ့ နယ်ပယ်မဟုတ်လို့ အခုရေးလိုက်တဲ့စာမှာတောင် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေမှားမိမှာကိုစိုးရိမ်မိပါတယ်

    ဒါပေမယ့်ဒီစာအုပ်ကလေးကိုဖတ်လိုက်တဲ့အချိန်မှာ ကျွန်မတို့..အပြင်လူတွေ
    ဘယ်လိုမှမသိနိုင်တဲ့အကြောင်းတွေကို စာရေးသူကြောင့်သာ သိခဲ့ရတဲ့အတွက် စာရေးသူကိုကျေးဇူးတင်မိပါတယ်..

    ဒီလိုစာအုပ်မျိုးတွေဟာ..တကယ်ကို ကျွန်မတို့အတွက်.. လိုအပ်တဲ့စာအုပ်တွေဖြစ်ပါတယ် စာကြည့်တိုက်ထဲမှာရှိကိုရှိရမဲ့..စာအုပ်မျိုးပဲဖြစ်ပါတယ် ..ခေတ်အဆက်ဆက် အမြဲ ကိုးကားနေရမဲ့ Reference Book လို.. စာအုပ်မျိုးဖြစ်ပါတယ်

    အထူးသဖြင့်ဒီစာအုပ်ရဲ့ဒုတိယပိုင်းမှာပါတဲ့..အငြိမ့်မင်းသမီးကြီး ထိပ်သီးသန်းသန်း ရဲ့အကြောင်းတွေကိုဖတ်ရတာ စာအုပ်ဆုံးသွားလို့..ဆုံးသွားမှန်းတောင်မသိလိုက်မိပါဘူး ..

    ဧယင်ကျူးခြင်းဟာပညာရပ်တစ်ခုအနေနဲ့ ယခင်ကတည်းကသိခဲ့ဖူးတာမှန်ပေမဲ့..အခုတော့ ဧယင်ကျုးတာကတောင်..
    ဘယ်လိုအမျိုးအစားတွေ ရှိတယ်..
    ဘယ်သူသေရင် ဘယ်လိုကျူးရတယ်..အမလေးဆိုတဲ့ အသံချင်းတောင် မတူပါဘူး.. ဆိုတဲ့ အကြောင်းတွေသိလိုက်ရပါတယ်..

    ဒီပညာသည်မင်းသမီးကြီးတွေဟာ ဖြတ်ထိုးဉာဏ်လည်းကောင်းရတယ် အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး ဘာမှ..ပြင်ဆင်ထားခြင်းမရှိရင်တောင်..ရုတ်တရက်ဇာတ်ကွက်တွေဖန်တီးရတာ..ဇာတ်စီးရတာတွေကို ဖတ်ရတော့ လေးစားစရာပညာရှင်တွေပါရယ်လားလို့ ဦးညွတ်မိရပါတယ်

    ကျွန်မကြိုက်တဲ့ အကြောင်းအရာကလေးတစ်ခုက..မင်းသမီးကိုချိုးချင်တဲ့သူဌေး..တစ်ယောက်က…သူ့ရွာမှာ…ဧယင်ကျူးဖို့..စရံငွေကိုပုံပေးပြီး မင်းသမီးကိုငှားခဲ့ပါတယ် ..ဟိုရောက်တော့ ဘယ်ဘုန်းကြီးမှလည်းပျံလွန်တော်မူမနေသလို ဘယ်သူမှလည်း ကွယ်လွန်မနေခဲ့ပါဘူး ..

    နောက်တော့ဘယ်ဟုတ်မလဲ ..မင်သမီးကိုစိတ်ခုနေတဲ့သူဌေးက..သူ့အိမ်က..ကြက်တူရွေးကလေးကို မင်းသမီးရှေ့မှာတင်..ရိုက်သတ်ပစ်လိုက်ပြီး ကြက်တူရွေးမသာကို..ဧယင်ကျူးဖို့ပြောလာပါတော့တယ်

    ပညာမာနရှိတဲ့ မင်းသမီးဟာလူရွှင်တော်တွေနဲ့တိုင်ပင်ပြီး.. ကျေးသားအဝတ်အစားတွေ ဝတ်ဆင်ပြီး ဧယင်ကျူးလိုက်တာ နောက်ဆုံးမှာမင်းသမီးကို..ချိုးချင်တဲ့ သူကိုယ်တိုင်ချုံးပွဲချ..ငိုချပြီး ဧယင်ကျူးခငွေအပြည့်ပေးလိုက်တဲ့အပြင် ထမင်းပွဲနဲ့ပါ..ဧည့်ခံလိုက်ပါသေးတယ်တဲ့..

    ကိုယ်နဲ့ လုံးဝကျွမ်းဝင်မှုမရှိတဲ့..နယ်ပယ်တစ်ခုက စိတ်ဝင်စားစရာ အကြောင်းအရာတွေ သိရတယ်ဆိုတာ..ရေးပေးတဲ့သူရှိလို့ပါပဲ ..ဒါကြောင့်ဆရာကိုကျေးဇူးများကြီးတင်ပါတယ်

    အရင်ခေတ်တုန်းကမန္တလေးမှာအငြိမ့်တွေဟာ အခု ၃၀ လောက်ရှိပါတယ်.. အငြိမ့်တိုင်း..အငြိမ့်တိုင်း.. ပွဲမကရတဲ့ညဆိုတာမရှိပါဘူး ..တစ်လကိုပွဲလေးဆယ်ကျော် နေ့ရောညပါ..ကရတာပါတဲ့ ..အခုတော့..အငြိမ့်အဖွဲ့တွေလည်း.. နည်းလာပါပြီတဲ့..

    သဘောပေါက်မိတာက အရင်ခေတ်အခါက ဒေါင်ဒေါင်မြည်တယ်ဆိုတဲ့ပညာရှင်တွေပေါ်ထွန်းခဲ့တာဟာ ရုပ်ဝတ္ထုပစ္စည်းတွေထက်.. တကယ့်ပညာကိုသာ အားကိုးပြီး
    ကြိုးစားခဲ့ကြရတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ..ဒီခေတ်မှာတော့..ရုပ်ဝတ္ထု ပစ္စည်းတွေ ပေါ်လာတာနဲ့အတူ ပံ့ပိုးမှုတွေလည်း..အားကောင်းလာတဲ့အခါ..တကယ့်အနှစ်တွေ..ခါးပြတ်သလို ကျန်ခဲ့မှာကိုတော့ စိုးရိမ်မိပါတယ်..

    ဒီစာအုပ်ထဲမှာတော့ အနှစ်ကလေးတွေချည်းပါပဲ..
    ဘယ်လိုပဲဖြစ်ဖြစ်..ဒီစာအုပ်ကလေးဟာ ကွက်လပ်ကြီးတစ်ခုကိုဖြည့်ပေးလိုက်တယ်လို့ ကျွန်မကတော့မြင်မိပါတယ်..

    ဆရာကိုယ်တိုင်ကယဉ်ကျေးမှုတက္ကသိုလ်ကဆရာတစ်ဦးဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒီလိုစာမျိုးတွေကိုပဲများများပိုပြီးရေးစေချင်ပါတယ်..

    မွန်ဟော်စီ
    အောက်တိုဘာ ၂၀၂၀

  2. Aung Zin Soe

    ” ရွှေမန်းက သန်းနှစ်သန်း ”

    ဒီစာအုပ်ကို ဖတ်ချင်လွန်းလို့ ပန်းဆက်လမ်းကနေ Pre order တင်လို့ရတဲ့ October 2 ကတည်းက
    Pre order တင်ပြီး မှာခဲ့တာ
    ဒီနေ့မှပဲ ရောက်လာတော့တယ်…..
    လက်ထဲကို စာအုပ်ရောက်ကတည်းက မနေနိုင်လို့
    တစ်နေ့တည်း အပြီးဖတ်လိုက်တယ်…..

    တစ်ခေတ်တစ်ခါက မန္တလေး အငြိမ့်လောကမှာ
    အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့ကြတဲ့
    မင်းသမီးကြီး (ဒေါ်)ရွှေမန်းသူမြင့်မြင့်သန်း နဲ့ (ဒေါ်)ထိပ်သီးသန်းသန်း တို့ရဲ့ ဘဝအကြောင်းတွေကို သိခွင့်ရခဲ့တယ်….

    ကောင်းကင်ကြိုး ၊ ရတု ၊ တေးထပ် ၊ ဧယဥ်ကျူးငိုခြင်းတွေ စာသားတွေနဲ့ပါ ဝေဝေဆာဆာ ထည့်ရေးထားပါတယ်

    အနုပညာဆိုတာ ဘောင်ခတ်လို့ မရဘူး ဆိုတာကို
    သက်သေပြသွားတဲ့ မင်းသမီး
    မင်းသမီးတို့ တတ်အပ်သော ပညာရပ် (၁၂)ရပ်ကို ၁နာရီကျော် ၂နာရီနီးပါး ကြာကြာ မပျင်းအောင် ကပြဖျော်ဖြေနိုင်တဲ့ မင်းသမီး

    အငြိမ့်ခုံပေါ်ကနေ ၈လေးလုံး အရေးတော်ပုံ ဟောပြောပွဲ စင်မြင့်ပေါ် ရောက်ရှိသွားတဲ့ မင်းသမီး
    ဧယဥ်ကျူး ပညာရပ်ရဲ့ ခက်ခဲနက်နဲပုံကို ဘဝနဲ့ချီပြီး ရရှိခဲ့တဲ့အကြောင်းတွေ ပြောပြခဲ့တဲ့ မင်းသမီး
    စတဲ့ အကြောင်းအရာတွေကို သိခွင့်ရခဲ့တယ်….

    မန္တလေး အငြိမ့်လောကအကြောင်းကိုလည်း
    ပိုပြီး သိခွင့်ရခဲ့တယ်
    မန္တလေး လူရွှင်တော်ကြီးများ ဖြစ်ကြတဲ့
    ဦးချစ်စရာ တို့
    ဦးထင်ပေါ် တို့ရဲ့ အမှတ်တရစာလေးတွေလည်း ပါတော့ ပိုပြီး ပြည့်စုံသွားတာပေါ့…
    မှတ်ချက်။ ။ ကျနော် မန္တလေး အငြိမ့်တွေကို မကြည့်ဖူးပါဘူး။ ဆရာနေဝင်းမြင့်ရဲ့ ပလ္လင်အငြိမ့်၊ ခုတင်အငြိမ့်၊ စင်အငြိမ့် ဆိုတဲ့ စာအုပ်ရယ်
    လူရွှင်တော် ဦးချစ်စရာ ရေးတဲ့ ကျွန်တော်သိမီသော လူရွှင်တော်ကြီးများနှင့် ကျွန်တော်နှင့် ခေတ်ပြိုင် လူရွှင်တော်များ ဆိုတဲ့ စာအုပ်ကိုပဲ ဖတ်ဖူးတာပါ
    ဒါပေမယ့် ထိုစာအုပ် ၂ အုပ်စလုံးမှာက
    မန္တလေး အငြိမ့် လူရွှင်တော်ကြီးများ အကြောင်းပဲ ရေးသားထားတာပါ

    အခု ဆရာ မားအလိမ္မာရဲ့
    ရွှေမန်းက သန်းနှစ်သန်း စာအုပ်မှာတော့
    မန္တလေး အငြိမ့်မင်းသမီးကြီး နှစ်ဦးရဲ့ ဘဝတွေကို ရေးသားထားတာပါ
    မင်းသမီးဖြစ်ချင်တဲ့ အနုပညာရွက်ပုန်းသီးလေးများ အတွက်တော့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲလို့ ပြောချင်ပါတယ်….
    မျက်နှာဖုံးဒီဇိုင်းဟာလည်း စာအုပ်နာမည်လေးနဲ့
    လိုက်ဖက်နေလွန်းတယ် ???

    နောက်ဆုံး သိခွင့်ရခဲ့တာကတော့
    အနုပညာအလုပ်ကို လုပ်တော့မယ်ဆိုရင်
    မေတ္တာအရင်းခံပြီးတော့ စေတနာမှန်မှန်နဲ့ လုပ်ရင် ပိုပိုပြီးတော့ အောင်မြင်မယ် ဆိုတဲ့ အသိကို ရခဲ့တာပဲ…..

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မားအလိမ္မာ စာအုပ်များ