စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့

( 2 မှတ်ချက်)

5000 (ကျပ်)

• “စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့” စာအုပ်လေးကို စာအပုဒ်ရေ (၆၇) ပုဒ်နဲ့ ဖန်တီးထားပါတယ်။ ဒီစာအုပ်လေးက အဆင်မပြေမှုတွေကို ကျော်ဖြတ်ဖို့နဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားဖြစ်စေမယ့် Motivation စာအုပ်လေးပါ။ Motivation ဆို‌ပေမယ့် ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာ‌လေးတွေကို နားလည်လွယ်အောင် ရေးဖွဲ့ထားပါတယ်။

• နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တချို့ကို စကားလုံးတွေအဖြစ် ပြောင်းလဲထားပါတယ်။- မိသားစုအပေါ် တာဝန်ကျေချင်တဲ့သူတစ်ယောက် ဖြစ်ချင်ကြောင်း၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သန်မာစွာနဲ့ကျော်ဖြတ်ပြီး ပျော်ရွှင်အောင်နေကြောင်း၊ ပင်ပန်းနေရင်လည်း အားတင်းထားသင့်ကြောင်း၊ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူတွေအပေါ် ကျေးဇူးဆပ်ချင်တဲ့အကြောင်း၊ ဘယ်သူ့ကိုမှ မကောင်းဘူးမပြောဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေတဲ့အကြောင်းတွေ အပြင် လူတချို့ကြောင့် စိတ်တွေပင်ပန်းခဲ့ပြီး…စိတ်ပင်ပန်းခြင်းမှ ရုန်းထွက်နိုင်ဖို့၊ ဖြစ်တည်မှုအားလုံးကို ကျေနပ်ရောင့်ရဲတတ်ဖို့၊ – ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့၊ – ဘယ်သူကိုမှအပြစ်မမြင်ဘဲ ဘဝကို အေးချမ်းစွာ၊ ပျော်ရွှင်‌ကျေနပ်စွာ ရှင်သန်ပြီး တန်ဖိုးရှိအောင်နေဖို့လည်း ရေးသားထားပါတယ်။

• ဒီစာအုပ်လေးဖတ်ပြီးရင် စိတ်တွေ ပေါ့ပါးလန်းဆန်းပြီး စိတ်ခွန်အားတွေ ရပါလိမ့်မယ်။ပင်ပန်းတာတွေ ပျောက်ဖို့နဲ့ နေ့ရက်တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်လေးဖြစ်တာမို့ ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2023 စက်တင်ဘာလ (ပထမ-ကြိမ်)

10 in stock

စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    လူငယ်တစ်ယောက်ရဲ့ ရင်ထဲက ဆန္ဒတွေနဲ့ ဖြစ်ချင်တဲ့ အိမ်မက်၊ ရင်ထဲက ပဲ့တင်ထပ်သံတွေကို ဒီစာအုပ်ကနေ တဆင့် ခံစားမိပါလိမ့်မယ်။

    ခေါင်းစဥ်ခွဲ တစ်ခုစီတိုင်းက အဆက်အစပ် မရှိတာမို့ လွတ်လပ်စွာနဲ့
    အဆင်ပြေရာ စာမျက်နှာကို ဖတ်လို့လည်း ရပါတယ်။

    Motivation စာလေးတွေလို့ ပြောထားပေမယ့် ကျွန်မအတွက်တော့ စိတ်ခွန်အားပေးတဲ့ ပုံစံမျိုးထက် လူငယ်တွေအချင်းချင်း မျှဝေ ခံစားလို့ရတဲ့ ခံစားချက်တွေကို ထုတ်ဖော် ပြောပြသွားတယ်လို့ ပိုပြီး ခံစားမိစေပါတယ်။

    သဘောကျမိတဲ့ စာလေးတွေကတော့

    🗣တစ်နေ့တာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေရယ်၊ ကြားရတဲ့ စကားတွေထဲကမှ ကိုယ့်အတွက် ကောင်းတာတွေပဲ သိမ်းတယ်။

    ဒီစာလေးက ရိုးရှင်းပေမယ့် အတွေးတွေ အများကြီးကို ပေးသွားတာရယ်။
    ကျွန်မတို့ ကြုံသမျှ အကောင်း၊အဆိုးအဖြစ်အပျက်တွေထဲမှာဆိုရင် negative energyဖြစ်စေတဲ့ အရာတွေကိုပဲ ပိုပြီး ခေါင်းထဲ ထည့်နေမိတာ များပါတယ်။ကျွန်မကိုယ်တိုင် အပါအဝင်ပါပဲ။”ကောင်းတာတွေပဲ သိမ်းတယ်”ဆိုတဲ့ဒီစာစုလေးက ကျွန်မတို့အတွက်daily reminderတစ်ခုဖြစ်စေမှာပါ။

    နောက်ထက် သဘောကျမိတဲ့ စာစုလေးကတော့ “သိတာတွေ များလေလေ၊ ပိုတိတ်ဆိတ်လာလေတဲ့။”

    တကယ် လူတွေအကြောင်း ထဲထဲဝင်ဝင် သိလာရတော့ energyကျတယ်၊ နောက်ပြီး inner conflict တွေများလာတယ်၊ စိတ်မှာလည်း အကုသိုလ်အညစ်အကြေးတွေ ပိုဖြစ်လာရတာ အမှန်ပါပဲ။

    လူဝင်ဆန့်ဖို့ထက် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း နေချင်မိတာမျိူးပေါ့လေ…။💭

    စာအုပ်လက်ဆောင်ရထားတာလေးက နည်းနည်း ကြာပါပြီ။ဒီရက်ပိုင်းထဲ စာသိပ်ဖတ်ချင်စိတ် မရှိတာကြောင့် မဖတ်ဘဲနေရင်း ဒီစာအုပ်လေးတော့ ဒီနေ့အတွက် ဖတ်ဖြစ်ခဲ့ပါတယ်။

    စိတ်အေးချမ်းနေလို့ စာဖတ်တာ မဟုတ်ဘဲ အတွေးများနေလို့ စာအုပ်ထဲ ခဏဝင်ပုန်းလိုက်တဲ့သဘောပါ✌️✨️

    စာအုပ်လက်ဆောင်ပေးတဲ့ ညီမလေး Honeyကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်🥰❤️

    စာအုပ်လေး ရေးသားပေးတဲ့ ဆရာ သဟာဆွေလှိုင်း ကိုလည်း ကျေးဇူးတင်ပါတယ်။

  2. Htet Htet Tin Zar

    💙 မငိုတတ်တော့တာမဟုတ်ဘူး၊
    မငိုတတ်ဖို့ ဖြေသိမ့်တတ်သွားတာပါ။
    အချိုးမကျတဲ့ ပေါင်းစပ်မှုတွေကြားမှာ
    ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတတ်သွားတာ။
    ဘယ်သူ့ကိုမှ ကြောက်သွားတာ မဟုတ်ဘူး၊
    လူတချို့နဲ့ မပတ်သက်ချင်တော့တာ … 💙
    __________________________

    🔵 နေ့စဉ် ကြုံတွေ့ ရတဲ့အဖြစ်အပျက်တချို့ကို စကားလုံးတွေ အဖြစ် ပြောင်းလဲထားပါတယ်။ “စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း စာအုပ်လေးဖတ်ပြီးတဲ့အခါ စိတ်တွေ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ ပတ်ဝန်းကျင်နဲ့ အနားကလူတချို့ ကို ပြောချင်ပေမဲ့ မပြောဖြစ်တဲ့စကားတွေကို ကိုယ်တိုင်ပြောနေရသလို ခံစားရပါ လိမ့်မယ်။ (~ ဆရာသဟာဆွေလှိုင်း၏ အမှာစာမှ)
    __________________________

    🟦 ဆရာသဟာဆွေလှိုင်းရဲ့ ❝စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့❞ ဆိုတဲ့ ဒီစာအုပ်လေးက ဆရာ့ရဲ့ ဒုတိယမြောက်စာအုပ်လေးပါ။ ပထမစာအုပ်လေးလိုပဲ ရင်းနှီးနွေးထွေးတဲ့ စကားပြောအရေးအသားနဲ့ပဲ ရေးထားတာမို့ ဖတ်ရတာ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ နေ့စဉ် ဖြတ်သန်းနေရတဲ့ လောကကြီးထဲမှာ စိတ်ပင်ပန်းစေအောင် ဖြစ်ပေါ်လာတတ်တဲ့ အရာတွေကို ဆရာကတော့ဖြင့် ဘယ်လိုကျော်လွှားနေတာ၊ ဘယ်လိုဖြတ်ကျော်သွားမှာ၊ ကြိုးစားနေဆဲမှာ ဘယ်စိတ်မျိုးထားနေမှာဆိုပြီး သူ့ရဲ့ခံစားချက်လေးတွေကို ပေါ့ပေါ့ပါးပါး ရေးထားတဲ့ စာစုလေးတွေပါ။ ဒီလိုမျိုး တွေးစရာ၊ ဆင်ခြင်သုံးသပ်စရာ စာစုလေးတွေ စုစုပေါင်း (၆၇) ပုဒ် ပါပါတယ်။
    __________________________

    💙 စိတ်ပင်ပန်းခြင်းမှ ပျော်ရွှင်ခြင်းဆီသို့ 💙

    ကိုယ့်ကို နာကျင်စေသမျှ အရာအားလုံးကို လွှတ်ချတော့ မယ်။ အချစ်ကြောင့်ဖြစ်စေ၊ သူငယ်ချင်းကြောင့်ဖြစ်စေ နာကျင်ရတာတွေကို မေ့ပစ်တော့မယ်။ မိသားစုနဲ့ ကိုယ့်အပေါ်ကောင်းတဲ့သူကလွဲရင် ဘာကိုမှ မတွယ်တာတော့ဘူး။

    “ဘယ်သူ့ဆီက ဘာရပါစေ” ဆိုပြီးတော့လည်း မမျှော်လင့်တော့ဘူး။ မရနိုင်တဲ့မေတ္တာကို “အများကြီး ပိုင်ဆိုင်နိုင်ပါရစေ” ဆိုပြီးတော့လည်း မမက်မောတော့ဘူး။ ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့ အရာအားလုံးကို မလိုချင်တော့တာ။ မျှော်လင့်ချက်ကြီးထမ်းထားပြီးတော့လည်း မစောင့်ချင်တော့ဘူး။

    အရာအားလုံးက ဖြစ်သင့်တာလောက် ဖြစ်ခွင့်ရမှာမို့ ဖြစ်သမျှကို ကျေကျေနပ်နပ်ကြီး လက်ခံတော့မယ်။ “အနားမှာ နေပါ” ဆိုပြီးတော့လည်း လက်ကို အတင်းဆွဲ မထားချင်တော့ဘူး။ ကိုယ့်စိတ်ကို ပျော်အောင် ထားမယ်၊ ဖြစ်ပျက်သမျှကို ကျေနပ်စွာ လက်ခံပြီး အချိန်တိုင်းကို ပျော်ပျော်နေတော့မယ်။ နှစ်ဆယ့်လေးနာရီနဲ့ ခုနစ်ရက်လုံး မျက်နှာကို ကြည်လင်နေအောင် ပြုံးမယ်။

    မာယာများတဲ့သူတွေနဲ့လည်း မသိချင်တော့ဘူး။ ငါ့စိတ်မှာ ဒဏ်ရာတွေလည်း မရှိတော့ဘူး။ ဒီနေ့ကစပြီး စိတ်ပင်ပန်းမခံတော့ဘူး။ ဘဝရဲ့ အဖြစ်အပျက်တွေကို အကောင်းဆုံးတုံ့ပြန်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ပဲ ဖြတ်သန်းတော့မယ်။

    🔵 မိသားစုဆင်းရဲတယ်ဆိုတဲ့ မျိုးဆက်ကို ကိုယ့်လက်ထက်မှာ ဖြတ်ချင်တယ် … 🔵

    ငယ်ငယ်က ဆင်းရဲပေမဲ့ အသက်နှစ်ဆယ်ကျော်လာတဲ့အခါ ဆင်းရဲခြင်းနွံက ပြေးထွက်ချင်တယ်။ ဒါကြောင့်ပဲ အလုပ်တွေ ပိုပြီး ကြိုးစားဖြစ်တယ်။ ကိုယ့်မိသားစု မချမ်းသာခဲ့ရင်တောင် နေနိုင်၊ ထိုင်နိုင်တဲ့ အနေအထားလေးတစ်ခုထိတော့ ရောက်ချင်တယ်မဟုတ်လား။ ချွေးစက်တွေကို ငွေနဲ့လဲခဲ့တယ်။

    မိသားစု အဆင်ပြေအောင်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်တယ်။ လူငယ်ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို မဖြစ်စလောက် လစာလေးနဲ့ လဲပစ်ခဲ့ရတယ်။ အခုထိတော့ အချစ်ဟာ ဖြူလား၊ မည်းလား သေချာမသိဘူး။ သေချာတာတစ်ခုက မိသားစုအတွက် စိတ်ပူစရာမလိုတဲ့ အခြေအနေရောက်မှ လက်ထပ်ဖြစ်မှာပါ။ မိသားစုအတွက် ကြိုးစားချင်တယ်။ မိဘလိုချင်သမျှ ဖြည့်ဆည်းချင်တယ်။

    အိပ်မက်တွေ ဈေးမကြီးပါဘူး …
    အိပ်မက်တွေ ဈေးပေါတဲ့ထိ မကြိုးစားရသေးတာပါ…

    နယ်မြို့မှာကြီးပြင်းခဲ့ရတဲ့ အခြေခံလူတန်းစားလေး တစ်ယောက် မိသားစုအတွက် ကြိုးစားနေပါတယ်။ ပိုက်ဆံရှာနိုင်တဲ့အရွယ်ရောက်တော့ စိတ်ထဲမှာ အမြဲတွေးမိတာတစ်ခုက ဖတ်ခဲ့ဖူးတဲ့ စာစုလေးတစ်ခုလိုပဲ။ “မိသားစုဆင်းရဲတယ်ဆိုတဲ့ မျိုးဆက်ကို ကိုယ့်လက်ထက်မှာ ဖြတ်ချင်တယ်…” အိမ်မက်တွေအတွက် အကောင်းဆုံးကြိုးစားနေပါတယ်။

    🟦 သက်သောင့်သက်သာလေး နေချင်တာပေါ့၊ ဒါပေမဲ့ … 🟦

    မဖြစ်ချင်တာတွေလည်း ဖြစ်နေရတယ်။ မလိုချင်တာတွေလည်း ရနေတတ်တယ်။ ဖြစ်ချင်တာတွေနဲ့လည်း ဝေးကွာနေရတယ်။ အရမ်းပင်ပန်းလာတဲ့အခါ သက်သောင့်သက်သာလေးပဲ နေချင်တော့တဲ့အတွေးတွေ ဖြစ်ပေါ်လာလေ့ရှိတယ်။ Comfort Zone ထဲ ပြေးဝင်ပစ်ချင်တဲ့အထိ လက်လျှော့ချင်ဖူးတယ်။

    အသက်နှစ်ဆယ်ကျော် လူငယ်ပဲလေ … သက်သောင့်သက်သာလေး နေချင်တာပေါ့၊ ဒါပေမဲ့ ရည်မှန်းချက်အိပ်မက်တွေအတွက် လူတွေရဲ့ နှိမ့်ချမှုတွေ အောက်မှာ ခေါင်းညိတ်လိုက်ရတာတွေလည်း ရှိပါတယ်။

    သက်သောင့်သက်သာလေး နေချင်တာပေါ့၊ ဒါပေမဲ့ …
    မိဘတွေကို ပြည့်ပြည့်စုံစုံထားချင်လို့ လေ့လာရဦးမယ်ဆိုတဲ့ အသိနဲ့ အပင်ပန်းခံနေရတာတွေရှိတယ်။ “လူ့အောက်ကျို့လို့ လူမပိဘူး” ဆိုပေမဲ့ “စိတ်တွေ ပိသွားခဲ့ဖူးတယ်”

    သည်းခံချင်စိတ်တွေ ကုန်သွားသည်အထိ လူ့အောက်ကျို့ခဲ့ဖူးတယ်။ အမှန်အတိုင်းပြောရရင် ဘယ်သူ့ကိုမှ သည်းမခံဘဲ ပြန်ပြောလိုက်ချင်ပေမဲ့ နှုတ်ဆိတ်လိုက်ရတဲ့အချိန်တွေ ရှိတယ်။

    ဒါတွေဟာ…
    ငါကြိုးစားနေလို့ ဖြစ်တည်လာတဲ့ လောကဓံတွေဆိုတာကို သိရှိနားလည်သွားပြီး ခွင့်လွှတ်ပေးလိုက်တယ်။

    သက်သောင့်သက်သာလေး နေချင်တာပေါ့၊ ဒါပေမဲ့ …
    ကိုယ့်ဘဝအခြေအနေကို ဒီထက်ပိုမြင့်ချင်လို့ အပင်ပန်းခံပြီး ကြိုးစားလိုက်ဦးမယ်။

    သက်သောင့်သက်သာလေး နေချင်တာပေါ့၊ ဒါပေမဲ့ …။

    💙🔵🟦💙🔵🟦

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သဟာဆွေလှိုင်း စာအုပ်များ