ဖယောင်းဥယျာဉ်

( 1 မှတ်ချက်)

8500 (ကျပ်)

ဒီဇာတ်လမ်းလေးက ရှမ်းပြည်နယ်မြောက်ပိုင်း ၊ “မေတ္တာရှင် ကလေးပျော်ကျောင်း” လေးမှာ လုပ်အားပေးဆရာမအဖြစ် ဝင်လုပ်ရင်း ၊ကလေးတွေအနား တကယ်နေရင်းနဲ့မှ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ ဖြစ်ရပ်မှန်တွေကို ရေးသားထားတာမို့ စာဖတ်သူတို့အတွက် မိမိတို့ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ်လို့လည်း ယုံကြည်မိပါတယ်။ အများစုကတော့ ECCD – Early Childhood Care & Development (ကလေးအစောပိုင်းကာလ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်း ) က အတွေ့အကြုံရယ် ၊ လက်တွေ့ရယ်ကို ပေါင်းစပ်ပြီးရေးဖွဲ့ခဲ့တာပါ။ အသက် ၂နှစ်ကနေ ၅နှစ်အတွင်းမှာရှိတဲ့ ကလေးငယ်လေးတွေ နေ့စဥ်အာဟာရ မှီဝဲကြပုံတွေ၊ လောကအပေါ်မှာ မြင်ကြတဲ့ ကလေးငယ်တွေရဲ့အမြင်၊ ကစားရင်းကနေပဲ သင်ယူကြရတဲ့ ကလေးလေးတွေရဲ့စရိုက်သဘာဝ စတဲ့အကြောင်းအရာတွေကို အ​ခြေပြုလို့ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။

ကလေးပြုစုစောင့်ရှောက်ကြတဲ့အခါမှာ ဆရာ ၊ ဆရာမတွေတင်မဟုတ်ဘဲ မိဘ ရပ်ရွာအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ရေရှည်တည်တံ့အောင်မြင်ရတာပါ။ ဆိုတဲ့အခါ ဒီစာအုပ်လေးထဲမှာ နေ့တဓူဝ ကြုံဆုံနေခဲ့ရတဲ့ အခက်အခဲပေါင်းများစွာကို တတ်နိုင်သမျှ ထုတ်နှုတ်တင်ပြထားပါတယ်။ အများစုက ကလေးငယ်လေးတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာလေးတွေမို့ အမောတွေကြားကအသောလေးတွေကိုလည်း ဖတ်ကြရဦးမှာပါ။ ဒီစာအုပ်လေးထဲမှာ စာဖတ်သူတွေလုံးဝချစ်ကြမှာသေချာတဲ့ ဇာတ်ကောင်ကလေးလေးတွေ အများကြီးပါပါတယ်။ ကျွန်မကိုယ်တိုင်လည်း သူတို့လေးတွေကို ချစ်စိတ် ၊ လွမ်းစိတ်တချို့နဲ့ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်မသင်ရတဲ့ ကျောင်းကလေးက NGO တစ်ခုနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကနေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကျောင်းကလေးမို့ ကလေးကစားစရာ အထူးအဆန်းလေးတွေလည်း Unicef ကနေ လက်ဆောင်ရတတ်ပါတယ်။တခြား မြို့ရွာတွေနဲ့လည်း မကြာခဏဆိုသလိုပဲ Exchange Visit တွေသွားရတတ်ပါတယ်။ အဲဒီနေရာမှာ ကျွန်မသိပ်သဘောကျရတဲ့ ကယားပြည်နယ်က ကလေးအခြေပြု ကျောင်းကလေးတွေရဲ့ ပုံရိပ်တချို့လည်း ဒီစာအုပ်လေးထဲမှာ ထည့်ထားပါသေးတယ်။ ကယားပြည်နယ်က မိဘရပ်ရွာရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ တကယ့်ကို အံ့မခန်းပါပဲ။ အတုယူခဲ့ရ၊ အင်မတန် လေးစားခဲ့ရတဲ့ ပြည်နယ်ကလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ သေချာတာကတော့ ဒီစာအုပ်ကလေးဟာ ကျွန်မတို့ချစ်တဲ့ကလေးတွေအတွက် သင်ထောက်ကူ စာအုပ်ကလေးတစ်အုပ် ဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။ဒီစာအုပ်ကလေးကို ဖတ်လိုက်လို့ ကလေးလေးတွေအတွက် အကျိုးတစ်စုံတရာ ဖြစ်ထွန်းခဲ့မယ်ဆိုရင် ကျွန်မပင်ပန်းခဲ့ရကြိုး၊ ရေးရကြိုးနပ်ပါပြီ။

စာမျက်နှာ

320

စာအုပ်အရွယ်အစား

5.7 x 0.5 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်)

14 in stock

ဖယောင်းဥယျာဉ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Nway Nway Hlaing (verified owner)

    အကယ်၍ကလေးတစ်‌ယောက်သည် ဝေဖန်ကဲ့ရဲ့မှုများနှင့် တွေ့ကြုံကြီးပြင်းခဲ့ပါက သူတစ်ပါးအားအပြစ်တင်ဝေဖန်ပုံချတတ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် ရန်လိုမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ပါက တခြားသူများနှင့် ခိုက်ရန်ဒေါသဖြစ်လာတတ်သည်။
    အကယ်၍ကလေးတစ် ယောက်သည် လှောင်ပြောင်သရော်မှုခံရပြီး ကြီးပြင်းခဲ့ရပါက ရှက်တတ်သူဖြစ်လာမည်။
    အကယ်၍ ကလေးတစ်ယောက်သည် အားပေးမှုများနှင့်ကြုံတွေ့ကြီးပြင်းခဲ့ရပါက ယုံကြည်မှုအပြည့်အဝရှိသူဖြစ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် အရှက်ရစရာကိစ္စများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ထင်မြင်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် သည်းခံမှုများနှင့်အတူ ကြီးပြင်းခဲ့ရပါက သည်းခံစိတ်ရှည်သူတစ်ဦးဖြစ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် ချီးမွမ်းခံရမှုများနှင့် ကြုံတွေ့ကြီးပြင်းခဲ့ရပါက တခြားသူများအား တန်ဖိုးထားဆက်ဆံတတ်သူဖြစ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် တရားမျှတသောပတ်ဝန်းကျင်တွင်ကြီးပြင်းခဲ့ရပါက တရားမျှတစွာ စဉ်းစားတွေးခေါ် ပြုလုပ်တတ်သူဖြစ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် လုံခြုံမှုရှိစွာနှင့် ကြီးပြင်းခဲ့ရသူဖြစ်ပါက ယုံကြည်မှုရှိသူတစ်ဦးဖြစ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် မိမိကိုထောက်ခံအားပေးမှုများနှင့်သာ ကြုံတွေ့ခဲ့ရပါက မိမိကိုယ်ကို နှစ်ခြိုက်သော၊အကောင်းမြင်သောသူတစ်ဦးဖြစ်လာမည်။
    အကယ်၍ကလေးတစ်ယောက်သည် ချစ်ခင်ရင်းနှီးစွာနှင့် လိုလားစွာ ဆက်ဆံမှုများရရှိပြီး ကြီးပြင်းခဲ့ရပါကဤကမ္ဘာလောကတွင် မေတ္တာကိုရှာဖွေတွေ့ရှိမည်။
    ဆရာမပျိုးရဲ့ “ဖယောင်းဥယျာဉ်” ဆိုတဲ့စာအုပ်လေးထဲမှာပါတဲ့ ကိုယ်အကြိုက်ဆုံးနေရာလေးပါ။
    ဟုတ်ပါတယ် လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုကိုကြည့်ရင် သူဘယ်လိုပတ်ဝန်းကျင်မှာရှင်သန်လာရသလဲဆိုတာသိမြင်နိုင်ပါတယ်။
    ဒါကြောင့်ကလေးဘဝတည်းက သူ့ပတ်ဝန်းကျင်ဟာဘယ်လိုအနေအထားဖြစ်နေပါစေ သူ့တွက် အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်အောင်ဖန်တီးပေးလိုက်သင့်ပါတယ်။
    ဆရာမပျိုးရဲ့”ဖယောင်းဥယျာဉ်”စာအုပ်လေးကိုဖတ်ခြင်းဖြင့် ကလေးဘဝမှာသူရဲ့ပတ်ဝန်းကျင်ဟာအလွန်အရေးကြီးကြောင်းကို ချက်ကျနက်ချသိနိုင်မှာဖြစ်ပါတယ်။
    “ဖယောင်းဥယျာဉ်”ဆိုကတည်းက သေချာပေါက်ဥယျာဉ်မှူးပါမယ်၊ ဖယောင်းလိုနူးညံ့တဲ့ကလေးလေးတွေပါမှာသိပြီးသားဖြစ်လောက်မှာပါ။
    ဆရာမ”ပျိုး”က ကလေးလေးတွေကိုဖယောင်းနဲ့တင်စားထားတယ်လို့လဲထင်ပါတယ်။ဒါဆိုရင်ဒီပျော့ပျောင်းနူးညံ့လှ‌တဲ့”ဖယောင်း”နဲ့တူတဲ့ကလေးလေးတွေရဲ့စိတ်နေသဘောထား၊သူတို့ရဲ့ပတ်ဝန်းကျင်ကိုဘယ်လိုရေးဖွဲ့ထားလဲ၊ဘာကြောင့်ကလေးတွေကိုဖယောင်းနဲ့တင်စားထားရသလဲ၊စာအုပ်နာမည်လေးကဘာလို့ဖယောင်းဥယျာဉ်ဖြစ်နေရသဆိုတာသိချင်ရင်ဒီစာအုပ်လေးကိုဖတ်ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်။
    လူတိုင်းလူတိုင်းဒီစာအုပ်လေးကိုဖတ်ပြီး ကလေးနဲ့ပက်သက်ပြီးKnowledge တစ်ခုခုတော့ရပြီးကျန်ခဲ့မှာကိုအာမခံတာမို့ မဖြစ်မနေဖတ်ကြပါလို့ review လေးပေးချင်ပါတယ်နော်။ ကိုယ်လည်းဒီစာအုပ်ဖတ်ပြီး အသိပညာတွေအများကြီးရလိုက်တာမို့ဆရာမပျိုးကိုလည်းကျေးဇူးအရမ်းတင်မိပါတယ်။
    #ပျိုး
    #ဖယောင်းဥယျာဉ်
    #review

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ပျိုး စာအုပ်များ