ငြိမ်း

( 1 မှတ်ချက်)

6000 (ကျပ်)

ဤဝတ္ထုသည် အမျိုးသမီးတစ်ယောက်၊ အစ်မတစ်ယောက်၊ နှမတစ်ယောက်၊ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၏ ဘဝအထွေထွေကို ခြယ်မှုန်းရေးသားထားသော ရသဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဧရာဝတီတိုင်းထဲက တောတောင်ရေမြေတွေ ပတ်ချာလည်ဝိုင်းနေတဲ့ ရွာသေးသေးကလေးမှာ ကြီးပြင်းခဲ့ရတဲ့ ခပ်နုံနုံအမျိုးသမီးလေးတစ်ယောက်… ချစ်စရာ မောင်လေးညီမလေးတွေနဲ့ သေတစ်ဖန်သက်တစ်ဆုံး ပျော်ပျော်ရွှင်ရွှင်နေသွားချင်တဲ့ သူ့ဆန္ဒ…ပထွေးရဲ့ အကြောင်းမရှိအကြောင်းရှာ ရိုက်နှက်မှုတွေကို ခံခဲ့ရတဲ့ မိန်းမငယ်လေး… အိမ်ထောင်ပြုပြီး လွတ်လမ်းရှာဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် မိဘ၊ မောင်နှမနဲ့ သားသမီးတွေကတစ်ဖက် ခင်ပွန်းဖြစ်သူကတစ်ဖက် ဖြစ်လာတဲ့အခါ…အဲဒီ မိသားစုကြားထဲမှာ ဘယ်လိုတွေ ဆက်ပြီးရှင်သန်းဖြတ်ကျော်ရမလဲ… ပညာရေး ဆုံးခန်းတိုင်အောင် မသင်ခဲ့ရတဲ့ မိန်းမတစ်ယောက်ဟာ လောကဓံကို ဘယ်လိုခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရသလဲ….လောကရဲ့ မာယာလှည့်ကွက်၊ ကံကြမ္မာရဲ့ ကျီစယ်စနောက်မှုတွေအပေါ် ဘယ်လိုတုံ့ပြန်ပြီး ဘယ်လိုရှေ့ဆက်လျှောက်လှမ်းခဲ့သလဲ…နောက်ဆုံးမှာ …ဘယ်လိုပန်းတိုင်ကို ရောက်ရှိသွားသလဲဆိုတာကိုတော့ ဒီ၀တ္ထုလေးထဲမှာ ခံစားသိမြင်ရမှာပဲဖြစ်ပါတယ်။

စာမျက်နှာ

198

စာအုပ်အရွယ်အစား

5.5× 0.4×8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ 2023 ဇွန်လ (ပထမအကြိမ်)

3 in stock

ငြိမ်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🧊 ဆရာသုတညီ ရေးသားတဲ့ “ငြိမ်း” ဆိုတဲ့ စာအုပ်လေးက ငြိမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ နာမည်ကတော့ ငြိမ်းဆိုပေမဲ့ သူ့ရဲ့ဘဝကတော့ မငြိမ်းနိုင်တဲ့ ငြိမ်းဆိုတဲ့ မိန်းကလေးရဲ့ ငယ်စဉ်ဘဝကနေမှ အသက်ကြီး အဘွားအရွယ်ရောက်တဲ့အထိတိုင်အောင် ပူလောင်လှတဲ့ ဘဝအပူမီးတွေကို ရတက်မအေးစွာ တရွေ့ရွေ့ ဖြတ်သန်းကုန်ဆုံးသွားခဲ့ရတဲ့ ဘဝလောကဓံတွေကို ထိမိအောင် ရေးပြထားတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါ။ ငယ်စဉ်ကတည်းက အိမ်ထောင်ကွဲမိသားစုကနေ ပေါက်ဖွားလာပြီး အမေနောက်အိမ်ထောင်ပြုတော့ သားသမီးတွေထဲမှာ အကြီးပီပီ မောင်လေး၊ ညီမလေးတွေအတွက် အမြဲတမ်း ဦးစားပေးစဉ်းစားခဲ့ရ၊ ရတက်မအေးခဲ့ရသူ၊ ပထွေးနဲ့ မထင်သလို ရိုက်နှက်ကန်ကျောက်ခံရသူ၊ အိမ်ထောင်ကျပြန်တော့လည်း ခင်ပွန်းက အစပိုင်းမှာ ဟုတ်တိဟုတ်ရဲ့နဲ့ သားသမီးနှစ်ယောက်ကို ဆုံးရှုံးရအပြီးမှာတော့ လင်ဆိုးမယားတစ်ဖားဖား ဖြစ်ခဲ့ရပြီး မောင်တွေ၊ ညီမတွေနဲ့ ခင်ပွန်းဖြစ်သူအကြား အမြဲတမ်း ဗျာများနေခဲ့ရပြီး နောက်ဆုံးမှာ ငြိမ်းချမ်းရာ အစစ်အမှန်ကို ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ ငြိမ်း …
    __________________________

    🧊 ဝတ္ထုနာမည်က ငြိမ်းတဲ့။ ငြိမ်းဆိုတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းပေါ့။

    တစ်ဇာတ်လုံးကို ငြိမ်းအမြင်၊ ငြိမ်းခံစားချက်တွေနဲ့ ပြောပြသွားတာပါ။ သူ့လက်က မနှိုင်းကောင်းပေမဲ့ နှိုင်းရရင် မိုးမိုး(အင်းလျား) လက်မျိုး။ ငြိမ်းအသက် ၁၄ နှစ် သူ့အထက်က အစ်ကို ဘုန်းကြီးဝတ်တာနဲ့ ဇာတ်ကို စဖွင့်ပြီး ငြိမ်းရဲ့လောကဓံ၊ ငြိမ်းရဲ့သုခဒုက္ခ၊ ငြိမ်းရဲ့ခံစားချက်၊ ငြိမ်းရဲ့ လောကအမြင်တွေနဲ့ ဇာတ်ကို သယ်ဆောင်သွားပါတယ်။ နောက်ဆုံး ငြိမ်းတစ်ယောက် ဘဝကိုအရှုံးပေးမလား။ အနိုင်ပိုင်းမလားဆိုတာက ဒီဝတ္တုရဲ့ စိန်ခေါ်မှုပါပဲ။

    အမျိုးသမီးတစ်ယောက်ဟာ –
    သမီးတစ်ယောက်
    နှမတစ်ယောက်
    အစ်မတစ်ယောက်
    ဇနီးတစ်ယောက်
    အမေတစ်ယောက်အနေနဲ့ ဘဝဇာတ်ခုံပေါ်မှာ ဘယ်လို ကပြအသုံးတော်ခံ သွားတယ်ဆိုတာ ဒီဝတ္တုမှာ တွေ့နိုင်မှာမို့ လေ့လာဖတ်ကြည့်ကြဖို့ကို အကြံပြုချင်ပါတယ်။ (~ ဆရာမယဉ်ယဉ်နု (မန္တလေး) ၏ ငြိမ်း၏သားကလေးအတွက် မုဒိတာစကားမှ)

    🧊 ငြိမ်းသည် ကျွန်တော့်ဘဝ၏ ပထမဦးဆုံးသော လုံးချင်းစာအုပ် ဖြစ်သည်။ ကျွန်တော့်အမေ၏ဘဝအကြောင်းကို အခြေပြုရေးသားထားခြင်းပင် ဖြစ်သည်။ ကျွန်တော့်ဘဝ၏ အစိတ်အပိုင်းများလည်း ပါဝင်သည်။ သို့သော် အတ္ထုပ္ပတ္တိမဟုတ်။ ဝတ္ထုဆန်သော ဝတ္ထုတစ်ပုဒ်ဖြစ်အောင် အချို့ နေရာများအား ကျွန်တော် ဖန်တီးထားသည့် ငြိမ်းနှင့် အချိုးကျကျ ထည့်သွင်းဖြည့်စွက်ထားပါသည်။ (~ စာရေးသူ၏ အမှာစာမှ)
    __________________________

    🧊 ငြိမ်းမေမေနဲ့ ဖေဖေ ကွဲကွာသွားကြပြီး အဖေနဲ့သတင်းတွေ ထွက်နေတဲ့ ငြိမ်းတို့ရွာနဲ့ နှစ်မိုင်လောက်ဝေးပြီး ရွာက အမျိုးသမီးဆီ ဖေဖေလိုက်သွားတော့ ဖေဖေနဲ့အတူ ကိုကိုပါသွားခဲ့ပြီး ငြိမ်း၊ မမနဲ့ မမွေးသေးတဲ့ မောင်လေးတို့ မေမေနဲ့အတူ ကျန်နေခဲ့တယ်။ ‌၆လလောက်နေတော့ မောင်လေးမွေးပြီး မေမေမီးတွင်းက ထွက်တဲ့ နောက်တစ်နေ့မှာ မမက ယောက်ျားနောက် လိုက်ပြေးသွားတယ်။ အိမ်ပြန်လာအပ်ပြီး မမက ငြိမ်းတို့ရွာနဲ့ အတော်ဝေးတဲ့ သူ့ယောက်ျားရွာလိုက်သွားတယ်။

    🧊 မမကလည်းမရှိ၊ အမေကလည်း သွေးနုသားနုနဲ့ဆိုတော့ အသက် ၁၁နှစ်အရွယ် ငြိမ်းအပေါ် တာဝန်တွေ ပုံကျလာခဲ့ပြီး ဆန်ဖွပ်ခဲ့ရတယ်။ ကိုကို၊ အထေနဲ့ ဘယ်တော့မှ မပတ်သက်တော့ဖို့ မေမေက မှာထားပေမဲ့ ကိုကို့ရွာကို အဖေနဲ့အတူ တံမြက်စည်းသွားရောင်းတဲ့ ငြိမ်းသူငယ်ချင်း မြမောင်နဲ့ ကိုကိုက မုန့်‌တွေ ထည့်ပေးတတ်တာ မေမေရိုက်မှာစိုးပြီး ငြိမ်းပြန်မပြောခဲ့။

    🧊 တစ်ရက်တော့ ကိုကို့ရှင်ပြုဖိတ်စာလေး ရလာတော့ အမေမသိအောင် ငြိမ်းခိုးသွားခဲ့တယ်။ ဘုန်းကြီးကျောင်းခြံထဲ ဝင်လိုက်တာနဲ့ ကိုကိုအရင်မြင်ပြီး ညီမလေးလာတယ်လို့ ပြောတော့ ဖေဖေရော ဟိုမိန်းမရော လှည့်ကြည့်ကြတာမို့ ငြိမ်းလည်း ပြန်လှည့်ပြေးထွက်လာပြီး မန်ကျည်းပင်အောက်မှာ သွားငိုလေရဲ့။

    🧊 တစ်နှစ်ကြာတော့ မေမေ နောက်အိမ်ထောင်ပြုပြီး ညီမလေးတစ်ယောက် ထပ်ရလာတယ်။ တစ်ရက်တော့ ငြိမ်းအ‌ကြောင်းသိပြီး ငြိမ်းကိုလည်း ချစ်တဲ့ ငြိမ်းတို့ရွာမှာ ပညာဒါနလာသင်ပေးနေတဲ့ ဆရာလေးနဲ့အတူ အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ ထိုအန်တီက ကျောင်းထားပေးမယ့်အကြောင်းနဲ့ သွားလိုက်နေဖို့ပြောတော့ အစ်မကြီးတစ်ယောက်အနေနဲ့ မောင်လေးနဲ့ ညီမလေးကို ပြုစုစောင့်ရှောက်ရဦးမယ်လို့ တွေးပြီး မောင်လေးနဲ့ ညီမလေးကို မခွဲနိုင်ဘူးဆိုကာ ငြင်းခဲ့တယ်။ နောက်တော့ မောင်လေးတစ်ယောက် ထပ်ရလာခဲ့တယ်။

    🧊 ပ‌ထွေးလုပ်သူ သိန်းငွေက ငြိမ်းအပေါ် ချစ်ရှာပေမဲ့လည်း ညီမလေးကို ထိန်းကျောင်းရင်း ညီမလေး ထိမိခိုက်မိတာရှိရင် တစ်ခုခု မှားယွင်းခဲ့ရင်တော့ ငြိမ်းအပေါ် အပြင်းအထန် ရိုက်နှက်ဆုံးမတတ်ပါတယ်။ တစ်ခုခုဖြစ်လို့ ဆုံးမရင် လက်လွန်‌ခြေလွန်တဲ့အထိ ဆုံးမတတ်တဲ့ ပထွေးလက်အောက်ကနေ လွတ်မြောက်ဖို့ရော ပထွေးကို စိတ်ဆိုးဒေါသထွက်ပြီး စိတ်ရူးပေါက်ကာ ပြောခဲ့မိတဲ့ စကားကြောင့် ငြိမ်းတစ်ယောက် ငြိမ်းထက် ဆယ်နှစ်ကြီးပြီး လှကြိုင်ဆိုသူနဲ့ လက်တွဲဖို့ ဖြစ်လာခဲ့ရတော့တယ်။

    🧊 သို့သော် ငြိမ်းတစ်ယောက် ကံကောင်းပါတယ်။ အိမ်ထောင်ဖက်အတွက် နောင်တမရခဲ့ရပါ။ ကိုလှကြိုင်က ခါတိုင်းထက် အလုပ်ပိုကြိုးစားပြီး မောင်လေး၊ ညီမလေးတွေကိုလည်း ယောက်ျားလုပ်အားခနဲ့ လိုအပ်တာတွေ လုပ်ပေးနိုင်ခဲ့တယ်။ တစ်နှစ်အကြာမှာ ကိုယ်ဝန်ရပြီး သမီးလေး လှငြိမ်းခိုင်ကို မွေးခဲ့ပေမဲ့ ကိုယ်လှနာဆိုတဲ့ ရောဂါဆိုးကြီးကြောင့် သမီးသုံးလအကြာမှာ သေဆုံးသွားခဲ့တယ်။

    🧊 နောက်ပိုင်း အမေရော၊ ပထွေးပါ ကိုယ်ပွရောဂါနဲ့ သေဆုံးခဲ့ပြီး ဒုတိယမြောက် သားလေး ကိုပိန်ကို ရလာပြန်တော့လည်း ၃နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပြန်တယ်။ သားဆုံးပြီးတော့ ကိုလှကြိုင်တစ်ယောက် အရက်သမားလုံးလုံး ဖြစ်သွားပြီး အရင်လို မဟုတ်တော့ပေ။ နောက်ပိုင်း တတိယမြောက် သားလေးကို ရလာတော့လည်း ရှေ့က ကလေးတွေလို ဂရုမစိုက် အရင်က ကိုလှကြိုင် ပြန်မဖြစ်တော့ပြီ။

    🧊 ဒီလိုနဲ့ ငြိမ်းဘဝက စားဝတ်နေရေး၊ မောင်တွေ ညီမတွေအရေး၊ လင်ယောက်ျားအရေး၊ သားသမီးအရေးတို့အကြား လောကဓံ ဆူကြုံနိမ့်မြင့်တွေကြား ခက်ခက်ခဲခဲ ကူးခတ်နေရတဲ့ ငြိမ်းဘဝကို အသေးစိတ်ခြယ်မှုန်း သရုပ်ဖော်ထားတဲ့ ဘဝသရုပ်ဖော် ရသဝတ္ထုတစ်ပုဒ်ပါ။

    🧊🧊🧊🧊🧊

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သုတညီ စာအုပ်များ