
မြောက်ဖျားကအလွမ်းရာသီ
6600 (ကျပ်)
…
စာမကေ်နှာ | 400 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.6 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကေ်ာဝတ်ရည်စာပေ၊ 2014 သြဂုတ်လ၊ (ပ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 3.2.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၆၆၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock
စွမ်းဆက်ပန်း –
စာအုပ်တစ်အုပ်လုံးဆုံးအောင် ဖတ်ပြီးသွားတဲ့အချိန်မှာ ဘယ်လိုမှမခံစားနိုင်တော့လို့ ငိုချလိုက်ရတယ်။ ဆရာမစံပယ်ဖြူနုရဲ့ မြောက်ဖျားက အလွမ်းရာသီစာအုပ်လေးဟာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ စစ်ဘေးရှောင်စခန်းတွေရဲ့ ကမ္ဘာသစ်တစ်ခုကို ကိုယ်တိုင်ရောက်သွားသလိုပါပဲ။ မိသားစု၊ ဆွေမျိုး၊ ချစ်ရတဲ့သူတွေကြားက ချစ်ခြင်းမေတ္တာတွေနဲ့ သံယောဇဉ်တွေ အကုန်လုံးကို စစ်ထဲမှာပဲစတေးလိုက်ရတဲ့ စစ်ဘေးသင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေ၊ နာကျည်းမှုတွေဟာ ဘာနဲ့မှကုစားလို့ရမယ်မထင်ပါဘူး။ ဘယ်လိုအရာတွေကမှလည်း ချေဖျက်ပစ်နိုင်မယ်လို့ မထင်မိဘူး။
အနာဂတ်မျိုးဆက်သစ်လို့ပြောတဲ့ ကလေးလေးတွေဟာ အဲ့ဒီစစ်ထဲမှာပဲ ပညာသင်ခွင့်တွေ ဆုံးရှုံးနေရတယ်။ အနာဂတ်လည်းမသိ ပစ္စုပ္ပန်လည်းမရေရာတဲ့ ဘဝတွေနဲ့ အလှူရှင်တွေလာလှူတာကို မျှဝေစားသောက်ကြရင်း၊ ဖြစ်သလိုဆောက်ထားရတဲ့ ယာယီတဲစခန်းတွေမှာပဲ သူတို့ဘဝတွေကို တည်ဆောက်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဟာ စစ်ကြီးပြီးသွားပြီး ငြိမ်းချမ်းရေးရဖို့ပါပဲ။
အဖေတူ အမေကွဲညီမလေး၊ ဘယ်တုန်းကမှ အမြင်မကြည်ခဲ့ဘဲ စိတ်ထဲမှာ မုန်းတယ်လို့ထင်နေတဲ့ ညီမလေးကို ရှာဖို့အတွက် စစ်ဘေးရှောင်စခန်း တစ်ခုပြီးတစ်ခုရောက်သွားပြီး လိုက်ရှာနေတဲ့ မေသီနွယ်ရဲ့ပုံရိပ်တွေဟာ ကိုယ်ပါ မေသီနွယ်ဖြစ်သွားတဲ့အထိ တူတူလိုက်မောနေရတယ်။ “စစ်ကို ဂျားဂျာ ဒီလောက်ပဲသိပါစေတော့ မမရေ၊ စစ်ကြောင့် ပြေးလိုက်လွှားလိုက်၊ လူတွေသေလိုက်၊ ဒုက္ခရောက်လိုက်ဆိုတဲ့ဒဏ်တွေကို သူဆက်မခံစေချင်တော့ဘူး။ သူကြီးပြင်းလာတဲ့အထိ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အမုန်းတွေလည်း စိတ်ထဲမှာ သိမ်းမထားစေချင်တော့ဘူး” တဲ့။ မေသီနွယ်ရဲ့ ညီမလေး အဆိုင်းက ဘယ်တော့ပြန်တွေ့ရမယ်မှန်းမသိတဲ့ သူ့သားလေးကို ခွဲခါနီးပြောတဲ့စကားလေး။
စစ်ထဲက အဆိုင်းရဲ့သားလေးလိုမျိုး ကလေးဘယ်နှစ်ယောက် မိဘရင်ခွင်ကို ဆုံးရှုံးလိုက်ရပြီးပြီလဲ။ စစ်ကြောင့်ပဲ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်လောက်တောင် နာကျည်းနေခဲ့ကြပြီလဲ။ နွေးထွေးမှုမရှိ စစ်ရဲ့အနိဌာရုံအတိပြည့်နေတဲ့နေရာတွေမှာ လူတွေရဲ့မျှော်လင့်ချက် အနာဂတ်တွေ ဘယ်လောက်များဆုံးရှုံးနေကြရပြီလဲ။ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာရှိတဲ့ တောင်ယာတွေမှာ ဗုံးသံ၊ အမြောက်သံတွေအစား အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေကြသူတွေရဲ့ လွတ်လပ်ပျော်ရွှင်တဲ့ရယ်သံတွေဟာ ဘယ်တော့များမှ ညံနိုင်ပါ့မလဲဆိုတာ စာအုပ်ဖတ်ရင်းတွေးနေမိတယ်။
စိုးရိမ်ပူပန်မှုမရှိ၊ ထိတ်လန့်မှုမရှိဘဲ နွေးနွေးထွေးထွေးအိမ်မှာနေရင်း စိတ်ညစ်နေတယ်၊ စိတ်ဓာတ်ကျနေတယ်လို့ ခံစားရတဲ့အခါ ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ ဝမ်းနည်းပူဆွေးရမှုတွေ တွေ့မြင်ရတဲ့ခါ ကိုယ်ခံစားနေရတာတွေ ဘာမှမဟုတ်ဘူးဆိုတာ သိရမှာပါ။
Zin Mar Lin –
မြောက်ဖျားကလွမ်းရာသီစာအုပ်လေးကတော့ မေသီနွယ်ရဲ့ညီမလေးအပေါ်ထားတဲ့ပုန်းအောင်းနေတဲ့မေတ္တာတရားကိုဖော်ထုတ်ထားပြီး စစ်ရဲ့ဆိုးကျိုးတွေကြောင့်ဒုက္ခရောက်ရတဲ့ ပြည်သူတွေအကြောင်းကိုရေးဖွဲ့ထားတာတကယ်စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်
Aye Thiri Nyein –
#မြောက်ဖျားအလွမ်းရာသီ
#စံပါယ်ဖြူနု
#၂၀၁၄ခုနှစ်အမျိုးသားစာပေဆုရ
ကျမရဲ့ထုံးစံအတိုင်းပဲ မြောက်ဖျားမှာနေတဲ့လူတစ်ယောက်ရဲ့အလွမ်းတွေကို ဖတ်ရမှာလို့တွေးခဲ့တာပေါ့။
အဆိုင်း…
အိပ်မက်ထဲမှာတွေ့ရတဲ့အဆိုင်း..
သွေးအိုင်ထဲက အဆိုင်း…
စဖတ်တော့ အဖေနောက်မိန်းမယူတော့ ကိုယ့်ကိုအချစ်လျော့သွားပြီဆိုတဲ့အတွေးနဲ့ ဂျစ်ကန်ကန်တုံ့ပြန်တဲ့ခလေးမလေးကို မြင်ရတယ်။ ဒေါ်နူးကချစ်စရာကောင်းလောက်အောင် ရိုးသားနူးညံ့နေပေမယ့် မိထွေးဆိုတဲ့အမြင်ကိုမဖယ်နိုင်တဲ့အခါ နွယ့်အပြောအဆိုတွေက နည်းနည်းတော့ရိုင်းနေသလို..
အဆိုင်းကလည်း နွယ့်အမြင်မှာ ချစ်စရာညီမလေးမဟုတ်ခဲ့ဘူး
ကျမကတော့ အဆိုင်းက နွယ့်ကို ဘာလို့အဲလောက်ချစ်ရတာလဲလို့ နားမလည်နိုင်ဘူး။
အဆိုင်းတို့စစ်ပြေးရတယ်လို့ အဖေဖုန်းဆက်တယ်။
အဲဒီနောက်လိုက်ရှာရတယ်ပေါ့လေ။
ကျမတို့တော်တော်များများကလေ နွယ့်လိုပဲ။
စစ်ဖြစ်နေတယ်တို့ စစ်ပြေးဒုက္ခသည်တို့ ဒုက္ခသည်စခန်းတို့ဆိုတာတွေကို မြင်နေရ ကြားနေရပေမယ့် ကိုယ်တိုင်မခံစားရတဲ့အခါ ကြားရတဲ့အချိန်ခဏမှာ သနားပါတယ်ဆိုတာအပြင် ဘာမှမတွေးပေးခဲ့ကြဘူး။
ကချင်ပြည်နယ်ရဲ့စိမ်းညို့ညို့တောင်တန်းတွေ လှေကားထစ်ပုံစံစိုက်ထားတဲ့ ကြံခင်းတွေ ဆောင်းလေအေးတွေ လမ်းဘေးဝဲယာက တောပန်းလေးတွေကို ကြည်ကြည်နူးနူးဖတ်ရတဲ့အချိန်မျိုးရှိသလို ခေါင်မိုးပြာပြာလေးတွေနဲ့ ဒုက္ခသည်စခန်းတွေရောက်ရင် အဆိုင်းကိုတွေ့ရမှာလားဆိုတဲ့ မျှော်လင့်ချက်တွေထားရတဲ့အခါလည်းရှိတယ်။
အင်ခေါင်းပါစခန်းမှာတွေ့ရတဲ့ နွယ့်သူငယ်ချင်းနူးမိုင်အကြောင်းကြားရတော့ ဝမ်းနည်းရတယ်။
စစ်အငွေ့အသက်တွေနီးလာတော့ ပစ္စည်းတွေသိမ်းဆည်းပြီး အိမ်ကိုချန်ခဲ့ရတဲ့အချိန်မှာ အသက်အရွယ်ကြီးနေတဲ့မိဘတွေ ရောဂါဖြစ်နေတဲ့လူတွေကို ထားခဲ့ရတယ်တဲ့။
ရက်နဲ့ချီပြီးလမ်းလျှောက်ပြီးသွားကြရတာဆိုတော့ မလျှောက်နိုင်တဲလူတွေကို ထားခဲ့ရတာပေါ့။
လူခြေတိတ်နေမယ့်ရွာထဲက အိမ်လေးတွေထဲမှာ ဝမ်းနည်းကျန်ခဲ့ကြမှာလား။
အဲလိုနဲ့ပဲ နူးမိုင်ရဲ့အနူးက ရွာမှာတစ်ယောက်ထဲကျန်ခဲ့ရင်း ဆုံးသွားတယ်။
အနူးလိုမျိုးဘယ်နှယောက်ရှိမလဲ
ဘယ်နှယောက်ရှိလာဦးမှာလဲ..
ဒုက္ခသည်စခန်းက သူများပေးတဲ့အင်္ကျီတွေဝတ်ပီး စားရုံသောက်ရုံရှင်သန်နေရတဲ့လူတွေရဲ့ရင်ထဲမှာ ဘာတွေရှိနေမလဲ..
တဲအပြင်ဘက်ကို ငေးပြီး ဘာတွေးတွေးနေကြမလဲ..
လူတွေက ဘဝကို ဘာလို့ရှင်သန်နေကြတာလဲ။
ဘာအတွက်လဲ။
ဘာမျှော်လင့်ချက်တွေနဲ့လဲ။
ကျမတို့က ကားတိုးစီးရတာ ဒုက္ခရောက်သလိုချဲ့ကားပြောနေကြတဲ့အချိန်မှာ အိမ်မရှိတော့တဲ့ မျှော်လင့်ချက်မရှိတော့တဲ့ ဒုက္ခသည်စာရင်းဝင်သွားရတဲ့လူတွေကိုရော ဘယ်လိုနှစ်သိမ့်ပေးရမလဲ။
အဆင်ပြေသွားမှာပါဆိုတဲ စကားမျိုးတောင် ပြောပေးဖို့အားနာနေမိတယ်။
ဟိုတလောက ရွာမီးရှို့ခံရလို့ ထွက်ပြေးရတဲ့ ရွာသားတွေရဲ့ မျက်နှာကို ခုထိမြင်ယောင်နေတုန်းပဲ..
ဒုက္ခသည်ဆိုတဲ့ ဝေါဟာရက တကယ်တော့ ကြားရသမျှထဲမှာ အနာကျင်ရဆုံးဝေါဟာရပါပဲ။
ဖြစ်မှန်းမသိဖြစ်သွားရတဲ့ ဒုက္ခသည်တွေကို တွေးရင်း
အနည်းဆုံးတော့ ကျမတို့မှာ အချိန်တန်ရင်ပြန်လို့ရတဲ့ အိမ်ရှိတယ်..
မျှော်လင့်ချက်တွေရှိတယ်..
နေ့စဥ်ဘဝတွေရှိတယ်..
ဘာလို့ အမျိုးသားစာပေဆုရတာလဲဆိုတာ သိနိုင်ပါတယ်။
ဆရာမကို တကယ်လေးစားပါတယ်။
ကချင်ပြည်နယ်အလှတွေရော စစ်ရဲ့အငွေ့အသက်တွေကိုရော မြေဇာပင်ဒုက္ခသည်တွေအကြောင်းကိုရော လွတ်လွတ်ကင်းကင်းနဲ့ တစ်ဦးတစ်ယောက်ကို အပြစ်တင်တဲ့စကားလုံးတစ်လုံးမှမပါပဲ တမင်တကာဇာတ်နာပြတာမျိူးတစ်ခုမှမပါပဲ လှလှပပငြိမ်ငြိမ်သက်သက်ရေးပေးထားပါတယ်။
Kyi Lai Lai Soe –
ဒီနေ့ကျွန်မ ညွှန်းပေးချင်တဲ့ စာအုပ်ကတော့ ဆရာမ စံပယ်ဖြူနုရဲ့ မြောက်ဖျားကအလွမ်းရာသီ ဆိုတဲ့စာအုပ်ပါ ။၂၀၁၄ ခုနှစ်မှာလည်း အမျိုးသားစာပေဆု ရခဲ့ပါတယ် ။
ကချင်ပြည်နယ်စစ်ဘေးရှောင် စခန်းတွေမှာ ဖခင်ရဲ့ဆန္ဒကြောင့် အဖေတူအမေကွဲ ညီမဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ မေသီနွယ် ။သူမငယ်ရွယ်စဉ်အခါကတော့ အဒေါ်ဖြစ်သူရဲ့ စကားတွေကြောင့် မိထွေးဖြစ်သူကို တူးတူးခါးခါးမုန်းတီးနေပြီး ညီမဖြစ်သူကိုပါ မကြင်နာခဲ့သူ ။
အဖေဖြစ်သူက ညီမဖြစ်သူကို သူ့ထက်ပိုချစ်မှာမလိုလားတဲ့ မေသီနွယ်က အဖေဖြစ်သူနှင့်ပါ ဆက်ဆံရေး အေးစက်လာခဲ့တယ် ။
သူမရန်ကုန်မှာ အလုပ်လုပ်နေတဲ့အချိန် ဖခင်ဖြစ်သူရဲ့ တောင်းဆိုမှုကြောင့် ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ညီမဖြစ်သူကို လိုက်လံရှာဖွေခဲ့တယ် ။
နွယ်ရဲ့ အတွေးတွေကလည်း အတိတ်နဲ့ ပစ္စုပ္ပန် ရောနှောလျက်ရှိနေပြီး ညီမဖြစ်သူကို အရင်ချိန်တွေက မုန်းတီးခဲ့ပေမယ့် စစ်ဘေးရှောင်စခန်းမှာတွေ့ခဲ့ရတဲ့ မြင်ကွင်းတွေ၊တိုင်းရင်းသားတို့ရဲ့ ပူပန်မှုတွေကို မြင်တွေ့ရတဲ့ အခါမှာ နွယ်တစ်ယောက်ညီမဖြစ်သူကို အမြန်ရှာတွေ့ချင်လာတယ်။
ကချင်ပြည်နယ်ရဲ့အလှအပတွေ၊နယ်စပ်မြို့ရဲ့အလှအပတွေကို စစ်ရဲ့အငွေ့အသက်တွေနဲ့ ခြယ်မှုန်းထားပြီး ဝေးကွာနေတဲ့ ညီမဖြစ်သူကို လိုက်လံရှာဖွေတဲ့ အစ်မတစ်ယောက်ရဲ့ စိတ်နေသဘောထားတွေကိုပါ လေးနက်စွာ ရင်းနှီးသိရှိခွင့်ပေးထားတဲ့ စာအုပ်ပါ ။
နွယ်တစ်ယောက် ညီမဖြစ်သူကိုရှာတွေ့မလား ဆိုတာ စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပါ ။စာဖတ်သူတို့ကိုလည်း ဖတ်ကြည့်ဖို့ ညွှန်းဆိုပေးပါရစေ ။
ပြည်တွင်းစစ်ရဲ့ အနိဠာရုံတွေ ၊အသက်ရှင်လျက်ဖြစ်စေ၊သေလျက်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခဲ့ရတဲ့ မိသားစုတွေ၊ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်စခန်းမှာ ဆင်းရဲစွာနေထိုင်နေရတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရင်ထဲက ပူပန်မှုတွေ၊ဝမ်းနည်းကြွေကွဲမှုကို ဘယ်သူကများ ကုစားပေးနိုင်ပါ မည်နည်း ။
#Review_By_အလဲ့လေး
#မြောက်ဖျားကအလွမ်းရာသီ
#စံပယ်ဖြူနု
Tin Ohn Mar Zaw –
၂၀၂၁/၂၀၂၂ အခင်းအကျင်းနှင့် မြောက်ဖျားကလွမ်းရာသီကို ဖတ်ပြီးချိန်မှာ အဆိုင်း၊ အနူး၊ နူးမိုင်၊ ဂျားဂျာ ပေါင်းများစွာ မြောက်ဖျားကနေ တစ်နိုင်ငံလုံးမှာ ရှိနေကြပြီ။