စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့်
5000 (ကျပ်)
၁၉၈၁ ခုနှစ် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ဆုံးဖြတ်ချက်က ” ကြူကြူသင်း၏ စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့် လက်ရွေးစင် ၀တ္ထုတိုများစာအုပ်၌ လူ့ဘ၀အခြေအနေမျိုးစုံ ၊ လူ့သဘာ၀နှင့် လူ့စရိုက်ဘက်စုံတို့ကို စာရေးသူ၏ ရိုးရှင်းသိမ်မွေ့သော ရေးနည်းရေးဟန်တို့ဖြင့် ပေါ်လွင်အောင် သရုပ်ဖော်ထားသည်ကို တွေ့ရသည် ” တဲ့ ..
ပထမအကြိမ်ထုတ်ဝေခြင်းနှင့် ဒုတိယအကြိမ် ထုတ်ဝေခြင်းမှာ နှစ်ပေါင်း ၄၀ ကွာဟခဲ့လေပြီ ။ နှစ်ပေါင်း လေးဆယ်အတွင်း စာဖတ်ပရိတ်သတ်တို့၏ အသက်အရွယ် အတွေ့အကြုံအလိုက် အတွေးအမြင် ၊ ခံစားမှုအကြိုက်တို့ ပြောင်းလဲနေမည်မှာ သေချာပါသည် ။ စာရေးသူကိုယ်တိုင် ကိုယ်ရေးဖွဲ့သည့် ၀တ္ထုပုံစံ ရေးနည်းရေးဟန် ၊ စကားအသုံးအနှုန်းစသည်တို့ ကွဲပြားခြားနားနေသည်ကို သတိထားမိပါသည် ။
ခေတ်တွေအမျိုးမျိုးပြောင်းသည် ၊ စနစ်တွေအမျိုးမျိုးပြောင်းသည် ၊ ခံယူချက်တွေအမျိုးမျိုးပြောင်းသည် ။ သို့သော် မပြောင်းမလဲ တည်ရှိသည်မှာ လူ့လောကထဲက ဇာတ်ကောင်များ၏ လူ့စရိုက် ၊ လူ့သဘာ၀ပင် ဖြစ်သည် ။ ထို့ကြောင့် လူကိုအခြေပြု၍ သရုပ်ဖော်သည့် စာပေများသည် မည်သည့်ခေတ် ၊ မည်သည့်စနစ်တွင်မှ ဘေးရောက်မသွားဘဲ အစဉ် အသက်၀င်နေစမြဲဖြစ်သည် ” ဟူ၍ ထင်ကြောင်း ဆရာမကြီး ကြူကြူသင်းက စကားနိဒါန်းတွင် ဆိုထားသည် ။
စာမျက်နှာ | 234 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 မတ်လ၊ (ပ-ကြိမ်) |
14 in stock
Pyae Ar Kar –
လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က အမျိုးသားစာပေဆု ရရှိခဲ့တဲ့ ရသ၀တ္ထုတိုတွေဟာ ယနေ့ခေတ်မှာ ဖတ်လို့ အဆင်ပြေပါတော့မလား ဆိုတာကတော့ စာဖတ်သူတစ်ယောက်အနေနဲ့ တွေးချင့်စရာပါပဲ ..
ထိုအတွေးတွေနဲ့ ဆရာမကြီးရဲ့ ဒုတိယအကြိမ် ပြန်ထုတ်တဲ့ အထိမ်းအမှတ် စကားနိဒါန်းကို စတင် ဖတ်ကြည့်လိုက်မိတယ် ..
အရင်တုန်းက ဆရာမကြီး ကြူကြူသင်းရဲ့ အရေးအသားတွေကို သိပ်မဖတ်ဖူးတော့ ယခုလောက် စာအရေးအသားကောင်းမယ်မှန်း တွေးမထင်ထားခဲ့မိတာ ၀န်ခံပါတယ် .. စကားနိဒါန်း ဖတ်လိုက်တာနဲ့တင် ခေတ်မီပါတော့မလားဆိုတဲ့ သံသယဟာ ” နေလာ နှင်းပျောက် ” သလို ပျောက်ကွယ်သွားတော့တာပါပဲ ..
ဒီစာအုပ်လေး စတင်ဖြစ်ပေါ်လာဖို့ ဆရာမကြီးရဲ့ ကြိုးပမ်းအားထုတ်ခဲ့ရပုံကို ဖတ်ရှုနေရတာကိုက အရသာ ရှိနေရော .. ကြိုက်နှစ်သက်သော အမှာစာတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ခဲ့ပီလေ ..
၁၉၈၁ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့က ဆရာမကြီးရဲ့ ဒီစာအုပ်ကို ” ကြူကြူသင်း၏ စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့် လက်ရွေးစင်၀တ္ထုတိုများ စာအုပ်၌ လူ့ဘ၀အခြေအနေမျိူးစုံ ၊ လူ့သဘာ၀နှင့် လူ့စရိုက်ဘက်စုံတို့ကို စာရေးသူ၏ ရိုးရှင်းသိမ်မွေ့သော ရေးနည်းရေးဟန်တို့ဖြင့် ပေါ်လွင်အောင် သရုပ်ဖော်ထားသည်ကို တွေ့ရသည် ” လို့ သုံးသပ်ထားပါတယ် ..
တစ်ကမ္ဘာလုံးနှင့်တစ်ယောက်ဆိုတဲ့ ပထမဦးဆုံး ၀တ္ထုလေးမှာ ငယ်မွေးခြံပေါက် အိမ်အကူ ကောင်မလေးကို ရေမြင့်ကြာတင့် စေချင်လို့ ဥပမာ ဥပမေယျတွေနဲ့ ဆိုဆုံးမကာမှ တလွဲဆံပင်ကောင်းသွားတဲ့ အဖြစ်ကို မြင်တွေရတော့ သူ့ထဲကလို ” ငါ့နှယ်နော် ” ဆိုပီး 😅 ဒီပုံစံလေး ဖြစ်သွားတယ် ..
ဂျိုစူးတို့ရွာ အလည်တစ်ခေါက်မှာတော့ ကယန်းတိုင်းရင်းသား ဂျိုစူးရဲ့ ရိုးသားတဲ့ စိတ်ဓာတ် ၊ ချစ်စရာကောင်းတဲ့ သူတို့ရဲ့ ဓလေ့ ၊ ရိုးရှင်းတဲ့ ဘ၀ပုံစံတွေကို စိတ်၀င်စားဖွယ် မြင်တွေ့ခဲ့ရပါတယ် ..
ဘ၀ပေးအခြေအနေအရ အကုသိုလ်အလုပ်များကို ကျူးလွန်နေရသော်လည်း ကောင်းမွန်သော ဘ၀ကို ပြောင်းလည်း ရရှိလိုတဲ့ ကလေးတစ်ယောက်ရဲ့ဆုတောင်းကို ” ရလိုသောဆု ” ဆိုတဲ့ ၀တ္ထုလေးမှာ တွေ့ရတယ် .. ” ညမှာ တရားနာ ၊ မနက်ကျတော့ ကြက်သတ်ရတဲ့ ဘ၀က အမြန်ဆုံး ကင်းလွတ်ပါရစေ ” ဆိုတဲ့ သူ့ဆုတောင်းလေးကို ဖတ်ပီး ရင်ထဲ နင့်ခနဲ ဖြစ်သွားတာတော့ အမှန်ပဲ ..
ဒီစာအုပ်ထဲမှာတော့ ဘ၀သရုပ်ကို ပုံစံမျိုးစုံနဲ့ ဖော်ပြထားတဲ့ လက်ရွေးစင် ၀တ္ထုတို အပုဒ် ၂၀ ပါရှိပါတယ် .. နှစ်ပေါင်းလေးဆယ်နဲ့ ခြောက်ဆယ်ကြားက ၀တ္ထုတွေဖြစ်လို့ စာရေးသူကိုယ်တိုင်က သူရေးဖွဲ့ခဲ့တဲ့ ၀တ္ထုပုံစံ ၊ ရေးနည်းရေးဟန် ၊ စကားအသုံးအနှုန်းတွေ ကွဲပြားခြားနားနေတာကို သတိထားမိပါတယ် ..
သို့သော် စာဖတ်သူ ကျွန်တော့်ရဲ့ အမြင်မှာတော့ ထိုအရာသည်ပင် ခံစားလို့ကောင်းတဲ့ ရသလေးတစ်မျိုး ဖြစ်နေသည်ဟု ထင်မိပါကြောင်း …..
စာအုပ်အမည် #စံပယ်တစ်ကုံးဂမုန်းတစ်ပွင့် #၁၉၈၁ခုနှစ်အမျိုးသားစာပေဆုရ
စာရေးသူ #ကြူကြူသင်း
စာအုပ်တိုက် #ပန်းဆက်လမ်း #PannSattLann
ပန်းချီ #မမွှေး
ပုံနှိပ်မှတ်တမ်း – ၂၀၂၂ခုနှစ် ၊ ဒုတိယအကြိမ် ၊ အုပ်ရေ ၁၀၀၀
တန်ဖိုး – ၅၀၀၀ကျပ်
#စာညွှန်းအိမ်
#PyaeArKar
Aeri Myat –
ပန်းဆက်လမ်းကနေတင်ထားတာတွေ့လို့
ဝယ်ဖတ်ဖြစ်တာလေးပါဝတ္ထုတိုလေးတွေအပုဒ်၂၀ပါပါတယ်တပုဒ်ဆီက
ရသတမျိုးစီရပါတယ်သဘောအကျဆုံးကတော့”တစ်ကမ္ဘာလုံးနှင့်တစ်ယောက်”
“ဘာဆိုင်လို့လဲ” ဒီ၂ပုဒ်ပါ ❤
လူ့သဘာဝ ဘဝအခြေအနေမျိုးစုံစတဲ့
လက်တွေ့ဘဝတွေကိုမြင်နေသလိုမျိုးခံစားရစေမှာပါ ၁၉၈၁ ကထုတ်ဝေခဲ့တယ်ဆိုပေမဲ့စာအရေးအသားကတော့
အခုခေတ်စာများလိုပဲဖတ်ရတာ
သဘောတွေ့မိပါတယ်🤍ဒီလိုစာအုပ်ကောင်းတစ်အုပ်ကိုပြန်လည်ထုတ်ဝေတဲ့အတွက်ဖတ်ခွင့်ရတာမို့ကျေနပ်မိပါတယ်
#하은