ရွှေလွန်းပျံ ဘယ်ညာခက်ပါလို့

( 1 မှတ်ချက်)

6000 (ကျပ်)

ဤစာအုပ်ခေါင်းစဉ်ကို မြင်တွေ့လိုက်သည်နှင့် အညာ အငွေ့အသက်၊ ကျေးလက် အရိပ်အယောင်လေးကို ထိတွေ့ခံစားလိုက်ရမည်ဟု ထင်ပါသည်။ ကျွန်တော်သည် အညာဓလေ့ အညာစရိုက်အဖွဲ့ဘက်တွင် အားသန်သူ ဖြစ်သည့်အားလျော်စွာ ကျွန်တော့်စာများထဲတွင် အညာ့ပုံရိပ်၊ ကျေးလက်မြင်ကွင်း၊ တောဓလေ့တောင်ဓလေ့၊ ကျေးတောသူ ကျေးတောသားတို့၏ စရိုက်သဘာဝတို့ကို အများဆုံး ဖတ်ရှု ခံစားကြရပါမည်။

” ရွှေလွန်းပျံ ” စာအုပ်တွင်လည်း ထိုနည်းတူစွာပင်။ ပါဝင်သည့် ဝတ္ထုတို တစ်ဆယ့်သုံးပုဒ်လုံးသည် အညာရေ၊ အညာမြေ၊ အညာလေကို အခြေခံလျက် ရေးသားထားသည်ချည်းသာ။ ဝတ္ထုတစ်ပုဒ် ဖတ်နေချိန်တွင် အညာသူ အညာသားကြီးတွေ ကိုယ်တိုင် စာဖတ်သူ့ဘေးတွင် ထိုင်ပြောနေသကဲ့သို့ ဖတ်ရှုရမှာဖြစ်ပြီး၊ ဖတ်ပြီးသွားချိန်တွင်လည်း အညာဆွေ အညာမျိုးများသဖွယ် ခံစားရမည် ထင်ပါသည်။

ဝတ္ထုတိုတစ်ပုဒ်ချင်းစီ၏ အကြောင်းအရာများ မတူညီသလို၊ ရသခံစားမှုများသည်လည်း ခြားနားပါလိမ့်မည်။ သို့သော် မေတ္တာတရားနှင့် သံယောဇဉ်တို့ကို အခြေခံ ရေးဖွဲ့ထားသည်မှာကား အတူတူပင်။ မိဘ မောင်ဘွား နှမသားချင်း ဆွေမျိုးရင်း သံယောဇဉ်များနှင့်၊ သွေးမရင်းသော်လည်း မွေးချင်းသဖွယ် နှောင်တွယ်ရစ်ပတ်တတ်သည့် အရိုးခံစေတနာ ဖြူစင်သည့်မေတ္တာဖွဲ့များချည်းသာ ဖြစ်၏။

အထူးသဖြင့် ဝတ္ထုတိုအများစုသည် ဇရာဖိစီး ပြန်ချိန်နီးသည့် သက်ကြီးရွယ်အို အညာသူ အညာသားကြီးများ၏ ဘဝသရုပ်ဖော်များပင် ဖြစ်၏။ ဇာတ်လမ်း အကြောင်းအရာများသည် စိတ်ကူးစိတ်သန်းဖြင့် တမင်ဖန်တီးယူထားသည်လည်း မဟုတ်ပါ။ ကျွန်တော့် ပတ်ဝန်းကျင်မှ လက်တွေ့ဘဝဖြစ်စဉ်များကို ဝတ္ထုသဖွယ် မှုန်းခြယ်တင်ပြထားခြင်းသာ ဖြစ်ပါသည်။ ဝတ္ထုတို တစ်ပုဒ်ချင်းစီတိုင်းတွင် အညာသူ အညာသာကြီးများ၏ ဖြောင့်စင်းသည့် သဘော, ပွင့်လင်းသည့် အပြောတို့ကို ခံစားရမည့်အပြင် သံယောဇဉ် အတိမ်အနက်၊ မေတ္တာအတိုင်းအဆတို့ကို မြတ်နိုးဖွယ်, ချစ်ခင်ဖွယ်, သနားကရုဏာသက်ဖွယ်, သံဝေဂရဖွယ် ဖတ်ရှုခံစားရပေလိမ့်မည်။

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 မေလ(ပထမအကြိမ်)

18 in stock

ရွှေလွန်းပျံ ဘယ်ညာခက်ပါလို့ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့ဖတ်ဖြစ်တာလေးကတော့
    ဆရာလင်းရောင်နီ(စဘေ)ရဲ့
    “ရွှေလွန်းပျံ ဘယ်ညာခတ်ပါလို့” ဆိုတဲ့
    စာအုပ်လေးပဲ ဖြစ်ပါတယ်။

    ကျေးလက်ဝတ္ထုတိုများလို့ ဆိုထားတဲ့အတိုင်း ဝတ္ထုတိုပေါင်း (၁၃)ပုဒ်
    ပါဝင်ပါတယ်။

    စာအုပ် အမှာစာမှာ ပြောထားတဲ့ “ရွှေလွန်းပျံဘယ်ညာခတ်ပါလို့” ဆိုတဲ့ အပုဒ်လေးကို အရင်ဆုံး ဖတ်ဖြစ်ပါတယ်။

    ရက်ကန်းရက်လုပ်ခြင်းအကြောင်းကို
    အသေးစိတ် ထည့်ရေးသွားတာမို့
    ဗဟုသုတ ရစေပါတယ်။
    အိမ်ဝိုင်းထဲက ဖျောက်ဆိပ်ပင်ကြီးဆီ သွားကြရင်း ဂျီးလွန်းပျံနဲ့ တူမလေး ရစ်လုံးတို့ ကြုံရတဲ့အဖြစ်ကြောင့်တော့
    စိတ်မကောင်း ဖြစ်ရတယ်။

    နောက်ပြီး ဇာတိမြေကို ခင်တွယ်တဲ့
    အမေကြီးတွေကိုလည်း ဖတ်ရင်း
    ချစ်ခင်မိ၊ ကရုဏာသက်မိပြန်တယ်။

    ဇာတိမြေက ရေကမှ ပိုအေးမြသလို၊ ဇာတိမြေက လေကလေးကိုမှ
    ရှုချင်သပ ဆိုတဲ့ သူမျိုးတွေပေါ့။

    ငါစွဲ ပြုတ်ဖို့ထက် ရွာစွဲက ပိုပြီး
    ခိုင်မြဲနေကြသတဲ့လေ…။

    အသက်ကြီးလာလို့ သားသမီးတွေက
    စကားနားမထောင်တဲ့အခါ ငါတို့က
    မီးကျိုး မောင်းပျက်ဘဝ၊
    စဥ်းတီးတုံးအိုကြီးတွေဆိုပြီး
    ဝမ်းနည်းတတ်သေးတာရယ်။🥺

    ဆရာ့ရဲ့ ပထမဆုံး စာအုပ် ဖတ်တုန်းကလည်း ငိုရသေးတယ်။

    အခုတစ်အုပ်လည်း မျက်ရည်ဝဲရင်း၊
    သက်ပြင်းချရင်းပါပဲ။🥹

    အရေးအသားပိုင်းကတော့ တကယ့်ကို
    စာပေလက်ရာကောင်း တစ်ခုမို့
    ဖတ်ရတာ ကျေနပ်မိပါတယ်။

    “ဖျက်ဖျက်တက်၊ အငုတ်ငုတ်
    အရုတ်ရုတ်၊ ဗွေနာကောက်၊ နှုတ်သီး တလုံးလုံး၊ လက်ကသုံး တောင်ဝှေး၊
    ယာစည်းခရိုး၊ အလံဖြူ၊ ထူး၊ ရိစွဲ”

    စတဲ့ အသုံးအနှုန်းလေးတွေကိုရော
    သဘောကျလို့ Noteစာအုပ်ထဲ မှတ်မှတ်ရရ ချရေးဖြစ်ပါသေးတယ်။

    နောက်ပြီး ကြာပြီဆိုတာကို “ရှေးပေါ့”
    လို့ပြောတာလေး သဘောကျနေရော။😁

    ဖတ်ပြီးသွားတော့ ကိုယ့်အမျိုးများလိုပဲ
    လွမ်းကျန်ခဲ့တာရယ်။

    ဇာတ်ပွဲတွေ ကြိုက်တတ်တဲ့
    အမေဒန်းနဲ့ မယ်သင်းထုံ….။

    လားရှိုးမှာ ရွာတဲ့မိုးတွေကို ရွာကို
    လက်ဆောင် ပို့ပေးချင်လိုက်တာလို့
    ဆိုတတ်တဲ့ အမေညှာ…။

    ဇာတိရွာကလေးကို ချစ်တတ်တဲ့
    အမေမုန်း၊ အမေပြုံး….။

    အညာသူမကြီးတွေရဲ့ မေတ္တာ
    ကရုဏာကြီးမှု ၊သံယောဇဥ် ကြီးတတ်မှုတွေကို မှန်းဆမြင်ယောင်ရင်းပေါ့။🤍

    Ps: စာရိပ်မြိုင်စာပေကနေ ဒီစာအုပ်လေးကို 25% ထိ Discount ချပေးနေလို့
    ဖတ်ချင်တဲ့သူများ လျော့စျေးအမှီ
    သွားမှာလို့ ရကြောင်းလေးလည်း
    ညွှန်းပေးချင်ပါတယ်။😁✨️

    #လင်းရောင်နီစဘေ
    #ရွှေလွန်းပျံဘယ်ညာခတ်ပါလို့
    #ကျေးလက်ဝတ္ထုတိုများ
    #စာရိပ်မြိုင်စာပေ
    #하은
    #June14

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လင်းရောင်နီ(စဘေ) စာအုပ်များ