ငါ့အခန်းမျက်နှာကြက်ကကြယ်ကလေးတွေ

( 1 မှတ်ချက်)

4000 (ကျပ်)

ဆရာမင်းဝေဟင်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အရွယ်ရောက်ပြီးသူတိုင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူတွေဟာ လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ၊ အသားအရောင်၊ ရုပ်ရည် မည်သို့ပင် ကွဲပြားပါစေ .. ဆယ်ကျော်သက်ဘဝမှာ ကိုယ်စီကိုယ်စီ အမှတ်တရတွေ ရှိကြတာချင်းတော့ တူညီကြပါလိမ့်မယ်။

ဆရာ’မင်းဝေဟင်’ရဲ့ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ဖြတ်သန်းတဲ့ ဘဝမျက်နှာစာတွေကို ဖတ်ရှုရမှာပါ။ ကျော်စည်သူဆက်ဟာ မောင်နှမရင်းချာ မရှိသူ တစ်ဦးတည်းသောသား၊ မိခင်က ပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ထားပြီး ဖခင်က သုံးသုံးဖြုန်းဖြုန်း စီးပွားရေးသမား၊ ပျော်သလိုနေတတ်တဲ့ မိဘနှစ်ပါးရဲ့ ကြားက ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် .. တိတိကျကျဆို ဆယ်တန်းအရွယ်မှာ ကျော်စည်သူဆက်ရဲ့ ဖခင်ဟာ ဘောလုံးပွဲအလောင်းအစားကြောင့် အဆင့်မြင့်အိမ်ရာထဲ ခြံနဲ့တိုက်နဲ့ နေရတဲ့ဘဝကနေ တောင်ဒဂုံဘက်ကို အထည်ကြီးပျက်ဘဝနဲ့ ရောက်သွားတယ်။

မိဘရဲ့ ဂရုအစိုက်မခံရမှု၊ ကျဆင်းသွားတဲ့ မိသားစုအခြေအနေတွေကြောင့် သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်ကာလတွေဟာ မျှော်လင့်သလို ဖြစ်မလာတာတွေ ကြုံခဲ့ရတယ်။ ခပ်ကြမ်းကြမ်း ရိုက်ခတ်လာတဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်လူငယ်လေးရဲ့ ရင်တွင်းစကားတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ကို တိုက်ရိုက်ပြောဟန်နဲ့ ရေးဖွဲ့ထားတယ်။

“ငါတို့အခန်းရဲ့ အတန်းပိုင်ဆရာမလား၊ ထိုင်ပြောနေရရင် ညနေကျောင်းဆင်းချိန်တောင် ပြီးမှာမဟုတ်၊ ၃၁ ဘုံမှာ အရစ်နိုင်ဆုံးသော ဆရာမ”

“အခု တောင်ဒဂုံပြောင်းလာရတော့ ပင့်ကူအိမ်လေးနဲ့ ဟမ်းစတားအိမ်လေးတွေ ငါ ဒီအိမ်အထိ သယ်လာခဲ့တယ်ဆိုပေမဲ့ မျက်နှာကြက်မှာ ကြယ်ကလေးတွေ ရှိတဲ့ ဒီအိမ်လေးရဲ့ ငါ့အခန်းကျဉ်းကျဉ်းလေးထဲမှာ သူတို့တွေလည်း အနေကျပ်ကျပ်၊ ငါလည်း အနေကျပ်ကျပ်”

“ဟင် .. ဒါဆို ဖေဖေကရော … ငါရခဲ့တဲ့ အနံ့တွေရပြီး တစ်ညလုံး တစ်နေ့လုံး နောက်ထပ် အဲ့ဒီအနံ့တွေကိုပဲ ထပ်ကာထပ်ကာရပြီး ငါ့လို အိပ်မရဘဲ ဖြစ်နေမှာမျိုးလား”

စာမျက်နှာ

184

စာအုပ််အရွယ်အစား

5.5 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2022 ဇွန်လ (ပ-အကြိမ်)

5 in stock

ငါ့အခန်းမျက်နှာကြက်ကကြယ်ကလေးတွေ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Ar Kar

    မိဘတွေရဲ့ အိမ်တွင်းရေး ပြဿနာတွေကြောင့် ထရော်မာ ရနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို မြင်တွေ့နိုင်မယ့် စာအုပ်လေး ..

    ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ ကျွန်တော်ဟာ ကျော်စည်သူဆက် ဖြစ်သွားတယ် .. ငါ ဆိုတဲ့ အသုံးအနှုန်းနဲ့ မိမိရဲ့ ခံစားချက်တွေကို တောက်လျှောက်ဖော်ပြသွားတာက ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ ခံစားချက် အမြင် နေရာကနေ လွတ်ထွက်မသွားအောင် ဖမ်းစားနိုင်တဲ့ ကလောင်စွမ်းကို မချီးကျူးဘဲ မနေနိုင် .. ” သူ့စိတ်ကို အမီလိုက်ရင်း တချို့နေရာတွေမှာ သူ့စိတ်ကို ကျွန်တော့်ဖန်တီးမှုက ဖမ်းဆုပ်လို့ မမီ့တမီနဲ့ ၀တ္ထုရေးရင်း မောခဲ့ပါတယ် ” လို့ စာရေးသူက ဆိုထားသလို ဖတ်နေရင်းလည်း သူ့နေရာ ရောက်သွားပီး ရင်မောခဲ့ရပါတယ် ..

    ” အချစ်မခံရတဲ့သူဟာ သူများကိုလည်း မချစ်တတ်ဘူးတဲ့ .. တစ်နည်းအားဖြင့် အချစ်ကို တန်ဖိုးမထားတတ်ကြသူတွေဟာ အရင်တုန်းက ချစ်ခြင်းမေတ္တာရဲ့ နူးညံ့သိမ်မွေ့မှုကို မခံစားဖူးကြလို့ ” ဆိုတဲ့ စကားလေးကို ကျွန်တော်ကြားဖူးတယ် ..

    ဒီထဲကကောင်လေးရဲ့ ကြွပ်ဆတ် ကြမ်းတမ်းတဲ့ အပြုအမှုတွေ ၊ စိတ်နေသဘောထားတွေဟာ ချစ်ခြင်းမေတ္တာနဲ့ မထိတွေ့ဖူးတဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်တယ်လို့ ဆရာကြီး လုပ်ပီးတွေးမိတယ် ..

    ဟမ်းစတား ပေါက်စ‌နလေးတွေကို မြွေတွေ ၊ ပင့်ကူတွေ အစာအဖြစ် ကျွေးနေတဲ့ အခန်းကို ဖတ်နေရင်း ကြက်သီးတွေတောင် ထမိတယ် ..

    ဒီထဲက ဇာတ်ကောင်လေးဟာ အပြင်မှာ တကယ်ရှိနေပြီး ဖြစ်ရပ်တွေအားလုံးကတော့ တကယ့်ဖြစ်ရပ်တွေချည်းပဲ ဟုတ်မနေခဲ့ဘူးလို့ ဆိုထားပေမယ့် ဒီခေတ် ဒီကာလကြီးမှာတော့ ဒီထဲက အဖြစ်အပျက်တွေလို ဇာတ်လမ်းတွေဟာ တစ်နေ့ တမျိုး မရိုးနိုင်အောင်ပဲ ရှိနေလေတော့ ဒီဖန်တီးမှုကိုပဲ ကျွန်တော်က အတည်ပြု မြင်ယောင်နေမိတော့တယ် ..

    ငွေကြေးဥစ္စာ ပြည့်စုံနေတယ်လို့ ပြောလို့ရပေမယ့် ချစ်ခြင်းမေတ္တာ ငတ်မွတ်နေတဲ့ ကျော်စည်သူဆက်လို ကောင်လေးတွေ ဘယ်လောက်များများ ရှိနေမလဲဆိုတဲ့ အတွေး၀င်သွားတဲ့အထိ ဒီလိုကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ပေါ်လွင်အောင် ရေးပြပေးတဲ့ ဆရာမင်းဝေဟင်ကို ကျေးဇူးတင်မိပါတယ် …..

    စာအုပ်အမည် #ငါ့အခန်းမျက်နှာကြက်ကကြယ်ကလေးတွေ
    စာရေးသူ #မင်းဝေဟင်
    မျက်နှာဖုံး #နေမျိုးဆေး
    စာအုပ်တိုက် #မဟာစာပေ
    ပုံနှိပ်မှတ်တမ်း – ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၊ ပထမအကြိမ် ၊ အုပ်ရေ ၁၀၀၀ ၊ တန်ဖိုး ၄၀၀၀ကျပ်

    #စာညွှန်းအိမ်
    #PyaeArKar

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မင်းဝေဟင် စာအုပ်များ