စိမ်းနေဦးမည့်ကျွန်တော့်မြေ

( 1 မှတ်ချက်)

10000 (ကျပ်)

အတိတ်ကိုချည်း မညွှန်း၊ ပစ္စုပ္ပန်ကိုသာ မဆို၊ အနာဂတ်အတွက် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း။ ပြည်ခရိုင် .. ထုံးဘို၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ ပေါင်းတလည် တစ်ဝိုက်မှ နယ်ချဲ့ခေတ် တော်လှန်ရေး အဆက်ဆက် အသက်သွေးကို စတေးခဲ့ကြသူ နာမည်မထင်မရှား တောင်သူလယ်သမားကြီးများ။ ကမ္ဘာရန် ဖခင် ၂ ယောက်၊ ကျွန်းပြန်သူပုန်ကြီး ဦးရန်ရှင်းရဲ့သား မောင်သန့်ဇင် နဲ့ ရွာသူကြီး ဦးသာဇံရဲ့သမီး မယဉ်နွယ်၊ (သို့) ဉာဏ်ထက်မြက်၍ ထူးချွန်သူ နှင့် လှပ၍ မေတ္တာတရားကို တန်ဖိုးထားသူ တို့ရဲ့ ကရုဏာသက်ဖွယ် ဇာတ်ကြောင်း။ဂျပန်ခေတ် အင်္ဂလိပ်ခေတ် ခေတ်ဆိုးတွေထဲက မြန်မာ့မြေပေါ်က ရင်နင့်စရာ ရသမြောက် အဖြစ်သနစ်များ နဲ့ မြန်မာ့လွတ်လပ်ရေးခေတ် ကျောင်းသားလှုပ်ရှားမှုများ။အမြင်မတူ၊ မူဝါဒ အကွဲအလွဲတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များ။ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်ကောင်းများစွာထဲက အုပ်ရေ စံချိန်သစ်တင်နိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်။၁၉၁၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ မြန်မာဝတ္ထုရှည်များအနက် ရသစွမ်းရည်ကြီးမားမှု၊ ဇာတ်ကောင်ဇာတ်ကွက်အပေါ်တွင် စာဖတ်ပရိသတ်များ စွဲမှတ်နေစေမှု၊ ခေတ်ကာလနှင့်လိုက်ဖက်အောင် ဖွဲ့နွဲ့ရေးသားနိုင်မှုတို့ကို အခြေခံကာ နိုဘယ် မြန်မာစာပေပွဲတော် ကော်မတီမှ ရွေးချယ်လိုက်သော စာအုပ် (၁၀၀) စာရင်းဝင် စာအုပ်တစ်အုပ်။ (အကောင်းဆုံးမြန်မာဝတ္ထုရှည် ၁၀၀ တွင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ် ၂ အုပ် ရွေးချယ်ခံခဲ့ရပြီး “စိမ်းနေဦးမည့် ကျွန်တော့်မြေ”နှင့် ကျန်တစ်အုပ်မှာ “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင်” ဖြစ်ပါတယ်)

စာမျက်နှာ

305

စာအုပ်အရွယ်အစား

5.2 x 0.9 x 8 .2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကေ်ာဝတ်ရည်စာပေ၊ 2022 ဒီဇင်ဘာလ (အဋ္ဌမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

13.11.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

11 in stock

စိမ်းနေဦးမည့်ကျွန်တော့်မြေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့ဖတ်ပြီးသွားတဲ့ စာအုပ်လေးက
    ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့
    “စိမ်းနေဦးမည့် ကျွန်တော့မြေ” ဆိုတဲ့စာအုပ်လေးပါ။

    ဆရာကြီးစာအုပ်တွေထဲမှာ
    ပထမဆုံးအကြိမ် ကျွန်မ အပြီးထိ ဖတ်လိုက်နိုင်တဲ့ စာအုပ်ကလေးလို့ ဆိုရမယ်။

    အမိမြန်မာပြည်ကို ဂျပန်တွေ အဂ်လိပ်တွေ၊ ဝင်ရောက် မင်းမူခဲ့စဥ် အချိန်ကာလကို ဇာတ်လမ်းတည် ရေးဖွဲ့ထားတဲ့
    စာအုပ်လေးပါ။

    “သန့်ဇင်”ဆိုသူကောင်လေး
    ငယ်ကတည်းက နယ်ချဲ့တွေကိုမုန်းတီးတဲ့သူ (အရွယ်ရောက်တဲ့အခါမှာလည်း နယ်ချဲ့တွေကို ရွပ်ရွပ်ချွံချွံ တိုက်ခဲ့သူ) နဲ့
    မယဥ်နွယ်တို့ကြားက အချစ်ဇာတ်လမ်းလေးကိုလည်း ဖတ်ရှူရမှာဖြစ်ပါတယ်။

    “သန့်ဇင်”ရဲ့ အဖေကို လူတွေက “သူပုန်ကြီး”လို့ ခေါ်ကြတယ်။ တကယ်တော့
    “မျိုးချစ်ကြီး”ဆိုတဲ့ နာမည်နဲ့ ပိုလိုက်ဖက်တယ်လို့ ခံစားရတယ်။

    ငယ်လေး(သန့်ဇင်)က ငယ်ကတည်းက
    သတ္တိရှိရှိ ပြောရဲဆိုရဲရှိသလို အရွယ်ရောက်လာတော့လည်း၊ စာပေအရာမှာ
    ထူးချွန်အောင် ကြိုးစားနိုင်သူမို့
    လေးစားအားကျစရာကောင်းပါတယ်။

    တိုက်ပွဲတွေကြောင့် သေကွဲကွဲရတာကို
    သူခံစားရတာလည်း အကြိမ်ကြိမ်မို့၊
    ဒီလိုတိုက်ပွဲကြားက ပဋိပက္ခတွေကို၊
    သူဘယ်လောက်တောင် ရွံမုန်းနေမလဲ
    ခံစားမိပါတယ်။

    ချစ်ရသူ “မယဥ်နွယ်”ကလေးနဲ့လည်း
    အပြီးတိုင် ဝေးသွားရမလိုဖြစ်ခဲ့ပေမဲ့
    ပြန်လည် ဆုံစည်းသွားရတဲ့အတွက်
    သူတို့နှစ်ယောက်နဲ့ထပ်တူ…
    ကြည်နူးမိပြန်တယ်။

    ရသမျိုးစုံ ခံစားရစေမဲ့
    စာအုပ်ကောင်းလေးဖြစ်ပါတယ်။

    အခုအချိန် သေကွဲရှင်ကွဲ ကွဲနေရသေးတဲ့ အမိမြေအတွက်တော့ ဝမ်းနည်းနေရတုန်းပါပဲ။ နောင်လာမဲ့ အနာဂတ်တစ်ခုမှာတော့ စိမ်းလန်းနေအုံးမဲ့ ကျွန်မတို့
    အမိမြေမှာ မေတ္တာတရား၊
    အကြင်နာတရား၊ ကိုယ်ချင်းစာတရားများနဲ့သာ ဖုံးလွှမ်းနေပါစေလို့ ဆုတောင်းရင်း…..။ ✨️

    #တက္ကသိုလ်ဘုန်းနိုင်
    #စိမ်းနေအုံးမည့်ကျွန်တော့မြေ
    #bookno2

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

တက္ကသိုလ်ဘုန်းနိုင် စာအုပ်များ