ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်

( 2 မှတ်ချက်)

7000 (ကျပ်)

ရှင်သန်ခြင်းဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အပိုင်းအခြား တစ်ခုပါပဲ…

ရှင်သန်ခြင်းဆိုတာ အနုပညာဖြစ်တယ်၊ ရှင်သန်ခြင်းဟာ သိပ်ကို လှပတယ်၊ ရှင်သန်ခြင်းတွေက အဓိပ္ပာယ်လေးနက်လေ၊ ဘဝက ပိုပြီး အသက်ဝင်လေ ဖြစ်ပါတယ်။

ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တော့ ကွဲပြားနိုင်တယ်။ ဘဝကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ ရှင်သန်ရခြင်းကို ဘယ်လိုခံယူထားသလဲအပေါ်မှာ မူတည်တယ်။ ဘဝဆိုတာ ရုန်းကန်စရာလို့ ခံယူထားလား ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြတ်သန်း သင့်တယ်လို့ ခံယူထားသလား၊ ဘယ်လို ခံယူထားသလဲ၊ ဘယ်အရာတွေကို ယုံကြည်ထားသလဲ၊ ရိုးသားမှုလား၊ ငွေကြေးဥစ္စာလား၊ အောင်မြင်မှုလား၊သာယာပျော်ရွှင်တဲ့ မိသားစုဘဝလား၊ ဒါမှမဟုတ် ဟန်ချက်ညီတဲ့ ဘဝတစ်ခုလား။

ဒီစာအုပ်ထဲမှာတော့ ဘဝရဲ့ ရှင်သန်ခြင်းတွေ အကြောင်း ရေးထားပါတယ်။

ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေကို ဘယ်လိုသတ်မှတ်ကြမလဲ၊ ရှင်သန်ရတဲ့ အဓိပ္ပာယ် ကို ဘယ်လိုရှာမလဲ၊ ဘဝမှာ နောင်တကင်းအောင် ဘယ်လိုနေမလဲ၊ ငြိမ်းချမ်းပျော်ရွှင်မှု အစစ်မှန်ဟာ ဘယ်အရာလဲ၊ ဘဝမှာ ဟန်ချက်ညီစွာ ဘယ်လိုရှင်သန်မလဲ စတဲ့ အကြောင်းအရာတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.5 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ၊ ဇွန်လ၊ (စတုတ္ထအကြိမ်)

51 in stock

ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Win Pa Pa Myat

    ♡ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်♡

    ဆရာမ စူးရှမေရဲ့ တတိယမြောက်ထွက်ရှိထားတဲ့ စာအုပ်လေးပါ။

    ဘဝမှာ စိတ်ဓါတ်ကျ လမ်းပျောက်သည့်တိုင်အောင် ရှင်သန်ခြင်းတွေမှာ မျှော်လင့်ချက် မမဲ့စေဖို့၊ အဓိပ္ပါယ်မမဲ့စေဖို့၊ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်တွေကို အမြဲရှာဖွေတတ်စေဖို့ ရည်ရွယ်ပြီး ရေးသားထားတဲ့
    စာအုပ်လေး ဖြစ်တယ်လို့ အမှာစာက
    တဆင့် သိရပါတယ်။

    ဘဝမှာ ရှင်သန်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီကြမှာတော့ မဟုတ်ပါဘူး။

    ကျွန်မဆိုရင် အေးချမ်းချင်တယ်၊
    အရမ်းကြီး ချမ်းသာချင်တဲ့အထဲတော့
    မပါဘူး။ဒါကြောင့် ကျွန်မရဲ့ ရှင်သန်ခြင်း
    အဓိပ္ပါယ်က အေးချမ်းတဲ့ဘဝလို့ပဲ
    ပြောရပါမယ်။

    လူဆိုတာ လူတွေကြားမှာပဲ နေထိုင်ရတာမို့ စိတ်အထိအခိုက် ဖြစ်ရမဲ့နေ့တွေ၊
    ငိုကြွေးဝမ်းနည်းရမဲ့နေ့တွေ၊ စိတ်မလုံခြုံရတဲ့နေ့တွေရယ်လို့တော့ ဘဝမှာ တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ ဖြတ်သန်း
    ကြရဦးမှာပါပဲ။

    ကျွန်မတို့ ဖြစ်တည်နေတဲ့ ဘဝတွေကို
    ပြောင်းလဲလို့မရပေမဲ့ ဘဝကို
    အပြုသဘောဆန်ဆန် အတွေးတွေနဲ့
    အေးချမ်းစွာ နေထိုင်လို့တော့ ရပါသေးတယ်။

    စာအုပ်လေးထဲကနေ သဘောကျလို့ ရေးမှတ်ထားဖြစ်တဲ့ အချက်အချို့ကိုလည်း အနည်းငယ် မျှဝေချင်ပါတယ်။

    ♡နာကျင်မှုများကြား ရှင်သန်ခြင်း♡

    အဆင်မပြေမှုတွေဟာလည်း
    ခဏတာပါပဲ။

    အဆင်မပြေတဲ့ နေ့ရက်တွေ ကျော်လွန်ရင် ကံကောင်းခြင်းတွေက ကိုယ့်ဆီကို
    တဖန်ပြန်ပြီး ရောက်ရှိလာအုံးမှာပါ။

    ♡သတ္တိရှိသော ရှင်သန်ခြင်း♡

    အပူသောကတွေ ပေးတာက သူတို့အလုပ်ဆိုပေမဲ့ အပူမကူးအောင်
    နေရမှာကတော့ ကိုယ့်တာဝန်ဖြစ်ပါတယ်။

    ကိုယ်ဟာ အနစ်နာခံဖို့၊ အဖြည့်ခံလုပ်ဖို့ မွေးဖွားလာတာ မဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ ပေးဆပ်ဖို့ တာဝန်မရှိပါဘူး။

    ဘဝမှာ ကိုယ်မဖြစ်ချင်တဲ့အရာတွေ
    ဖြစ်မလာဖို့ ကာကွယ်တတ်ရမယ်။

    ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက်လဲ
    ရင်ဆိုင်ရဲရမယ်။

    ♡နောင်တကင်းသောရှင်သန်ခြင်း♡

    မကောင်းတဲ့ အတွေးတွေ ဝင်တဲ့အခါ
    ကောင်းတဲ့ အတွေးတွေ နှစ်ဆပြန်တွေးပေးရမယ်။

    ဘဝဆိုတာ ရွေးချယ်မှုပဲတဲ့။

    ကိုယ်လိုချင်တဲ့ဘဝကို ကိုယ်တိုင်ပဲ ရွေးချယ်ရှင်သန်တတ်ရမယ်။

    မကောင်းတာတစ်ခု လုပ်မိရင် အမှားကို
    ဆင်ခြင်၊ နောက်မလုပ်မိအောင် သတိထားရမယ်။

    ♡ဟန်ချက်ညီသော ရှင်သန်ခြင်း♡

    ဘယ်သူကောင်းကောင်း၊ မကောင်းကောင်း၊ ကိုယ်ကောင်းအောင်နေပါ။

    ပြိုလဲစရာရှိတာပြိုလဲ၊ ပြီးရင်ပြန်ထပါ။

    ဘဝမှာ စောင့်ဆိုင်းသင့်တဲ့ အချိန်တွေမှာ
    စောင့်ဆိုင်းတတ်ဖို့လိုတယ်။

    စိတ်ရှည် သည်းခံသင့်တဲ့အချိန်တွေမှာ
    စိတ်ရှည် သည်းခံတတ်ဖို့လိုတယ်။

    💌ချစ်သော ငါ့ထံ ပေးတဲ့စာ💌

    ဘဝကို ဒီနေရာအထိ လျှောက်လှမ်းလာခဲ့ပေးလို့ ကျေးဇူးသိပ်တင်တယ်။
    ဂုဏ်လဲယူတယ်။

    ဒီနေ့ ဒီအချိန်ထိ
    ဘဝကို လက်မလျှော့ခဲ့တဲ့အတွက် သန်မာမှုတွေကို လေးစားပါတယ်ကွယ်။

    အများကြီး ပင်ပန်းခဲ့တယ်ဆိုတာကို သိတယ်။ တာဝန်ကျေတယ်ဆိုတာထက်လည်း ပိုပါတယ်။

    ရှင်သန်ခြင်းတွေကို
    သိပ်ပြီး မရှုပ်ထွေးစေနဲ့။

    ရှင်သန်ခြင်းတွေကို
    သိပ်ပြီး မခက်ခဲစေနဲ့။

    ရိုးရိုးရှင်းရှင်း ရှင်သန်၊
    ရိုးရိုးသားသားနေထိုင်။

    ဘယ်သူ့ကိုမှလည်း ဒဏ်ရာမပေးနဲ့။

    ဘယ်သူ့ကြောင့်မှလည်း
    ဒဏ်ရာ ရမလာစေနဲ့ကွယ်။

    ချစ်သော ငါ့ထံပေးတဲ့စာ အပိုင်းလေးကတော့ ကျွန်မအတွက် တကယ်ကို Healing ပါပဲ🫶 အသံထွက်ဖတ်ရင်း မျက်ရည်ကျမိတယ်။ စိတ်ထဲက အနာတရတွေကို ဖုံးကွယ်ရင်း မာကျောချင်ယောင်ဆောင်ထားခဲ့တဲ့ စိတ်ပူဖောင်းကလေး ပေါက်ထွက်သွားခဲ့တယ် ထင်ပါတယ်။

    ရှင်သန်ရတဲ့ ဘဝကို တန်ဖိုးထားတတ်ပြီး
    စိတ်နာဖျားမှုတွေ လျော့ပါးစေဖို့အတွက်
    ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်…♡♡♡

    စာရေးသူ ညီမလေး စူးရှမေကိုလည်း
    စာအုပ်ကောင်းလေး ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်❤️

    #စူးရှမေ
    #ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်
    #reviewby하은
    #Aug302023

  2. Swan Arr Kyaw Zan

    ဆရာမစူးရှမေရေးခဲ့သမျှ စာအုပ်တွေထဲက အခု ဒီစာအုပ်ကို ကျနော့်အနေနဲ့ ဖတ်မှတ်ရ အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အသက်ရှင်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ ရှင်သန်ခြင်းတွေမှာက အဓိပ္ပါယ်ရှိရှိနေတတ်ထိုင်တတ်ဖို့ မဖြစ်မနေလုပ်ရတဲ့ အရာတွေ အရမ်းပါနေလို့ပါ။

    အခု ဒီစာအုပ်ထဲမှာ
    ၁။ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်
    ၂။ နာကျင်မှုများအကြား ရှင်သန်ခြင်း
    ၃။ သတ္တိရှိသော ရှင်သန်ခြင်း
    ၄။ နောင်တကင်းသော ရှင်သန်ခြင်း
    ၅။ ဟန်ချက်ညီသော ရှင်သန်ခြင်း ဆိုတဲ့ အပိုင်းငါးပိုင်း ပါဝင်တယ်။ အဲ့ဒါအပြင် ဘဝရှင်သန်မှုအတွက် ကိုယ့်ကိုယ်ကိုယ် ဆုံးမတဲ့ဟန်နဲ့ ကဗျာဆန်ဆန်ရေးပြထားတဲ့ “ချစ်သော ငါ့ထံ့ ပေးတဲ့စာ” ဆိုတဲ့ စာစုတိုကဏ္ဍလေးလည်း ပါတယ်။

    အစစအရာရာ အရမ်းခက်ခဲတဲ့ အချိန်မှာ ရှင်သန်မှု (Survival) အတွက် အဓိပ္ပာယ်ရှိဖို့ လမ်းညွှန်ထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။

    ပတ်ဝန်းကျင်၊ အခြေအနေတွေ၊ အဖြစ်အပျက်တွေ၊ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို ရွေးချယ်လို့ လုံးဝမရပေမယ့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်တွေအတွက် မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့တော့ လိုတယ်။

    ကိုယ့်ရဲ့ ဘဝအဓိပ္ပာယ် သက်ရောက်မှုတွေဟာ Physical မပြောနဲ့။ Mental အထိပါ သက်ရောက်မှုရှိနိုင်တယ်ဆိုတာကို မမေ့နဲ့။

    ရှင်သန်မှုတွေ အဓိပ္ပာယ်ရှိဖို့၊ ဘဝမှာ နေတတတ်အောင် နေဖို့အတွက်
    • စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပေါ့ပေါ့ပါးပါးထားတတ်ဖို့၊
    • ဘဝကို လွတ်လပ်စွာ ရှင်သန်တတ်ဖို့၊
    • ရိုက်ခတ်လာတဲ့ လောကဓံကို ရင်ဆိုင်တတ်ဖို့၊
    • Self-boundary ချတတ်ဖို့၊
    • စိတ်ဒဏ်ရာတွေကို ကုစားတတ်ဖို့၊
    • ကိုယ့်တာဝန်ကိုယ် ကိုယ် ယူတတ်ဖို့၊
    • နောင်တကင်းစွာ ရှင်သန်တတ်ဖို့၊
    • ကိုယ့်ကိုယ်ကိုယ် ရှာဖွေတတ်ဖို့ စတဲ့ ဘယ်လိုစိတ်နေစိတ်ထားနဲ့ ရှင်သန်နေထိုင်ကြမလဲဆိုတာကို ဒီစာအုပ်ထဲမှာ အသေးစိတ် ရေးပြထားပါတယ်။

    ကိုယ်ကိုယ်တိုင် မျှော်လင့်ချက်မဲ့ပြီး လမ်းပျောက်ခဲ့ရာကနေ ကိုယ့်ဘဝအဓိပ္ပာယ်ကို ရှာဖွေနိုင်ခဲ့တဲ့ ဆရာမရဲ့ အတွေ့အကြုံကို အခြေခံပြီး ရေးပြထားတယ်။

    ဒီစာအုပ်ထဲကအကြောင်းအရာတွေဟာ လက်တွေ့ဆန်ပြီး အရမ်းကြီးလေးနက်တာမို့ လွယ်လွယ်နဲ့ လုံးဝ မဖတ်သင့်တဲ့ စာအုပ်ပါ။

    ဆရာမစူးရှမေရဲ့ စာအုပ်တွေထဲက ကျွန်တော့်အနေနဲ့ ဒီစာအုပ် Review အတွက် အခက်ဆုံးပါ။

    ရှင်သန်ဖို့ ခက်ခဲတဲ့ ဒီလောကကြီးမှာ ကိုယ့်ရှင်သန်မှုအတွက် ဘဝအဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စူးရှမေ စာအုပ်များ