လွမ်းနေဦးမည့် ငွေတောင်ပြည်

( 3 မှတ်ချက်)

5500 (ကျပ်)

” ကြယ်ကလေး” ဆိုတာ သိပ်ကိုလှပတဲ့ ကယန်းရွာကလေးပါ .. သည်ရွာကလေးဟာ နာမည်ကလေးနဲ့လိုက်အောင် ညစဥ်ညတိုင်း ကြယ်တွေဖွေးဖွေးလှုပ်အောင်ကြွေတဲ့ ရွာကလေးပေါ့ ..

ရွာကလေးဟာ နတ်သက်ကြွေတဲ့ နတ်သမီးကလေးတစ်ပါးလိုပဲ သိပ်လှတယ် .. ဆယ့်နှစ်ရာသီကြည်လင်အေးမြနေတဲ့ စမ်းချောင်းကလေးကလည်း ရွာကလေးကိုပတ်ပြီး စီးဆင်းနေပြန်တယ် ..

တော်ရုံလူဟာ သည်ရွာကလေးဆီကို မရောက်နိုင်ဘူး .. အနည်းဆုံးတော့ စိတ်ထားကလေး ဖြောင့်မတ်မှန်ကန်နေသူမှသာ သည်ရွာကလေးအပေါ် ခြေချခွင့်ရှိတယ် ..

သည်ရွာကလေးမှာ ဘာအမှုအခင်းရယ်လို့မှလည်း မရှိခဲ့ဖူးဘူး .. ရွာကလေးက အေးချမ်းလှသလို ရွာသူရွာသားတွေကလည်း အင်မတန် အေးချမ်းကြပါတယ် .. ပျားမွေးကြတယ်၊ တောင်ယာစိုက်ကြတယ်၊ တောလိုက်ကြတယ် .. ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းကြတဲ့ ရွာသူရွာသားတွေပေါ့ ..

ဆယ့်ရှစ်နှစ်ကြာမှ တစ်ကြိမ်သာပွင့်တဲ့ ဒဏ္ဍာရီထဲက ပန်းကလေးဟာလည်း တစ်ကမ္ဘာလုံးမှာမှ သည်ရွာကလေးမှာသာရှိရဲ့ .. အဲဒီပန်းကလေးတွေ ပွင့်တဲ့နှစ်ဆို သိပ်ကံကောင်းတယ်၊ .. ပျားရည်တွေလည်းလျှံနေအောင်ရတယ် .. ကွဲကွာရသူတွေ ပြန်ဆုံကြရတယ်လို့ အယူရှိကြတယ် ..

တတောလုံးတတောင်လုံး နတ်တင်ကြတဲ့သူတွေ၊ပန်းရနံ့တွေနဲ့သိပ်မွှေး၊သိပ်လှတဲ့ အခါသမယလေးပေါ့ .. ရွာမှာရှိတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘေးတွေကပြောတယ် .. ရွာကလေး သည်လိုအေးချမ်းလှပနေတာဟာ ရွာကလေးဟာ သာမန်ရွာကလေးမဟုတ်ဘဲ၊ နတ်တွေဖန်ဆင်းထားတဲ့ ရွာကလေးမို့တဲ့လေ ..

ဒါပေမယ့်လည်း တစ်ရက်တော့ ဒီလိုနတ်တွေဖန်ဆင်းထားပါတယ်ဆိုတဲ့ ရွာကလေးကနေ အခူးဆိုတဲ့ ကောင်ကလေးတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ သူချန်ထားရစ်ခဲ့တာဆိုလို့ Hikari တံဆိပ်ပါတဲ့ သွေးစွန်းနေတဲ့ အကျီကလေးသာရှိရဲ့ .. တချိန်ဆီကလည်း သူ့အမေဖြစ်သူဟာလည်း သူ့နှမလက်ကလေးကိုဆွဲလို့ ရွာကလေးဆီကနေ သည်လိုပဲ တိတ်တဆိတ် ထွက်သွားခဲ့ဖူးပါတယ် ..

သူတို့ဘာလို့ ဒီလိုထွက်ခွာသွားခဲ့ကြတာလဲ ..

အကြောင်းရင်းကရော ဘာလဲ ..

ဆယ့်ရှစ်နှစ်ကြာလို့ ဒဏ္ဍာရီဆန်တဲ့ အစိမ်းနုရောင် သဲတောင်ပန်းကလေးတွေပွင့်တဲ့အခါ သူတို့တတွေပြန်ဆုံကြရမှာလား .. ဒါမှမဟုတ်….

( ပျိုး )

စာမျက်နှာ

168

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဇူလိုင်လ(ပထမအကြိမ်)

21 in stock

လွမ်းနေဦးမည့် ငွေတောင်ပြည် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Thet Naing Aung

    📖 စာအုပ်ရဲ့နာမည်ကိုဖတ်မိရုံနဲ့ အလွမ်းဇာတ်လမ်းလေးတပုဒ်ဖြစ်မယ်ဆိုတာ ဗေဒင်မေးစရာလိုမယ်မထင်ပါဘူး။ ဆရာမပျိုးရဲ့ ရှေ့ကထွက်ပြီးသားစာအုပ်တွေထဲက နှစ်အုပ်ဖြစ်တဲ့ ” အညာရယ် အလွမ်းရယ် မိချောရယ် ” နဲ့ ” အလွမ်းစာ – ၃၀ ” ကလည်း ကိုယ်တွေကို လွမ်းမောစေခဲ့ပြီး ခုတခါကော ဆရာမပျိုးရဲ့ ” လွမ်းနေဦးမည့်ငွေတောင်ပြည် ” က စာဖတ်သူတွေရဲ့ နှလုံးသားကိုသိမ်းပိုက်ပြီး တကယ်ပဲ လွမ်းမောစေနိုင်ပါ့မလားလို့ ကြိုတင်မေးခွန်းထုတ်မိပါတယ်။

    📖 ပထမဆုံးအနေနဲ့ ကြိုက်နှစ်သက်မိတာက မျက်နှာဖုံးပန်းချီပါ။ တမြေတည်းဖွားတိုင်းရင်းသားမျိူးနွယ်စုတွေကို ချစ်ခင်တတ်၊ စိတ်ဝင်စားတတ်တာမို့ ဒီစာအုပ်မျက်နှာဖုံးလေးဟာ ကျတော့်အတွက် သိပ်ကိုညွတ်နူးစေတဲ့ စာအုပ်မျက်နှာဖုံးလေးဆိုရင်မမှားပါဘူး။ ပန်းချီရေးဆွဲသူ ဆရာမြင့်မောင်ကျော် ကိုလည်းလေးစားမိပါတယ်။

    📖 အဓိကဇာတ်ကောင်ကတော့ ယွန်းဆိုတဲ့ကောင်မလေးပါ။ လားရှိူးမြို့ကနေ မိဘတွေနဲ့ ခွဲခွါပြီး အမဝမ်းကွဲဖြစ်သူနေထိုင်ရာ ငွေတောင်ပြည်စီသွားရောက်ပြီး အထက်တန်းကျောင်းသား၊သူ တွေကို Guide လုပ်ပေးတဲ့သူတဦးအဖြစ် ယွန်းကို ပုံဖော်ထားပါတယ် ။ တခါတလေစဉ်းစားမိတာက ဆရာမပျိူးဟာ သူ့အဖြစ်ပျက် အမှန်တွေကိုများ ဇာတ်ကောင်နာမည်လေးပြောင်းပြီး ရေးဖွဲ့ထားသလားလို့ပါ။ (ဒါက ကိုယ့်အတွေးရယ်ပါ)

    📖 ဆရာမပျိူးဟာ ဇာတ်လမ်းတခုရေးရင် ဇာတ်ကောင်တွေကိုပဲ အဓိကထားရေးဖွဲ့သူတယောက်မဟုတ်ပဲ ဒေသန္တရဗဟုသုတတွေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ နယ်မြေတခုချင်းရဲ့ အစားအသောက်၊ နေထိုင်မှုပုံတွေကို အသေးစိတ်ရေးဖွဲ့တတ်တာ သူ့ပရိသတ်တွေဆို သိကြမှာပါ။ ဒီဇာတ်လမ်းမှာဆိုလည်း ကယန်းလူမျိူးတွေရဲ့ လူနေမှုစရိုက်၊ ဒေသအကြောင်း၊ ရိုးရာပွဲတွေအကြောင်း ၊ ဒေသအစားအသောက်အကြောင်းကို အသေးစိတ်ဖတ်ရှုရတာမို့ တန်ဖိုးဖြတ်မရတဲ့ဗဟုသုတအတွက် ကျေးဇူးတင်ရမှာပါ။

    📖 ဆယ်တန်းကျလို့ အဆောင်လာနေပြီး ကျောင်းထပ်လာတတ်တဲ့ အခူး ရောက်လာမှ ဇာတ်လမ်းလေးကပိုသက်ဝင်လာတာပါ ။ အခူးဟာ လူဆိုးလေးဖြစ်မယ်လို့ သာမန်တွေးထင်မိပေမယ့် သူ့ဘဝအကြောင်းလေးကို သိခွင့်ရလိုက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။မိခင်တယောက်က စွန့်ပစ်သွားတဲ့ ကလေးတယောက်ရဲ့ခံစားချက်ဒဏ်ရာဟာ ဘယ်လောက်ဆိုးမလဲဆိုတာ တွေ့ကြုံခံစားဖူးသူမဟုတ်တောင် နှလုံးသားရှိသူတိုင်း ခံစားရမှာပါ။

    📖 စာမေးပွဲပြီးလို့ အခူးတို့ရွာလေးကို ယွန်းတို့လိုက်လည်ကြတဲ့အခါ ကြုံရတဲ့ တံခွန်တိုင်ပွဲတော်အကြောင်း ၊ ဖားစည်အကြောင်းတွေကို ဖတ်ရှုရတာမို့ ကိုယ်မသိမကြားဖူးတာတွေကို အခူးကနေတဆင့် သိခွင့်ပေးလို့ ဆရာမပျိူးကို ကျေးဇူးတင်မိတာပါပဲ။ ပိုပြီးစိတ်ဝင်စားမိတာက ဆယ့်ရှစ်နှစ်မှတကြိမ်ပွင့်တဲ့ စောက်ဖောက်ပန်းပွင့်လေးတွေအကြောင်းပါပဲ။ ဘဝမှာတခါတော့ မြင်ဖူးချင်မိပါရဲ့လို့လည်းတွေးမိပါတယ်။ ပျားတွေအကြောင်းကိုလည်းသိခွင့်ရသလို ခေါင်ရည်ပေါ်ပေါက်လာပုံအကြောင်းကိုလည်း ပုံပြင်လေးလိုပြောထားပြန်သေးတာမို့ ဖတ်ရင်းနဲ့ ငွေတောင်ပြည်ကိုရောက်သွားရသလို ခံစားရပါတယ်။

    📖 အခူး နဲ့ ယွန်းတို့ကြားက သံယောဇဉ်တွေကိုဖတ်ရင်း ကြည်နူးလို့မှမဆုံး ဗြုံးကနဲဆို အခူးဟာ ယွန်းကိုချန်ရစ်ထားခဲ့တယ်။ ချန်ရစ်မထားခင်မှာ အခူးဟာ ယွန်းကို နမိတ်ပြစကားလေးပြောခဲ့ပါသေးတယ် ။

    ” အမေနဲ့ညီမလေး ကျွန်တော့်ဘဝထဲက ထွက်ခွါသွားပြီးကတည်းက ကျန်ရစ်ခဲ့ရသူတယောက်ရဲ့ ခံစားချက်ကြီးကို ကျွန်တော်သိပ်မုန်းတာပဲ အမရယ်။ ဒါကြောင့် ဒါဟာ နောက်ဆုံးတွေ့ဆုံခြင်းလို့ ဆိုခဲ့ရင်တောင် ကျွန်တော် နောင်တတွေနဲ့မကျန်ခဲ့ချင်ဘူးရော။ ”

    တကယ်ပါ အဲ့စာသားကိုဖတ်ရတော့ ကိုယ့်မှာနင့်ခနဲ ခံစားရပါတော့တယ်။ ဘဝမှာ ကျန်ခဲ့ရတိုင်း ဘယ်လောက်နာကျင်ရလဲဆိုတာ ကျန်ခဲ့ဖူးသူတွေသာ သိရှိခံစားနားလည်မှာပါ။ ဒါဆို ချန်ထားခဲ့တဲ့သူကကော မနာကျင်ရဘူးလားလို့ မေးကောင်းမေးခဲ့ရင် မဖြစ်နိုင်တော့တဲ့ဘဝအခြေနေတခုကြောင့်သာ ချန်ထားခဲ့ရပေမယ့်လည်းချန်ထားခဲ့ရသူကိုယ်တိုင်ဟာလည်း ထိခိုက်နာကျင်ရစမြဲပါပဲ။

    အခူးဟာ ယွန်းကို ထားရစ်ခဲ့ပေမယ့် ( တချိန်ချိန်မှာတော့ ) အခူးဟာ ယွန်းရဲ့နံဘေးမှာ ရှိနေလိမ့်မယ်လို့ ကျတော် ဖြေသိမ့်တွေးမိပါတယ်။

    အခူးက ယွန်း ကိုပြောခဲ့ပါသေးတယ်…

    သဘာဝနဲ့ကလေးတွေကိုချစ်ပါ။ ဘယ်လောက်နာကျင်ကျင် တခဏတော့ ပြုံးနိုင်ပါလိမ့်မယ်တဲ့ ။

    ကျနော်လည်း အဆုံးသတ်သွားပြီဖြစ်တဲ့ စာအုပ်လေးကို ပြန်လည်ပိတ်ရင်း မျက်နှာဖုံးပန်းချီလေးကို တစိမ့်စိမ့်ကြည့်ကာ ထွက်ခွါသွားတဲ့ အခူးကို သတိရ လွမ်းမောစွာနဲ့ပဲ …….။

  2. Aeri Myat

    ဆရာမပျိုးရဲ့ အသစ်ထွက် စာအုပ်လေး
    မနေ့က လက်ထဲရောက်တာနဲ့
    တထိုင်တည်း ဖတ်ဖြစ်ပါတယ်။

    “လွမ်းနေဦးမည့် ငွေတောင်ပြည်”တဲ့။

    ဘယ်လို လွမ်းကျန်ခဲ့ရအုံးမလဲဆိုပြီး
    Pre order ကာလကတည်းက
    စိတ်ဝင်တစားရှိခဲ့ရတဲ့ စာအုပ်လေး။

    မျက်နှာဖုံး ပန်းချီလေးကအစ
    သဘောကျစရာလေးဖြစ်နေတာပါပဲ❤️

    ဆရာမလေး “ယွန်း”အကြောင်း
    ဖတ်တိုင်း ဆရာမပျိုး မျက်နှာလေးပဲ
    မြင်ယောင် ဖတ်မိတာတော့
    စာအုပ်ပြီးသွားတဲ့ အထိပဲ။🥰

    ကယန်း တိုင်းရင်းသားတွေရဲ့
    ရိုးရာတံခွန်တိုင်ပွဲတော်၊ တောင်ယာမီးရှို့ပွဲ၊ “အခူး” ပြောပြတဲ့ ခေါင်ရည်ပုံပြင် ၊ ဖားစည် အမျိုးအစားတွေအကြောင်း၊ တံခွန်တိုင် စိုက်ထူတဲ့အခါ ဆောင်ရန်ရှောင်ရန် အချက်တွေ၊ နောက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့
    ကြက်ရိုးဗေဒင် စတဲ့ ဗဟုသုတ
    ရစရာတွေကိုလည်း စုံစုံလင်လင်
    ထည့်ပြီး ရေးဖွဲ့ပေးထားတာမို့
    ကျေးဇူးတင်မိပါတယ်။

    အလည်တခေါက် ရောက်ဖို့ မလွယ်တဲ့နေရာလေးတွေကို စာအုပ်လေးကတဆင့် အလည်သွားရသလို ခံစားမိစေတာမို့ပါ။

    မမနွေရဲ့ သမီးကလေးသုံးယောက်ဖြစ်တဲ့ ခင်လေး၊ မိုမို၊ ကူးကူး တို့အပြင်
    Hikari အဆောင်လေးက
    မွှေးချို ၊ အိုက်သား၊ ညေးရယ်ဦး၊
    နန်းခမ်းမို၊ အခူး တို့ရဲ့ ချစ်စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေကလည်း
    ဖတ်ရတာ ရယ်စရာလည်းကောင်းကြည်နူးစရာကောင်းတယ်။

    အားလုံးထဲမှာ မွှေးချိုကတော့
    အသွက်ဆုံးနဲ့ အပွင့်လင်းဆုံး ပြောတတ်တဲ့ ကလေးမလေးမို့
    ချစ်စရာအကောင်းဆုံးပေါ့လေ…။

    မွှေးချို လုပ်ကျွေးတဲ့ ဟင်းထုပ်၊
    လူကြီး လူငယ်မရွေး သောက်လေ့ရှိတဲ့ခေါင်ရည်၊ ခရုဟင်း၊ ကယား
    ဝက်အူချောင်း၊ အခူးတို့ အဖေကြီးရဲ့
    မက်ခါသီး ထည့်ချက်ထားတဲ့
    ကယန်းဟင်းကလေးတွေကအစ
    မြည်းစမ်းကြည့်ချင်စိတ် ဖြစ်မိပါတယ်။

    “အခူး”အပေါ်ထားတဲ့ “ယွန်း”ရဲ့
    သံယောဇဥ် မေတ္တာကြိုးကလေးတွေ

    “ယွန်း”ကို အစ်မလို့ ခေါ်တတ်တဲ့
    “အခူး” ရဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေက စာဖတ်သူ ရင်ထဲထိ ရိုက်ခတ်လာစေတယ်။

    “အခူး”အကြောင်း ရုတ်တရက် ကြားလိုက်ရတဲ့ အခန်းမှာတော့
    “ယွန်း”နဲ့အတူ ရင်ထဲ လှိုက်ခနဲ
    ဖြစ်သွားမိတယ်။

    ချန်ရစ်ခဲ့သူနဲ့ ကျန်ရစ်ခဲ့ရသူမှာ
    ဘယ်သူက ပိုနာကျင်ရမလဲဆိုတာ
    ကာယကံရှင်က အသိဆုံးပေါ့လေတဲ့…။

    ကျွန်မကတော့ “အခူး”အတွက်
    စိတ်မကောင်းဖြစ်မိ၊
    နှမြောတသဖြစ်မိပါတယ်။

    “ဘယ်လိုပဲဖြစ်ဖြစ် သဘာဝနဲ့ ကလေးတွေကို ချစ်ပါ၊ ဒါဆိုရင် အစ်မ
    ဘယ်လောက်ပဲ နာကျင် နာကျင်
    တခဏတော့ ပြုံးနိုင်ပါလိမ့်မယ်”
    ဆိုတဲ့ “အခူး” ချန်ခဲ့တဲ့
    စကားလေးက “ယွန်း”အတွက်
    ခွန်အားတစ်ခု ဖြစ်စေမယ်လို့လည်း
    မျှော်လင့်မိပါရဲ့….။

    #ပျိုး
    #လွမ်းနေဦးမည့်ငွေတောင်ပြည်
    #စာရိပ်မြိုင်စာပေ
    #ပထမအကြိမ်
    #하은
    #Jul18

  3. Swan Arr Kyaw Zan

    ကယန်းမြေကို လာလည်ခဲ့ကြသော ယွန်းတို့တစ်စုအကြောင်း။

    ဇာတ်လမ်းအစမှာ ယွန်း (ယမင်းယွန်းဟေသာ)ကို သူ့အစ်မဝမ်းကွဲရဲ့ ဘော်ဒါဆောင်ကိစ္စနဲ့ မမနွေက ကယားမြေကို ခေါ်ချလာတယ်။

    သူမဟာ ဘော်ဒါဆောင်က ကျောင်းသားတွေကို စာကူကျက်ပေးတာ၊ ထမင်းချက်ရတာတွေလုပ်နေရတယ်။

    တစ်နေ့ အခူးဆိုတဲ့ ကယန်းလူမျိုးကောင်လေးတစ်ယောက်က ဆယ်တန်းပြန်ဖြေဖို့ရည်ရွယ်ချက်နဲ့ မမနွေရဲ့ ဘော်ဒါဆောင်ကို ရောက်ချလာတဲ့အချိန်မှာ ယွန်းနဲ့ စကားပြောရင်း အခူးတစ်ယောက်ဟာ ကယား၊ ကယန်းလူမျိုးဓလေ့နဲ့ပတ်သက်သမျှ ဗဟုသုတတွေကို ချပြောပြခဲ့ရာကနေ ဒီဝတ္ထုဟာ တကယ်ရုပ်လုံးကြွလာတယ်။

    အကယ်လို့ အခူးသာ ဘော်ဒါဆောင်ကို မလာခဲ့ရင် (ဒါမှမဟုတ်) အခူးရဲ့ လူမျိုးအကြောင်း မမိတ်ဆက်ပေးခဲ့ရင် (ဒါမှမဟုတ်) ယွန်းဟာ အခူးအကြောင်းကို လုံးဝ မသိခဲ့ရင် ကယားမြေ၊ ကယန်းလူမျိုးဓလေ့အကြောင်း ဘာမှန်းမသိဘဲ ချက်ချင်းအိမ်ပြန်ရပါလိမ့်မယ်။ အိမ်မပြန်ဖြစ်ခဲ့ရင် ယွန်းရော မမနွေပါ ယောင်တဝါးဝါးနဲ့ တွေ့တဲ့သူစိမ်းတွေကိုပါ မေးရလိမ့်မယ်။

    ဒီလိုနဲ့ အခူးရဲ့ ကျေးဇူးကြောင့် ယွန်းနဲ့အတူ မမနွေ၊ မွှေးချို၊ ညေးရယ်ဦး၊ အိုက်သား (ဇော်လင်းထွန်း)တို့ပါ ကယားပြည်နဲ့ ကယန်းမြေရဲ့ အထင်ကရရိုးရာဓလေ့တွေကိုပါ ဘယ်လိုလေ့လာလည်ပတ်ခဲ့ကြသလဲ ဆိုတာတော့ ဒီဝတ္ထုကိုသာ ဖတ်ကြည့်ပါတော့။

    ဘော်ဒါဆောင်မှာ ညေးရယ်ဦး၊ မွှေးချိုနဲ့ အခူးတို့ ပေါက်ကရလုပ်ကြတဲ့ပုံကတော့ ရယ်ချင်စရာပဲ။ အဆိုးဆုံးကတော့ ယွန်းပါ ဝင်ပြီးရှင်းရတော့တာပါပဲ။

    အုန်းပင်တွေပေါလှတဲ့ လမ်း၊ မက်ခါးသီးထောင်း၊ ကယားဝက်အူချောင်း၊ ခေါင်ရည်၊ မြေပဲဆံထောင်းဟင်း၊ ကယားဒေးပွဲတော်၊ ကယန်းရိုးရာတံခွန်တိုင်ပွဲတော်၊ ကယန်းရိုးရာအက၊ ကယန်းလူမျိုးတွေရဲ့ လူနေမှုဓလေ့စရိုက်တွေ၊ ကယန်းတွေရဲ့ ကြက်ရိုးထိုးဓလေ့စတဲ့ ရိုးရာဓလေ့အယူအဆတွေ၊ တောပန်းကလေးတွေပွင့်ပြီး လှနေတဲ့ စောက်ဖောက်ပန်းတွေ စတာတွေကို ဒီဝတ္ထုထဲမှာ ဖတ်ကြည့်ရမှာပါ။

    အခူးရဲ့ နေဝင်ချိန်ဟာ စဥ်းစားလို့မရ၊ မှန်းဆလို့မရတဲ့ ရုတ်တရက်ဖြစ်ရပ်ကတော့ စိတ်မကောင်းစရာပါပဲ။

    ဒီဇာတ်လမ်းဟာ ဆရာမ မပျိုးရဲ့ ကယားပြည်ရောက် ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံပြီး စိတ်ကူးနဲ့ ရေးထားတာဖြစ်ပါတယ်။

    ကယားမြေနဲ့ ကယန်းပြည်ရဲ့ ရိုးရာလူနေမှုဓလေ့နဲ့ လူမှုဘဝအကြောင်းကို တကယ်သိချင်သပဆိုရင် ဒီဝတ္ထုကို ဖတ်ကြည့်စေချင်တယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ပျိုး စာအုပ်များ