
ဘုရားသခင်ကိုစိန်ခေါ်သူ
3500 (ကျပ်)
အသိဥာဏ်ရှိတဲ့ လူသားတွေဟာ ဘဝရဲ့အဓိပ္ပါယ် (meaning of life)ကို ရှာဖွေဖို့ ကြိုးစားကြတယ်။ အသက်ရှင်နေရခြင်းဟာ ရည်ရွယ်ချက်တခုခုရှိရမယ်လို့ ယူဆတာကိုး။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲ။ ဘာအတွက် အသက်ရှင်နေသလဲ။ လူသားတွေဟာ ဘယ်ကလာသလဲ။ သေလွန်တဲ့အခါ ဘယ်ကိုသွားမလဲ။ ဒီမေးခွန်းအားလုံးအတွက် ကျနော်တို့မှာ တိကျတဲ့အဖြေမရှိပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်လဲ ယုံကြည်ပုံခြင်း မတူနိုင်ဘူး။
ဒီစာအုပ်မှာ လူသားတွေရဲ့အစနဲ့ ပတ်သက်ပြီး ပုံပြင်ကြီးသုံးပုဒ် အကြောင်းကို ပြောပြသွားပါတယ်။ ဗြဟ္မာကြီးပုံပြင်၊ အာဒံ ဧဝပုံပြင်နဲ့ ဆင့်ကဲဖြစ်စဥ်ပုံပြင်ရယ်ပေါ့။ ထိုပုံပြင်ကြီးသုံးပုဒ်မှာ လူသားတွေ စတင်ဖြစ်ပေါ်လာပုံခြင်း မတူဘူး။ ဗြဟ္မာကြီးပုံပြင်မှာ လူသားတွေက လေထဲကစတယ်။ အာဒံ ဧဝပုံပြင်မှာဆို ကုန်းပေါ်ကစပြီး ဆင့်ကဲ့ဖြစ်စဥ်ပုံပြင်မှာတော့ ရေထဲကစတင်ပါတယ်။ ပထမဆုံးအနေနဲ့ လေထဲကစတဲ့ ဗြဟ္မာကြီးပုံပြင်အကြောင်း အရင်ပြောတာပေါ့။
ဗြဟ္မာကြီးပုံပြင်လို့ဆိုတဲ့အတိုင်း ဗြဟ္မာပြည်မှ စုတေပြီး ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ ဗြဟ္မာကြီးတွေကနေ ယနေ့လူသားတွေ ဆင်းသက်လာကြတယ်။ ထိုကာလက ကမ္ဘာဦးလူသားတွေဟာ ယနေ့လူသားတွေလို မဟုတ်သေးဘူး။ ဗြဟ္မာပြည်မှ စုတေလာတာ မကြာသေးလို့ သူတို့မှာ ဘုန်းတန်ခိုး အာနုဘော်တွေ ကျန်ရှိနေသေးတယ်။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပတယ်။ ဘာမှစားစရာမလိုပဲ ပီတိကိုစားပြီး အားဖြစ်တယ်။ ကောင်းကင်ပေါ်မှာပဲ စျာန်နဲ့သွားလာလှုပ်ရှားကြတယ်။ ထိုအချိန်ထိ မြေကြီးမနင်းဖူးကြသေးဘူး။
ဒီလိုနဲ့ ကမ္ဘာဦးလူသားတွေထဲက တစ်ယောက်ဟာ မြေကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ မြေဆီလွှာကို စတင်စမ်းသပ်စားသုံးကြည့်တယ်။ မြေဆီလွှာရဲ့အရသာဟာ အလွန်ကောင်းမွန်တာကြောင့် တခြားအဖော်တွေကိုပါ စားသုံးကြည့်ဖို့ တိုက်တွန်းတယ်။ အခြားလူတွေလဲ ကောင်းကင်ပေါ်ကနေ မြေကြီးပေါ် ဆင်းလာကြပြီး မြေဆီလွှာကို ပျော်ပျော်ကြီး စားသုံးကြတယ်။ ထိုအချိန်မှစ၍ လူတွေမှာ လောဘတဏှာ စတင်ဝင်ရောက်လာခဲ့တယ်။ အကျိုးဆက်က ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ကွယ်ကုန်တယ်။
မြေဆီလွှာတွေဟာ စားပါများတော့ တဖြည်းဖြည်း ပျောက်ကွယ်ကုန်တယ်။ လူတွေရဲ့ စားချင်စိတ်လောဘကတော့ တိုးပြီးရင်းတိုးလာတယ်။ မစားရမနေနိုင်တဲ့စိတ်ကြောင့် မှိုပွင့်တွေ စားတယ်။ နွယ်ပင်တွေ၊ စပါးပင်တွေစားတယ်။ ထိုအချိန်က စပါးပင်တွေဟာ ပဒေသာပင်တွေလိုပဲ ဘယ်လောက်ဆွတ်ဆွတ် မကုန်ခမ်းနိုင်ဘူးတဲ့။ နူးညံ့တဲ့မြေဆီလွှာကိုစားနေရာမှ ကြမ်းတမ်းတဲ့ စပါးတွေကို စားလာကြတယ်။ စားသောက်နေထိုင်ပုံတွေ ပြောင်းလာတာကြောင့် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပုံသဏ္ဌာန်တွေ ကွဲပြားလာတယ်။ အကုသိုလ် အနည်းအများပေါ် မူတည်ပြီး ယောင်္ကျား၊ မိန်းမ လိင်ကွဲပြားသွားတယ်။
ဗြဟ္မာကြီးပုံပြင်ဟာဆိုရင် အစပထမ မြင့်မြတ်တဲ့လူမျိုးတွေကနေ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် အဆင့်အတန်း နိမ့်ကျလာတယ်။ ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပျောက်သွားတယ်။ ကောင်းကင်ပေါ် မပျံသန်းနိုင်တော့ဘူး။ ရုပ်ရည်ကြမ်းတမ်းလာပြီး ယောင်္ကျား၊ မိန်းမ လိင်ကွဲပြားလာတယ်။ ဒါဟာ ဆုတ်ယုတ်ခြင်းကို ပြသတယ်လို့ဆိုတယ်။ လူ့သက်တမ်းတစ်လျှောက် ယနေ့အချိန်ဟာ အဆုတ်ယုတ်ဆုံးကာလလို့ သတ်မှတ်တယ်။ ဒါဟာ လူသားတွေအစနဲ့ ပတ်သက်တဲ့ ဗြဟ္မာကြီးပုံပြင်ပေါ့။
ဗြဟ္မာကြီးပုံပြင်ပြီးတဲ့အခါ ကုန်းပေါ်ကစတဲ့ အာဒံ ဧဝပုံပြင်အကြောင်း ပြောတာပေါ့။ အာဒံ ဧဝပုံပြင်မှာ အချိန်ကာလကို တိတိကျကျ ဖော်ပြထားတယ်။ ဘီစီ (၄၀၀၄)၊ အောက်တိုဘာလ (၂၃)ရက်၊ မနက် (၉)နာရီမှစ၍ (၆)ရက်တိတိ ဘုရားသခင်က စကြဝဠာအတွင်း ရှိရှိသမျှ အလုံးစုံကို ဖန်ဆင်းတော်မူတယ်လို့ ဆိုတယ်။ အစပိုင်းရက်တွေမှာ နေ့တွေ၊ ညတွေ၊ ကြယ်တွေ၊ ဂြိုဟ်တွေကို ဖန်ဆင်းတယ်။ တတိယမြောက်နေ့မှာမှ ပထမဆုံးသက်ရှိဖြစ်တဲ့ ဆဲလ်များနဲ့ ဖွဲ့စည်းထားတဲ့ အပင်တွေကို ဖန်ဆင်းတော်မူတယ်။
ဒီလိုနဲ့ ခြောက်ရက်မြောက်နေ့ရောက်တဲ့အခါမှာ ဘုရားသခင်က မြေမှုန်ကနေ အာဒံဆိုတဲ့ လူအမျိုးသားကို အသက်သွင်းလိုက်တယ်။ အာဒံရဲ့ ရုပ်ရည်ဟာ ဘုရားသခင်ရဲ့ ပုံတူပဲလို့ဆိုတယ်။ နောက်တော့ အာဒံရဲ့ နံရိုးတစ်ချောင်းကိုယူကာ ဧဝဆိုတဲ့ အမျိုးသမီးကို ဖန်ဆင်းတယ်။ ယနေ့ကမ္ဘာ့ပေါ်ရှိ လူသားအားလုံးဟာ အာဒံနဲ့ဧဝမှ ဆင်းသက်လာတဲ့ အမျိုးအနွယ်တွေချည်းဖြစ်တယ်။ ဗြဟ္မာကြီးပုံပြင်နဲ့ မတူတာက ယနေ့လူသားတွေဟာ ကမ္ဘာဦးလူသားတွေရဲ့ရုပ်ရည်သွင်ပြင်အတိုင်း အပြောင်းအလဲမရှိဘူး။
သူတို့နေထိုင်ရာ ဧဒင်ဥယျာဥ်ကြီးဟာ တိုက်ဂရစ်နဲ့ ယူဖရေးတီး မြစ်နှစ်စင်းဆုံရာအရပ်မှာရှိမယ်လို့ ခန့်မှန်းတယ်။ ဘုရားသခင်က အာဒံကို ဥယျာဥ်ထဲက ကြိုက်တဲ့အသီးမှန်သမျှ စားလို့ရတယ်။ သို့သော် အပင်တစ်ပင်ကအသီးကို မစားဖို့တားမြစ်တယ်။ အာဒံနဲ့ ဧဝဟာ ဘာအလုပ်မှလုပ်စရာ မလိုပဲ ဥယျာဥ်ထဲက သီးပင်စားပင်တွေကို ပျော်ပျော်ကြီး စားသောက်ကြတယ်။
တစ်ရက်တော့ မြွေတစ်ကောင်ရဲ့စကားကို နားယောင်ပြီး တားမြစ်ထားတဲ့အသီးကို စမ်းသပ်စားသုံးကြည့်တယ်။ ဒါကို ဘုရားသခင်သိသွားတော့ အမျက်တော်ရှပြီး နဖူးကချွေး ခြေမ ကျအောင် အလုပ်လုပ်ပြီးမှ ရလာတဲ့ပေါင်မုန့်နဲ့သာ နင်တို့တန်တယ်ဟုဆိုကာ အသီးအနှံပေါကြွယ်ဝတဲ့ ဥယျာဥ်ကြီးမှ မောင်းထုတ်လိုက်တယ်။ ဒီလိုနဲ့ သူတို့ဟာ စိုက်ပျိုးရေးကို ပထမဆုံးစတင်လုပ်ကိုင်ခဲ့တဲ့ လယ်သမားတွေ ဖြစ်လာကြတယ်။ ဒါကတော့ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတဲ့ အာဒံ ဧဝပုံပြင်ပါပဲ။
အခုနောက်ဆုံးပြောမယ့် ပုံပြင်ကတော့ ဆင့်ကဲဖြစ်စဥ်ပုံပြင်ပဲ ဖြစ်တယ်။ ၎င်းပုံပြင်မှာ လူအပါအဝင် သက်ရှိတွေအားလုံးဟာ ပင်လယ်ရေထဲမှာ အစပြုခဲ့တယ်။ ဒါကြောင့် လူသားတွေဟာ ရေထဲကလာတယ်လို့ ဆိုတာပေါ့။ ဒီပုံပြင်မှာ အပေါ်ကပုံပြင်တွေနဲ့ မတူတဲ့အချက်က လူတွေဟာ အဆင့်အတန်းမြင့်ရာမှ နိမ့်ကျသွားတာမဟုတ်ပဲ အဆင့်နိမ့်ဆဲလ်တစ်လုံး သက်ရှိလေးကနေမှ အဆင့်ဆင့် ဆင့်ကဲတိုးတက်ပြောင်းလဲလာခြင်းဖြစ်တယ်။ ဗြဟ္မာကြီးတွေလို ပီတိကိုစားပြီး အားမဖြစ်ခဲ့သလို အစားအစာတွေဟာလဲ ဧဒင်ဥယျာဥ်ကြီးလို လိုသလောက် အာဟာရတွေ ထုတ်မပေးခဲ့ဘူး။ သက်ရှိတွေဟာ အသက်ရှင်ရပ်တည်ဖို့ အပြိုင်အဆိုင် ကြိုးစားရုန်းကန်ရတယ်။
လူတွေဟာ ငါးတွေ၊ ကုန်းနေရေနေ သတ္တဝါတွေ၊ တွားသွားသတ္တဝါတွေ အဆင့်ဆင့်ဖြစ်လာပြီးမှ ယနေ့လို အသိဥာဏ်ရှိသတ္တဝါတွေ ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ဒါကြောင့် လူနဲ့ ငါးတွေဟာ တချိန်က အမျိုးတော်စပ်ခဲ့သလို ကြွက်တွေ၊ မျောက်တွေနဲ့လဲ အမျိုးတော်စပ်ခဲ့တယ်။ အပေါ်က ပုံပြင်တွေဟာ နားထောင်လို့ကောင်းပါတယ်။ ငါတို့ဘိုးဘေးတွေဟာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့ ဗြဟ္မာကြီးတွေပဲ။ ငါတို့ဘိုးဘေးတွေဟာ နိဗ္ဗာန်ဘုံ ဧဒင်ဥယျာဥ်ကြီးထဲက ဘုရားသခင်ရဲ့အလေးပေးခံရတဲ့ မြင့်မြတ်တဲ့လူသားတွေပဲလို့ ဆိုထားတာကိုး။
ဆင့်ကဲဖြစ်စဥ်ပုံပြင်မှာတော့ ငါတို့ဘိုးဘေးတွေဟာ လူလာရင် ငှက်ပျောသီးလက်ဖြန့်တောင်းတဲ့ တိရစ္ဆာန်ရုံက မျောက်တွေနဲ့ အမျိုးတော်တယ်လို့ ဆိုထားလေတော့ ဘယ်သူမှ ဆက်နားမထောင်ချင်တော့ဘူး။ ဒီစာအုပ်မှာ နားထောင်လို့ကောင်းတဲ့ အကောင်းဆုံးပုံပြင်တစ်ပုဒ်ဖြစ်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ ဆက်လက်ရှုစားတော်မူကြပါ။
စာမျက်နှာ | 160 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2022 ၊ ဖေဖော်ဝါရီလ (ဒု-ကြိမ်) |
6 in stock
Kaung Kaung –
စိတ်ဝင်စားစရာတွေပြည့်နက်နေပြီး ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ