ဆက်၍မပွင့်တော့သောနှင်းဆီများ

( 44 မှတ်ချက်)

8500 (ကျပ်)

ဒီစာအုပ်က ဆရာမ ရှစ်လအချိန်ယူပြီးရေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်… စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေ အများကြီးရှိတဲ့ နိုင်ငံတစ်ခုမှာ ဇာတ်အိမ်စတည်ခဲ့တယ်လို့လည်း သိရပါတယ်။ အသံနဲ့ပါနားထောင်လို့ရတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါဝင်ပါတယ်… စာမျက်နှာလေးရာကျော်ရှိတဲ့ စာအုပ်ကိုဖတ်ရင်း နိုင်ငံပေါင်းစုံကို ရောက်သွားရလိမ့်မယ်။ လောကသစ်..အယူအဆသစ်တွေကို တွေ့မြင်ခံစားရလိမ့်မယ်..

ဆရာမရဲ့..
ဆက်ရန်ရှိသေးသည်
ဆက်ရန်မရှိတော့ပါ… ဆိုတဲ့ စာအုပ်တွေကို နှစ်ခြိုက်စွဲလမ်းခဲ့ကြတဲ့ စာဖတ်ပရိတ်သတ်ရဲ့ တောင့်တမျှော်လင့်မှုတွေကို ဖြည့်ဆည်းပေးလိုက်တဲ့ စာအုပ်တစ်အုပ်ဆိုတာကိုလည်း သတင်းစကားပါးချင်ပါတယ်…

အနောက်နိုင်ငံသားများရဲ့ မမြင်အပ်သော လောကဆိုင်ရာ..ထူးဆန်းတဲ့အယူအဆတွေကို ဗုဒ္ဓဘာသာရှုထောင့်ကနေ ချဉ်းကပ်ပြီး နှိုင်းယှဉ်ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်…

ဒီစာအုပ်မှာ..စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေကို ဖိုမအချစ်နဲ့ရောစပ်ပြီး စိတ်ဝင်စားစရာရေးထားတယ်..
မွှေးပျံ့တဲ့နှင်းဆီရနံ့တွေ… တယောသံ.. အတိတ်နဲ့.. ပစ္စုပ္ပန်ကာလရဲ့ ရှုပ်ထွေးမွန်းကြပ်မှုတွေထဲမှာ.. အမျိုးသမီးဇာတ်ကောင်ဟာ လွန်းထိုးလှုပ်ရှားနေခဲ့တယ်..

It’s all possible,if you believe လို့ စာအုပ်အစမှာ ဆရာမရေးခဲ့တဲ့အတိုင်း..
သင်..ယုံကြည်တယ်ဆိုရင်တော့ အရာရာဟာ.. ဖြစ်နိုင်တာပါပဲ….

စာမျက်နှာ

479 (အတွင်းကာလာဓာတ်ပုံများ ဝေဝေဆာဆာထည့်သွင်းပါရှိပါသည်)

စာအုပ်အရွယ်အစား

5.7 × 1 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2021 စက်တင်ဘာလ (ဒု-ကြိမ်)

24 in stock

ဆက်၍မပွင့်တော့သောနှင်းဆီများ အား ဝေဖန်သုံးသပ်မှု 44 ရှိပါသည်။

  1. Nilar Swe

    🌹🌹မနက်ခင်းတိုင်းမှာmorning vitamin တွေသောက်သုံးရင်း စိတ်ရဲ့အင်အားတွေရရှိခဲ့ရာကနေဆရာမရဲ့စာတွေနဲ့ရင်းနှီးမှုရလာခဲ့ပါတယ်
    🌹🌹ဆရာမရဲ့စာတွေက
    ဗဟုသုတတွေတိုးပွားစေတယ်
    စိတ်ကိုထားတတ်အောင်လမ်းပြပေးတယ်
    positive thinking နဲ့တွေးဖြစ်အောင်လမ်းညွှန်ပေးတယ်
    စာပိုဒ်ကခပ်တိုတိုလေးပဲဖြစ်ပါစေ ကိုယ့်အတွက်
    message တခုခုတော့ရလိုက်တာပဲ
    ဒါကြောင့်ပဲ “ဆက်၍မပွင့်တော့သောနှင်းဆီများ”ကိုမှာဖြစ်ပါတယ် ဒီစာအုပ်ကလည်း ကိုယ့်အတွက်တခုခုတော့ကျန်မှာပဲဆိုတာသိနေလို့ပါ
    အမှာတင်ပြီးတဲ့နေ့ကစလို့ စာအုပ်မရခင်စပ်ကြား နေ့တိုင်းမျှော်နေမိတာပါပဲ
    တကယ်တမ်းဖတ်ကြည့်တဲ့အခါ
    တခုမကအများကြီးကိုရလိုက်ပါတယ်
    ဆရာမရဲ့စာဖတ်သူတွေအပေါ်ထားတဲ့စေတနာက
    သိသာပေါ်လွင်လှတယ်
    ကျွန်မကတော့ * ပြထားလေးတွေ
    foot note လေးတွေကအစအကုန်ဖတ်ပါတယ်
    မဖတ်ရသေးတဲ့သူတွေကိုလည်း
    ဖတကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်
    #ဆက်၍မပွင့်တော့သောနှင်းဆီများ#
    🌹လူတိုင်းမှာမရှိနိုင်တဲ့ အပိုသိမှုစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ မီယာဆိုတဲ့ ဇာတ်လိုက်မလေးရဲ့မွေးဖွားရာဟာဝိုင်ရီ မိုလိုခါရီကျွန်းကလေးကနေ သူမရဲ့အလုပ်ရှိရာအာရှတိုက်အတွင်းက ချင်းမိုင်၊အင်ဒိုနီးရှား၊ဘာလီ ကနေ ဥရောပတိုက်အတွင်းက အဂ်လန်၊ စကော့တလန်၊လန်ဒန် စတဲ့မြို့ကြီးတွေရဲ့ အထင်ကရနေရာတွေ ဘာသာရေးအဆောက်အဦကြီးတွေကို
    မျက်လုံးထဲမှာပုံပေါ်လာအောင်ကိုပဲ ဆရာမက ရေးဖွဲ့ထားတယ် မီယာနဲ့အတူ ကိုယ်တွေကလည်း နောက်ကတကောက်ကောက်လိုက်လို့ပေါ့ 🌹🌹
    🌹လူတွေသေသွားကြပြီဆိုလျင် သူတို့သေတုန်းကအခြေအနေအတိုင်းပဲနောက်တဘဝကို ကူးသွားကြတာလား?
    မီယာ့သူငယ်ချင်း လီဆာဆိုတဲ့ကလေးမလေးက ကားအက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားတာ သူမရဲ့
    ခြေထောက်ကရှေ့နဲ့နောက်ပြောင်းပြန်လည်ထွက်နေတာတဲ့လေ
    နောက် ဇီနာဆိုတဲ့ ဆရာမတယောက်
    သူ့ရဲ့နာရေးမှာ ဆာရီကိုပြောင်းပြန်ဝတ်ပေးလိုက်လို့ မကျေမနပ်နဲ့ မကျွတ်မလွတ်နိုင် ဖြစ်နေတာကလည်း
    ကြောက်စရာ 🌹🌹
    🌹မီယာအသက်လေးဆယ်အချိန်အတွင်းမှာပဲ
    သူချစ်တဲ့သူတွေ တယောက်ပြီးတယောက်
    ဆုံးရှုံးခဲ့ရတယ် ပထမဆုံး သူ့အဖေ နောက်သူ့အမေ အဖွား သူ့ချစ်သူ
    ဒီလောကဓံတွေကို မီယာကအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ကျော်ဖြတ်ခဲ့တယ် သူလုပ်စရာရှိတာတွေကို အေးချမ်းစွာဆက်လုပ်ခဲ့တယ် ဒါလေးကိုအရမ်းသဘောကျမိတယ် ဆရာမက မီယာ
    meditation လုပ်တဲ့အကြောင်းကိုခဏခဏထည့်ရေးတာကိုသတိထားမိတယ် တရားဘာဝနာကပဲ
    အပူတွေကိုငြိမ်းအေးစေနိုင်တာလေ🌹🌹
    🌹မီယာကသိပ်ကိုကံကောင်းတဲ့မိန်းကလေးတယောက်ပါ ဘဝမှာသူလုပ်ချင်တာ သူဝါသနာပါရာ
    တွေကို စိတ်တိုင်းကျလုပ်ခွင့်ရပြီး သူမလုပ်ချင်တော့တဲ့အချိန်မှာလည်း ပြတ်သားစွာစွန့်ခွာရဲတဲ့သူတယောက်ပါ
    သူ့ရဲ့အပိုသိမှုစွမ်းရည်ကိုအသုံးချပြီး Medium
    တယောက်အဖြစ် လူတွေရဲ့လိုအပ်မှုတွေကို ကူညီဖြည့်ဆည်းပေးတာကလည်း တကယ့်ကိုစိတ်ဝင်စားစရာ
    ဓာတ်စီးဝိုင်းတွေအကြောင်း
    Energy healing အကြောင်း
    နိုင်ငံခြားကနတ်တွေအကြောင်း
    ဝိညာဥ်တွေအကြောင်း
    အထက်ဘုံသားတွေ
    အကူအညီလိုအပ်နေကြတဲ့ အောက်ဘုံသားတွေ
    အတော့်ကိုစေ့စပ်သေချာစွာရေးထားတာပါ 🌹🌹
    🌹မီယာရဲ့အနားမှာ ကိုယ်စောင့်နတ်လို့ပြောရမလား
    ဒိုဇိုအမြဲရှိနေပေးတာကိုလည်းသဘောကျမိတယ်
    မီယာ့အနီးအနားမှာ အမြဲလိုလို တွေ့နေရတတ်တဲ့ ခိုကလေးကို မီယာ့အဖွားလားလို့ထင်နေမိရာက
    သူငယ်ငယ်ကဆော့ကစားခဲ့တဲ့ ဝီဂျီဘုတ်ကိုစောင့်တဲ့
    မီယာခေါ်တိုင်းလာတတ်တဲ့ ဒိုဇိုဆိုတော့လည်း
    ဆရာမရဲ့ ဇာတ်လမ်းအချိတ်အဆက်ကိုသဘောကျလို့ပြုံးမိရသေးတယ် 🌹🌹
    🌹နိုင်ငံရပ်ခြားမှာလည်း လူတယောက်ကိုမကြိုက်ရင် အတိုက်အခိုက်နဲ့လုပ်တာတွေရှိကြတာပဲနော်
    သူတို့ဆီက Voodooအတိုက်ဆိုတာ
    ကိုယ်တွေဆီမှာကြားဘူးနားဝရှိတဲ့ ကဝေရုပ်နဲ့တိုက်တယ်ဆိုတာနဲ့သွားတူနေပြန်ရော အရုပ်ရဲ့ခေါင်းကိုတုတ်ကလေးနဲ့ထိုးလိုက်ရင်ခေါင်းကိုက်တာတို့ ဗိုက်နေရာကိုထိုးလိုက်တာနဲ့ဗိုက်အောင့်တာတို့ သူတို့ဆီမှာဒီလိုအယူအဆမျိုးတေွ အောက်လမ်းနည်းနဲ့တိုက်တယ်ဆိုတာမရှိလောက်ဘူးလို့ထင်ထားခဲ့တာ
    ဒီစာအုပ်ဖတ်ပြီးမှပဲ သူတို့ဆီမှာလည်း ဒါမျိုးတွေရှိပါလားလို့ သိရပြန်တယ် 🌹🌹
    🌹ဆရာမကဘာသာရေးနဲ့ပါတ်သက်တာတွေကိုလည်း အချိတ်အဆက်မိမိလေးနဲ့ထည့်ရေးတာလေးတွေကလည်း သဘောကျစရာ
    အိုယ့်အနီးအနားမှာရှိတဲ့နတ်တွေအကြောင်း
    သေဆုံးသူအတွက်ရည်စူးပြီးလှူဒါန်းပေးပုံလေးတွေ
    အလှူလုပ်ပြီး ရေစက်ချတာ
    အမျှမဝေခင် ကြေးစည်တီးတာ ခေါင်းလောင်းထိုးတာ သိပြီးသားတွေပေမယ့် ပိုပြီးမှတ်မိစေပါတယ်
    ဒီစာအုပ်ကိုဖတ်ပြီးမှ ဘုရားဝတ်တက်ပြီးတိုင်း ကြေးစည်တီးတဲ့အကျင့်လေးကို ပြန်လုပ်ဖြစ်တယ်
    အတတ်နိုင်ဆုံး ကုသိုလ်ကောင်းမှုတွေ လုပ်နေပေမယ့်လည်း ဘယ်လိုပုံစံမျိုးနဲ့ လောကကြီးထဲက
    ထွက်ခွာသွားရမယ်ဆိုတာမသိနိုင်တာမို့
    သေခါနီးမေ့မေ့လျော့လျော့ဖြစ်ခဲ့ရင်
    ကြေးစည်သံလေးကြားပြီး သာဓု ခေါ်ဆိုနိုင်ပါစေလို့ပေါ့လေ🌹🌹
    🌹မီယာကအရာရာမှာကံကောင်းပေမယ့်
    အချစ်ရေးမှာတော့ကံမကောင်းရှာဘူး
    သူသိပ်ချစ်တဲ့ချစ်သူက သူ့ကိုလမ်းခွဲခဲ့တဲ့အပြင်
    သူ့ဘဝထဲကရော လောကကြီးထဲကပါ အပြီးအပိုင်ထွက်ခွာသွားခဲ့တယ်
    “‘ ဘာလီကရှေးဟောင်းဘုရားကြီးရဲ့ ကျောက်သားလှေကားကြီးပေါ်ကို ချစ်သူရဲ့အရိုးပြာအိုးထည့်ထားတဲ့ကန်တော့ပွဲကလေးရွက်ကာ တစ်ထစ်ချင်းလှမ်းတက်လာခဲ့တဲ့ နာကျင်ဝမ်းနည်းနေတဲ့ မီ့ကို စာဖတ်နေရင်း မြင်ယောင်နေမိတယ် ” ဖတ်နေရင်း ကိုယ်တိုင်လည်း မီနဲ့အတူဝမ်းနည်းလို့ပေါ့လေ
    ယောကျ်ားတွေရဲ့အတ္တကြီးတတ်ပုံကို
    ဆရာမက မသိမသာလေး လှစ်ဟပြထားသေးတယ်
    ( ဒါကကျွန်မရဲ့အထင်လည်းဖြစ်မှာပါ )
    မီယာတယောက် ချမ်းကိုလွမ်းဆွတ်လွန်းလို့ အိပ်မက်အဖြစ်တွေ့ဆုံဘို့ ဂါထာမန္တာန်တွေရွတ်ဖတ်ကာ အိပ်မက်အကြီမ်ကြိမ်တောင်းပေမယ့်လည်း အရိပ်အယောင် အနံ့အသက်လေးတောင် မပြသူက
    သူ့သမီးသက်အတွက် လိုအပ်တဲ့အချိန်မှာတော့
    မီယာမခေါ်ပေမယ့် ရောက်လာခဲ့တယ်
    သနားစရာမီရယ်ပါ 🌹🌹
    🌹 ဆရာမက နိုင်ငံရပ်ခြားအတွေ့အကြုံ
    ဘာသာစကား ဒေသန္တရဗဟုသုတစုံလင်လှသူမို့
    အခန်းတိုင်းမှာပါတဲ့ အကြောင်းအရာတွေက
    စိတ်ဝင်စားစရာတွေအပြည့်ပါ ကိုယ်တွေမျက်စေ့နဲ့မမြင်နိုင်တဲ့ ပရလောကသားတွေရဲ့အကြောင်း နိုင်ငံခြားအခေါ်အဝေါ်နဲ့နတ်တွေ
    ဝိညာဥ်တွေ အားလုံးဟာစိတ်ဝင်စားစရာ ဗဟုသုတရစရာတွေချည်းမို့ ရှင်ဘုရင့်ပုဆိုးပိုးချည်းပဲလို့ပြောရမလိုပါ
    ဒါပေမယ့်
    နောက်ဆုံးခန်းလေးတောင်မှာမှ မီ့ကိုသူ့ချစ်သူချမ်းနဲ့ပေးမတွေ့တာကိုတော့ ဘဝင်မကျဖြစ်မိသလိုပဲ
    ချမ်းကို မြင့်မြတ်တဲ့ဘဝတခုကို မကူးပြောင်းခင်မှာ
    ချစ်သူကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ဖြစ်ဖြစ်ပေါ့
    မီနဲ့တွေ့သွားစေချင်သေးတာ 🌹🌹
    🌹ဒီစာအုပ်က
    ဆက်ရန်ရှိသေးသည်နဲ့
    ဆက်ရန်မရှိတော့ပါ ဆိုတဲ့စာအုပ်နှစ်အုပ်ရဲ့အဆက်လို့ပြောကြပါတယ် အဲ့စာအုပ်နှစ်အုပ်ကို မဖတ်ဖူးပေမယ့် ဒီတအုပ်ထဲနဲ့တင် အတော်ပြည့်စုံတယ်လို့ပြောရမှာပါ
    မနက်စာအာဟာရတွေဖတ်ခွင့်ရတဲ့အတွက်ရော
    ဆက်၍မပွင့်တော့သော နှင်းဆီများ ကိုဖတ်ခွင့်ရတဲ့အတွက်ပါ ဆရာမမွန်ဟော်စီကိုကျေးဇူးတင်ပါတယ်စာချစ်သူတွေအတွက်ပို၍ပို၍ကောင်းသော
    စာပေများဖန်တီးပေးနိုင်ပါစေရှင် 🌹🌹

  2. Htet Htet Moe Myint

    ဆရာမ မွန်ဟော်စီရေးသားထားတဲ့ ဆက်၍မပွင့်တော့သောနှင်းဆီများဆိုတဲ့စာအုပ်ကို မြင်ကတည်းက ဘာရယ်ကြောင့်များ နှင်းဆီတွေ ဆက်မပွင့်ရတာပါလိမ့်လို့ ရိုးရိုးအအတွေးမိတယ် နှင်းဆီတွေဆက်မပွင့်နိုင်တဲ့အကြောင်းကိုလဲ အရမ်းသိချင်ခဲ့တယ် ကံကောင်းစွာနဲ့ ဒီစာအုပ်လေးကိုဖတ်ခွင့်ရချိန်မှာတော့ အဲ့ဒီ့အကြောင်းရင်းလေးကို သိခွင့်ရခဲ့ပါတယ်
    အကျဉ်းပြောရရင် မီယာဟာ ငယ်စဉ်ကတည်းက သာမန်လူတွေ မမြင်နိုင်တာ မကြားနိုင်တာတွေကို မြင်ရကြားရတဲ့ ထူးခြားတဲ့ပါရမီပါလာတဲ့ ကလေးမလေးတစ်ယောက်ပါ ဒါပေမယ့် အဲ့ဒီ့ပါရမီကို သူမမိဘတွေ ကိုယ်တိုင်ကတောင် လက်ခံအသိအမှတ်မပြုနိုင်ခဲ့ဘူး ပတ်ဝန်းကျင်နဲ့ရွယ်တူကလေးတွေရဲ့ လျစ်လျူရှုခြင်းကိုလဲ ခံခဲ့ရတယ် ဘယ်သူကမှ အသိအမှတ်မပြုပေးတဲ့ မီယာ့ဘဝလေးမှာ တခုခုဆိုနားလည်လက်ခံပေးတဲ့ အဘွားရှိခဲ့တာကိုကဘဲ ကြီးမားတဲ့ ဆုလာဘ်တခုဖြစ်ခဲ့တယ် ဒီလိုနဲ့ မီယာကြီးပြင်းလာခဲ့ပြီး တက္ကသိုလ်နောက်ဆုံးနှစ်အရောက်မှာ တခန်းထဲအတူနေဝိဉာဉ်ရဲ့ ကျီစားမှုကြောင့် လိပ်ပြာလွင့်သွားခဲ့တဲ့အခါ သာမန်လူတယောက်အဖြစ် နေထိုင်ခွင့်ရဖို့ သူမရဲ့ကံကြမ္မာကို ပိတ်ပင်ပစ်ဖို့ ကြိုးစားခဲ့တယ် အဲ့ဒီ့နောက်မှာတော့ မီယာရဲ့ဘဝအချိုးအကွေ့တွေ အတက်အကျတွေများစွာကို စိတ်ဝင်စားဖွယ် မရိုးနိုင်အောင် ဖတ်ရှုရမှာဖြစ်ပါတယ်
    စဖတ်တာနဲ့ လက်ကမချစတမ်းဖတ်မိတဲ့ စာအုပ်ပေမယ့် စာဖတ်နေရတဲ့ခံစားချက်ထက် မီယာနဲ့အတူလိုက်ပါစီးမျောသွားမိလွန်းလို့ မနည်းနားနားပြီး ဖတ်ခဲ့ရတဲ့စာအုပ်ပါဘဲ စာရွက်တရွက်လှန်လိုက်တိုင်းမှာ ဘာတွေများဆက်ဖြစ်ဦးမှာပါလိမ့်ဆိုတဲ့အတွေးနဲ့ တကယ့်ကိုစိတ်ဝင်စားရတဲ့ စာအုပ်တစ်အုပ်ဆိုလဲ မမှားပါဘူး Book Coverကအစ အထဲက ဓာတ်ပုံတွေ ရှင်းလင်းချက်တွေ QR codeနဲ့ အသံနားထောင်လို့ရတာတွေ စာရေးသူရဲ့ အတွေ့အကြုံတွေပါ ပါဝင်တာမို့ တကယ့်ကို ပြည့်စုံလွန်းလို့ ကြိုက်နှစ်သက်မိတယ် အမှန်တိုင်းပြောရရင် ကိုယ်နားမလည်တဲ့ဟာတွေဖတ်မိပြီး ရွာလည်လောက်မယ်ထင်တာ အခုတော့ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းကိုမြင်ယောင်ရုံမက ကိုယ်ပါစီးမျော‌မိသွားတယ်
    ဒီစာအုပ်လေးကနေ ဘာရလိုက်လဲဆိုရင် ကိုယ်မရောက်ဖူးတဲ့နိုင်ငံတွေအကြောင်း ဓလေ့တွေအကြောင်းကို ဒီစာအုပ်ကနေ ရောက်ခွင့် သိခွင့်ရလိုက်တယ် ဒီသဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးလဲ တော်တော်များများကို လေ့လာခွင့်ရတယ် တခါမှ မကြားဖူးခဲ့တဲ့ Energy Healing Process တွေအကြောင်းကိုလဲ မှတ်သားခဲ့ရတယ် နောက်ပြီးတော့ အချစ်ကချစ်နေဖို့ဘဲလိုတယ်ဆိုတဲ့အတိုင်း မီယာ့ရဲ့အချစ် မီယာချစ်ခဲ့ရသူချမ်းရဲ့ မိဘမေတ္တာတွေကို ပြန်မပြောပြတတ်အောင် ရင်ထဲမှာ ခံစားမိတယ် ‌နောက်တခုက ချမ်းရဲ့သမီးအကြောင်းကိုဖတ်ပြီး ကိုယ်ဒီအကြောင်းကိုသိနေသလို ဇာတ်ကားတခုကိုဘဲကြည့်ဖူးသလို အဲ့လိုကြီးခံစားရတာက ထူးထူးခြားခြားပါဘဲ
    အဆုံးသတ်ပြောရရင် မီယာဟာ ဒီစာအုပ်လေးရဲ့ နှင်းဆီလေးပါဘဲ မီယာရဲ့ဘဝဇာတ်ကြောင်းလေးဟာ စိတ်ဝင်စားဖွယ်အပြည့်နဲ့ အတက်အကျများစွာလဲ ရှိခဲ့ပြီး သဘာဝလွန်ဖြစ်ရပ်တွေနဲ့လဲ အများကြီးဆက်စပ်နေခဲ့ပါတယ် ဒီစာအုပ်လေးဖတ်ပြီးသွားတော့ ရင်ထဲမှာ အမျိုးအမည်မတပ်နိုင်တဲ့ ခံစားချက်တွေအများကြီး ကျန်နေခဲ့တယ် မီယာအထီးကျန်ရင် ကိုယ်လဲတူတူ မီယာပျော်ရင် ကိုယ်လဲပြုံးမိပြီး မီယာငိုရင် ကိုယ်ပါမွန်းကြပ်ရတယ် ငယ်ငယ်က ဝိဉာဉ်လေးတွေဘဲ အဖော်ပြုပြီး ကစားရတဲ့မီယာ့ကို သနားမိသလို လူတွေနဲ့ လိုက်လျောညီဖို့အရေး ကိုယ်မြင်တာကြားတာတွေကို ဖုံးကွယ်လိုက်ရတဲ့ မီယာ့ခံစားချက်တွေကို နားထောင်လက်ခံပေးချင်တဲ့ လူတယောက်ဖြစ်ခွင့်ရချင်မိတယ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မီယာရဲ့ ရဲရင့်မှုတွေ လွတ်လပ်မှုတွေက ကိုယ့်ကို အားတက်စေမိတယ် မီယာ ကရင်းငို‌နေခဲ့တဲ့ အခန်းလေးမှာ မီယာ့ကို ကရုဏာပိုသက်ခဲ့မိပါတယ်
    လောကမှာ ကိုယ်မဖြစ်တိုင်း မယုံတိုင်း မဟုတ်ဘူး မရှိဘူးလို့ ပြောလို့မရပါဘူး ဒါကြောင့်စာရေးသူက It’s all possible, if you believe လို့ဖော်ပြထားပါတယ် နောက်ပြီး ကိုယ်နဲ့မတူတိုင်းလဲ ခွဲခြားစရာမလိုပါဘူး “တစ်ဦးက မေတ္တာ တစ်ဦးမှာစေတနာ” တဲ့ အဲ့တာဟာ ဘာသာတွေ လူမျိုးတွေ အဆင့်အတန်း အသိုင်းအဝိုင်းတွေနဲ့ ဘာမှကို မဆိုင်ဘူးဆိုတာ လောကလူသားတိုင်း သိမြင်နားလည်လက်ခံနိုင်ကြပါစေ

  3. Nway Oo Tain Yan

    ကျွန်တော့်အတွက် ဒီစာအုပ်ဟာ စာအုပ်မထွက်ခင်ကတည်းက စာအုပ် Title နဲ့ ရင်းနှီးခဲ့တဲ့ စာအုပ်ပါ။စာအုပ်နာမည်ကိုကြည့်ပြီး ဝယ်ခဲ့တဲ့စာအုပ်တစ်အုပ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။စာအုပ်ရဲ့နာမည်က “ဆက်၍မပွင့်တော့သော နှင်းဆီများ” တဲ့လေ။ဒီစာအုပ်မှာ Gifted Healer တစ်ဦးရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များကို သုတနဲ့ရသ ရောနှောပြီး စိတ်ဝင်စားဖွယ်၊ဗဟုသုတ ရဖွယ် ‌ရေးဖွဲ့ထားပါတယ်။စာရေးသူက မီယာ(Mia)ဆိုတဲ့ နိုင်ငံခြားသူ ဇာတ်ကောင်နေရာကနေ နေရာယူပြီး ကျွန်မဆိုတဲ့ နာမ်စားနဲ့အတူ အပြောဟန်နဲ့ ဖန်တီးရေးသားထားတာကို တွေ့ရပါတယ်။ဒီစာအုပ်ဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့နဲ့ အနောက်နိုင်ငံအချို့ကို နောက်ခံထားပြီး ရေးသားထားပါတယ်။ဒီစာအုပ်ဟာ စာရေးသူရဲ့ ပင်ကိုယ်ရေးဝတ္ထုဖြစ်ပေမယ့် စာရေးသူရဲ့အရေးအသားများက ဘာသာပြန်စာအုပ်တစ်အုပ်ကို ဖတ်နေရသလို ခံစားရစေပါတယ်။ဘာသာပြန်စာအုပ်တွေကြိုက်တတ်တဲ့ ကျွန်တော့်လိုလူမျိုးနဲ့တော့ ဒီစာအုပ်ဟာ အံဝင်ခွင်ကျပါပဲ။
    ဆရာမမွန်ဟော်စီရဲ့ စာအုပ်ကို ယခုမှစတင်ဖတ်ဖူးခြင်း ဖြစ်ပါတယ်။ဒီစာအုပ်ဟာ ယခင်ထွက်ရှိပြီးသော စာအုပ်များနဲ့ဆက်နွယ်‌ပြီး ရေးသားထားကြောင်းကို foot note များမှတဆင့် သိရှိခဲ့ရပါတယ်။ကျွန်တော်ကိုယ်တိုင် ယခင်စာအုပ်များကို မဖတ်ဖူးခဲ့ပေမယ့် ယခုစာအုပ်အား အပြည့်အဝနားလည်ခဲ့ပါတယ်(ယခင်စာအုပ်များ ဖတ်ထားလျှင်တော့ ပိုကောင်းပါတယ်)။စာအုပ်ပါအကြောင်းအရာအချို့ရဲ့ အသေးစိတ်များကို Foot note များနဲ့ ရှင်းပြထားတဲ့အတွက် စာဖတ်သူကို ပိုပြီးနားလည်လွယ်စေပါတယ်။စာအုပ်ရဲ့ထူးခြားချက်ကတော့ စာအုပ်ပါအကြောင်းအရာအချို့ကို စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ QR code များမှတဆင့် Scan ဖတ်ပြီး အကြောင်းအရာကို နားဆင်နိုင်ခြင်းဖြစ်ပါတယ်။
    ဒီစာအုပ်မှာ စိတ်ဝိညာဉ်ကုထုံး(Angelic Healing)၊စွမ်းအင်ကုထုံး(Energy Healing)နဲ့ အခြားမမြင်အပ်သော လောကဆိုင်ရာအယူအဆတွေနဲ့ အချက်အလက်‌တွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
    လူတွေသေပြီးရင် ဘာဆက်ဖြစ်သလဲ?
    မွေးဖွားခြင်းမတိုင်မီနှင့်သေဆုံးခြင်းတွေရဲ့တစ်ဖက်တစ်ချက်စီတိုင်းမှာ အခြားသောဘဝတွေ ရှိနေသလား?
    လူတွေဟာ သေဆုံးပြီးတာနဲ့ ချက်ချင်းဆိုသလို ဘဝအသစ်တစ်ခုရနိုင်သလား?
    အစရှိတဲ့မေးခွန်းတွေအတွက် စာဖတ်သူများ လက်ခံနိုင်လောက်တဲ့အဖြေကိုလည်း ဒီစာအုပ်မှာ တွေ့ရှိရမှာပါ။
    ဇာတ်လမ်းအကျဉ်းအနေနဲ့ ပြောရလျှင်
    အမေရိကန်ပြည်ထောင်စု၊ဟာဝိုင်ရီပြည်နယ်မှာရှိတဲ့ ရိုးရာဓလေ့တွေမပျောက်ပျက်သေးသောဒေသတစ်ခုဖြစ်တဲ့ မိုလိုခါရီ(Molokai)ကျွန်းကလေးမှာ Maria Evengeline ခေါ် မီယာ (Mia) ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ အစွမ်းသတ္တိထူးများနဲ့အတူမွေးဖွားလာခဲ့ပါတယ်။သူမဟာ ငယ်စဉ်ကတည်းက မမြင်အပ်သောပုဂ္ဂိုလ်များကို မြင်နိုင်၊စကားပြောဆိုနိုင်ရုံသာမကပဲ ရှေ့ဖြစ်မယ့်အရာတွေကိုပါ ကြိုမြင်နိုင်ပါတယ်(မကောင်းသောအနိဌာရုံမြင်ကွင်းများကို ပို၍မြင်ရ)။သူမမှာရှိနေတဲ့ အပိုအာရုံသိမှုစွမ်းရည်(Extra Sensory Perception-ESP) ကြောင့် လူမှုဘဝမှာ လူအများရဲ့ ဖယ်ကျဉ်ဆက်ဆံခြင်းကို ခံခဲ့ရပါတယ်။သူမမှာ လူအပေါင်းအသင်းရယ်လို့မရှိပဲ သူမ၏ငယ်ဘဝကို လူမဟုတ်သောအပေါင်းအသင်းလေးများ(ဝိညာဉ်များ)နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။သူမရဲ့ ဘဝဖြစ်တည်မှုကို နားလည်ယုံကြည်ပေးခဲ့သူဆိုလို့ Energy Healer တစ်ဦးဖြစ်တဲ့ သူမရဲ့အဖွားပဲရှိပါတယ်။
    မီယာ အသက် ၂၀ အရွယ်မှာ အကြောင်းကိစ္စတစ်ခုကြောင့် ဆရာတစ်ဦးနဲ့ Angelic Healing လုပ်ပြီး သူမပိုင်ဆိုင်ထားတဲ့ စွမ်းရည်ကို သူမဆန္ဒအရ Vision ပိတ်ကာ သာမန်လူတစ်ယောက်အဖြစ် နှစ်အတော်ကြာ နေထိုင်ခဲ့ပါတယ်။ထိုကာလအတွင်းမှာ သူမဟာ သူမကံကြမ္မာရဲ့ရွေးချယ်ပေးမှုအရ အရှေ့တောင်အာရှနိုင်ငံအချို့မှာ သူမဝါသနာပါရာ ပန်းချီအနုပညာလုပ်ငန်းဖြင့် အသက်မွေးခဲ့ပါသည်။Vision ပိတ်နေစဉ်ကာလအတွင်း မီယာ့နောက်ကိုတောက်လျှောက်လိုက်နေခဲ့တဲ့ လည်ပင်းမှာ အရစ်ပြောက်ကလေးနဲ့ ခိုဖြူကလေးကတော့ ဇာတ်ရှိန်ကိုအတော်အသင့်မြှင့်ပေးတဲ့ ဇာတ်ပို့ကလေး လို့ပင်ဆိုနိုင်ပါတယ်။ထိုကာလအတွင်းမှာပဲ မီယာဟာ ချမ်းသာ ဆိုတဲ့ မြန်မာအမျိုးသားတစ်ယောက်နဲ့မေတ္တာမျှခဲ့ကြပါတယ်။သူမတို့နှစ်ယောက်ချစ်သူဖြစ်ပြီးနောက်ပိုင်း မီယာ့အတွက် ပျော်ရွှင်ကြည်နူးမှုများရှိခဲ့သလို၊ဝမ်းနည်းဖွယ်အဖြစ်အပျက်များလည်း ရှိခဲ့ပါတယ်။
    သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာလည်း စိတ်ဝင်စားဖွယ်အကြောင်းအရာတွေများစွာ ပါဝင်နေပါတယ်။ဒီအချက်တွေကိုတော့ စာအုပ်မှာပဲ ဆက်လက်ဖတ်ရှုစေချင်ပါတယ်။
    မီယာ အသက် ၂၀ အရွယ်ကတည်းက ပိတ်ထားခဲ့တဲ့ Vision ဟာ
    သူမအသက် ၄၀ ပြည့်တဲ့အခါမှာ Vision ဟာ ပြန်ပွင့်သွားပြီး မီယာ ဟာ Spiritual Worker(မမြင်အပ်၊မမြင်ရသော လောကသားများနှင့်ဆက်သွယ်ပြောဆိုနိုင်သူ) တစ်ဦးအဖြစ် လူအများကြုံတွေ့နေရသော မမြင်အပ်သောလောကဆိုင်ရာ အခက်အခဲများကို နာမ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဒိုဇို(DoZo)နဲ့အတူ လိုက်လံဖြေရှင်းကုသပေးခဲ့ပါသည်။ဒိုဇို ဆိုတာကလည်း ဒီစာအုပ်ကို ဇာတ်သိမ်းအထိ ဖတ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကောင်တစ်ခုပါပဲ။မမျှော်လင့်ပဲ မီယာ ဟာ ထရီစာ အမည်ရှိသော မိန်းကလေးတစ်ဦးကို သူမဘဝမှာ သူမအကြောက်ဆုံးကုထုံးတစ်ခုနဲ့ ကုသပေးခဲ့ရပါတယ်။ကျွန်တော်ကိုယ်တိုင် မီယာ ထိုကုထုံးပြုလုပ်နေပုံကို ရင်တထိတ်ထိတ်နဲ့ ဖတ်ခဲ့ရတာပါ။
    မီယာ အကြောက်ဆုံးဖြစ်တဲ့ ထိုကုထုံးဟာ ဘယ်လိုကုထုံးမျိုးဖြစ်မလဲ?
    မီယာ ကိုယ်တိုင် အသက်နဲ့ရင်းပြီးကုသပေးခဲ့ရတဲ့ ထိုမိန်းကလေးကရော သူမနဲ့ဘယ်လိုပတ်သတ်မှုမျိုးရှိနေမှာလဲ?
    မီယာ့ရဲ့ အချစ်ရေးကရော ဖြောင့်ဖြူးခဲ့သလား?
    Vision ပြန်ရပြီးနောက်ပိုင်း ၅နှစ်တာအတွင်း မီယာဟာ ဝိညာဉ်တစ်ခုကို ရှာဖွေဆက်သွယ်ရန်ကြိုးစားခဲ့ပါတယ်။
    ထိုဝိညာဉ်ကရော ဘယ်သူ့ဝိညာဉ်ဖြစ်နိုင်သလဲ?
    သူမ ထိုဝိညာဉ်ကို ပြန်တွေ့နိုင်ပါ့မလား?
    သူမအနားမှာ ‌တောက်လျှောက်လိုက်နေခဲ့တဲ့ ခိုဖြူကလေးကရော ဘယ်သူဖြစ်မလဲ?
    ဆိုတာတွေ ကတော့ ဆရာမမွန်ဟော်စီရဲ့ “ဆက်၍မပွင့်တော့သော နှင်းဆီများ”ဆိုတဲ့စာအုပ်လေးမှာသာ ဆက်လက်ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ဇာတ်ကောင်တွေများနေပေမယ့်လည်း နောက်ဆုံးမှာ အချိတ်အဆက်မိမိနဲ့ ဇာတ်သိမ်းထားနိုင်မှုကတော့ စာရေးသူရဲ့အားသာချက်လို့သာ ထင်မြင်မိပါတယ်။
    ဒီစာအုပ်ထဲမှာရေးသားထားတဲ့ မီယာ သွားခဲ့တဲ့နိုင်ငံတွေရဲ့ အလှအပနဲ့ရှုခင်းများကို မျက်လုံးထဲမှာ ယခုထိမြင်ယောင်နေဆဲပါ။
    သရဲအခြောက်ဆုံးမြို့တော် New Orleans မှာရှိတဲ့ ဓာတ်တိုင်၊ဓာတ်ကြိုး၊သစ်ပင်နဲ့သစ်ကိုင်းတွေမှာ ချိတ်ဆွဲထားတဲ့ Voodoo ရောင်စုံပုတီးတွေ။
    စွဲမက်ဖွယ် ပင်လယ်ရှုခင်းအလှတွေနဲ့ ငပလီကမ်းခြေ။
    စားသောက်ဆိုင်တွေ၊Bar တွေ၊ညဈေးတွေနဲ့စည်ကားနေတဲ့ ဂျကာတာမြို့ရဲ့ညရှူခင်းအလှ။
    ကျွန်းပေါင်း ၁၇၀၀၀ ကျော်ရှိပြီး အာဂွန်း(Agung) တောင်ကြီး ဝန်းရံထားသော ဘာလီမြို့ရဲ့ မြင်ကွင်း။
    တောင်တွေကာရံထားပြီး ရာသီဥတုအေးမြတဲ့ ချင်းမိုင်မြို့ရဲ့အလှ ။ ။
    ဒီမြင်ကွင်းတွေအားလုံးကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရသလိုမျိုး ခံစားခဲ့ရပါတယ်။
    ဒါ့အပြင် ကူမန်ထုံအရုပ်နဲ့Voodoo အတိုက်အခိုက်များအကြောင်းကိုလည်း စိတ်လှုပ်ရှားစွာနဲ့ ဖတ်ခဲ့ရပါတယ်။
    Chakra Meditation နဲ့ပတ်သတ်၍လည်း အသိအမြင်သစ်တွေရခဲ့ပါတယ်။မမြင်အပ်သော လောကဆိုင်ရာအကြောင်းအရာများနဲ့ပတ်သတ်ပြီး ဘာသာအသီးသီးရဲ့အယူအဆများဟာလည်း စိတ်ဝင်စားဖွယ်ပါပဲ။ဘာသာတိုင်းမှာ ဗုဒ္ဓဘာသာကဲ့သို့ အမျှဝေခြင်းဟူပြီး သီးသန့်မရှိပေမယ့် စိတ်ညွတ်ပြီးဆုတောင်းမေတ္တာပို့သခြင်းက မည်သည့်ဘာသာအယူဝါဒနဲ့မဆို အကျုံးဝင်နေကြောင်းကိုလည်း ဆက်စပ်တွေးမြင်မိပါတယ်။ဒီစာအုပ်မှာ ပါရှိတဲ့ဇာတ်ကောင်တွေရဲ့အဖြစ်အပျက်အချို့ဟာ စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းများ ဖြစ်ဟန်တူပါတယ်။စာရေးသူက ဝတ္ထုအစမှအဆုံးအထိကို စိတ်ဝင်စားမှုလျော့မသွားအောင် တငြိမ့်ငြိမ့်နဲ့ဆွဲခေါ်ထားနိုင်ပါတယ်။အရေးအသားတွေ၊အကြောင်းအရာတွေကအစ စိတ်ဝင်စားဖို့ကောင်းပြီး ရှုထောင့်တစ်နေရာတည်းမှ အပြီးယူကာဖန်တီးရေးသားထားတဲ့အတွက် ဖတ်ရတာလည်း သွက်ပါတယ်။
    ဇာတ်လမ်းအဆုံးမှာတော့ ကျွန်တော်အတွေးလေးတစ်ခု ဝင်မိပါတယ်။ဇာတ်သိမ်းမှာအဖြည့်ခံလူအဖြစ် ရည်ညွှန်းထားတဲ့သူဟာ တကယ်ရော အဖြည့်ခံဟုတ်ရဲ့လား?
    ကျွန်တော့်အမြင်အရတော့ တကယ့်အဖြည့်ခံလူဟာ ဝတ္ထုတစ်ပုဒ်လုံးကို နှင်းဆီရနံ့တွေနဲ့မွှေးပျံ့စေခဲ့သောသူ၊တယောသံစဉ်တွေနဲ့ ဖျော်ဖြေပေးခဲ့သောသူ၊မီယာ့အိမ်မှာရှိတဲ့ နှင်းဆီပွင့်တွေကို အစွမ်းကုန်အောင် ပွင့်လန်းစေခဲ့သောသူ လို့ ထင်မြင်မှတ်ယူမိပါတယ်။ဒါကြောင့် ပိတ်ငုံနေကြသော နှင်းဆီပွင့်များကို ဆက်လက်ပွင့်လန်းမွှေးပျံ့နိုင်ပါစေလို့ ဆန္ဒပြုရင်း………
    *နေမင်းတိမ်ယံ*
    It’s all possible, if you believe. သင်…ယုံကြည်လျှင်…ဘာမဆို ဖြစ်နိုင်သည်။
    မူရင်းစာအုပ်ကတော့ အပြစ်ပြောစရာမရှိလောက်အောင် ကောင်းပါတယ်။အခုကျွန်တော်မကျွမ်းမကျင်နဲ့ရေးလိုက်တဲ့ စာအုပ်အညွှန်းကြောင့် စာအုပ်ရဲ့ရသ ယုတ်လျော့သွားခဲ့သည်ရှိသော် ကျွန်တော့်ရဲ့အပြစ်သာဖြစ်ပါသည်ခင်‌ဗျာ။

  4. Aye Yupar

    ဒီစာအုပ်ရဲ့ title ဟာ ဘာကြောင့်နှင်းဆီတွေ ဆက်၍မပွင့်တော့တာလဲ ဆိုတာတွေးရင်း အဆုံးထိကျကျနနဆွဲခေါ်သွားတော့တာပါပဲ။
    ဒီစာအုပ်မဖတ်ခင်မှာ ဆက်ရန်မရှိတော့ပါနဲ့
    ဆက်ရန်ရှိသေးသည် ဆိုတဲ့ စာအုပ်နှစ်အုပ်ကိုဖတ်ထားတဲ့အတွက် ဒီစာအုပ်မှာ အများကြီး နှစ်နှစ်ကာကာခံစားလို့ရခဲ့ပါတယ် ။
    ကိုယ်နဲ့ တသားတည်းဖြစ်သလိုစိတ်မျိုးနဲ့ စာအုပ်ဖတ်နေစဉ်မှာ အာရုံစူးနစ်နေခဲ့ရတယ်ဆိုတာ အသေအချာပါပဲ။
    စ ဖတ်စ မှာတော့ ကိုယ်နဲ့ အရမ်းမရင်းနှီးတဲ့ စိတ်နယ်လွန်ဖြစ်ရပ်မျိုးနဲ့ ဇာတ်ကောင်ဟာ စိတ်ဝင်စားစရာကောင်းအောင် အစ ပျိုးထားပါတယ်။
    မီယာ ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်အနေနဲ့ သူမွေးဖွားတဲ့ အရပ် ဒေသ ၊ ဟာဝိုင်ရီပြည်နယ်ထဲက
    (Molokai)မိုလိုခါရီ ကျွန်းလေးကို စတင်ပုံဖော် ကတည်းက ကိုယ်ဟာ အဲ့ ဒီကို ရောက်နေခဲ့ပါပြီ။
    အနုစိတ်ပြီး ရသတွေ အပြည့်အဝနဲ့ စိတ်ကို ကြည်လင်စေနိုင်တဲ့ အင်အားမျိုးတွေ ရပါတယ်။
    ဟာဝိုင်ရီကျွန်းပေါ်က အဖွားနဲ့အတူနေတဲ့ အိမ်လေး၊
    ဘာလီမှာ ချစ်သူနှစ်ဦးနေထိုင်စဉ်ကာလတွေ ၊ထိုင်းနိုင်ငံ ချင်းမိုင်ရဲ့ အလှအပတွေ ၊မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေ အားလုံးကို ကိုယ်တိုင်မြင်တွေ့ခံစားမိသလိုကို စိတ်ကြည်နူးရပါတယ်။
    ဒါတွေက ခု stay home ကာလမှာ အရမ်းrelax ဖြစ်စေတဲ့ ခံစားမှုတွေပါပဲ။
    နောက်…စာဖတ်ရတဲ့ အခါ ထူးခြားချက်က foot noteလေးတွေနဲ့ ပြန်ပြီးရှင်းပြထားတာမျိုး၊
    Viber မှာ scan ဖတ်ပြီး အသံတွေ ရှင်းလင်းချက်တွေ နားထောင်ရတာမျိုး တွေ ထည့်သွင်းပေးထားတဲ့ အတွက် တော်တော်လေးစိတ်ကျေနပ်ရတဲ့အပြင် ဆရာမကို ကျေးဇူးတင်ရပါတယ်။
    မီယာတစ်ယောက် လိပ်ပြာလွှင့်ပြီး ထရေစီ့ကို ကယ်တင်တဲ့အခါ မောပန်းနေရသလို စာဖတ်နေတဲ့ကျွန်မစိတ်မှာလည်း တက်လိုက်ကျလိုက်နဲ့
    တကယ်ကို မောပန်းနေခဲ့ပါတယ်။
    အိမ်ပြန်ရောက်လို့ ပင်ပန်းနေတဲ့စိတ်ကို လွှတ်ချ bath tubထဲ စိမ်ရင်း သူ့ချစ်သူကြိုက်နှစ်သက်တဲ့
    love of my life … သီချင်းလေးနားထောင်လိုက်တဲ့အချိန်မှာ
    ကိုယ်ပါ scan ဖတ်ပြီး သီချင်းနားထောင်ရင်း စိတ်ကို ဖြေလျော့နေမိခဲ့ပါတယ်။
    ဆရာမက တကယ်ကို အံဝင်ခွင်ကျ အချိန်ကိုက် ထည့်သွင်းပေးထားတယ် လို့တောင် ယူဆမိပါတယ်။
    အရင်ဇာတ်ကောင်တွေကတည်းကခံစားမှုမှန်သမျှ ပူးကပ်နေခဲ့တော့ စာဖတ်နေချိန်မှာ ကိုယ်ဟာ မီယာတစ်ယောက်ဖြစ်နေခဲ့ပြီ။
    သူ သိပ်ချစ်ရတဲ့ချမ်း…
    ပြန်တွေ့ချင်သေးတဲ့ ချစ်သူရဲ့ အရိပ်အယောင်တွေ…
    အထီးကျန်ဝမ်းနည်းဖို့ ကောင်းတဲ့ မီယာ …..
    သိလား ထရေစီ …တို့လေ မင်းအဖေကိုသိပ်ချစ်ခဲ့ပါတယ်။
    ဘယ်သူနဲ့မှကို အစားမထိုးနိုင်လောက်အောင်ကိုချစ်တယ်။
    ခံစားလိုက်ရတာ နာကျင်လိုက်ရတာ မီယာ့ကို သနားလိုက်တာ။
    ချမ်းဟာ မမကို သိပ်ချစ်သလောက် မီယာဟာလည်း ချမ်းကို သိပ်ချစ်တာ ထင်ရှားပါတယ်။
    နောက်ဆုံးထိ ချစ်ရသူကို တမ်းတရင်း ဘဝ ကို ကုန်ဆုံး သွားရတယ်။
    ရသ ကို အသားပေးပြီးခံစားရင်လည်းလေးနက်ရပါတယ်။
    သုတ ကို အသားပေးခံစားဖတ်တဲ့သူအနေနဲ့ ဆိုရင်လည်း နေရာစုံရဲ့ အလေ့အထ၊ သူတို့ရဲ့ရိုးရာ ၊ ကိုးကွယ်မှု၊ မရောက်ဖူးတဲ့ နေရာမှန်သမျှ ဒီနေရာကနေ ကိုယ်တိုင် မြင်နေရသလို ခံစားရတဲ့အတွက် တော်တော်လေးပြည့်စုံတဲ့ စိတ်ကျေနပ်မှုကို ရစေမှာပါ။
    အင်ဒိုနီးရှား ဂျကာတာမှာ ကူမန်ထုံ အရုပ်နဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ဟာလည်း ရင်မောတုန်လှုပ်စရာပါ။
    ဘာလီက ထရန်ယန် (Trunyan) ဆိုတဲ့ရွာရဲ့ထူးခြားတဲ့ ဓလေ့တွေအကြောင်း၊
    သရဲအခြောက်ဆုံးမြို့တော် နောလင်းစ်ရဲ့ Voodoo အတိုက်တွေ အကြောင်း သိရသမျှ ကတော့ တကယ်ဗဟုသုတ ရ ရပါတယ်။
    စိတ်နယ်လွန်ဖြစ်ရပ်ကို အခြေခံတယ်။
    စဖတ်ကတည်းက ကျွန်မတို့ဗုဒ္ဓဘာသာနဲ့ မသွေဖယ်တဲ့ ဇာတ်ကောင်တစ်ခုအဖြစ်တွေ့ရတယ်။
    Meditation လုပ်တယ်။ ကုသိုလ်ကို အများကိုဝေမျှတယ်။
    ဘာသာအယူဝါဒ ပေါင်းစုံကို သိမ်သိမ်မွေ့မွေ့လေး အမှားမရှိချပြထားတယ်။
    သေပြီးနောက်ဘဝတကယ်ရှိသလားဆိုတာတွေ ၊
    စိတ်အစွဲကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေ ၊
    ကြားခံနယ် တစ်ခုအနေနဲ့ ဆက်သွယ်ပေးရတဲ့ ထူးခြားချက်တွေ ၊
    ကိုယ်မသိသေးတဲ့ အရောင်တွေအကြောင်း၊
    နောက်တစ်ခုက
    ခန္ဓာကိုယ်မှာရှိတဲ့ (Energy points in the body)
    Energy တွေ balance ရှိမှု မရှိမှု ကို
    ချိန်ညှိပြီး စိတ်ကိုထားတတ်ဖို့ လေ့ကျင့်တာတွေဟာ
    ဗုဒ္ဓဘုရားရှင်ဟောထားတဲ့ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင်သုံးရမယ်ဆိုတဲ့ တရားကို ပြသခြင်းပဲလို့ ကျွန်မကတော့ မှတ်ယူပါတယ်။
    ရသနဲ့သုတကို မျှပြီးခံစားစေတဲ့စာအုပ်တစ်အုပ်ပါ။
    ရသကို နင့်ခနဲခံစားလိုက်
    ရင်ဖိုစရာ ဇာတ်ကွက်တွေနဲ့ ရင်မောလိုက်
    ကိုယ်မသိသေးတဲ့ သုတတွေ မှတ်သားလိုက်နဲ့ တကယ်ကို အချိန်ကုန်ဖို့ထိုက်တန်တာထက်ပိုတဲ့ စာအုပ်တစ်အုပ်ပါ။
    နောက်ဆုံးတော့
    အနားမှာ အမြဲရှိနေခဲ့ပြီး ခံစားချက်ကိုထုတ်မပြခဲ့တဲ့ သူ ၊ အရာရာ နားလည်သိမြင်မှာပါပဲ ဆိုတဲ့ (ကိုယ့်အထင်)အထင်နဲ့ ဇာတ်လမ်းရဲ့ တစ်နေရာမှာ ငြိမ်စေခဲ့တဲ့သူ Dozo
    နောက်တစ်ချိန် မီယာ့ရဲ့နှင်းဆီတွေ ဆက်ပွင့်လာဖို့ နောက်စာမျက်နှာတွေမှာ သူ့ကိုတွေ့ရဖို့ မျှော်လင့်မိပါတယ်။
    စိတ်ထဲမှာတော့ အဆုံးမသတ်ချင်သေးတဲ့ စိတ်တစ်ခုနဲ့ ကျန်နေခဲ့ပါတယ်။
    အဖြည့်ခံဘဝနဲ့ နေခဲ့ရတဲ့ မီယာ့အတွက် နှင်းဆီတွေ အလှဆုံးပွင့်လန်းစေချင်ပါသေးတယ်။
    Aye Yupar
    6th,sep,2021(Mon)
    6:25pm

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မွန်ဟော်စီ စာအုပ်များ