နှင်းဆီခြေသံ

( 27 မှတ်ချက်)

6000 (ကျပ်)

မိန်းမလှကျွန်းလို့ အမည်တွင်ခဲ့တဲ့ ရန်ကုန်စီးပွား​ရေးတက္ကသိုလ် နှင်းဆီ​ဆောင်မှ ပွင့်ဖတ်ငယ်​လေး​​တွေရဲ့ ရင်ခုန်သံစည်းချက်​တွေနဲ့ လိုက်ပါစီး​မျောနိုင်တဲ့….နှင်းဆီ​ခြေသံ

မြန်မာပြည်မှာ တက္ကသိုလ်​ကျောင်းသားဘဝကို အပြည့်အဝခံစားခွင့်ရခဲ့တဲ့ ၁၉၈၈ခုနှစ်​ရှေ့ပိုင်းက ​ကျောင်းသား​ကျောင်းသူပုံရိပ်​တွေ၊ ၁၉၈၈​နောက်ပိုင်း ​ပြောင်းလဲသွားတဲ့ ခံစားမှု​တွေ၊ စာဖတ်သူကို ​ငိုအားထက် ရယ်အားသန်​စေတဲ့ အ​ဆောင်​ရဲ့ ​ခြောက်လှန့်မှု​တွေကို အား​ကောင်းလှတဲ့ က​လောင်စွမ်းနဲ့ ပုံ​ဖော်ထားတဲ့… နှင်းဆီ​​ခြေသံ

ပြန်မရနိုင်တဲ့ ဖြူစင်ရိုးသားခြင်း​တွေနဲ့ သူငယ်ချင်း သံ​ယောဇဥ်​၊ ချစ်သူရည်းစားသဘာဝ​တွေ၊ ဘဝဇာတ်ခုံ​ပေါ်မှ အိမ်​ထောင်သည်ဘဝ ဒသန​​တွေကို ​ဇာတ်​ကောင်အမျိုးမျိုးနဲ့ ထိုင်ရာက မထနိုင်​အောင် စွဲ​ဆောင်အား​ကောင်းလှတဲ့…နှင်းဆီ​​ခြေသံ

​သေချာပါတယ်…ဒီဝတ္ထု​လေးကို ဖတ်ပြီးသွားတဲ့အခါမှာ ၁၉၈၈​ရှေ့ပိုင်းက တက္ကသိုလ်ကျောင်းသားဘဝကို သင် လွမ်းစွတ်တမ်းတစွာနဲ့ ကျန်​နေခဲ့မယ်ဆိုတာ….

စာမျက်နှာ

280

စာအုပ်အရွယ်အစား

5.6 × 0.7 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဩဂုတ်လ (ပ-အကြိမ်)

24 in stock

နှင်းဆီခြေသံ အား ဝေဖန်သုံးသပ်မှု 27 ရှိပါသည်။

  1. Mon Halsey

    နှင်းဆီခြေသံဆိုတဲ့ ဝတ္ထုစာအုပ် လေးကိုဖတ်ရတာ..ဘယ်တော့မှ မရိုးတဲ့.. တက္ကသိုလ်နောက်ခံရုပ်ရှင်ကားတစ်ကားကို
    ကြည့်နေရသလိုပါပဲ..

    ဒီစာအုပ်ထဲမှာ သမိုင်းဝင်းထဲက နှင်းဆီ အဆောင်သူကလေးတွေ… အဲဒီထဲကမှ ပိုပြီးချစ်ကြတဲ့ မော်..မိုး..ခမ်း..မေ.. ဆိုတဲ့ သူငယ်ချင်း လေးယောက် ..

    သူတို့ရဲ့နောက်ခံဘဝတွေ.. အချစ်နဲ့ပတ်သက်တဲ့ အယူအဆဒဿနမျိုးစုံ… ကျွန်မတို့လုံးဝမ မှီခဲ့တဲ့.. ခုနှစ်သက္ကရာဇ်တွေဆီက လွမ်းမောဖွယ်ရာ တက္ကသိုလ်ရဲ့ပုံရိပ်တွေ…

    အဆောင်နေကျောင်းသူတွေရဲ့ ပျော်စရာ..အမှတ်ရစရာအကြောင်းတွေကို ဝေ (စီးပွားရေးတက္ကသိုလ်)ရဲ့ နှင်းဆီခြေသံစာအုပ်ထဲမှာ အရသာရှိရှိဖတ်ခွင့်ရတဲ့အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်

    ..ဒီလို စာအုပ်မျိုးက ကျွန်မတို့ရဲ့ Memory တွေကို ပြန်ခေါ်ပေးတဲ့..
    ..Memory Flashback ဖြစ်စေတဲ့.. စာအုပ်မျိုးဆိုတော့ ကိုယ်တက္ကသိုလ်တက်တုန်းက ရွာသာကြီး..အကြောင်းတွေကို Review ရေးရင်း
    မရေးမိအောင် အတော်ဘရိတ်အုပ်ထားလိုက်ရပါတယ် ..

    .. အဆောင်နေ တက္တသိုလ် ကျောင်းသူလေးတွေရဲ့ ဘဝကိုပေါ့ပေါ့ပါးပါး ရေးထားသလို ထင်ရပေမဲ့..
    ဘဝဒဿနအမြင်တွေလည်း အများကြီးပါတယ် ..

    အမိတက္ကသိုလ်ရင်ခွင်ကြီးထဲမှ လိမ့် ထွက်သွားရသော ရောင်စုံ ဘောလုံးလေးတွေလိုပင်.. ကြည့်နေရင်း..ကြည့်နေရင်း..နေရာအနှံ့ ပြန့်ကြဲ..လိမ့်ထွက်သွားရာ အမိရင်ခွင်ကြီးတစ်ခုလုံး..ဗလာကျင်းကာကျန်ခဲ့တော့သည်..

    နေမင်းကြီးနဲ့ လွဲတာကိုငိုကြွေးနေရင်လမင်းကြီးနဲ့လည်း လွဲသွားနိုင်တယ် ..

    ခါးတော့မှအချိုရဲ့တန်ဖိုးကို..ပိုသိနိုင်မယ် ..

    အချစ်စစ်ဟာခါးရင်လည်း..သည်းခံပြီး ဆက်ဝါးနိုင်ရမယ်.. ခါးရင် ကိုယ်ကဉာဏ်သုံးပြီး..ခပ်ဖွဖွဝါးပေါ့.. ခဏငုံထားသင့်ရင်လည်းငုံထားပေါ့…အခါးကုန်တော့ပြန်ပြီးချိုလာပါလိမ့်မယ်ကွယ် ..

    ဘဝဆိုတာ ရုန်းကန်ခြင်းဖြစ်ပြီး အိမ်ထောင်ရေးဆိုတာ ညှိနှိုင်းရခြင်းပေါ့..

    ရှေ့ပိုင်းမှာပျော်စရာတွေနဲ့ စခဲ့တဲ့ ဝတ္ထုစာအုပ် ကလေးဟာဇာတ်ကောင်တွေ..အသက်ကြီး..ရင့်ကျက်..ဘဝ အတွေ့အကြုံတွေစုံလာသလို.. နောက်ပိုင်းမှာ..အတွေးအခေါ်လေးတွေနဲ့..
    စာဖတ်သူတွေအတွက်..တွေးစရာတွေ ကိုလည်း ချန်ထားရစ်ခဲ့တယ် ..ဒီစာအုပ်ကလေးက ကျွန်မတို့ နှလုံးသားကို နူးညံ့စေတယ်..လွမ်းမောစေတယ်..

    နှင်းဆီခြေသံနောက်ကို..လိုက်သွားတယ်ဆိုရင်ပဲ..ကျွန်မတို့က မကြုံဖူးခဲ့တဲ့..အတိတ်က..အရိပ်တွေကိုလည်း ပြန်မြင်ရမှာပဲဖြစ်တယ် ..

    ကိုယ်ကြုံခဲ့ရတာလေးတွေကလည်း..အမှတ်တရ ပြန်ပေါ်လာပြီးMemory Flashback ဖြစ်စေမဲ့..
    စာအုပ်တစ်အုပ်ဖြစ်ပါတယ်..

    #နှင်းဆီခြေသံ
    #ဝေ
    #စီးပွားရေးတက္ကသိုလ်
    #bookreview
    #monhalsey
    #MemoryFlashback

  2. Aeri Myat

    “အတိတ်များသည် အရိပ်ပမာ
    အားလုံး၏နောက်မှာ
    ကပ်၍လိုက်ပါနေဆဲ …
    လောလောဆယ်မှာတော့
    ခြေသံလေးပဲ နားစွင့်ခဲ့ရပြန်ပြီပေါ့ …
    ချစ်သောနှင်းဆီ …”

    တက္ကသိုလ်နောက်ခံစာအုပ်တွေဖတ်တိုင်း
    လွမ်းစရာရယ်မောစရာဝမ်းနည်းစရာအတိတ်တွေအပြင်တချိန်ကဆုံတွေ့ဖူးခဲ့တဲ့သူငယ်ချင်းဟောင်းတွေကိုပါသတိရစေတာပါပဲ💗ဆရာမဝေရဲ့နှင်းဆီခြေသံစာအုပ်လေးဖတ်မိတော့စိတ်တွေက
    စာအုပ်ထဲက မေ, မော် , မိုး , ခမ်း သူငယ်ချင်းတွေနောက်ပါသွားလိုက်
    ကိုယ့်သူငယ်ချင်းတွေဆီရောက်သွားလိုက် အတွေးတွေကမတည်မငြိမ်နဲ့
    ပေါ့လေ… လွမ်းစရာတော့ကောင်းသား 💗ပထမနှစ်စတက်ခါစက မော်တို့သူငယ်ချင်းအဖွဲ့ စားရတဲ့ ပိုးထမင်းတို့..စာမေးပွဲနားနီးရင်ကြုံရတဲ့
    စိတ်ခြောက်ခြားစရာအဖြစ်အပျက်တွေ,
    အဆောင်ရှေ့ကဂစ်တာသံချိုချိုတွေ,
    ကျောင်းမပြီးခင် စာသင်နှစ်တဝက်တပျက်နဲ့ ကြုံရတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေ နောက်ပြီး နုနယ်တဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ ရင်ခုန်တတ်စအရွယ်ကိုယ်စီကြုံတွေ့ရတဲ့အချစ်ရေးလေးတွေ အခြေအနေမတူကြ စိတ်တွေမညီကြပေမဲ့ တယောက်အပေါ်တယောက်ချစ်ခင်ရိုင်းပင်းကူညီတတ်ကြတာလေးတွေဖတ်ရတာကြည်နူးစရာကောင်းတယ်💗
    ဘဝကိုယ်စီ လမ်းအသီးသီးကိုလျှောက်လှမ်းကြရတဲ့အခါ ပြန်ဆုံတွေ့ဖို့မလွယ် တွေ့ကြပြန်တော့လည်းရင်ဘတ်ချင်းရင်းနှီးခဲ့ကြတဲ့နှင်းဆီသူလေးတွေ
    အရင်လိုပဲ ရင်ခုန်သံတွေနွေးထွေးဆဲ…
    ဖတ်မိသူကိုယ်တိုင်လည်းတက္ကသိုလ်ကသူငယ်ချင်းတွေကိုသတိရမိပြန်တယ်💗
    ဆုံဖြစ်တဲ့သူငယ်ချင်းတွေနဲ့ဆိုရင်အခုချိန်ထိစကားတွေကပြောလို့မကုန်ဘူး
    ဖုန်းပြောရင်လည်း အကြာကြီး အပြင်မှာတွေ့လည်းအကြာကြီးဆိုတာမျိုး စိတ်နှလုံးတွေ နွေးထွေးဆဲပါပဲ…
    မော်တို့သူငယ်ချင်းတစုလိုအပြင်မှာလည်းပြန်တွေ့ချင်သေးတာပေါ့လေ….
    ခရီးတွေလည်းတူတူသွားချင်ပါသေးတယ် တနေ့နေ့ပေါ့… 💗

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝေ(စီးပွားရေးတက္ကသိုလ်) စာအုပ်များ