နက္ခတ်ကြွေပျိုးခင်း

( 1 မှတ်ချက်)

4000 (ကျပ်)

” ကဗျာအရှည်တွေဟာ တစ်နှစ်၊တစ်လတည်း ရေးခဲ့တာမျိုး မဟုတ်ဘူး။ တောလမ်းခရီးလို အတက်အကျ အနိမ့်အမြင့်တွေနဲ့ ကျွန်တော့ဘဝထဲက ကာလတွေမှာ အဖော်ပြုပေးခဲ့တာ။ ဒီထဲက “ကံ့ကော်ကြွေသံ” ဆိုရင် နယ်မြို့လေးမှာ ခရစ္စမတ်ညမတိုင်ခင် ဘုရားကျောင်းက ဘုရားသီချင်းသံတွေကို နားထောင်ရင်းနဲ့ ဆောင်းညအေးအေးမှာ ရေးဖြစ်ခဲ့တယ်။ ဘဝရဲ့ ဖြေသိမ့်ရာ ကြည်နူးရာ စိတ်တက်စိတ်ကျ ဖြစ်ပေါ်ရာ ခရီး အရှည်ကြီးတွေလိုမျိုး ကျွန်တော် ရေးခဲ့တယ်။ ကျွန်တော့်အတွက် အဖော်ပြုပေးရာဖြစ်ခဲ့တာတွေဟာ သူငယ်ချင်းတို့အတွက်လည်း တစ်ခုခုအဖော်ပြုစရာအဖြစ် ရရှိလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ” လို့ စာရေးသူက အမှတ်တရ စကားဆိုထားပါတယ်။

” မနက်တွေဟာ ပကတိအတိုင်းလင်းဦးမလား
ညတုန်းက ကြွေကျသွားခဲ့တဲ့အထဲမှာ
ငါ ပါသွားတယ်
ကြယ်ကြွေတဲ့ပုံပြင်တွေ နားထောင်ရင်းနဲ့ပေါ့။

ဘယ်သူ့အရိပ်မှ မမိုးပါနဲ့
သူ့ကောင်းကင်တစ်ခုလုံး ခြုံထားလို့ ငါ လုံပါတယ်
သူ့တိမ်တွေ ရွာချတဲ့အခါ ငါ အေးပြီး
သူ့နေခြည်ကြောင့် ငါ နွေးတယ်။

ဘုရားပေါ်က ဆည်းလည်းလေး လှုပ်ခတ်သွားတာကို
လိုက်ပါတုန်ရီနေတဲ့ နေ့ရက်မျိုးမှာ
ဘယ်ပန်းတွေ ပျိုးထားခဲ့လဲ။ “

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2023 ဩဂုတ်လ (ပထမအကြိမ်)

14 in stock

နက္ခတ်ကြွေပျိုးခင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ♡နက္ခတ်ကြွေပျိုးခင်း♡

    ဆရာခွန်းကို စသိတုန်းက ကဗျာတွေကနေတဆင့် သိခဲ့တယ်။
    အရင်တုန်းကထွက်ထားတဲ့ ကဗျာစာအုပ်တွေထဲမှာဆိုရင် “အထပ်ထပ်အခါခါ”နဲ့”သတိရခြင်း မီးခိုးတန်းများ”
    ဒီစာအုပ်နှစ်အုပ်ကို အကြိုက်ဆုံးပေါ့🤎

    အခုဒီစာအုပ်လေးထဲမှာ ကဗျာရှည်တွေချည်း ၁၃ပုဒ်တောင် ထည့်ထားတာမို့
    အရင်က ရခဲ့ဖူးတဲ့ ခံစားချက်လေးတွေပါ
    ပြန်ပြီး လွမ်းမိ၊ ခံစားမိစေပါတယ်။

    ♡ကံ့ကော်ကြွေသံ♡

    နွေတစ်ည မိုးတစ်ညမှာ
    ဆွံ့အသွားခဲ့တဲ့ မြေမျက်နှာပြင်ဟာ
    အက်ကွဲ ပူကြွလို့
    လှလှပပ ဝေဆာလာမယ့်
    ရှင်သန်မှုအတွက်
    သစ်စေ့တစ်စေ့ကို
    ရင်ဘတ်ပေါ်မှာ တင်စိုက်ရင်း
    နောက်ဘဝအထိ ရှုမျှော်ခင်းတွေကို
    စောင့်ခဲ့တယ်။

    ကန္တာရပါလို့ ပြောပေမယ့်
    ကုန်သွားတဲ့ တောမှာ
    တစ်ပင်ကနေ တစ်တောလုံး ရဖို့
    တသသဖြစ်ရခြင်းတွေ စိုက်ခဲ့တယ်။

    ♡The Last Call♡

    မင်းထက် ကံဆိုးတဲ့သူတွေ
    အများကြီးပါကွာလို့
    အားတင်းထားတဲ့ ကောင်လည်း
    တစ်ခါတလေ ပုန်းကွယ်ငိုစရာ
    ချောင်တစ်ချောင်လိုပါတယ်။

    ကိုယ့်အတွက် ဘယ်ကြယ်မှ မကြွေပေးဘူးဆိုတာကတော့ မွေးရာပါ အသိပါ။

    ♡ရက်လွန်သစ်သီးများ♡

    မလွတ်မြောက်ကြတဲ့
    လူတွေရဲ့ စိတ်အာရုံမှာ
    ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြတယ်
    မနက်မိုးလင်းလို့
    လက်ဖက်ရည်ဆိုင်မှာ ထိုင်လိုက်တော့
    အဖျော်ဆရာက ငေးတိငေးငိုင်နဲ့
    လက်ဘက်ရည်ဖျော်တယ်
    သူ့ဆီကနေ လာချပေးတဲ့ ခွက်ထဲမှာ
    ဘာတွေများ ပျော်ရွှင်စရာပါမယ်လို့
    မင်း မျှော်လင့်ထားလို့လဲ
    တောင်ပံချိုးခံထားရတဲ့ မျက်လုံးတွေကို
    ငါ နေ့တိုင်းတွေ့မြင်နေရတယ်။

    ဘဝဟာ အညွှန်းအတိုင်း စနစ်တကျ
    လိုက်လုပ်ပေမယ့် ပျက်စီးသွားတဲ့
    ကိတ်မုန့်အပျက်တစ်လုံးပါပဲ။

    ငါတို့ဟာ အပျက်အစီးတွေကြားထဲမှာကို
    အရသာရှိတယ်လို့
    ဟန်ဆောင် ရှင်သန်နေကြရတာ။

    ♡နက္ခတ်ကြွေပျိုးခင်း♡

    ချစ်ခြင်းမေတ္တာဟာ
    ဓါတ်ပုံလေးကို ပြန်ကြည့်တဲ့အခါ မျက်ဝန်းထဲက
    ပုံရိပ်လေးကို မြင်ယောင်လာလို့
    စိတ်လိုလက်ရ မေတ္တာပို့သမိတဲ့အခါ
    စွယ်တော်ရွက်လေးပေါ်ကို
    မိုးရေ တစ်စက်နှစ်စက်ကျတဲ့အခါ
    အသည်းကွဲတယ်ဆိုတဲ့
    စိုစွတ်ခြင်းလေးတော့ ရှိမှာပေါ့။

    အဲ့ဒီလိုပဲ ပြန်လည်ထုတ်ပိုးခဲ့ပါတယ်
    ဖွက်ထားခဲ့တဲ့ သေတ္တာလေးမှာ
    ကိုယ့်အတွက် သေချာတဲ့
    မျှော်လင့်ခြင်းတွေ။

    ♡ဒဏ်ရာထည့်အိတ်♡

    ငါ့အသံကို မင်း ဘယ်တုန်းကများ
    ကြားခဲ့ဖူးလို့လဲ။

    တိတ်ဆိတ်မှုဟာ စကားတွေ
    အများကြီး ပြောခဲ့ပါတယ်။

    မင်းက ငါ့နာမည်ကို အရေးမစိုက်ဘူး
    ငါက မင်းအနားက ဖြတ်သွားတဲ့ လေညင်းလေးကိုအစ ဂရုစိုက်မိတယ်
    ထိခိုက်ခံရတာချင်းအတူတူဆို ငါ့မှာ
    ဒဏ်ရာထည့်အိတ်လေး ရှိတယ်လေ
    ဒါမျိုးတွေ ငါ ပိုကျွမ်းကျင်ပါတယ်။

    ♡နာကျင်ခြင်း နိုင်ငံတော်♡

    မပေးပို့ခဲ့တဲ့ နေရပ်လိပ်စာ
    မင်း မဆင်မြန်းခဲ့တဲ့
    ကိုယ့်လက်ဖွဲ့အဆင်တန်ဆာ
    အထပ်ထပ်အခါခါ စုတ်ပြဲသွားခဲ့ရတဲ့
    နေ့ရက်တွေ၊ ခဏခဏ
    မီးရှူးလိုထပြီး တောက်ခဲ့ရ
    ငါ့စာတိုက်ပုံးလေးမှာလည်း
    မရောက်ခဲ့တဲ့ ပေးစာများစွာ…။

    ♡လူတွေကို မချစ်ချင်တော့တဲ့အခါ
    သစ်ပင်လေးတွေ စိုက်မယ်♡

    ကိုယ့်ဒဏ်ရာလေးတွေကို ပြထားမှ
    သူတို့ စိတ်အဆာပြေကြတယ်။

    ကိုယ့်စကားတွေထဲ အားနည်းချက်ကမှ
    သူတို့ရဲ့ နေ့စဥ်ဘဝဟာသဖြစ်တယ်။

    လူတွေဟာ တစ်ယောက်ကိုတစ်ယောက်
    ကိုက်ခဲနေရမှ အကြောအခြင်
    ပြေတတ်ကြတဲ့ သတ္တဝါတွေ။

    လူတွေကို မချစ်ချင်တဲ့အခါ
    သစ်ပင်လေးတွေ စိုက်မယ်။

    ♡မရွာသွန်းတတ်သော♡

    တစ်ယောက်ယောက်ကို
    ချစ်ခဲ့ပြီးပြီဆိုရင် စာအုပ်တစ်အုပ်ကို
    မက်မက်စက်စက် ဖတ်ပြီးသလိုမျိုး
    စိတ်အစုံကို ပိုင်စိုးထားနိုင်ခဲ့ပေါ့
    လူဟာ ချစ်ခြင်းမေတ္တာနဲ့တော့
    သုံးပေလည်း မကွာနိုင်
    ခြောက်ပေလည်း မခွာနိုင်။

    ♡အလင်းမြို့တော်♡

    တက်သွားတဲ့ မီးပုံးလေးကို
    ငေးကြည့်နေမှာ ဒဏ်ရာရ ကျွန်တော်ကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ…။

    အလင်းမြို့တော်ဟာ ဒီအတိုင်း
    လင်းနေဦးမှာပဲ
    ကျွန်တော် တိတ်တဆိတ် ရွတ်ဆို
    ချစ်ခြင်းတရားဟာ
    သူ ပျံလိုတဲ့အမြင့်ထိ…။

    ♡သာမန်လွဲချော်မှုများ♡

    ဘဝမှာ ကိုယ်မှားဖူးရင် ရယ်မယ်
    တခြားသူ အလှည့်ဆိုရင်
    အသံမကျယ်ဖို့လောက်ပါပဲ။

    အဲ့လို ကိုယ်ချင်းစာစိတ်ဟာ
    ငါ့ဆီမှာ မဖြစ်ညစ်ကျယ်လေး
    ထွန်းကားတယ်။

    ငါလည်း ငါ့ဒုက္ခနဲ့ ငါပါ
    ဒီပြင်လူကိုလည်း
    လက်ခုပ်တီးကူရသေးတယ်။

    အဲ့ဒီလိုနဲ့ ငါ့လေးလံမှုဟာ
    လူတွေနဲ့ ဝေးတယ်
    ချစ်ခြင်းမေတ္တာတွေနဲ့ ဝေးရတယ်။

    မရယ်ရတဲ့ ရယ်စရာတွေ ပြောရင်း
    ရယ်လို့မရတဲ့ ဘဝတွေအကြောင်း
    ကိုယ်တွေပဲ နားလည် ချွေးသိပ်ကြရုံပေါ့။

    တိမ်တွေကို နားလည်ပါ
    တောတန်းတောင်တန်းတွေကို
    နားလည်ပါ
    လူတွေကိုတော့ နားမလည်နဲ့ ဟန်နီရေ
    ဒဏ်ရာတွေပဲရမယ်။

    ♡ဖဲကြိုး♡

    ဝေဒနာတွေကအဝါ၊ သွေးတွေက အနီ
    ကျွန်တော် ဘယ်အရောင်ကို သုံးရမလဲ။

    ဘယ်ဖဲကြိုးကမှ လူတွေလောက်
    အရောင်မစုံ။

    လူတွေကို ပြန်ခေါက်ချိုးမယ်
    အပေါ်ယံတွေအတွက် သုံးမယ်ဆို
    ဖဲကြိုးကို ရှောင်ပါ
    လူတွေကို သုံးပါ
    ဖဲကြိုးအစားထိုး လူသုံးစွဲမှုကမ်ပိန်း။

    ♡အရောင်လွင့် နေ့ညတွေထဲက
    အိမ်ပြန်ခဲ့ရတဲ့ စက်တင်ဘာ♡

    နားလည်ပါတယ် စာနာပါတယ်တဲ့လား
    အပေါ်ကနေ စီးမိုးမြင်ရတဲ့ ရှုခင်းဟာ
    ဒဏ်ရာတွေမှ မဟုတ်ဘဲ
    စိမ်းလန်းတဲ့ သစ်တောကို မြင်ပါ
    စိုစွတ်နေတဲ့ အနာတရတွေရဲ့
    အဝေးမှာ ပျော်ပါ။

    တစ်ယောက်တည်း အိမ်ကို
    အပြန်လမ်းပေါ်မှာ တစ်ဦးတည်းသိတဲ့
    ဟဲလို ထူးသံလေး ပျောက်သွားတယ်
    သောကြာကြယ်လေးဟာ ရက်ရက်စက်စက်ကို လင်းလို့။

    ♡တစ်ခုသော နွေနေ့လည်ခင်း
    (သို့မဟုတ်)ကိုယ်ရေးအကျဥ်း♡

    ကိုယ့်နာကျင်မှုတွေကို
    မဖော်ပြနိုင်ခဲ့တဲ့အခါ ပြဿဒါး
    ထွက်ခွာသွားသူတွေကို
    ငေးကြည့်ခဲ့ရတဲ့ရက်တွေဟာ ပြဿဒါး
    နာကျင်မှုကိုမှ ချစ်ခြင်းမေတ္တာပဲလို့
    စွဲလမ်းမိတဲ့အခါ ပြဿဒါး
    ချစ်ခြင်းမေတ္တာကို
    မိုးလိုရွာမိတဲ့အခါ ပြဿဒါး

    ငတ်မွတ်ခေါင်းပါးမှုတွေ မရှိခဲ့ဘဲနဲ့
    တစ်ဘဝလုံး စိတ်အာဟာရ
    ချို့တဲ့နေခဲ့တာလည်း ပြဿဒါး
    ကိုယ့်ကိုဆို လွယ်ပါတယ်
    ဒီကောင်က လွယ်ပါတယ်
    ကိုယ့်ဘဝက လွယ်ပါတယ် လို့
    လွယ်လွယ်အထင်ခံရတာတွေကလည်း
    ပြဿဒါး…။

    ဖတ်ရင်း ၊ ရေရွတ်ရင်း သဘောကျ
    ပြီးရင်း ကျမိတဲ့ ကဗျာလေးတွေပါပဲ။

    အမှာစာမှာလည်း ဆရာခွန်းက
    ပြောထားသေးတယ်။
    ဖြည်းဖြည်းချင်း နည်းနည်းချင်းဖတ်ပြီး များများခံစားပေးပါတဲ့….။

    ကျွန်မလည်း ဖတ်နေရင်း ငေးမိသွားလိုက်၊ သက်ပြင်းချလိုက်၊ အတိတ်တံခါးတွေကို တွန်းဖွင့်မိလိုက်၊ လက်ရှိဘဝထဲ ပြန်လာလိုက်နဲ့ ခံစားချက်ပေါင်းများစွာစီးမျောရင်း ဖတ်ဖြစ်ခဲ့ပါတယ်။

    မဖတ်ရသေးရင်လည်း ဖတ်ကြည့်ပြီး
    ခံစားကြည့်ပါဦးနော်🥰🤍

    #နက္ခတ်ကြွေပျိုးခင်း
    #ခွန်းညိုသွေး
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #Sep52023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခွန်းညိုသွေး စာအုပ်များ