သိန်းနှစ်ဆယ်တန် မျက်နှာတော်

( 1 မှတ်ချက်)

5000 (ကျပ်)

လူငယ်စာရေးဆရာ ဟိန်းဆက်သွင်ရဲ့ ‘သိန်းနှစ်ဆယ်တန် မျက်နှာတော်’ (နှလုံးသား အပိုင်းအစ ၀တ္ထုများ) စာအုပ်သစ်လေးကို မြဝတ်ချိုစာပေကနေ အောက်တိုဘာလအတွင်း ထုတ်ဝေဖြန့်ချိပါတော့မယ်။ ‘နှလုံးသား အပိုင်းအစ ၀တ္ထုများ’ ဆိုတဲ့အတိုင်း ဒီစာအုပ်မှာ ဆြာဟိန်းရဲ့ လက်ရာ ၀တ္ထုတို (၁၁)ပုဒ်တိတိ ပါဝင်ပြီး ၀တ္ထုတစ်ပုဒ်ချင်းစီတိုင်းမှာလည်း မတူကွဲပြားတဲ့ ရသတစ်မျိုး (ဒါမှမဟုတ်) တစ်မျိုးထက်မကတဲ့ ရသဝေဒနာတွေကို ခံစားဖတ်ရှုကြရမှာပါ။

ပထမဆုံး ဖတ်ရမယ့် ‘လိပ်ပြာ’ ၀တ္ထုမှာဆိုရင် ဇာတ်လမ်းအဖွင့်နိဒါန်းကနေ ဇာတ်သိမ်းအထိ ရင်တမမနဲ့ ဘာဆက်ဖြစ်မယ်မှန်း ခန့်မှန်းမရအောင် စာဖတ်သူကို တရိပ်ရိပ် ဆွဲခေါ်သွားပြီးမှ စာဖတ်သူ ဘယ်လိုမှ ထင်မထားနိုင်တဲ့ အလှည့်အပြောင်းမျိုးနဲ့ ၀တ္ထုကို နိဂုံးချုပ်ထားပါတယ်။ သနားစရာ၊ ရွံရှာစက်ဆုပ်စရာ၊ အံ့ဩစရာ ရသတွေကို ခံစားရစေမယ့် Thriller ၀တ္ထုမျိုးနဲ့ စာအုပ်ကို စတင်ဆွဲဆောင်ထားပါတယ်။

ဒုတိယ၀တ္ထုကတော့ တင်ပြပုံအရ မော်ဒန်၀တ္ထုဆန်တယ်လို့ ခံစားရပါတယ်။ ၀တ္ထုဟာ ဇာတ်လမ်းကို အခြေခံရတယ်လို့ ယေဘုယျ ဆိုလို့ရနိုင်ပေမဲ့ ဒီ၀တ္ထုမှာတော့ ဘာဇာတ်လမ်း ဇာတ်ကွက်မှ မပါပါဘူး။ လူတစ်ယောက်က သူ့ရည်းစား ကောင်မလေးကို သေနတ်တစ်လက်အဖြစ် မြင်လာမိပုံကို ဘာဇာတ်လမ်းမှ မပါဘဲ ၀တ္ထုတစ်ပုဒ်အဖြစ် တွေးစရာတွေ ချန်ရစ်ပြီး ဖန်တီးထားတဲ့ ၀တ္ထုပုံစံ တစ်မျိုးပါ။

မင်မင် အကြိုက်ဆုံးကတော့ ‘အသည်းကွဲ ဗက်တီးရီးယား’ ဆိုတဲ့ ၀တ္ထုလေးပေါ့။ ဒီ၀တ္ထုက ချစ်ကြိုက်ညားကွဲ အချစ်၀တ္ထုဆိုပေမဲ့ သမားရိုးကျ ဇာတ်လမ်းမျိုးကနေ ခွဲထွက်ပြီး ဗက်တီးရီးယားတွေကို ဇာတ်ကောင်အဖြစ် ပုံဖော်ရေးဖွဲ့ထားတာက တစ်မျိုးလေး စိတ်ဝင်စားစရာ ဖြစ်စေမယ် ထင်ပါရဲ့။ ၀တ္ထုရဲ့ ဇာတ်သိမ်းက ဝမ်းနည်းစရာတွေနဲ့မို့ ဘယ်လို ကြေကွဲစရာကောင်းအောင် ရေးထားသလဲ ဆိုတာကတော့ စာအုပ်လေး ထွက်လာမှ ဖတ်ကြည့်ပေါ့နော်။

မင်မင် ညွှန်းထားတာက ဒီစာအုပ်ထဲက နှစ်ပုဒ်သုံးပုဒ်ပါပဲ။ ကျန်တဲ့ ၀တ္ထုတွေကလည်း ရင်ခုန်ဆွတ်ပျံ့စရာ အချစ်ဇာတ်လမ်းတွေလည်း ပါဝင်သလို လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ပျက်နေကြတဲ့ လူမှုလောက အခြေအနေတွေကို ပုံဖော်ထားတဲ့ ဘ၀သရုပ်ဖော် ရသ၀တ္ထုတွေလည်း ပါဝင်တာမို့ ဒီစာအုပ်ထဲက ၀တ္ထု (၁၁) ပုဒ်ဟာ စာဖတ်သူတွေကို “ချစ်ရွှင်သနား၊ တည်ကြားကြမ်းကြုတ်၊
စက်ဆုပ်ကြောက်ရွံ့၊ ရဲဝံ့အံ့သြ၊ ‌နောအရသာ” ဆိုတဲ့ ရသကိုးမျိုးကို တစ်လှည့်စီ ခံစားရရှိစေမယ် ဆိုတာကိုတော့ ရဲရဲကြီး အာမခံပါတယ်။

(အတိုစုစည်းမှု ထုတ်ဝေရန် စီစဉ်သောအခါ ထိုထို ဖြတ်သန်းမှု ကာလများအတွင်း ရေးသားဖြစ်ခဲ့သမျှ စာပေလက်ရာများထဲကမှ ကောင်းနိုးရာရာ ဖြစ်မည်ထင်ရသည့် ၀တ္ထုတိုစာမူတို့ကို ရွေးထုတ်စုဖွဲ့ ဖြစ်၏။ ပုဂ္ဂလိကဝေဒနာထက် ယေဘုယျဝေဒနာ လွှမ်းကဲသည့် စာမျိုးတွေကိုသာ နွေငွေ့သက်မှိုင်းသော ပစ္စက္ခတွင် စာဖတ်သူ မိတ်ဆွေများထံ ကျွန်တော် လက်စေပါးချင်သည်။ ထို့ကြောင့်လည်း ဤ၀တ္ထုများကို ရေးဖြစ်ခဲ့သည်ပဲ။

အချစ်ကို လည်းကောင်း၊ ခေတ်ကို လည်းကောင်း၊ အသည်းနှလုံး၏ ဝေဒနာတို့ကို သီဖွဲ့စီကုံးအပ်သည့် တမ်းမြည့်လွမ်းမောဖွယ် အနုရသကို လည်းကေင်း၊ လူမှုဘ၀ အထွေထွေ၏ အခြေအနေ ဖြစ်စဉ်ဖြစ်ရပ် တချို့ကို ပုံဖော်ထင်ဟပ်သည့် ပုံရိပ်ကောက်ကြောင်းတို့ကို နောက်ခံကားပြုရာ စာမူတို့ကို လည်းကောင်း၊ ရွေးထုတ် စုစည်းဖြစ်၏။ ချစ်ပုံရိပ်နှင့် ခေတ်ပုံရိပ်တို့ကို ဤစာအုပ်တွင် တစ်စွန်းတစ်စတော့ မြင်ရနိုင်ကောင်းမည် ထင်သည်)။

ဆြာဟိန်း၏ အမှာစာမှ … ကောက်နှုတ်ချက်

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.3×0.3 8.2 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2023 အောက်တိုဘာလ

16 in stock

သိန်းနှစ်ဆယ်တန် မျက်နှာတော် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    ⚪ “သိန်းနှစ်ဆယ်တန် မျက်နှာတော်” ဆိုတဲ့ ဒီစာအုပ်လေးက ဆရာဟိန်းဆက်သွင်ရဲ့ ရှစ်အုပ်မြောက်စာအုပ်ပါ။ ဆရာ့စာအုပ်ထဲ တတိယမြောက်ဖတ်ဖူးတဲ့ စာအုပ်ပါပဲ။ ဝတ္ထုတိုလေးတွေ စုစည်းထုတ်ဝေထားတာဖြစ်ပြီး အချို့က မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဖော်ပြခံထားရဖူးပြီး short film အနေနဲ့ ရိုက်ကူးဖူးတာ၊ အသံလွှင့်ဇာတ်လမ်းအနေနဲ့လည်း ထုတ်လွှင့်ခံရဖူးတဲ့ အပုဒ်လေးတွေလည်း ပါဝင်ပါတယ်။ ဒီစာအုပ်လေးထဲ စုစုပေါင်း ဝတ္ထုတိုအပုဒ်ရေ (၁၁) ပုဒ်ပါပါတယ်။

    🔴 ဆရာရဲ့ဇာတ်လမ်းလေးတွေ တော်တော်များများ ထူးခြားတာကို သတိထားမိတယ်။ ဥပမာဆိုရရင် ပွိုင့်တူးတူး ဝတ္ထုမှာရင် ကောင်မလေးက သူ့ကို သေနတ်နဲ့ချိန်ရွယ်ပြီး အမိန့်ပေးနေသလို ခံစားရကြောင်းပြောပြီး သေနတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြသွားတယ်။ “သာထွန်းအောင် တောထွက်ခန်း” မှာကျတော့ သာထွန်းအောင် အသည်းကွဲတာကို ဘုရားလောင်းဇာတ်တော်တွေနဲ့ ချိတ်ဆက်ပြပြီး ပါရမီဖြည့်ကျင့်ဖို့ တောထွက်မယ့်အကြောင်း၊ “အသည်းကွဲ ဗက်တီးရီးယား” မှာဆိုရင်ကျ ဗက်တီးရီးယားလေးတွေရဲ့ အချစ်ဇာတ်လမ်းကို ကောင်မလေးက စာရေးဆရာသူ့ကောင်လေးကို ဇာတ်လမ်းရေးဖို့ ပြောပြနေတဲ့ ပုံစံမျိုး ရေးသားထားပါတယ်။
    __________________________

    ❝စာ‌ရေးသူ၏ “ချစ်ပုံရိပ် ခေတ်ပုံရိပ်” အမည်ဖြင့် အမှာစာ❞

    “သိန်းနှစ်ဆယ်တန် ခံစားချက်” ဝတ္ထုတိုသည် “ဟိန်းဆက်သွင်” ကလောင်အမည်ဖြင့် ရေးသားခဲ့သမျှ ကျွန်တော့် စာပေလက်ရာများထဲကမှ ပထမဆုံး ပုံနှိပ်ဖော်ပြ ခံရသည့် မဂ္ဂဇင်းဝတ္ထုတို။ (၂ဝ၁၂) ခုနှစ်၊ ဇူလိုင်လထုတ်၊ The Chic မဂ္ဂဇင်းတွင် ရွေးခု ရွေးချယ် ဖော်ပြခံရသည်။ စာပေလမ်းကြောင်းသို့ စတင်ခြေချသည့် စာမူဟု ဘာသာ သိမှတ်ခံယူထားဖြစ်သည်။

    အတိုစုစည်းမှု ထုတ်ဝေရန် စီစဉ်သောအခါ ထိုထို ဖြတ်သန်းမှု ကာလများအတွင်း ရေးသားဖြစ်ခဲ့သမျှ စာပေလက်ရာများထဲကမှ ကောင်းနိုးရာရာ ဖြစ်မည်ထင်ရသည့် ဝတ္ထုတိုစာမူတို့ကို ရွေးထုတ်စုဖွဲ့ ဖြစ်၏။

    ပုဂ္ဂလိက ဝေဒနာထက် ယေဘုယျ ဝေဒနာ လွှမ်းကဲသည့် စာမျိုးတွေကိုသာ နွေငွေ့သက်မှိုင်းသော ပစ္စက္ခတွင် စာဖတ်သူမိတ်ဆွေများထံ ကျွန်တော် လက်စေပါးချင်သည်။ ထို့ကြောင့်လည်း ဤဝတ္ထုများကို ရေးဖြစ်ခဲ့သည်ပဲ။
    __________________________

    🦋 လိပ်ပြာ 🦋

    ❝အဲဒီ ကောင်မလေး ဘာကြောင့် သတ်သေသွားတယ်ဆိုတာကို ဘယ်သူမှ မသိလောက်ဘူးလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ယောက်ယောက်က သိနေတယ်။ ငါ့ဆီ ခြိမ်းခြောက်စာတွေ ပို့နေတာ အဲဒီလူပဲ။ ဒီဖြစ်စဉ် အစအဆုံးကို သူ သိနေတယ်။❞

    နယ်ကနေ ရန်ကုန်ကို သင်တန်းလာတက်တဲ့ “ယမုံနာ” ဆိုတဲ့ ကောင်မလေးတစ်ယောက် ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်။ ဒီကိစ္စ ဘယ်သူမှ မသိဘူး ထင်ခဲ့ပေမဲ့ သိတဲ့သူက သတ်သေသွားတဲ့ ကိစ္စနဲ့ သက်ဆိုင်နေတဲ့ “သူရကျော်” ဆီကို ခြိမ်းခြောက်စာတွေ ပို့နေတာကြောင့် သူရကျော်လည်း ဖုန်းကတ်ဖြုတ်ပြီး သူ့အဖေကုမ္ပဏီပိုင်တဲ့ ရုံးပစ္စည်းတွေ ထားတဲ့ တိုက်ခန်းမှာ သွားခိုနေတယ်။ သူငယ်ချင်း မင်းဇင်ကို သူ့ဆီ လာခဲ့ပေးဖို့ စာလှမ်းပို့တော့ ရောက်လာတယ်။
    ▪ သူရကျော်နဲ့ ဒီကိစ္စ ဘယ်လိုပတ်သက်လဲ?
    ▪ အဲဒီခြိမ်းခြောက်စာ ပို့တဲ့သူ လက်ထဲကနေ သူလွတ်မြောက်နိုင်ပါ့မလား?

    ♥️ ပွိုင့်တူးတူး ဒဿမ ထောင့်ငါးရာမျက်ဝန်း၊ အပေါစား သေနတ်ပစ် ဝတ္ထုတစ်ပုဒ်နှင့် နန်းမြရည်ဇော်ကို တရားစီရင်ခြင်း ♥️

    ❝နန်းမြရည်ဇော်သည် မိန်းမတစ်ယောက် ဖြစ်သည်။ ထိုမိန်းမ၏ လက်ထဲတွင် ကျည်ထိုး မောင်းတင်ပြီးသား သေနတ်တစ်လက် ရှိနေသည်။ မိန်းမတစ်ယောက်၏ လက်ထဲမှာ သေနတ်တစ်လက် ရှိနေခြင်းသည် ပေါ့သေးသေး ကိစ္စမဟုတ်။❞

    ဒီဝတ္ထုကတော့ ဇာတ်လမ်းဆိုတာထက် ကောင်လေးက သူ့ချစ်သူကောင်မလေး “နန်းမြရည်ဇော်” အပေါ် သူ့စိတ်ထဲက မကျေနပ်ချက်တွေကို ခံစားပြောပြထားတဲ့ပုံစံမျိုး ရေးသားထားပါတယ်။ ကောင်မလေး ပြောတာတွေကို ဒေါသတကြီး တုံ့ပြန်လိုက်ချင်ပေမဲ့ လက်တွေ့မှာတော့ သေနတ်နဲ့ချိန်ရွယ်ပြီး အမိန့်ပေးခံထားရသူလို ခေါင်းညိတ်လိုက်ရတဲ့အကြောင်း တကယ့်ခံစားမှုနဲ့ အမှန်တကယ် ပြုမူလိုက်ရတဲ့အကြောင်း ရေးသားထားတဲ့ ဝတ္ထုလေးပါ။

    🍾 သာထွန်းအောင် တောထွက်ခန်း 🍾

    ❝“ဤကမ္ဘာမှ ပြန်ဧရတွက်သည်ရှိသော် လွန်ခဲ့သော လေးသင်္ချေ ကမ္ဘာတစ်သိန်း အထက်က ဘုရားငါးဆူ ပွင့်တော်မူခဲ့သည့် ဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်သော ဂေါတမဘုရားရှင်၏ သာသနာအတွင်း ရာမညမည်သော တိုင်းဝယ် ငါဘုရားသည် သာထွန်းအောင်ဟု အမည်ရသော လုလင်တစ်ဦး ဖြစ်ခဲ့ဖူးချေသည် …” လို့ အစပျိုးပြီး သာထွန်းအောင် ဇာတ်တော်ကို ငါ ပြန်ဟောတော်မူမယ်။❞

    “သာထွန်းအောင်” နဲ့ “ခင်မိုးနွယ်” တို့ ချစ်သူတွေဖြစ်ပြီး နှစ်နှစ်အကြာမှာ သာထွန်းအောင်က မူးမူးနဲ့ စကားကြမ်းတွေ ပြောလိုက်မိရာက ခင်မိုးနွယ်က စိတ်အနာကြီး နာသွားခဲ့တယ်။ နောက်တော့ သာထွန်းအောင်က သူငယ်ချင်းတွေနဲ့ ထန်းရည်ဆိုင်မှာ ရင်ဖွင့်ပြီး တောထွက်တော့မယ်လို့ ပြောပြီး နောက်တစ်နေ့မှာ သာထွန်းအောင် ပျောက်သွားလို့ ထန်းရည်အတူ သောက်ခဲ့ကြတဲ့သူတွေလည်း တောထဲမှာ လိုက်ရှာတော့ သာထွန်းအောင် အင်္ကျီလို့ ယူဆရတဲ့ အဝတ်ပိုင်းတစ်စ စမ်းချောင်းအနီးမှာ တွေ့ခဲ့ရတယ်။ တကယ်ပဲ သာထွန်းအောင်တစ်ယောက် တောထဲမှာ တစ်ခုခု ဖြစ်ခဲ့သလားဆိုတာ စိုးရိမ်ပူပန်နေကြတဲ့ ဝတ္ထုလေးတစ်ပုဒ်။

    ‼️ ဗီဇ ‼️

    ❝ကမ္ဘာပေါ်မှာ ကိုယ့်မိန်းမရဲ့ အဆဲအဆို အခံရဆုံး လူကိုမှ ရွေးပြီးတော့ သမ္မတရာထူး ပေးမယ်ဆိုရင် ငါဖြင့် … သမ္မတဖြစ်တာ ကြာပေါ့။❞

    ဆရာကိုအောင်နှင်းနဲ့ မချိုချိုအေးတို့ အိမ်ထောင်ကျတာ ခုနစ်နှစ်‌ကျော်ပြီ။ ရန်ဖြစ်တယ်ဆိုတာ တစ်ခါမှ မရှိ။ ဒါပေမဲ့ ဆရာကိုအောင်နှင်းက အနေအေးပြီး မချိုချိုအေးကတော့ အဆဲတအားသန်တယ်။ သူ့ယောက်ျားကို မဆဲလို့ ရန်မဖြစ်ကြတာလားဆိုတော့ မဟုတ်ဘူး။ သူ့ယောက်ျားက ပိုလို့တောင် သူ့အဆဲခံရသူ။ ကိုအောင်နှင်းက သည်းခံလို့သာ ရန်ဖြစ်တဲ့အထိ မဖြစ်တာ။ ဒါပေမဲ့လည်း တစ်ရက်တော့ ကိုအောင်နှင်း သည်းမခံနိုင်လောက်တဲ့အထိဖြစ်ပြီး သူ့မိန်းမကို ဆံပင်ကနေဆွဲပြီး ရေထဲနှစ်လိုက် ပြန်ဖော်လိုက်နဲ့ ဖြစ်တဲ့အထိ ဒေါသဖြစ်ခဲ့ရတယ်။ ဒီကိစ္စတွေဖြစ်ပြီး နောက်တစ်ရက် ဒီဖြစ်ရပ်က ရယ်စရာတစ်ခုဖြစ်ခဲ့ပြီး ဗီဇကို ဖျောက်မရတဲ့အကြောင်း ရေးသားထားတဲ့ ဝတ္ထုလေးပါ။

    🧣 သမုဒယဇာပဝါဖြင့် လွှမ်းဖုံးထားအပ်သည့် အချစ်၏ မျက်နှာတော် 🧣

    ❝တစ်သက်တာ ဝေးကွာခဲ့ပြီဟု နားလည်ယုံသိပါသော်ငြား အသည်းကွဲခဲ့ပြီ ဟူ၍တော့ သူတစ်ပါးကိုလည်း မပြော၊ ကိုယ်တိုင်လည်း မခံယူ၊ မခံစား။❞

    သင်တန်းမှာ ယောက်ျားလေးတွေ အရူးအမူးဖြစ်ကြပြီး ချောမောလှပလွန်းတဲ့ မမခမ်းဝါရည်နဲ့ ဟန်လင်းတို့ ပတ်သက်မိခဲ့ကြတယ်။ တကယ်တော့ ဟန်လင်းက သွားပတ်သက်တာ မဟုတ်ဘဲ မမခမ်းဝါရည်ဘက်က လာပတ်သက်ပြီး ဝေဒနာတွေ ပေးသွားခဲ့တာ။ သူနဲ့ ချစ်သူဖြစ်ပြီး နှစ်ရက်နေတော့ မမခမ်းဝါရည် ယောက်ျားနောက် လိုက်သွားကြောင်း သိခဲ့ရတယ်။ တကယ်တော့ မမခမ်းဝါရည်က သူ့ချစ်သူနဲ့ အဆင်မပြေဖြစ်နေချိန်မှာ သူ့ကို ခဏတာ အစားထိုးခဲ့တယ်ဆိုတာ နောင်မှ သိလိုက်ရတယ်။ မမခမ်းဝါရည် အိမ်ထောင်ကျပြီး နှစ်နှစ်ကြာတဲ့ သူကြိုးစားဆက်သွယ်နေခဲ့သေးတယ်။ ဒါဟာ သူ မမကို သတိရတမ်းတနေလို့ မဟုတ်ဘဲ သူခံစားရသလို ခံစားစေချင်ပြီး နာခဲ့ရသမျှကို နာနာနင့်နင့် ပြန်ပြောချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒါပေမဲ့ ခိုးရာလိုက်သွားပြီးကတည်းက မမရဲ့ ဖုန်းက အမြဲစက်ပိတ်နေခဲ့တယ်။ တစ်ရက်တော့ တုံ့ပြန်ပြောဆိုဖို့ အခွင့်အရေး နှစ်နှစ်ကျော်အကြာမှာ သူရလာတဲ့အကြောင်း ဇာတ်လမ်းလေးပါ။

    🦠 အသည်းကွဲ ဗက်တီးရီးယား 🦠

    ❝အမှန်တကယ်တွင်တော့ … ကျွန်တော်သည် မိမိနှင့် မဆီလျော်ရာ ဒေသ အသိုင်းအဝိုင်းတစ်ခုသို့ မျက်စိလည်လမ်းမှား ရောက်ရှိသွားမိရာက ပဋိဇီဝဆေးဝါးများဖြင့် တိုက်ဖျက်ချေမှုန်းခံလိုက်ရသော ‘အသည်းကွဲ ဗက်တီးရီးယား’ တစ်ကောင်ပင် ဖြစ်လေသည်။❞

    ဒီဇာတ်လမ်းလေးက ထူးခြားတယ်။ ခေါင်းစဉ်အတိုင်း ဗက်တီးရီးယားကောင်လေးတွေရဲ့ ချစ်ဇာတ်လမ်းပေါ့။ လူ့ခန္ဓာကိုယ်ရဲ့ အူလမ်းကြောင်းမှာ နေထိုင်ရှင်သန်ရတဲ့ ဗက်တီးရီးယားလေးက တစ်ရက်တော့ စူးစမ်းလေ့လာဖို့ သူနေထိုင်ရာ အူလမ်းကြောင်းနံရံက စွန့်ခွာလာတယ်။ အူလမ်းကြောင်းရဲ့အဆုံး ဆီးအိမ်လည်းရောက်ရော သူတို့လို ဗက်တီးရီးယားမျိုးနွယ်စု စိမ်းလဲ့လဲ့သဏ္ဌာန်လေးကို တွေ့ပြီး ချစ်ခင်စုံမက်မိကာ ရှေ့ဆက်မသွားတော့ဘဲ အဲဒီမှာပဲ နေထိုင်ရှင်သန်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဗက်တီးရီးယားလေးဟာ ဒီနေရာမှာတင် သူ့ဘဝခရီး အဆုံးသတ်ရလိမ့်မယ် မထင်ခဲ့ပါဘူး။

    👃 နှာခေါင်းများနှင့် ကခုန်ခြင်း 👃

    ❝မိန်းကလေးတစ်ယောက်ကို ပထမဦးဆုံး စတွေ့လျှင် တွေ့ချင်းမှာ ဂရုတစိုက် အကဲခတ် ကြည့်မိသည်ကတော့ ထိုမိန်းကလေး၏ နှာခါင်းကိုသာ ဖြစ်သည်။ အခြားသူတွေသိလျှင် ရယ်စရာတော့ ကောင်းလိမ့်မည်။❞

    ဒီဝတ္ထုလေးက ဥဒါန်းသစ်မဂ္ဂဇင်းမှာ ပထမအကြိမ် ဖတ်ဖူးထားပြီးသားမို့ ခုက ဒုတိယအကြိမ် ပြန်ဖတ်ဖြစ်တာရယ်။ ဇာတ်လမ်းက နှာခေါင်းနဲ့ ပတ်သက်ရင် ဆန်းဆန်းတင့်တဲ့ သူအကြောင်းလေး။ ကျောင်းတက်တုန်းက သူငယ်ချင်းတွေ လှော်ပေးလို့ ရန်ငြိမ်းတစ်ယောက် ခင်ချမ်းမြေ့သူဆိုတဲ့ မိန်းကလေးနဲ့ ကြိုက်ခဲ့တယ်။ ဒါပေမဲ့ နှာခေါင်းပွလို့ဆိုပြီး ကောင်မလေးက ထားခဲ့ခံလိုက်ရတယ်။ အကြောင်းရင်းကိုတော့ ကောင်မလေး မသိခဲ့ဘူးပေါ့။ နောက်တော့ မိဘတွေပေးစားတဲ့ နှာခေါင်းလှတဲ့ မိန်းကလေးနဲ့ အိမ်ထောင်ကျ၊ ကလေးတွေရပြီး ကျောင်းသားဟောင်း မိတ်ဆုံစားပွဲမှာ ခင်ချမ်းမြေ့သူနဲ့ ပြန်တွေဆုံရတယ်။ အဲဒီမှာ ခင်ချမ်းမြေ့သူက သူ့ကို ထားခဲ့တဲ့ အကြောင်းရင်းကို သိပြီး သူနဲ့ စကားလာပြောတယ်။ ခင်ချမ်းမြေ့သူကတော့ ကျောင်းဆရာမဖြစ်နေပြီး တစ်ဖက်ကလည်း စာရေးဆရာမ လုပ်နေတယ်။ ပြန်ခါနီး နှုတ်ဆက်ကြတော့ သူ့ကို ပြုံးပြီး စိုက်ကြည့်သွားတယ်။ အဲဒီအကြည့်ကို သူအိမ်ပြန်ရောက်တော့မှ နားလည်သွားတော့တယ်။

    🔶 သံယောဇဉ် တစ်ခန်းရပ် ကြေညာချက် 🔶

    ❝သူ့ကို မင်း သတိရခွင့် ရှိတယ်။ လွမ်းခွင့် ရှိတယ်။ ပြီးတော့ … ချစ်နေခွင့်လည်း ရှိတယ်။ ဒီထက်ပိုပြီး သတ္တိရှိရင် နောက်ထပ် ဖြတ်သန်းမယ့် တစ်ဘဝလုံး ဘယ်မိန်းကလေးနဲ့မှ ထပ်မပတ်သက်ဘဲ သူ့တစ်ယောက်တည်းကို သစ္စာစောင့်သိပြီး တိတ်တိတ်ကလေး ချစ်သွားလို့ ရတယ်။❞

    နွယ်ဦးသွယ်ဆိုတဲ့ မိန်းကလေးကို မြင်တွေ့ပြီးနောက်မှာ ချစ်သူအဖြစ် ချစ်မိသွားပြီး လက်ရှိတွဲနေပြီး သူ့အပေါ် အလွန်အမင်းလည်း ချစ်ရှာတဲ့ ယုယုငြိမ်းစံကို ဟိန်းမင်းတစ်ယောက် ရက်ရက်စက်စက် အဆက်ဖြတ်ခဲ့တယ်။ ကံကောင်းတာက နွယ်ဦးသွယ်ကလည်း သူ့အချစ်ကို လက်ခံခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ယုက ချစ်ပေမဲ့လည်း သူချစ်တဲ့ချစ်သူ အဆင်ပြေစေဖို့ ကျေ‌ကျေနပ်နပ် လက်ခံပေးသွားခဲ့တယ်။ ဒါပေမဲ့ ဟိန်းမင်း ဝဋ်လည်ခဲ့ပါတယ်။ အဲဒီဝဋ်ကို ဟိန်းမင်းအလှည့်မှာ ဘယ်လိုဖြတ်ကျော်မလဲ?

    🫧 လူကြီး သူငယ်နာ 🫧

    ❝မွေးမြူရေး ဝါသနာပါရင် ကြက်မွေး ဘဲမွေး။ မနာလို ဝန်တိုစိတ်တော့ မွေးမနေပါနဲ့။ အကုသိုလ်ဖြစ်တာချင်း အတူတူ ကြက်မွေး ဘဲမွေး တာကမှ ကြက်ဥဘဲဥ စားရသေးတယ် … တဲ့။❞

    ရွာမှာ ကလေးတွေ သူငယ်နာဖြစ်ကြလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွာက ဗိန္နောဆေးဆရာ ဦးရွှေတလုပ်က ကလေးတွေကို ဖားပြုတ်ကင်ပြီး ကာကွယ်ဆေးအနေနဲ့ ကျွေးတယ်။ ရွာမှာ ဦးရွှေတလုပ်ကို ကြည့်မရတဲ့ ချမ်းသာတဲ့ စက်သူဌေး ဦးလူတင်ဆိုတာရှိတယ်။ သူ့မှာလည်း ဦးရွှေတလုပ်ရဲ့မြေး ကြာဥနဲ့ရွယ်တူ အားထောဆိုတဲ့ မြေးလေးရှိတယ်။ သူတို့နှစ်ယောက်က နောက်ဆုံးမှ ဆေးကျွေးဖို့ အလှည့်ကျတယ်။ သူတို့အလှည့်ရောက်တော့ ဖားကင်ဗိုက်သားနဲ့ ဖားဥကင်တစ်စုံ ကျန်တယ်။ ဦးရွှေတလုတ်က ဦးလူတင်မြေး အားထောလေးကို ဖားကင်ဗိုက်သား ကျွေးဖို့ပြင်တော့ နေရာတကာ နှာတစ်ဖျားသာရမှ ကျေနပ်တဲ့ ဦးလူတင်က သူ့မြေးကိုလည်း ဦးရွှေတလုပ် မြေးနည်းတူ ကျွေးသင့်ကြောင်း ဝင်ပြောတော့ ဦးရွှေတလုပ်မြေး ကြာဥကို ကျွေးမယ် ဖားဥကင်ကို အားထောလေးကိုပဲ ကျွေးလိုက်တယ်။ ဒါပေမဲ့ ဦးလူတင်ရဲ့ နေရာတကာ သူများထက် ဦးစားပေးတာခံချင်တဲ့ သာချင်တဲ့စိတ်ကြောင့် သူ့မြေးမလေး အားထော ဒုက္ခရောက်ခဲ့ရှာ‌တော့တယ်။

    💵 သိန်းနှစ်ဆယ်တန် ခံစားချက် 💰

    ❝လောဘနဲ့ ကိုယ်ချင်းစာတရား … ဒီ လွန်ဆွဲမှုနှစ်မျိုးက ကျုပ်စိတ်ထဲမှာ ဟိုပြေးဒီလွှား ဇဝေဇဝါနဲ့ ကူးခြည်သန်းခြည် ဖြစ်နေရတယ်။❞

    မိန်းမနဲ့ သားသမီးလေးယောက်ကို ရှာကျွေးနေရတဲ့ ဆိုက်ကားသမား ချစ်ခိုင်။ ဘဝက ဝမ်းဝဖို့တောင် အနိုင်နိုင်။ တစ်ရက် ကွမ်းယာဆိုင်မှာ ကွမ်းဝယ်စားရင်း တောက်တဲ့နှစ်ဆယ်သား တစ်ကောင်ကို သိန်းနှစ်ဆယ် ပေးဝယ်တယ်ဆိုတဲ့ သတင်းကို ကြားခဲ့တယ်။ ပိုပြီးသေချာသွားတာကတော့ ဒီသတင်းက ဂျာနယ်ထဲမှာ ပါလာတာပဲ။ ဒါနဲ့ ချစ်ခိုင်လည်း သူ့အိမ်နဲ့ ဝါးနှစ်ရိုက်လောက် အကွာက တောင်ကမူကုန်းပေါ်က ညောင်ပင်အောက် ကျင်းထဲမှာ နေတဲ့ နှစ်ချို့တောက်တဲ့ကြီး ဖမ်းပွဲ စတင်ပါတော့တယ်။ တောက်တဲ့ကြီးကို ဖမ်းမိပြီး ချစ်ခိုင်တစ်ယောက် သိန်းနှစ်ဆယ် ပိုင်ဆိုင်ရမလားဆိုတာ …

    🌃 အိပ်ရေးပျက်သူများ 🌃

    ❝လူ့ဘဝ၏ အဓိပ္ပါယ်ဟူသည် အဘယ်နည်း။ လူ့ဘုံ၏ ပျော်ရွှင်စရာဟူသည် အဘယ်နည်း။ လူ့စည်းစိမ်နှင့် လူ့လောက၏ ငြိမ်းချမ်းရာဟူသည် အဘယ်နည်း။ သူ နားမလည်တော့။ အိမ်ပြန်ချင်လှပြီ။❞

    ဖြူအေး လေးတန်းကျောင်းသူ အရွယ်ကတည်းက အဖေက ညသန်းခေါင် ဖားရိုက်ထွက်ရာက ပိုးထိပြီး ဆုံးခဲ့တယ်။ အမေက ခေါင်းရွက်ဗျက်ထိုး ဈေးသည်မို့ ဖြူအေးကို ကျောင်းဆက်မထားနိုင်တော့။ ဖြူအေး ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရတယ်။ ညီမလေးကိုတော့ ကျောင်းဆက်ထားပေးဖို့ တောင်းဆိုခဲ့တယ်။ အသုပ်ဆိုင်အကူ၊ ရထားဘူတာ ကားဂိတ်ဝန်းကျင်မှာ ကျပမ်းဈေးသည်၊ လက်ဖက်ရည်ဆိုင် စားပွဲထိုး၊ ခေါင်းရွက်ဈေးသည်၊ အိမ်အကူ စသဖြင့် ဖြူအေး ငယ်ဘဝမှာ အလုပ်မျိုးစုံလုပ်ပြီး မိသားစုကို လုပ်ကိုင်ကျွေးပေမဲ့ ညစ်နွမ်းစွန်းထင်းခဲ့ရတဲ့ ဖြူအေးရဲ့ဘဝလေးအကြောင်း။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဟိန်းဆက်သွင် စာအုပ်များ