ဖြည်ရန်ကျန်သောဆက်ထုံးများ

( 4 မှတ်ချက်)

7000 (ကျပ်)

🖤ဓာတ်ခွဲခန်းထဲမှာ နှစ်ပေါင်းများစွာ အမုန်းတရားတွေနဲ့ စောင့်ဆိုင်းနေသော အမျိုးသမီးတစ်ဦးအကြောင်း🖤

▫️ ဓာတ်ခွဲခန်းထဲမှာ နှစ်ပေါင်းများစွာ ငြီးငွေ့စက်စုပ်ဖွယ်အတိ၊နာကျည်းမှုများအပြည့် နှင့်အတူ ဖြူဖျော့ဖျော့ ပိန်ပါးပါး တင်းစေ့နေသောနှုတ်ခမ်းများ ရှိသည့် အစိမ်းဖျော့ ပါတိတ်ဝမ်းဆက် နှင့်သူမ ဘာကို စောင့်နေခဲ့သလဲ…။သူမရဲ့အာသီသ နဲ့ အမုန်းအာဃာတများ ဖြန့်ကျက်ရာ ထိုဓာတ်ခွဲခန်း ထဲသို့ ..ချောမောထက်မြက်သော ဆရာဝန်မ ငယ်ငယ်လေးတစ်ယောက် ရောက်လာသောအခါ…။ထိုဆရာဝန်မလေးက သူမကဲ့သို့ပင်..ပြတ်သားတိကျ ခိုင်မာသော ရည်ရွယ်ချက်များ ထပ်တူကျနေခဲ့ရာ..။ သူမ ဆွဲငင်ရာ…စက်ဝန်းအတွင်း ထိုဆရာမဝန်မလေး က တဖြည်းဖြည်းချင်းအလိုက်သင့် ရောက်ရှိလာခဲ့ရာ…။သူမ နဲ့ ဆရာဝန်မလေး နှစ်ယောက်သား ဓာတ်ခွဲခန်းထဲမှသည်…မည်သို့သော ဦးတည်ရာသို့ရှေ့ဆက် သွားကြဦးမလဲ…ဖြည်ရန်ကျန်ရှိနေသောဆက်ထုံးများ မည်မျှ ကျန်ရှိနေဦးမည်လဲ…?

▫️ ပရလောကသားများလွတ်လပ်စွာ ကျက်စားတတ်သော နေရာဌာနများတွင် လူရှင်းသော လူခြေတိတ်သောဆေးရုံ ပရဝဏ် များနှင့် ဓာတ်ခွဲခန်း၊သိုလှောင်ခန်းကဲ့သို့သော နေရာများအပါအဝင်ဖြစ်သည်။ သို့သော်..ထိုနေရာများမှ ပရလောက အတွေ့အကြုံများသည် အခြားသော သုဿန် ၊ခြောက်လှန့်တတ်သောအိမ်ကြီးများနှင့် အဝေးပြေးလမ်းမများတွင် ကြုံခဲ့ရသော အဖြစ်ပျက်များလောက် ဟိုးလေးတကျော် မကြားရတတ်​ချေ။ ထိုကြားရခဲသော ပရလောက သတင်းစကားနှင့်ကိုယ်တွေ့အဖြစ်ပျက်များကို စာရေးသူ ဂျူလီယာ မြင့်သိန်း ( ရှေ့ဖြစ်ဟောသူ) မှ တစ်ဆင့်…စိတ်ဝင်စားဖွယ် ဆင်ခြင် တွေးတောစရာဝထ္ထုတစ်ပုဒ်အဖြစ် ဖတ်ရှူရမည်ဖြစ်သည်။

▫️ ဝထ္ထုထဲတွင် ပရလောကသားများနှင့်ပတ်သက်၍ခြောက်ခြားတုန်လှုပ်ဖွယ်ဇာတ်လမ်း၊ ဇာတ်ကွက်များကို အသားပေးလွန်းခြင်းမရှိပဲ ထိုပရလောကသို့မရောက်မီ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာဇောများ..တစ်စ တစ်စ ပြောင်းလဲလာပုံ…ဇောစိတ်များ က ကံတရားနှင့်ပါတ်ဝန်းကျင်ကို တဖြည်းဖြည်းဖော်ဆောင်လာပုံ…ဘဝတစ်ခု အဆုံးသတ်ခါနီး နောက်ဆုံးထွက်သက်တွင် ကြီးမားသောစိတ်ဇောက ပရလောက သို့ တွန်းပို့လာပုံ…တို့ကို အာရုံမလွတ်တမ်း မြင်ရမည်ဖြစ်သည်။

📖စာရေးသူမှာ ငယ်စဉ် သူမနေထိုင်ရာအိမ်မှစ၍ပရလောကအဆက်အသွယ်များကြုံခဲ့ရသော်လည်း နှစ်ကာလအပိုင်းခြားတော်တော်ကြာသည့်အထိ အဆက်ပြတ်နေခဲ့သည်။ ဟောပြောခြင်းများ ပြန်လည်လုပ်ကိုင်သည့် အသက်ပိုင်းခြားမှစ၍ ပရလောက အတွေ့ကြုံများ ပြန်လည်ရရှိလာခဲ့သည်။ အထုံဗီဇ အရ လူသားနှင့်ပရအကြားအခက်ခဲများကို ဖြေရှင်းသူတစ်ယောက်ဖြစ်လာခဲ့သည်။ စာရေးသူဂျူလီယာမြင့်သိန်း၏ ဖြည်ရန်ကျန်သောဆက်ထုံးများ စာအုပ်လေးကို စိတ်ပိုင်းဆိုင်ရာ နှင့်ပရလောက စပ်ဆက်မှုကို စိတ်ဝင်တစားလေ့လာလိုသူများ ဖတ်ရှူရန် သင့်လျော်လှသည်။

စာမျက်နှာ

208

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ ၂၀၂၃ ဩဂုတ်လ (ပထမ-ကြိမ်)

15 in stock

ဖြည်ရန်ကျန်သောဆက်ထုံးများ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Yuri

    ပန်းဆက်လမ်း FB page မှာတင်ထဲကဖတ်ချင်လွန်းလို့ နှစ်ခါတောင်စဉ်းစားမနေပဲ တန်းမှာလိုက်တာ။ ခြောက်လှန့်တဲ့ရည်ရွယ်ချက်နဲ့ ကြောက်စရာကောင်းတဲ့ပုံစံတွေရေးထားတာမဟုတ်ပဲ ဇာတ်လမ်းဇာတ်ကွက်နဲ့ပါမယ်ဆိုတာ မှန်းဆမိတာအပြင် ဒီလိုပရလောကဇာတ်လမ်းမျိုးဖတ်ချင်‌ေနမိတာလည်းကြာပြီ စိတ်ဝင်စားစရာမတွေ့ခဲ့လို့။ စာအုပ်ပါအကြောင်းအရာတွေက ဗဟုသုတရစရာ သံ‌ေဝဂရစရာတွေကြီးပါပဲ၊ အဲတာဖတ်ပ့ီးမှ သတ္တဝါတိုင်းကို ခွင့်လွှတ်နားလည်နိုင်သွားတယ်။ မှတ်မှတ်ရရ စာအုပ်ရပီ့း စဖတ်တဲ့နေ့ကဆို အမေကိုတောင်ပြောလိုက်သေး သရဲတစ္ဆေတွေကို မကြိုက်ဘူး မုန်းတယ် ဘာလို့ဆို အနှောင့်ယှက်ပေးလို့ သူတို့အကြောင်းကြားရက်ကိုဒေါသထွက်မိတယ်ဆိုပြီး။ ခုတော့ စာအုပ်လေးဖတ်ပြီးသွားတာ ရင်ထဲတစ်မျိုးလေးရယ်၊ ဖတ်နေစဉ် သုံးခန်းလောက်အတွက် ငိုလိုက်ရသေးတယ်။

  2. Mon Halsey (verified owner)

    နားနေတဲ့ ရက်တွေအတွင်းမှာ အဓိကလုပ်ဖြစ်တာကတော့ ဖတ်ဖို့ကျန်နေတဲ့စာအုပ်ကြွေးတွေ ဖတ်နေခဲ့တာပါပဲ။ စာအုပ်တွေအတော်များများဖတ်ဖြစ်ခဲ့တယ်။ Review ပေးချင်တဲ့စာအုပ်ကလေးတွေလည်းရှိတယ်။
    ဒီထဲမှာမှ ဆရာမဂျူလီယာ မြင့်သိန်းရဲ့ ဖြည်ရန်ကျန်သောဆက်ထုံးများ (ဓာတ်ခွဲခန်းတခုမှကိုယ်တွေ့ဖြစ်ရပ်များ) စာအုပ်ကလေးကို နှစ်ရက်နဲ့အပြီး…ဖတ်ပြီးပြီးချင်းမှာပဲ အာရုံထဲကပျောက်သွားမှာစိုးလို့ ချက်ချင်းပဲ Review တင်ပေးလိုက်ပါတယ်။
    ဆရာမဂျူလီယာနဲ့ တစ်ခါမှမဆုံဖူးသေးပါဘူး။ ကျွန်မအနေနဲ့သူ့စာကိုဖတ်ရတာလည်း ဒါပထမဆုံးပဲဖြစ်ပါတယ်။ အရေးအသားအင်မတန်ချောမွေ့ ပြေပြစ်တဲ့အတွက်ကြောင့် ပထမဆုံးစာအုပ်လို့တောင်မထင်ရက်စရာပါပဲ။
    စိတ်ဝင်စားစရာတစ်ခုက ဒီစာအုပ်ဟာပရလောကက ပုဂ္ဂိုလ်တစ်ဦးရဲ့အကြောင်းပါ။ ဆရာမကိုယ်တိုင်က သာမန်မျက်စိနဲ့မမြင်ရတဲ့.. မမြင်အပ်သောလောကဘက်က ပုဂ္ဂိုလ်များနဲ့ အဆက်အသွယ်ပြုလုပ်နိုင်တဲ့ Medium တစ်ယောက်ဖြစ်ပါတယ်။
    အရပ်အပြောနဲ့ပြောရမယ်ဆိုရင် သရဲ ဝတ္ထုစာအုပ်လို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမဲ့
    အလကားနေရင်းထိုင်ရင်း ညစ်ပတ်နံစော် ..ဟောင်းနွမ်းဆွေးမြေ့.. ပုံဆိုးပန်းဆိုးတွေနဲ့ အကျိုးအကြောင်းမရှိ…အဓိပ္ပါယ်မရှိ ထွက်ထွက်ခြောက်နေတဲ့သရဲဝတ္ထုတော့မဟုတ်ပါဘူး။
    ပရလောကကိုနောက်ခံထားတဲ့အတွက်..ကျောချမ်းစရာလေးတွေပါပေမယ့်လည်းစာအုပ်ကပေးချင်တဲ့ရသဟာ စာဖတ်သူကို ကြောက်သွားပါစေဆိုတာမျိုးမဟုတ်ဘဲ အသိပညာပေးချင်တဲ့.. ရည်ရွယ်ချက်ကြီးကြီးတစ်ခု ..စေတနာတစ်ခု Intention တစ်ခုပါနေတာကိုတွေ့ရပါတယ်။
    ကုသိုလ်..အကုသိုလ် ဆိုတာ..ကိုယ်တကယ်..ထမ်းယူသွားရတဲ့ အထုပ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာ လူ့ဘဝရဲ့ ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာ
    ကိုရခဲ့ပေမဲ့ လောဘဒေါသမောဟတွေနဲ့ အဝိဇ္ဇာဖုံးနေသမျှ..ဒုဂတိဘုံကိုရောက်သွားတတ်ကြတာ ကြောက်စရာပါပဲ။
    စာအုပ်ထဲမှာဖတ်ရသလို “ဒုဂတိဘုံဆိုတာပေးဆပ်စရာအကြွေးတွေမှန်သမျှ နားရက်မရှိပေးဆပ်ရတဲ့နေရာပါ ” တဲ့..။
    ဒုကတိဘုံဆိုတာ ရောက်သွားပြီဆိုတာနဲ့ လှိမ့်ပိမ့်ခံရတော့တာပါ..နာကျင်တယ်..ပင်ပန်းတယ်..ဆာလောင်တယ်..။အကြွေးတွေများတဲ့သူက ကြာကြာနေရတယ် ။အကြွေးနည်းရင် အချိန်တိုတိုနေရတယ်။ အဲဒီထဲမှာပဲ အသိအလင်းပွင့်သွားရင် ဒီလိုဘဝကနေ လွတ်မြောက်ခွင့် ၊အဆင့်တစ်ခုမြင့်သွားခွင့်ကိုရလာတတ်ပါတယ်။
    ဒါတောင်မှ ကျူးလွန်ထားတဲ့အပြစ်တွေ အနည်းအများကိုလိုက်ပြီး ပြန်ဖြစ်တဲ့အနိမ့်အမြင့်ဘဝတွေ ရှိနေပါသေးတယ်။
    သံသရာမှာကျင်လည်နေရတာကိုက ကုသိုလ်ဆိုတဲ့အထုပ်မပါရင် ခံပေတော့ပဲ။ ကျွန်မအနေနဲ့ကတော့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေသည်သာလျှင် အားထားရာဖြစ်တယ်။ လုံခြုံရာဖြစ်တယ်.. ဆိုတာကိုခိုင်ခိုင်မာမာသိခဲ့ရတဲ့တွက် ဝမ်းသာတယ်။ အားတက်မိတယ်။ဆက်လက်လုပ်ဆောင်ဖို့လည်း ခွန်အားရခဲ့ပါတယ်။
    သံသရာမှာမတော်ခဲ့ဖူးတဲ့ဆွေမျိုးဆိုတာမရှိဆိုသလိုပဲ..မိမိ တွေ့ကြုံရတဲ့
    ချစ်သူမုန်းသူပုဂ္ဂိုလ်တွေ.. တိရစ္ဆာန်လေးတွေကအစ ရေစက်တွေရှိခဲ့ကြတယ် ..အကြောင်းတွေ ဆက်စပ်မှုရှိခဲ့ကြတယ်။
    မုန်းစွဲဆိုတာကလည်း အင်မတန်ကြောက်စရာကောင်းတယ်။ အမုန်းတရားဟာ နောက်ဆုံးတော့ ဘဝကူးသွားတဲ့အထိတောင် မိမိကိုပဲ ချုပ်နှောင်ထားတာဖြစ်တယ်။ ခွင့်လွှတ်ခြင်းဆိုတာဟာ မိမိရဲ့စိတ်အေးချမ်းမှုအတွက်ဖြစ်ပြီးမိမိနဲ့သာထိုက်တန်တယ်။ အပြစ်တွေကျူးလွန်ထားမိရင် လှိုက်လှိုက်လှဲလှဲ နက်နက်နဲနဲ တောင်းပန်တတ်ဖို့ကလည်း အရေးကြီးတယ်။ တောင်းပန်ခြင်းဟာ ပိတ်နေတဲ့တံခါးတွေ ပွင့်သွားတာနဲ့တူတယ်။
    ယူတတ်သလောက်အများကြီးရမယ့်..သုတရသရောနေတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ဆရာမအနေနဲ့..
    စိတ်ဝင်စားစရာတွေအများကြီးရှိတဲ့ဘဝကိုရတယ်ဆိုတာ ကံထူးတာပါပဲ ။လူပုဂ္ဂိုလ်ချင်း ကူညီနိုင်သလို မမြင်ရတဲ့ပုဂ္ဂိုလ်တွေကိုလည်း ကယ်တင်ပေးနိုင်တဲ့ ပါရမီကိုရတယ်ဆိုတာ အင်မတန် ထူးခြားတဲ့ကုသိုလ်ပဲဖြစ်ပါတယ်။
    ကျွန်မရဲ့စာဖတ်သူတွေအတွက် ဂျူလီယာမြင့်သိန်းရဲ့ ဖြည်ရန်ကျန်သောဆက်ထုံးများစာအုပ်ကို ညွှန်းဆိုပေးလိုက်ပါတယ်။
    #bookreview
    #JuliaMyintThein
    #ဖြည်ရန်ကျန်သောဆက်ထုံးများ
    #booksiveread

  3. Anonymous

    ဖတ်နေတဲ့ စာအုပ်ထဲဒီစာအုပ်လေး ရင်ထဲအတော်လေးစွဲတယ်။ horrorဆိုပေမယ့် ကြောက်စရာစာအုပ်အဖြစ် မခံစားရဘဲ ဆင်ခြင်စရာလေးတွေ အသိလေးတွေ ကပ်မိတယ်။
    ☘️ မိဘတွေက သားသမီးချင်းအတူတူအပေါ် မေတ္တာ မျှ‌တစွာပေးမိရဲ့လား။မိဘပဲ သားသမီးအပေါ် ချစ်တာအတူတူပဲလို့ ဆိုရပေမယ့် တချို့မိဘတွေမှာ သားမို့ သမီးမို့ ပိုတယ်ဆိုတဲ့အစွဲလေးတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ။ ကိုယ် မိဘနေရာကနေ အကြီး အလတ် အငယ်ရှိရင် အားလုံးအပေါ်အချိန်/မေတ္တာပေးမိရဲ့လားဆိုတာလားသတိကပ်စရာနော်
    ☘️ မိဘတွေက မောင်နှမချင်း ပြိုင်ဆိုင်လိုစိတ်ဖြစ်စေနိုင်တဲ့ အပြုအမူအ‌ေပြာအဆိုမျိုးတွေရှောင်သင့်တယ်။ တစ်ဖက်ကိုချီးကျူးတာက တစ်ဖက်ကို အားငယ်စေတာမျိုးဖြစ်နေစေပြီလားတွေးသင့်တယ်။ ဒါ…သိပ်အရေးပါတယ်။
    ☘️ မိဘကနေ ညီအကိုမောင်နှမချင်း ချစ်ခင်တတ်အောင်လမ်းပြသင့်သလို၊ ‌သွေးသားချင်း မုဒိတာစိတ်ပွားတတ်ဖို့ သွန်သင်ပေးဖို့ လိုပါတယ်။ သွေးသားခြင်းမှ မဟုတ်ပါဘူး။ မုဒိတာပွားတတ်တဲ့စိတ်အခံလေးရှိဖို့က အရေးကြီးတယ်။
    အဲ့ မုဒိတာမပွားနိုင်တာကနေ ဣဿာမစ္ဆရိယ စိတ်‌ေ‌တွက လက်ရှိဘ၀တင်မဟုတ်ဘဲ နောင်ဘ၀ထိဆွဲချသွားတတ်ပုံများကြောက်ဖို့ကောင်းလိုက်တာ။
    ☘️ချစ်သူတွေကြား နယ်မကျွံသင့်တာတွေ၊ ဆေးပညာအသိ‌ေတွရှိ‌ေတာင် သတိဆိုတဲ့ စိတ်လေးကပ်မနေရင်ရင် အမှားကွင်းဆက်တွေ ဖြစ်တတ်ပုံ ဆင်ခြင်စရာလေးတွေလဲပါတယ်။
    ☘️လူ့သဘော လူ့မနောလေးတွေပါတယ်။မိတ်ဆွေကောင်းရှိခြင်းအကျိုးကြောင့် ပရပြိတ္တာလောက ကနေ လွှတ်မြောက်ဖို့အခွင့်ရပုံလေးတွေ။
    ☘️တိုက်ရိုက်ကြီးကြောက်ဟယ်…လန့်ဟယ် horror စာအုပ်ဆိုတာမျိုးမဟုတ်ပဲ။ “ဖြည်ရန်ကျန်‌ေသာ ဆက်ထုံးများ”ဆိုတဲ့ စာအုပ်နာမည်နဲ့လိုက်အောင် စာဖတ်သူ‌ကို ဖတ်ရင်း ဖြည်ရမယ့်အတွေးတွေ အများကြီး တစ်ဖက်လှည့် ပေးခဲ့သေးတာမျိုး…
    ☘️ကောင်းမူတွေမလုပ်နိုင်ပါဘူးဆိုရင်တောင် တစ်နေ့တစ်နေ့ စိတ်လေးစင်ကြယ်အောင်နေတတ်ဖို့ တကယ်လိုအပ်တယ်။ ကိုယ်အလုပ်တွေများရင် သတိကပ်ဖို့ ကိုယ့်ဘာသာသတိပေးရမယ်။
    ဒေါသ၊မာန၊ဣဿာမစ္ဆရိယ သလ္လေခါ ၊
    ဒေါသ၊ မာန ၊ဣဿာမစ္ဆရိယ‌ေတွခေါင်းပါးဖို့ တစ်နေ့ထက်တစ်နေ့ တိုးပြီး ဆင်ခြင်ရမယ်ဆိုတဲ့ သတိလေး ပို၀င်လာတယ်။
    ၂ရက်အတွင်းဖတ်နေတဲ့horrorစာအုပ်တွေထဲ ဒီစာအုပ်လေး ဘ၀င်အကျဆုံးပဲ။ယုတ္တိရှိရှ်ိ ဇာတ်လမ်းပိုင်နိုင်လိုက်တာ ဖတ်ကိုဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါပဲ။
    #ဖြည်ရန်ကျန်သောဆက်ထုံးများ
    #ဂျူလီယာမြင့်သိန်း

  4. Htet Htet Tin Zar

    📚 စာအုပ်အကြောင်းမပြောခင် စာရေးသားတဲ့ ဆရာမအကြောင်း အရင်ပြောပါရစေ။ ဆရာမရဲ့ မိဘတွေက စာပေလောကနဲ့ ရင်းနှီးတဲ့သူတိုင်း သိကြမယ့် ပုဂ္ဂိုလ်တွေပါပဲ။ အဖေက စံရွှေမြင့်ရုပ်ပြတွေကို ရေးသားတဲ့ ကာတွန်းမြင့်သိန်းဖြစ်ပြီး အမေကတော့ ထုတ်ဝေသူ/အယ်ဒီတာအဖြစ် နာမည်ကြီးခဲ့ဖူးတဲ့ ဒေါ်တူးတူးမြင့်သိန်းတို့ပါ။ ဆရာမက တရားအားထုတ်ခြင်း၊ ပါဠိကျမ်းစာပေ၊ စိတ်ပညာပိုင်းဆိုင်ရာတွေမှာ ဝါသနာထုံပြီး လက္ခဏာဖတ်ခြင်း၊ စိတ်ဖတ်ခြင်း၊ တားရော့ဖတ်ခြင်းနဲ့ ရှေ့ဟောဖြစ်ခြင်း အစရှိတဲ့ ပညာရပ်များကို တတ်မြောက်ကျွမ်းကျင်သူ ဖြစ်ပါတယ်။

    📖 ဒီဖြည်ရန်ကျန်သော ဆက်ထုံးများဆိုတဲ့ စာအုပ်လေးက ဆရာမဂျူလီယာမြင့်သိန်းရဲ့ ပွဲဦးထွက်စာအုပ်လေးပါ။ ပရလောကကို နောက်ခံပြုထားတဲ့ ကျောချမ်းစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆရာမက ရှေ့ဖြစ်ဟောသူ ဖြစ်တာမို့ client ဖြစ်သူ ဆရာဝန်မလေးများ မေးမြန်းတိုင်ပင်မှု ပြောပြချက်များအရ သုတေသနဓာတ်ခွဲခန်းထဲမှ မကျွတ်လွတ်နိုင်ခဲ့ရှာတဲ့ ပရတစ်ဦးနဲ့ ဆရာဝန်အမျိုးသမီးတစ်ဦး ကူညီဆက်သွယ်မှု ပြုခဲ့ရာမှ ပရလောကသူရဲ့ စွဲလန်းစိတ်ကို ဒီစာအုပ်အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အခြေခံထားပေမဲ့ ဇာတ်အိမ်ဖွဲ့ပြီး ချဲ့ကာရေးရတဲ့အတွက် အချို့သော ဇာတ်ကောင်တွေ၊ နေရာတွေ၊ အဖြစ်အပျက်တွေကတော့ဖြင့် စိတ်ကူးဖြင့် ဇာတ်လမ်းဖန်တီးထားခြင်းဖြစ်တယ်လို့ ဆရာမက ဆိုပါတယ်။
    ____________________‌

    👻 ငွေဆောင်ကမ်းခြေကို အပန်းဖြေအနားယူဖို့ ရောက်လာကြတဲ့ ကုထုံးနဲ့ ဆေးဝါးဗေဒ (pharmacology) မှ အထူးသုတေသန ပြုလုပ်နေကြတဲ့ ဆရာဝန်မလေးနှစ်ယောက် နေခြည်ရဲရင့်နဲ့ သက်လျာကိုကို။

    👻 အလုပ်ကြိုးစားပြီး အတွဲညီကြပေမဲ့ အကြိုက်နဲ့ နေထိုင်ပုံ မတူကြ။ သက်လျာက မိဘတွေ ဆုံးပါးပြီးကတည်းက အဒေါ်အပျိုကြီးရဲ့ ထိန်းသိမ်းမှုအောက်မှာ ပိပြားစွာ နေရသူ။ ဘယ်ကိစ္စမဆို အဒေါ့်အဆုံးအဖြတ် နာခံရတယ်၊ ခွင့်တောင်းရတယ်။ နေခြည်ကျတော့ မိဘအစုံရှိတယ်။ သာမန်ဝန်ထမ်း မိဘတွေက ပေါက်ဖွားလာပေမဲ့ နွေးထွေးပြီး ဖြည့်ဆည်းပေးခံရတဲ့ တစ်ဦးတည်းသောသမီး။ ဆုံးဖြတ်ချက်ချ ပြတ်သားပြီး သွေးအေးတည်ငြိမ်တယ်။ မိဘတွေကလည်း နေခြည့်ကို ယုံကြည်မှု မပြည့်ပေးထားတယ်။

    👻 ဟိုတယ်ရောက်လို့ ‌စားသောက်ပြီးချိန်မှာ သက်လျာက အခန်းပြန်နားပြီး နေခြည်ကတော့ ကမ်းခြေမှာ သွားထိုင်တယ်။ သူထိုင်နေတဲ့ ခုံတန်းရှည်အနီးနားမှာ အမျိုးသမီးတစ်ယောက် healing sound လို ငြိမ့်ညောင်းတဲ့ အသံလေးကို kalimba နဲ့ တီးခတ်နေတာကို နားထောင်ရင်း အိပ်ပျော်သလို ဖြစ်သွားတယ်။

    👻 အိပ်ပျော်သွားချိန်မှာ ဓာတ်ခွဲခန်းထဲ ရောက်နေတယ်။ သူ့ကိုယ်သူ အိပ်မက်မက်နေတာကို သိပြီး နိုးဖို့ ကြိုးစားပေမဲ့ မျက်စိမှိတ်ပြီး ပြန်ဖွင့်လည်း ဒီနေရာမှာသာ ဖြစ်နေတယ်။ အိပ်မက်ကနေ နိုးလာအောင် ရုန်းထွက်ပေမဲ့ ချိတ်ဆက်စရာ ခန္ဓာကိုယ် ဘယ်လိုရှာရမယ်မသိ။ ဓာတ်ခွဲခန်း ပြတင်းပေါက်နားမှာ လှုပ်ရှားမှုကို တွေ့ရလို့ လှည့်ကြည့်တော့ မခင်သစ္စာအောင်ရယ်။

    👻 မခင်သစ္စာအောင် ဆိုတာက နေခြည်တို့ ဓာတ်ခွဲခန်းက စီနီယာအစ်မ။ ကျစ်ဆံမြီးရှည်ရှည်ကို နောက်ကျောမှာ အမြဲချထားပြီး ခရမ်းဖျော့ဖျော့ ပါတိတ်ဝမ်းဆက်ကိုသာ စွဲစွဲမြဲမြဲ ဝတ်လေ့ရှိသူ။ အမြဲတမ်း လေးကန်နေတတ်ပေမဲ့ တော်တယ်။ စကားပြောသံကအစ ဗလုံးဗထွေးနိုင်ပြီး ‌ခြောက်ကပ်ကပ်လေသံနဲ့။ ခေတ်နောက်ကျနေသလို အသုံးအနှုန်း အယူအဆတွေ ပါတတ်သေးတယ်။ မခင်သစ္စာက ဘယ်သူမှမရောက်ခင် ဓာတ်ခွဲခန်းကို ရောက်နေတတ်ပြီး သူအလုပ်လုပ်တဲ့အခါ ထိုင်နေကျ ပြတင်းပေါက်မှာပဲ အမြဲငုတ်တုတ်ကြီး ရှိနေတတ်တယ်။ သက်လျာနဲ့ မိတ်ဆက်ဖို့ ပြောတိုင်း မကြားချင်ယောင် ဆောင်တတ်တာမို့ နေခြည်လည်း မိတ်ဆက်ပေးဖို့ လက်လျှော့လိုက်တယ်။

    👻 နေခြည်က လှမ်းခေါ်တော့ မခင်သစ္စာ လှည့်ကြည့်တယ်။ ကမ်းခြေမှာ ရောက်နေပြီး အိပ်နေရာက မနိုးတော့ကြောင်း၊ သေပြီထင်ကြောင်းပြောတော့ မသေသေးဘူးလို့ မခင်သစ္စာက ပြန်ပြောပါတယ်။ မခင်သစ္စာကို ကြည့်တော့ ဝမ်းဗိုက်ကနေ ထဘီအောက်ခြေထိ သွေးတွေရွှဲနေတယ်။ နေခြည် မေးကြည့်တော့ မကြားသလိုနေပြီး လှည့်ထွက်သွားပြီး ပြတင်းပေါက်က ခုံမှာ သွားထိုင်နေတော့တယ်။ နောက်တော့ နေခြည်လည်း လှုပ်နှိုးခံရပြီး နိုးလာတယ်။

    👻 နေခြည့်ကို လာနှိုးသူက စောစောက healing sound တီးခတ်နေတဲ့ အမျိုးသမီး။ အမျိုးသမီးက အိပ်မက်မက်နေတဲ့ နေခြည့်ကို လှုပ်နှိုးပေးပြီး အုန်းရည်တိုက်ပေမဲ့ နေခြည်က ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောပါတယ်။ သူက နေခြည့်ကို ဘာတွေ မက်တာ၊ ပိတ်မိနေသလို ခံစားရလား မေးပေမဲ့ နေခြည်မဖြေ။ ကြိုးအနီနဲ့ ချည်ယှက်ထားတဲ့ ကျောက်မဲထုပ်လေး နေခြည့်လက်ထဲ ထည့်လိုက်တော့ လက်ဖဝါးမှာ ရုတ်တရက် အပူလောင်သလို ခံစားရပြီး ကျောက်မဲထုပ်လေးကို လွှတ်ချလိုက်တယ်။ နောက်ပြီး နေခြည်က သူ့အကူအညီ လိုအပ်နေတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပြန်ပါတယ်။ တကယ်တော့ သူမက နာမည်ကြီး ရှေ့ဖြစ်နောက်ဖြစ်ဟောသူ မဂျူလီယာ။

    👻 ဒီဖြစ်ရပ်မတိုင်ခင်မှာလည်း နေခြည်က စိတ်ထဲမရှိတဲ့ စကားတွေ သူ့အလိုလို ပါးစပ်ကနေ ပြောထွက်နေမိတာမျိုး၊ ပင်ကိုအသိစိတ်ပျောက်အောင် ဒေါသထွက်မိတာ၊ ပြတင်းပေါက်ထိုင်ခုံနား မတ်တတ်ရပ်ပြီး တစ်ယောက်တည်း စကားပြောနေတာ၊ တစ်ခါတလေ ရယ်နေတတ်တာ၊ ပြတင်းပေါက်အပြင်ကို အကြာကြီး ငေးပြီး စကားတွေ ပြောနေတတ်တာ သက်လျာက ပခုံးကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်မှ စိတ်နဲ့လူ ပြန်ကပ်သွားတတ်တယ်။ ဒီလိုပုံမှန်မဟုတ်တာတွေကို သက်လျာ သတိထားမိတဲ့အပြင် အချိန်တိုအတွင်း မခင်သစ္စာကိုလည်း ပါးစပ်က မချနိုင်အောင် ခင်နေတာကိုလည်း အံ့ဩနေမိတယ်။

    👻 နေခြည်နဲ့ခင်ပြီး ကူ‌ညီပေးတတ်တဲ့ မခင်သစ္စာနဲ့ သက်လျာနဲ့က အပြင်မှာ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးပေမဲ့ သက်လျာအိပ်မက်ထဲက သူ့ကို ရန်လိုပြီး အန္တရာယ်ရှိစေတဲ့ အမျိုးသမီးရဲ့ အသွင်အပြင်ကို နေခြည့်ကို ပြောပြဖြစ်တော့ မခင်သစ္စာ ဖြစ်လို့နေတယ်။ သက်လျာအနေနဲ့ မခင်သစ္စာ အပြင်မှာ တကယ်မရှိဘဲ နေခြည့်စိတ်က ထင်နေသူလို့ ပြောရအောင်ကလည်း မခင်သစ္စာ ပိုင်ပြီး နေခြည် ပြုပြင်ပေးဖို့ ယူထားတဲ့ သစ်သားဘူးလေးကလည်း အပြင်မှာ တကယ်ကြီး ရှိနေတယ်။

    👻 ဒါဆို …

    – မခင်သစ္စာအောင်က ဘယ်သူလဲ?
    – သူက ဘာလို့ နေခြည်ကိုပဲ စကားပြောပြီး အခြားသူတွေကို မလိုလားရသလဲ?
    – နေခြည်ကရော စိတ်ထဲမရှိတဲ့ စကားတွေ ပြောမိတတ်တာလိုမျိုး ဘာလို့ မူမမှန်တာတွေ ဖြစ်နေသလဲ?
    – မဂျူလီယာကရော ဆရာဝန်မလေးနှစ်ယောက်ကို ကူညီပေးနိုင်မှာလား?

    စသဖြင့် စိတ်ဝင်စားစရာတွေ အများကြီး ပြည့်နှက်နေတဲ့ ပရလောကဇာတ်လမ်းလေးတစ်ပုဒ်ပါ။
    ____________________

    📰 ဒီစာအုပ်က စဖတ်လာကတည်းက တစ်ခန်းချင်း မပျင်းရအောင် ဆွဲခေါ်လာနိုင်အောင် အရေးအသားက ချောမွေ့ပါတယ်။ နောက်ပြီး စာရေးသူဆရာမကိုယ်တိုင်ကလည်း ပရလောကနဲ့ အဆက်အသွယ်ပြုလုပ်နေသူ ကြားခံပုဂ္ဂိုလ် medium တစ်ဦးဖြစ်တာမို့ ပရလောကနဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဗဟုသုတအချို့လည်း ထည့်သွင်းပြောပြထားပါတယ်။ ဥပမာအားဖြင့် –

    ❝များသောအားဖြင့် ကံနိမ့်တဲ့အချိန်၊ ဖြစ်ပေါ်နေတဲ့ ရုပ်အား စိတ်အား ပျော့ညံ့နေတဲ့အချိန်၊ စိတ်လုံခြုံမှုမရှိတဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ (သို့မဟုတ်) ပရလောကနဲ့ နီးစပ်သောဘဝမှ လာသူ (သို့မဟုတ်) ပရလောကမှာ ဆွေမျိုးတော် စပ်ဖူးသူတွေရဲ့ မျှော်လင့်ကိုးစားခံရသူ (သို့တည်းမဟုတ်) ပြည့်စုံလုံလောက်သော ကုသိုလ်ဒါနဖြင့် ကူညီနိုင်စွမ်းရှိသူတွေမှာ ပရလောကကို မြင်တွေ့ကြားနာရတတ်ပါတယ်။ ကံမနိမ့်ပဲ မြင်တွေ့ ရကြားရ ခံစားရတာမျိုး ရှိတတ်ပေမယ့် နိမ့်သောပရများ ပူးကပ်ခိုတွယ်ခံရသူကတော့ ကံနိမ့်နေတာများပါတယ်။

    ပူးကပ်ခိုတွယ်ခံရသူတွေဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံတဲ့ အချိန် ခန္ဓာကိုယ်အားနည်းချိန်မှာ အဖြစ်များပါတယ်။ စိတ်စွမ်းအားကြီးသူတွေ အတွက်က ပရလောကသားကို ကူညီနိုင်စွမ်းရှိပေမယ့်၊ ခံစားကြားနာနိုင်စွမ်းရှိပေမယ့် နိမ့်ကျသော ပရသားများရဲ့ ပူးကပ်ခိုတွယ်ခြင်းကို မခံရပါ။ ကမ္မဇိဒ္ဓိ တန်ခိုးမြင့် သော၊ စိတ်ကောင်းရှိသော၊ နတ်ပုဂ္ဂိုလ်စောင့်သော၊ စွဲ၍ဖြစ်တည်နေသော ကိုယ်မှာ မပူးကပ်ရဲကြပါ။❞
    (~ ကျွန်မသိထားသော ပရလောကအကြောင်း)

    📚 ပရလောက နောက်ခံပြု ခြောက်ခြားစရာ ဇာတ်လမ်းမျိုးတွေ သဘောကျသူဆို နှစ်သက်သဘောကျမယ့် စာအုပ်လေးပါ။

    😇😇😇

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဂျူလီယာမြင့်သိန်း စာအုပ်များ