ရွှေချည်ထိုးသက်တံ

( 3 မှတ်ချက်)

4500 (ကျပ်)

‘ရွှေချည်ထိုးသက်တံ’ မှာ..တစ်ယောက်နှစ်ပုဒ်နှုန်းဖြင့် ၀တ္ထုတို (၁၄) ပုဒ် ပါဝင်ရာ ခံစားမှုရသ စုံလင်လှ၏။ ၀တ်ထုတိုဆိုတာ ဒါပါပဲဟု လေ့လာစူးစမ်းချင်သူတွေကို လက်ယက်ခေါ်နေသော ၀တ္ထုများပါဝင်သည်…..
ဆရာမ မိချမ်းဝေ အမှာစာကောက်နှုတ်ချက် ဖြစ်ပြီး စာအုပ်လေးကို ဗချီလင်း၀ဏ္ဏ၏ အတွင်းသရုပ်ဖော်ပန်းချီပုံများဖြင့် ဝေဝေဆာဆာ ထုတ်ဝေထားပါတယ်…

စာမျက်နှာ

208

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဇန်နဝါရီလ၊ (ပ-ကြိမ်)

17 in stock

ရွှေချည်ထိုးသက်တံ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Chris Mg (verified owner)

    ဓါး(၇)လက် ကြယ်( ၇)စင်း မီးစက်(၇)ပွင့်
    အမျိုးသား စာပေဆုရ ဆရာ၊ ဆရာမ (၇)ဦး ရဲ့ လက်ရာကောင်းတွေကို တစုတစည်းထဲ ဖတ်ရှုခွငိ့ရခဲ့တဲ့စာအုပ်လေးရဲ့အမည်က “ရွှေချည်ထိုး သက်တံ” ပါတဲ့။ အရင်တချိန်က ဆရာ ဆရာမတွေ တစုတစည်းထဲ ပါဝင်တဲ့စာအုပ်ပေါင်းမြောက်မြားစွာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ရှားပါးသွားတဲ့ သည်ဘက် ခေတ်မှာတော့ ပန်းဆက်လမ်းရဲ့ အားထုတ်မှုနဲ့ ပြန်လည် မြည်းစမ်းဖတ်ရှုခွင့် ရခဲ့ပါပြီ။ ကလောင်ထက်တဲ့ စာရေးသူတွေချည်း တစုတဝေးတည်း တွေ့လိုက်ရတဲ့ အတွက် နှစ်ထောင်းအားရ ဖြစ်မိပါရဲ့။
    တစ်ဦးလျှင် (၂) ပုဒ်နှုန်းနဲ့ ဝတ္ထုတိုပေါင်း (၁၄) ပုဒ်ပါဝင်ပါတယ်။ အားရှိစရာ အရေအတွက်ပါ။ တခုပဲပြောစရာရှိတာက စာရေးသူတွေကို ချစ်တဲ့စိတ်နဲ့ တစိုက်မတ်မတ် အားပေးဖတ်ရှုတတ်မဲ့ စာဖတ်သူ တချို့အတွက် အချို့သော ဝတ္ထုတိုလေးတွေက ပုဒ်ထပ် ဖြစ်နေနိုင်ကောင်းဖြစ်နေနိုင်တာလေးပါပဲ။ ကိုယ်ကတော့ ဆရာမိုးကျော်ဇင် နဲ့ ဆရာမြစ်ကျိုးအင်းကလွဲလို့ ကျန် ဆရာ၊ ဆရာများရဲ့ လက်ရာက မဖတ်ဖူးသေးတာမို့ လတ်ဆတ်စွာ ခံစားခဲ့ရပါတယ်။ စိတ်အာရုံကို ဖမ်းချုပ်နိုင်ခဲ့တဲ့ အတိုစု တချို့ကို ချပြချင်မိပါရဲ့။
    ဆရာမ ဝေ(စီးပွားရေး)ရဲ့ #နှလုံးသားပေါ်သွေးတဲ့ဓါး ကတော့ ဖတ်စမှာတင် အာရုံတစ်ခုလုံးကို သိမ်းကြုံး ပိုက်ထွေးနိုင် တယ်လို့ ဆိုရပါမယ်။ အိမ်ထောင်တခုမှာ ဦးဆောင်ကွပ်ကဲမှုကို လုပ်ဆောင်ရတဲ့ အမျိုးသားတစ်ဦးရဲ့ စွမ်းရည်က အင်မတန်မှ တာဝန်ကြီးပါတယ်။ လင်ရော မယားပါ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ပါမှ မိသားစုဝင်တွေရဲ့ ပါးစပ်အစေ့ လှုပ်ရှားနိုင်မဲ့ သည်ဘက်ခေတ်မှာ လင်မယားတွေအကြားက နားလည်မှုနဲ့ တစ်ဦးအပေါ် တစ်ဦးတန်ဖိုးထားမှုက သိပ် အရေးကြီးပါတယ်။ အရမ်းလည်း ထိရှလွယ်တာရယ်။ ဖခင်တစ်ဦးရဲ့ ညံ့ဖျင်းလှတဲ့ကွပ်ကဲမှု နဲ့ ခင်ပွန်းသည် တစ်ဦးရဲ့ တာဝန်မကျေမှု စတဲ့ သိမ်ငယ်တွေးများစွာ ဖိစီးခံနေရရှာတဲ့ ဇာတ်ကောင် ဦးအောင်ဖေရဲ့ စိတ်ကူးဓါးချက်တွေကို ငေးကြည့်ရင်း ကိုယ်ပါ မသက်မသာ သက်ပြင်းရှိုက်မိပါတယ်။
    ပုခက်လွှဲသော လက်တစုံရဲ့ အစွဲကို ထိရှစွာ ခံစားခဲ့ရတာကတော့ ဆရာမ စံပယ်ဖြူနုရဲ့ #ဖန်သားမှန်ချပ်ရုပ်ပုံလွှာ မှာပါ။ ရင်သွေးကို တွယ်တာစိတ်နဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတဲ့ မိခင်တစ်ဦးရဲ့ အသွင်အပြင်က ဖတ်သူကို ဆွံအ စေခဲ့ပါတယ်။
    ကလေးအရွယ်က အမေ တာဝန်ကျတဲ့ ပင်လယ်ဘက် ဆီကို လိုက်ပါနေထိုင်ရခဲ့ဖူးပါတယ်။ ကိုယ်ရဲ့ ဆေးသားပျက် မှတ်ဥာဏ် ဓါတ်ပုံတွေထဲမှာ ခပ်ရေးရေးပေါ်နေတဲ့ ပြကွက်တွေက ခုတ်ချက်မှန် သဘော်ပေါ်ကနေ လှမ်းတွေ့ရတတ်တဲ့ လှိုင်းခေါင်းဖြူတွေနဲ့ ပင်စည်တဝက်တိတိ ရေစိမ်ရင်း စွင့်စွင့်ကားကား စိမ်းဖြာနေတဲ့ ကမ်းစပ်က အပင်အုပ်ပါပဲ။ ဘာပင်မှန်း မမှတ်မိတော့ပေမဲ့ သူတို့ရဲ့ ဟန်ကတော့ ကိုယ့်ရဲ့ အမှတ်သညာမှာ စွဲရစ်ကျန်ခဲ့ပါတယ်။ ဆရာ သတိုးရဲ့ #ကန္တာရနဒီ ဝတ္ထုတိုကို ဖတ်ရတော့ ကိုယ့်ရဲ့ အရောင်ပြယ် အမှတ်တရမြင်ကွင်းက ဆေးသားတင်သလို ဖြစ်ရတော့တာပါပဲ။ ဓနိပင်တန်းနဲ့ ဓနိရည် တို့ရဲ့ ချစ်စရာ အသုံးဝင်မှုကို ဖတ်ခဲ့ရသလို ထို အပင်တွေကို တည်မှီပြီး အသက်မွေးခဲ့သူတွေရဲ့ ဘဝ အစိတ်အပိုင်းတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဓနိရွက်တွေနဲ့ စနစ်တကျ ဖွဲ့သီထားတဲ့ သက်ကယ်ပျစ်တွေရဲ့အကြောင်းကို ထဲထဲဝင်ဝင် ဖတ်ရတော့ အစွန်အဖျားပဲ မှီခဲ့တဲ့ သက်ကယ်အမိုးတွေရဲ့ တန်ဖိုးကို လွမ်းမိရပေါရော။ သဘာဝ ဘေးအန္တရာယ်ရဲ့ရန်ကို တားဆီးနိုင်ပေမဲ့ မျိုးသုဥ်းသွားပြီဖြစ်တဲ့ သဘာဝ အကာအကွယ်တွေ အကြောင်းကို ဖတ်ရတော့ မချင့်မရဲ ဖြစ်မိပါတယ်။
    ဝမ်းရေးအခက်အတွက် ကိုယ့်သိက္ခာကို ကိုယ်တိုင်ချရောင်းရသူတစ်ယောက်ရဲ့ အကြောင်းကို ဆရာ မင်းဝေဟင် ရဲ့ #ကောင်းကင်ယံအမှောင်မှာကြယ်ရောင်စုံတလက်လက် မှာ လေ့လာခွင့်ရခဲ့ပါတယ်။ ဘဝတွေကို လိုလိုလားလား နင်းချေခွင့် ပြုနေတဲ့သူတွေကို တွေ့တဲ့အခါ သူတို့ရဲ့ ပင်ကိုစရိုက်ကြောင့်လား၊ ရှင်သန်ရုန်းကန်ရတဲ့ စနစ်ကြောင့်လား ဆိုလား စေ့ငုစေခဲ့ ဝတ္ထုတိုလေးရယ်ပါ။ ဝတ္ထုတိုလေးကို ဖတ်ရင်းနဲ့ အလိုတူအလိုပါ ဆိုတဲ့ စကားလုံးနောက်မှာ အသံတိတ် အကြောင်းပြချက်၊ အသံမဲ့ တွန်းအားများစွာ ရှိနေတတ်တာကို သဘောပေါက်ခဲ့ရပါတယ်။
    ဆရာ လူခါးရဲ့ #ဝါးဖောင်မျှောတဲ့ည ကတော့ ကိုယ့်တွေလူတန်းစား တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဝတ္ထုတို လို့ပဲဆိုချင်ပါတယ်။ အရင်းအမြစ်တွေကို စိတ်ကူးမယဥ်ဝံ့ပဲ စာမဆိုလောက်တဲ့ အခက်အလက်လေးတွေကိုမှ ဝမ်းစာတည်မိခါတော့မှပဲ ဝတ်စုံပြည့်တွေရဲ့ ခြောက်လှန့်ခြင်းကို ခံရတဲ့ ဝတ္ထုတိုထဲက ဝါးဖောင်မျှောတဲ့ အဖိုးအိုက ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။
    #မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ အတွက် ဆရာမြစ်ကျိုးအင်းကို အထူးကျေးဇူးတင်မိပါတယ်။ ကမ္ဘာပေါ်က ဖခင်ဆိုတဲ့ အမျိုးသားတိုင်းရဲ့ သားသမီးတွေအပေါ် ထားတဲ့ စိတ်ရင်းအမှန်ကို ချရေးပြသွားတဲ့ အတွက်ပါ။ သားသမီးတွေရဲ့ ဘဝ တိုးတက်မှုနဲ့ ပတ်သတ်လာရင် တံတိုင်းကြီးတွေဖြစ်တဲ့ ဖခင်တွေရဲ့ ရင်တွင်းဝေဒနာတွေက လက်ပွန်းတတီးနေခွင့်ရတဲ့ မိခင်တွေထက် မကျော်လွန်နိုင်ရင်တောင် မလျော့ပါးတာတော့အမှန်ပါ။ အဖေတစ်ယောက် အနေနဲ့ သားသမီးတွေ ကိုယ့်အပေါ် အယုံအကြည် ကင်းမဲ့သွားခဲ့မယ်ဆိုရင် ညနေခင်း တခုမှာ ရရှိခဲ့တဲ့ ခြေဖဝါးအောက်က ပြတ်ရှဒဏ်ရာထက် နာကျင်ခံခက်မယ်ဆိုတာ သိခွင့်ရတဲ့ ဖခင်မေတ္တာဖွဲ့ ဝတ္ထုကောင်းလေး တပုဒ်ပါ။
    ကားတွေ ရထားတွေ လှေတွေပေါ်က ဘဝတွေကို ရေးပြရင်း မျက်မှောက်ခေတ်ကို သရော်ဟန်နှင့် ကလောင်စွမ်း ပြလေ့ရှိသူက ဆရာ မိုးကျော်ဇင်ပါ။ ဆရာရဲ့ #အနက်ရောင်လက်ဆွဲသေတ္တာထဲကလူ က ဖတ်ဖူးပြီးသားပါ။ ဖတ်ပြီးလည်း နောက်ထပ်အခေါက်ပေါင်းများစွာ ထပ်ဖတ်လည်း မရိုးနိုင်တဲ့ ဝတ္ထုတိုလို့ပဲ ဆိုရပါမယ်။ ဝတ္ထုထဲပါတဲ့ ဘတ်စ်ကားပေါ်က အဝတ်အစားသပ်သပ်ရပ်ရပ် နဲ့ အတ္တစီကေ့ ကိုင်ထားသူရဲ့ အဟိတ်အဟန်က ကိုယ့်ကို မှင်သက်စေခဲ့ပါတယ်။ သူ့ရဲ့ သရုပ်မှန်ကို တွေ့ရတဲ့အခါ အပြစ်မဆိုရက်ပဲ စပ်စုယုံကြည်လွယ်တဲ့ ကိုယ့်စရိုက်ကိုသာ ပြင်ယူဖို့ ဆင်ခြင်မိပါတယ်။ ဆရာရဲ့ အခြား အလားတူ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ “လျှာ” ကိုလည်း ဖတိကြည့်စေချင်ပါတယ်။ ရထားပေါ်မှာ စျေးရောငိးစားရသူရဲ့ လျှာနဲ့ ကိုယ့် ပတ်ဝန်းကျင်က အကြီးစား လူလိမ်တွေရဲ့ လျှာကို နှိုင်းယှဥ်ရေးပြသွားတာ ပင့်သက်ချမိတဲ့ အထိပါ။
    ကျွန်တော်တို့တွေရဲ့ …..
    ဘဝမှာ စိတ်ခံစားချက်နဲ့ ပတ်သတ်လာရင် တွယ်ငြိချည်နှောင်လာမဲ့ ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့အတွက် ထက်မြက်တဲ့ ဓါးတွေ လိုအပ်ပါတယ်။
    ဘဝမှာ စိတ်ဖိစီးမှုများတဲ့အခါ စိတ်အေညာင်းပြေစေဖို့ ကောင်းကင်ထက်က ကြယ်ပွင့်လေးတွေကို ရေတွက်ကြည့်ဖို့ လိုအပ်ပါတယ်။
    ဘဝမှာ အမိုက်မှောင် ဖုံးလွှမ်းခံရတဲ့ အခိုက်အတန့်တွေမှာ လမ်းမပျောက်စေဖို့ အလင်းပွင့်လေးတွေ လိုအပ်ပါတယ်။
    စိတ်ရဲ့ ထိုထိုသော လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာ စာ တွေပါ။ အဟာရ ပြည့်စုံစွာနဲ့ အရသာစုံ ပေးမဲ့ ဆရာ၊ ဆရာမ (၇) ဦးရဲ့ ဖန်တီးမှု အစပ်အဟပ်ကိုလည်း မြည်းစမ်းကြည့် သင့်ပါတယ်။

  2. Lucy (verified owner)

    good book

  3. စိုးဘားဒိုင်

    အမျိုးသားစာပေဆုရ စာရေးဆရာဆရာမ ၇ယောက်ရဲ့ဝတ္ထုတို ၂ပုဒ်စီ စုစည်းထားတဲ့စာအုပ်။
    ဝတ္ထုတို ၁၄ပုဒ်စုစည်းမှုလေးဟာ ဝတ္ထုတိုဖတ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဝတ္ထုတိုတွေဖြစ်တယ်။အရေးအသားမှာ အနည်းငယ်ဆင်သယောင်လေးတွေပါးပါးလျားလျားတွေ့ရပေမယ့် အာရုံကျရောက်မှုနဲ့ဖော်ထုတ်ဖန်တီးမှုတွေမှာတော့ ကိုယ်ပိုင်ဟန်အတိအကျရှိနေတဲ့ဝတ္ထုတိုလက်ရာတွေလို့ သဘောရပါတယ်။ဘဝသရုပ်ဖော်ဝတ္ထုတိုတွေကလည်း ပီပြင်ထိမိသလို၊သရုပ်မှန်ဝတ္ထုတွေကလည်းပြက်ပြက်ထင်းထင်းရှိတယ်။
    #ဝေ(စီးပွားရေးတက္ကသိုလ်)…ကျောင်းစာသာမက စာရိတ္တပိုင်းနဲ့ကျန်းမာရေးအပိုင်းတွေမှာပါ စေတနာထည့်ထားတဲ့ဆရာမတစ်ယောက်ရဲ့ဝေဒနာနဲ့ပီတိကို ဝတ္ထုတိုအဖတ်များတဲ့ပရိသတ်က ဘယ်လိုသိမ်းနိုင်တယ်ဆိုတာကို ခန့်မှန်းနိုင်တဲ့အနေအထားရှိခဲ့ရင်တောင် အသိမ်းကိုသဘောကျသွားကြမှာဖြစ်တဲ့ လိပ်ပြာတောင်ပံထက်က ပန်းပန်းချီဟာ သပ်ရပ်တဲ့ဘဝသရုပ်ဖော်လေးပါ။
    ဆိုက်ကားသမားအိမ်ထောင်ဦးစီးတစ်ယောက်ရဲ့မိသားစုဘဝထဲက ရင်နာကြေကွဲစရာတွေနဲ့ ကံကြမ္မာကိုရင်ဆိုင်ရခက်တဲ့အနေအထားကို သပ်ရပ်စွာရေးဖွဲ့ထားတဲ့ နှလုံးသားပေါ်သွေးတဲ့ဓား ကလည်းဘဝသရုပ်ဖော်ဝတ္ထုတစ်ပုဒ်အဖြစ်ထိထိမိမိရှိတယ်။
    #စံပယ်ဖြူနု…ယတြာချေတဲ့ဖိနပ်ကလေးတစ်ရံကိုအကြောင်းပြုလို့ ဘဝသုံးခုကိုဆက်စပ်ရေးဖွဲ့သွားတဲ့ ဖိနပ်လေးတစ်ရံဟာ လှပသပ်ရပ်တဲ့ဘဝသရုပ်ဖော်ဝတ္ထုလေးတစ်ပုဒ်ပါ။ဒီလိုအဆက်အစပ်ကလေးကြောင့်ပဲ ဖတ်တဲ့သူက အာရုံဆက်စိုက်သွားနိုင်ခဲ့တယ်။ဖန်တီးမှုအစုအဖွဲ့ကောင်းတဲ့ဝတ္ထုတိုလေးလို့ဆိုချင်တယ်။
    ဖန်သားမှန်ချပ်ရုပ်ပုံလွှာ ကတော့ဆုံးရှုံးသွားရတဲ့ကလေးနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရနေတဲ့မိခင် တစ်ယောက်အကြောင်းကို သေသပ်လှပစွာရေးဖွဲ့ထားတဲ့ သရုပ်မှန်ဝတ္ထုတိုလေးပါ။သရုပ်မှန်ဝတ္ထုတိုရဲ့ခံစားမှုကနေလှိုင်းထသွားရတဲ့ ဖန်တီးမှုအားကို သိသိသာသာရရှိသွားစေတဲ့ဝတ္ထုတို။
    #သတိုး…အလွန်သေသပ်တဲ့ဘဝသရုပ်ဖော်ဝတ္ထုတိုအဖြစ်ကန္တာရနဒီကိုဖတ်ရတယ်။ဝတ္ထုပါဓနိအလုပ်တွေက ကျွန်တော်ရင်းနှီးကျွမ်းဝင်တဲ့အကြောင်းအရာဖြစ်လို့ စာရေးသူရဲ့ရင်းနှီးကျွမ်းဝင်မှုကိုကောင်းကောင်းအကဲခတ်မိတယ်။ဝတ္ထုတိုကို ဘဝသရုပ်ဖော်အနေနဲ့ ဖြန့်ခင်းထားပုံကသပ်ရပ်တော့ ကိုယ်သိတဲ့အကြောင်းအရာကိုတောင်
    သဘောကျသွားရတာမျိုးပါ။
    ကမ်းလက်သင့်နိုးကလည်း လှပတဲ့စုဖွဲ့မှုနဲ့ ဝတ္ထုအပြီးမှာ ရင်ထဲလှိုင်းကလေးထလာစေတဲ့ အတွေးဖြန့်ထွက်မှုရရှိစေလို့ ကျေနပ်သွားရတဲ့ သရုပ်မှန်ဝတ္ထုကောင်းလေးတစ်ပုဒ်ပါ။မိသားစုကအားကိုးရတဲ့သားတစ်ယောက်နဲ့မိသားစုရဲ့အားကိုးမှုအလျားကို ကိုက်ညီအောင်စုဖွဲ့ထားတယ်။
    #မင်းဝေဟင်…ကျောင်းပြေးလာတဲ့ကျောင်းသားလေးနှစ်ယောက်ရဲ့သင်္ချိုင်းထဲမှာနေတဲ့ သင်္ချိုင်းလုပ်သားတစ်ယောက်ကို တစ္ဆေအကြောင်းစူးစမ်းမေးမြန်းတာနဲ့ ဖွဲ့ထားတဲ့ဒီဝတ္ထုမှာ ဘဝသရုပ်ဖော်ဝတ္ထုရဲ့ အားတစ်ခုဖြစ်တဲ့အသိပေးအချက်အလက်ကို သပ်ရပ်စွာပေါင်းစပ်ဖွဲ့စည်းထားတာကိုသတိပြုမိတယ်။ကျောင်းပြေးရာကနေ စာသင်ခန်းနဲ့ဝေးခဲ့ရတဲ့ သင်္ချိုင်းထဲကလူရဲ့ နောင်တနဲ့ရင်းနှီးထားရတဲ့ အသိကိုကျောင်းပြေးကလေးနှစ်ယောက်ရင်
    ထဲရောက်အောင်ဘယ်လိုထည့်ပေးနိုင်မလဲဆိုတာ ရင်ခုန်စရာပေါ့။
    ကောင်းကင်ယံအမှောင်မှာ ကြယ်ရောင်စုံတလက်လက် ဝတ္ထုတိုမှာ လူကုန်ကူးသူနဲ့သူ့ကိုလူကုန်ကူးဖို့အကူအညီတောင်းသူနှစ်ယောက်အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ဆက်စပ်ဖြန့်ကျက်ရေးဖွဲ့ထားတယ်။ပြက်ပြက်ထင်းထင်းရှိတဲ့ သရုပ်မှန်ဝတ္ထုတိုတစ်ပုဒ်လို့ဆိုချင်တယ်။တစ်ချို့ဘဝပေးတွေနဲ့ဘဝလက်ဖြန့်မှုတွေဟာ ဦးနှောက်နဲ့ပိုင်းဖြတ်ရခက်ပြီး ရင်နဲ့စီးချင်းထိုးရတာမျိုးတွေဆိုတော့ မြမိုးကိုအပြင်လူတွေက ဘယ်လိုစီ
    ရင်သုံးသပ်မလဲဆိုတာအပြင် မြမိုးတွေအတွက် နေရာထိုင်ခင်းမသာမယာတွေကို ရင်နဲ့ခံစားရလာစေတယ်။
    #လူခါး…မြေကြီးစားသူများမှာ နှမ်းစိုက်တောင်သူမိသားစုတစ်စုအကြောင်းကနေ ခေတ်ပြိုင်ကောက်ကြောင်းတစ်ခုကို လျှပ်ပြက်ပြလိုက်တယ်။အလုပ်သမားခပေးဖို့ တရုတ်ကစျေးကောင်းပေးဝယ်နေတဲ့ ငန်းမြွေတစ်ကောင်ကို စွန့်စားအကိုက်ခံဖမ်းရပြီးမှ မြွေရောင်းရငွေနဲ့ ဖြေရှင်းမယ့်ပြဿနာတွေကို မြွေမဝယ်တော့ဘူးဆိုတဲ့ တရုတ်ရဲ့
    ငြင်းပယ်မှုနဲ့အတူ မြွေမဝယ်ရင်ဘာဝယ်မလဲ၊အလှည့်ကလေးနဲ့ပိတ်လိုက်တယ်။
    ဝါးဖောင်မျှောတဲ့ည ဝတ္ထုတိုကတော့ ဝါးဖောင်ကလေးချောက်တီးချောက်ချက် မျှောမိတဲ့အဖိုးကြီးတစ်ယောက် ဖမ်းဆီးအရေးယူခံလိုက်ရပုံကို ရိုးရိုးကလေးပဲရေးဖွဲ့ထားတယ်။ခိုးရင်လည်းကြီးကြီးကျယ်ကျယ်ခိုး၊ဝေစားမျှစားခိုးရင် အန္တရာယ်ကွင်းတဲ့အသိလေးပေးတယ်။
    #မြစ်ကျိုးအင်း…ကမ္ဘာပျက်ခြင်းဝတ္ထုတိုမှာ အဝတ်လျှော်စက်ထဲရောက်နေတဲ့ ပုရွက်ဆိတ်တွေရဲ့ကမ္ဘာပျက်ခန်းကိုရေးဖွဲ့ထားတယ်။ကမ္ဘာဆိုတာကလည်း တကယ့်ကမ္ဘာတင်မဟုတ်၊ကိုယ့်ဘဝကိုယ့်ကမ္ဘာ ကိုယ့်လောကအတွက်ကမ္ဘာဆိုတာလည်းရှိတာပဲကိုး။
    သံတိုသံစ အမှိုက်ပေါင်းစုံပစ်နေကြတဲ့ ကန်ထဲမှာငါးသွားမျှားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ဟင်းစားရှာညနေခင်း ငါးမျှားခြင်းကရတဲ့ဝေဒနာနဲ့ မျှော်လင့်ခြင်းကပေးတဲ့ဝေဒနာကို သပ်ရပ်စွာရေးဖွဲ့ထားတဲ့ ဘဝသရုပ်ဖော်ဝတ္ထုတိုကို မျှော်လင့်ခြင်းကိုမျှားတဲ့ ညနေလို့လှပစွာနာမည်ပေးထားတယ်။
    #မိုးကျော်ဇင်…သော့ပါတဲ့လက်ဆွဲသေတ္တာအနက်ကိုလက်နှစ်ဘက်နဲ့ ဆုပ်ကိုင်ထားပြီး စမတ်ကျကျဝတ်ဆင်ထားသူတစ်ယောက်ကို ကားဂိတ်တစ်ခုမှာ ကားစီးခရီးသည်ကတွေ့ရှိသတိထားမိတာနဲ့ ဝတ္ထုကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်ခေါ်ငင်ရေးဖွဲ့သွားပြီး အလှည့်ကလေးနဲ့အဆုံးသတ်လိုက်တဲ့ အနက်ရောင်လက်ဆွဲသေတ္တာထဲကလူ ဟာပိရိသပ်ရပ်တဲ့ သရုပ်မှန်ဝတ္ထုတိုတစ်ပုဒ်ပါ။ဝတ္ထုအဆုံးသတ်ဝါကျအထိ ဖတ်သူ့ရင်ကို အလွတ်မပေးတမ်းဆွဲယူသွားနိုင်တယ်။
    စျေးကြီးတဲ့ဖိနပ်တစ်ရံမှာ ဖိနပ်ကလေးတစ်ရံဝယ်ဖို့တောင် ဝမ်းစာထဲကဖဲ့ထုတ်ပေးနေရတဲ့ သင်္ဘောဆိပ်ကမ်းအလုပ်သမားကြီးတစ်ယောက်ရဲ့ ဘဝပေးဖက်တွယ်မှုကြောင့် ပေးဆပ်လိုက်ရတဲ့ အသက်တစ်ချောင်းကိုတွေ့လိုက်ရတယ်။ဆင်ခြင်မှုက ခံစားမှုအဟုန်ကိုလှမ်းမဆွဲနိုင်တဲ့အခိုက်အတန့်တွေ ကျွန်တော်တို့ဘဝတွေမှာ မြင်မဆုံးကြားမဆံ့ပဲမဟုတ်လား။ဝတ္ထုကသေသပ်လှပတဲ့ ဘဝသရုပ်ဖော်ဝတ္ထုလေးပါ။
    ရွှေချည်ထိုးသက်တံ ဝတ္ထုတိုတွေကို ကျွန်တော်ကဖြတ်ခနဲပြေးတဲ့အရိပ် အပိုင်းအစလေးသဘောလောက်ပဲမျှဝေလိုက်ပါတယ်။ဝတ္ထုတိုအားလုံးသဘောကျစရာပါ။ဝတ္ထုတိုကြိုက်သူတွေ အရွေးမမှားနိုင်တဲ့စာအုပ်ဖြစ်လို့တကူးတက တဖွဲ့တနွဲ့ကြော်ငြာပေးစရာလည်းမလိုဘူးလေ။ရောင်စဥ်ခုနစ်သွယ်သက်တံမှာ ရွှေချည်ထိုးထား
    တဲ့ ၇ယောက်လက်စွမ်းတွေပါပဲ။
    ပိုမိုသဘောကျရတဲ့ဝတ္ထုတွေကို ရွေးပြောမယ်ဆိုရင်တော့ လိပ်ပြာတောင်ပံထက်က ပန်းပန်းချီ၊ဖန်သားမှန်ချပ်ရုပ်ပုံလွှာ၊ကန္တာရနဒီ၊တစ္ဆေတို့ရဲ့တစ်နေ့တာမှတ်တမ်း၊ကောင်းကင်တိမ်ယံမှာ ကြယ်ရောင်စုံတလက်လက်၊မြေကြီးစားသူများ၊မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ၊အနက်ရောင်လက်ဆွဲသေတ္တာထဲက လူ၊စျေးကြီးတဲ့ဖိနပ်တစ်ရံတို့ပါ။
    ကျွန်တော့ဘဝင်ကျသွားတဲ့ဝတ္ထုတိုတွေကတော့မှန်သားဖန်ချပ်ပုံရိပ်လွှာ၊ကောင်းကင်ယံအမှောင်မှာကြယ်ရောင်စုံတစ်လက်လက်၊စျေးကြီးတဲ့ဖိနပ်တစ်ရံတို့ပါ။
    ဖန်သားမှန်ချပ်ရုပ်ပုံလွှာနဲ့ ကန္တာရနဒီ နှစ်ပုဒ်ကိုတော့ချစ်လို့ပြန်ဖတ်မိကြောင်းပါ။
    စာရေးကောင်းကြတဲ့ သက်တံ ၇ရောင်ရဲ့စာတွေ မြန်မာစာပေလောကထဲ များများထည့်ဝင်နိုင်ကြပါစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စံပယ်ဖြူနု စာအုပ်များ