လရိပ်အောက်ကမိုးတိမ် (မဂ္ဂဇင်းဝတ္ထုတိုများ)

( 1 မှတ်ချက်)

7500 (ကျပ်)

ဒီစာအုပ်ဟာ ၂၀၁၆ ခုနှစ်အတွက် “အမျိုးသားစာပေဆု” (ဝတ္ထုတိုဆု) ရ စာအုပ်ဖြစ်သလို စာအုပ်မှာ ဝတ္ထုတို စုစုပေါင်း ၁၇ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ပါဝင်တဲ့ ဝတ္ထုတိုတွေကတော့ ဆရာမင်းဝေဟင်ရဲ့ ဟန်အတိုင်း ဝတ္ထုတိုအကြောင်းအရာ၊ ဝတ္ထုဖွဲ့တည်ရာ နေရာဒေသအခင်းအကျင်း၊ ပေးချင်တဲ့ Message ၊ ဇာတ်လမ်းတည်ဆောက်ပုံ နဲ့ ဝတ္ထုတိုပါ လောကအမြင်တွေဟာ တစ်ပုဒ်နဲ့ မထပ်စေရတာကို တွေ့ရမှာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတိုနှစ်ပုဒ်ပါသလို၊ မိဘမေတ္တာဘွဲ့ ဝတ္ထုတို နှစ်ပုဒ်ပါဝင်တာကိုတွေ့ရပါတယ်။ ဒီလိုပဲ ..ယနေ့ခေတ် ပညာရေးလောကကို သရော်ဟန်နဲ့ ရေးဖွဲ့ထားတဲ့ ပညာရေးနောက်ခံ ဝတ္ထုတိုများပါဝင်သလို၊ ရှေးရိုးစွဲ ဒေသစွဲ ပတ်ဝန်းကျင်ကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ လူငယ်တွေအကြောင်း ဝတ္ထုများလည်းပါဝင်ပါတယ်။ ယနေ့ခေတ်ကာလ အခြေအနေအရ ဘဝတစ်ခုတည်ဆောက်ဖို့ ရုန်းကန်လှုပ်ရှားနေရတဲ့ လူငယ်စုံတွဲတွေအကြောင်းကို ဟာသဆန်ဆန် သရော်ထားတဲ့ဝတ္ထုများ ပါဝင်သလို ခေတ်အခြေ စနစ်အခြေကြောင့် ဘဝပျက်ခဲ့ရတဲ့ အမျိုးသမီးငယ်လေးတွေအကြောင်းလည်း ပါဝင်ပြန်ပါတယ်။ ကလေးသာသာဇာတ်ကောင်လေးတွေနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုနှစ်ပုဒ်ပါဝင်တာကိုလည်း တွေ့ရပါတယ်။
ဆရာမင်းဝေဟင်ကတော့ “ဒုတိယအကြိမ်အတွက် အမှတ်တရစကား” မှာ ” ဒီစာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၁၆ မှာ ထုတ်ခဲ့တာမို့ အဲ့ဒီအချိန် အဲ့ဒီခေတ်မှာ ဒီစာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့တာကို ဒီနေ့ဒီအချိန်ကနေ ပြန်ကြည့်ရင် အင်မတန်မှ ကျေနပ်မိသလို၊ မှတ်မှတ်ရရလည်း ရှိနေပါတယ်” လို့ ဆိုထားပါတယ်။

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.6× 0.3×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလ ၊ ဒုတိယအကြိမ်

19 in stock

လရိပ်အောက်ကမိုးတိမ် (မဂ္ဂဇင်းဝတ္ထုတိုများ) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🌕 ဆရာမင်းဝေဟင် ရေးသားတဲ့ “လရိပ်အောက်ကမိုးတိမ်” ဆိုတဲ့ စာအုပ်လေးက ၂၀၁၆ခုနှစ်တုန်းက ဝတ္ထုတို အမျိုးသားစာပေဆု ရခဲ့တဲ့ စာအုပ်လေးပါ။ ဝတ္ထုတိုလေးတွေ ဖတ်ရတာ သိပ်ပြီးအရသာရှိနေတော့တာပါပဲ။ တစ်ပုဒ်ချင်းစီက အကြောင်းအရာတွေလည်း မတူ၊ နယ်ပယ်တွေလည်း မတူတဲ့ ဘဝဖြစ်ရပ် ဇာတ်လမ်းအမျိုးမျိုးအ‌ကြောင်းကို ဖတ်ရှုရတာပါ။ ဆရာအမှာစာမှာ ပြောထားသလိုပဲ ဆရာ့ဝတ္ထုတိုလေးတွေက ခေတ်ကာလတစ်ခုကို ညွန်းဆိုပြသနေပြီး ဇာတ်ကောင်ရဲ့စရိုက်၊ စိတ်နေသဘောထားတွေကို စာမျက်နှာနည်းနည်းနဲ့ ဒီဝတ္ထုတိုလေးတွေမှာ ပေါ်လွင်အောင်လည်း ရေးသားဖော်ပြထားပါတယ်။ ပြောလိုတဲ့အကြောင်းအရာကို ထိထိမိမိနဲ့ လိုရာရောက်အောင်လည်း ရေးဖွဲ့နိုင်တဲ့ ဆရာ့ရဲ့အရေးအသားကို သိပ်ပြီး သဘောတွေ့မိပါတယ်။ ဒီစာအုပ်မှာ ဝတ္ထုတိုပေါင်း (၁၇) ပုဒ် ပါဝင်ပါတယ်။
    __________________________

    🌧️ ဝတ္ထုတိုတွေကို ကျွန်တော်ချစ်သည်။ ဝတ္ထုတိုတွေကို စပြီးဖတ်တတ်စအရွယ် ၇ တန်း၊ ၈ တန်းအရွယ်ကတည်းက ဝတ္ထုတိုတွေကို ချစ်ခဲ့သည်။ တစ်သက်လုံးလည်း ဆက်ပြီးချစ်မိနေဦးမည်သာ ဖြစ်သည်။ ချစ်မိနေသည့်အလျောက် ရင်ထဲသို့ရောက်လာသော ခံစားမှုအကြောင်းတရားတို့ကိုလည်း အလျဉ်းသင့်လျှင်သင့်သလို ဝတ္ထုတိုများအဖြစ် ဖန်တီးနေမိပါဦးမည်။

    ငယ်စဉ်ကတည်းက ဝတ္ထုတိုတွေကို ချစ်တတ်အောင် မဂ္ဂဇင်းများနှင့် ရင်းနှီးခွင့်ပေးခဲ့သည့် အဖေနှင့်အမေကို ကျေးဇူးတင်လှသည်။ စာပေလောကထဲမှာ ဝတ္ထုတိုတွေ ဆက်တိုက်ရေးဖြစ်အောင် အားပေးချီးမြှောက်သည့် ဆရာဦးဝင်းငြိမ်းကို ကျေးဇူးတင်လှသည်။ ကျွန်တော့်ဝတ္ထုတွေမှန်သမျှကို စာအုပ်ဖြစ်အောင် အမြဲ စီစဉ်ပေးသည့် ပိတောက်ရနံ့စာအုပ်တိုက်မှ ဆရာဦးခင်မောင်ဦးကို ကျေးဇူးတင်လှသည်။ ကျွန်တော့်ဝတ္ထုတိုလေးတွေကို တခုတ်တရ ဖော်ပြပေးကြသည့် သက်ဆိုင်ရာ မဂ္ဂဇင်းအယ်ဒီတာများကို ကျေးဇူးတင်လှသည်။ ဝတ္ထုတိုလေးတွေ ဆက်တိုက်ရေး ဖြစ်နေသည့် အကြောင်းအရင်းထဲမှ တစ်ခုဖြစ်သည့် ဝတ္ထုတိုတွေ မဂ္ဂဇင်းစာမျက်နှာများပေါ် ပါလာလေတိုင်း အကောင်းအဆိုးကို ဝေဖန်ကြ၊ ငြင်းခုံကြ၊ ရန်ဖြစ်ကြနှင့် ချစ်စရာအလွန်ကောင်းသော ကျွန်တော့်ရေးဖော်များကို ကျေးဇူးတင်လှသည်။ ပထမစာအုပ်ကို နှစ်ကြိမ်ရိုက်ရသည်အထိ၊ ဒုတိယစာအုပ်ကိုလည်း ကုန်စင်အောင်အထိ အားပေးခဲ့ကြသည့် ကျွန်တော့်စာဖတ်ပရိသတ်ကို ကျေးဇူးတင်လှသည်။ (~ ဆရာမင်းဝေဟင်၏ ပထမအကြိမ်အတွက် အမှတ်တရစကားမှ)

    🌕 ကျွန်တော် ဝတ္ထုတိုတစ်ပုဒ်ကို ဖန်တီးဖြစ်တိုင်း မဖြစ်မနေ တွေးတောဆင်ခြင်မိတဲ့အပိုင်းက ကျွန်တော့်ဝတ္ထုတိုဟာ အဲ့ဒီခေတ်ရဲ့ အခြေအနေ သရုပ် သဏ္ဌာန်ကို တစ်ပိုင်းတစ်စဖြစ်စေ၊ အစိတ်အပိုင်း တော်တော်များများဖြစ်စေ ထင်ဟပ်လှစ်ဟနိုင်ရမယ်လို့ ဆင်ခြင်ယူဆမိခဲ့တာပါ။ အဲ့ဒီအတိုင်း ဖြစ်အောင်လည်း ဝတ္ထုတိုတစ်ပုဒ် ဖန်တီးဖို့ စိတ်နဲ့အရင်တည်ဆောက်မိတဲ့အခါတိုင်း အဲ့ဒီအချက်ကို မဖြစ်မနေ ထည့်သွင်းတွက်ချက်လေ့ ရှိပါတယ်။ ဒီလိုဆိုရင် ကျွန်တော့်ဝတ္ထုတိုတွေရဲ့ အနုပညာဖန်တီး တည်ဆောက်နိုင်မှုက လွတ်လပ်မှု ရှိပါ့မလားလို့ မေးစရာရှိပါတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရေတကာယအတွက်တော့ ကျွန်တော့်ဝတ္ထုတို တွေမှာ ခေတ်တစ်ခုကို ထည့်သွင်းပြရုံနဲ့ ဝတ္ထုတိုပါ ဇာတ်ကောင်စရိုက်တွေနဲ့ ပတ်သက်လို့ အနုပညာဖန်တီးမှု အားလျော့သွားစရာ အကြောင်း မရှိဘူးလို့ဘဲ ဆိုပါရစေ။ ဒီစကားက ဒီဘက်ခေတ် ဝတ္ထုတိုတွေ တည်ဆောက်ဖန်တီးကြတဲ့အခါမှာ “အကြောင်းအရာကို ဦးစားပေးသင့်သလား၊ ပုံစံကို စံထားသင့်သလား၊ ဇာတ်ကောင်စရိုက်ကို ဦးတည်သင့်သလား၊ ပေးချင်တဲ့ Message ကသာ အဓိက လား” အစရှိတဲ့ လား…လား… လား.. မေးခွန်းတွေအတွက် ကျွန်တော့်အမြင် တစ်စိတ်တဒေသကို လှစ်ဟလိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ (~ ဆရာမင်းဝေဟင်၏ ဒုတိယအကြိမ်အတွက် အမှတ်တရစကားမှ)
    __________________________

    (၁) တိမ်ထက်မြင့်၍ လေထက်ပေါ့သော

    စင်္ကာပူမှာ အလုပ်လုပ်နေပြီး မြန်မာနိုင်ငံပြန်ရောက်ချိန်မှာ ရန်ကုန်တက္ကသိုလ် ဆရာကန်တော့ပွဲကို လာရောက်ခဲ့တဲ့ “သုကိုကို” တစ်ယောက် ကြုံရတဲ့ အဖြစ်အပျက်လေးတွေကို ရေးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဆရာကန်တော့ပွဲသွားဖို့ ကားရပ်လိုက်တဲ့နေရာဟာ ပုံမှန်အချိန်ဆို ကားရပ်လို့မရတဲ့နေရာဖြစ်ကြောင်း ပြောပြီး ကားကို ကြည့်ထားပေးပါမယ်ဆိုကာ မုန့်ဖိုး ၂၀၀ တောင်းတဲ့ ၁၀နှစ် ၁၁နှစ်အရွယ် ကောင်လေးကြောင့် ဒီနိုင်ငံရဲ့အတောင်းအရမ်းထူ၊ လာဘ်စားမှု ထူပြီး နေရာတကာမှာ ပိုက်ဆံတောင်းချင်တဲ့ ဓလေ့။ ကွမ်းတံတွေကို လမ်းမပေါ် ထွေးထုတ်လိုက်တဲ့ သူငယ်ချင်း မြိတ်သား တက္ကသိုလ်ဆရာ ဒေါက်တာငြိမ်းချမ်းကြောင့် စည်းကမ်းမဲ့မှုကို စိတ်ပျက်မိကြောင်းနဲ့ ဒီကန်တော့ပွဲအတွက် သူလှူထားတဲ့ ငွေ ၁၀သိန်းကို တာဝန်ခံယူထားတဲ့ ဖုန်းနိုင်ကို မတွေ့ရချိန်မှာ အလိမ်ခံလိုက်ရပြီဆိုပြီး ပျစ်ပျစ်နှစ်နှစ်တွေးတောနေချိန် ဖုန်းနိုင်ရောက်လာပြီး အလှူငွေအများဆုံး ထည့်တဲ့သူ့ကို ဂုဏ်ပြုလွှာလုပ်ပေးထားကြောင်း ပြောချိန်မှာ အရာရာကို သရော်နှိမ့်ချတဲ့ အမြင်နဲ့ ကြည့်တတ်တဲ့ စင်္ကာပူပြန်ကြီး သုကိုကို ပြောလိုက်တဲ့စကားကြောင့် ကိုယ်တောင် “ဟက်” ခနဲ ဖြစ်သွားမိပါရဲ့။

    (၂) အလဲအပြောင်း တစ်ထောင့်ငါးရာ

    ရွာရဲ့ငယ်မွေးခြံပေါက် အသက် ၂၀ ကျော် မုဆိုးမလေး ဖရဲသီးသည် “ယမင်းရွှေစင်” နဲ့ ရွာနားမှာ ရေတံခါးလာဆောက်တဲ့ အဖွဲ့ထဲက အင်ဂျင်နီယာမှူးကြီးတို့ရဲ့ ဘာလိုလို သတင်းတွေကြားမှာ အဓိကပါဝင်သူက ရွာရဲ့ဥက္ကဌတဲ့လေ။ ဒီသတင်းတွေ တစ်ဆင့်စကားနဲ့ ကြားကြရတာ။ အဖြစ်မှန်က ဘယ်လိုဆိုတာ အတိအကျ သိသူမရှိ။ ဒါပေမဲ့ အရင်က ရွှေစင်က ရေတံခါးဆောက်တဲ့ ဆိုဒ်ထဲ ဈေးသွားရောင်းရင်း မုဆိုးမဆိုပြီး အလုပ်သမားတွေက စကြ၊ နောက်ကြလို့ဆိုပြီး အင်ဂျင်နီယာမှူးကြီး ရုံးခန်းအထိ တက်တက်တိုင်တယ်။ နောက်တော့ ရွှေစင့်ကို နေ့ခင်းဘက်တွေမှာ ဆောက်လုပ်ရေးဆိုဒ်မှာ မတွေ့ရတတ်တော့ဘဲ ညဘက်မှာသာ တွေ့ရတတ်တယ်တဲ့။ ဒီသတင်း မှန်မမှန်ဆိုတာကို ရွာသားတွေ စုံစမ်းထောက်လှမ်းကြတဲ့ ဇာတ်လမ်းလေးပါ။

    (၃) မေယုမြင်းမိုရ် . . . ထိုထိုအလင်္ကာ

    ရှေးရိုးစွဲ မိခင်အကြောင်း ဇာတ်လမ်းလေး။ မွေးနေ့မှာ ခေါင်းမညှပ်၊ ခေါင်းမလျှော်ရတာ၊ ရေလမ်းခရီးမသွားရတာ စသဖြင့် ရှေးရိုးအယူရှိသူ။ အဖေ့လုပ်သူကိုလည်း သူ့ဓာတ်ပုံမှာ အင်းကွက်ချ မန်းမှုတ်ပြီး သူ့ကို ရအောင်ယူခဲ့တာလို့ အယူရှိသူ။ ရန်ကုန်မှာ စက်မှုတက္ကသိုလ်တက်ပြီး ဘွဲ့ရ၊ အလုပ်ရပြီး မကြာခင် မိန်းမရတော့ သားဖြစ်သူကို တစ်နည်းနည်းနဲ့ ရအောင် ယူလိုက်တာလို့ အစွဲရှိပြန်တယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်း တစ်နှစ်တစ်ခါတော့ အမေရှိတဲ့ရွာဆီ ပြန်လာတယ်။ ဒီလိုနဲ့ သားအိမ်ထောင်သက် ၅နှစ် ကလေး ၄နှစ်ရောက်ချိန် ရွာပြန်လာလည်တဲ့ သားကို ရွာမှာပဲနေတော့အောင် အမေလုပ်သူ ကြံစည်တဲ့ ဇာတ်လမ်းလေးပါ။

    (၄) လရိပ်အောက်က မိုးတိမ်

    ချမ်းသာတို့လို မိသားစု‌တွေ နေကြတဲ့ နေရာကို အစိုးရပိုင်မြေလို့ ကြေညာပြီး သွပ်ဆူးကြိုးတွေ ခတ်လိုက်တဲ့ ခြံထဲကို ချမ်းသာ၊ ပြည့်ပြည့်တို့ မောင်နှမအပြင် ကလေး‌တွေ ည ၁၁ နာရီကျော် ကန်စွန်းရွက်ခူးဖို့ တိတ်တဆိတ် ခြံစည်းရိုးကို ခန်ကျော်ပြီး ရောက်နေကြတယ်။ အခုတော့ ချမ်းသာတို့မိသားစုနဲ့ မိသားစုအချို့ သွပ်ဆူးကြိုးနဲ့ ကာသွားတဲ့ ကန်စွန်းခင်းကြီးနဲ့ မလှမ်းမကမ်းမှာ မီးရထားပိုင်မြေနေရာမှာ မြေစိုက်တဲလေးတွေနဲ့ ကျူးကျော်နေနေရတယ်။ ချမ်းသာ ညီမလေး ပြည့်ပြည့် ကန်စွန်းခင်းထဲ မြွေကိုက်ခံပြီး သေသွားရတော့ နေရာဖယ်ပေးရမှာစိုးလို့ ဘယ်သူမှ မသိအောင် သင်္ဂြိုဟ်လိုက်ရပြီး နှစ်ရက်နဲ့ ရက်လည်ရတဲ့ ဖြစ်ရပ်လေး။

    (၅) ချုပ်ရိုး

    အစ်ကိုဖြစ်သူ အစာအိမ်ပေါက်၍ ဗိုက်ခွဲရပြီး ဆွေမျိုးနီးစပ်တော်သူတစ်ယောက်ရဲ့ စကားသံကို ကြားယောင်မိပြီး မညီမညာချုပ်ထားတဲ့ အစ်ကို့ဗိုက်က ချုပ်ရိုးတွေကို ကြည့်ပြီး သွေးပျက်ခဲ့ရတဲ့ ကောင်ကလေး။ ဆွေမျိုးနီးစပ်တော်သူ ပြောတဲ့စကားက အစ်ကိုကြီး ဗိုက်ခွဲလိုက်ရတာမို့ တစ်သက်လုံး အလုပ်ကြမ်းမလုပ်နိုင်တော့ပေမဲ့ အငယ်လေးတွေရှိလို့ လယ်ထဲမှာ လုပ်ခိုင်းဖို့ရယ်။ အစ်ကိုလုပ်နေတဲ့ လယ်ယာအလုပ်တွေ သူ့အပေါ် စုပြုံကျလာ်ယ့် အရေးအတွက် သူလိုငါလို ဘဝတွေလို မရောင့်ရဲလိုဘဲ ရည်မှန်းချက်ကြီးတဲ့ သူ့အတွက်တော့ သွေးပျက်ဖွယ်ရာ။ ကြီးလာတော့ စာသင်ပေးရတဲ့ တပည့်ရဲ့ညီငယ်ကို မြန်မာနိုင်ငံ‌မြေပုံဆွဲနည်း သင်ပေးရာက သတင်းစာထဲက ရထားလမ်းစီမံကိန်းအတွက် မီးရထားလမ်းပုံကို ထိုကောင်လေးက ချုပ်ရိုးဆိုပြီး လာပြတာကြောင့် ငယ်ငယ်က အစ်ကို့ဗိုက်က ချုပ်ရိုးကို ကြည့်ပြီး အပြင်းအထန် တုန်လှုပ်ခဲ့ရပုံကို ပြန်ပြောင်းအောက်မေ့တဲ့ ဖြစ်ရပ်လေး။

    (၆) ခပ်လောလောလေး က,လိုက်ဦးမယ် . . . ပလို့ဂျိ

    ယောက်ျားဖြစ်သူက အရင်က ဆိုက်ကားနင်းခဲ့ပေမဲ့ ကျောက်ကပ်ရောဂါရှိလာပြီး ခြေထောက်တွေ ရောင်အမ်းလာလို့ အလုပ်နားပြီး အမျိုးသမီးက ညဘက် စံပြဈေးဘက်မှာ ကြက်ဥပြုတ် ထွက်ရောင်းရတယ်။ တစ်ရက်တော့ ရဲတွေ ပတ်တရောင်လှည့်လာရာက မှောင်ရိပ်ခိုမှုနဲ့ ညငှက်မလေးတွေနဲ့အတူ သူ့ကိုပါ ညငှက်ထင်ပြီး အဖမ်းခံလိုက်ရလို့ အချုပ်ထဲ တစ်ညအိပ်လိုက်ရတယ်။ နောက်ရက် ယောက်ျားဖြစ်သူ ရဲစခန်းရောက်လာပြီး အကျိုးအကြောင်း ရှင်းပြလို့ ထွက်လာခဲ့ရပေမဲ့ အမျိုးသမီးကတော့ ညငှက်တွေနဲ့ တစ်ခန်းတည်း အိပ်ခဲ့ရတာရော၊ သူဟာ မနေ့ကတန်ဖိုးနဲ့ ဒီနေ့တန်ဖိုး တူရဲ့လားလို့ မေးခွန်း‌တွေ ထုတ်ပြီး မကျေမနပ် ဖြစ်နေတဲ့ ဖြစ်ရပ်အကြောင်းပါ။

    (၇) ကွေ့သော ကောက်သော သင်္ကေတတို့ဖြင့် ဘဝ . . . ဘဝတို့သည်

    အဖေဆုံးပြီး တစ်နှစ်အတွင်း နောက်ယောက်ျား ယူလိုက်လို့ ၁၆နှစ်အရွယ် ညီမဖြစ်သူ နွယ်နွယ်အတွက် စိုးရိမ်ကာ အိမ်ထောင်ကျပြီး အိမ်ခွဲနေကြတဲ့ အစ်မကြွယ်ကြွယ်နဲ့ အစ်ကိုတိုးအောင်တို့က လာခေါ်သွားကြတယ်။ အစ်မအိမ်မှာ လိုက်နေပြီး သိပ်မကြာ နွယ်နွယ် အိမ်ထောင်ကျတယ်။ အမေ့အိမ်နဲ့ သားသမီးသုံးယောက်လုံးအိမ် သိပ်မဝေးလှပေမဲ့ ပထွေးကြောင့် မသွားကြ။ နွယ်နွယ် အိမ်ထောင်ကျပြီး အမေ့အိမ်ကို နှစ်ခေါက်ရောက်တယ်။ ရောက်တိုင်း ပထွေးနဲ့ပတ်သက်တဲ့ သတင်းတွေ ပြောပြတော့ အမေက ညည်းဘာမှမသိပါဘူးလို့သာ ပြောနေလို့ နောက်ပိုင်း နွယ်နွယ်လည်း မသွားတော့။ ရပ်ကွက်တကာ ဈေးရောင်းနေရတဲ့ အမေကတော့ ညဘက် ထွက်လည်ရောင်းချိန် အမှီသဟဲရဖို့ ယူခဲ့ပေမဲ့ ပထွေးက အမေ့လုပ်စာ ထိုင်စားရုံမက အရက်သောက်စား၊ လူတကာနဲ့မတည့် ဖြစ်နေတယ်။ တစ်ရက် ပ‌ထွေးဆုံးတဲ့ သတင်းကြားတော့မှ အမေ့အိမ်ရောက်သွားတဲ့ နွယ်နွယ်ကို အမေက သူ့ရဲ့သဘောထားကို ပြန်လည်ရှင်းပြတဲ့ ဇာတ်လမ်းလေး။

    (၈) မလွဲတလွဲ လွဲလွဲလေးတွေ

    ခြောက်လွှာက သူ့တိုက်ခန်းရဲ့ ဝရန်တာမှာပဲ စာရေးတတ်တဲ့ စာရေးဆရာအာကာတစ်ယောက် အမြဲလိုလို ကြုံရတတ်တဲ့ ဒုက္ခကတော့ ငါးလွှာဝရန်တာမှာ ထွက်ပြီး အသံကျယ်ကျယ်နဲ့ စာအော်ကျက်တတ်တဲ့ ကျောင်းသားကြောင့်ပါပဲ။ စာအော်ကျက်သံကြောင့် သူလည်း စာရေးလို့မရ။ သူကလည်း ဝရန်တာမှာပဲ ကျကျနနထိုင်ပြီးပဲ စာရေးတတ်တာ။ ညဘက်လူခြေတိတ်ချိန်လည်း သူက စာရေးမရတော့ သူစာရေးချိန်ဟာ စာကျက်သံနဲ့ အမြဲတိုးနေတတ်လို့ သူတက္ကသိုလ်တက်စဉ်က အကြောင်းတွေကို အောက်မေ့သတိရပြီး အလွတ်ကျက်ဖြေ ပညာရေးခေတ်အကြောင်းကို ပေါ်လွင်အောင် ရေးသားတင်ပြထားတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်။

    (၉) သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ ရန်ကုန်မြို့တွင်းတစ်နေရာရာ

    သမီးရင်းဖြစ်သူက တောင်းစားခိုင်းရုံမက အစာရေဆာပင် ဝအောင်မကျွေး၊ လိုချင်သလောက် ရှာမပေးနိုင်တဲ့နေ့ဆိုရင်လည်း ရိုက်နှက်ခံရတဲ့ အလွန်ပိန်လှီလှတဲ့ တောင်းစားသူ အမယ်အိုကို ဂရုဏာသက်မိပြီး အမယ်အိုဆီ မကြာခဏ လာ‌တွေ့၊ စားစရာတွေလည်း ပေးတဲ့ အသွေးအသားရင်းပြီး ရပ်တည်ရတဲ့ အမျိုးသမီးလေး။ သူကိုယ်တိုင်လည်း ကျပ်တည်းစွာ စားသောက်နေထိုင်ရပြီး ပြေးလွှားရှောင်တိမ်းရင်း ရှာစားနေရသူ။ တစ်ရက်တော့ အမယ်အိုကို လူအိုရုံဆီ လိုက်ပို့ပေးမယ်လို့ ကတိပေးထားတဲ့ရက်မှာ အမယ်အိုဆီ သွားတော့ အမယ်အိုဆီ ရောက်ခါနီးမှာပဲ မမျှော်လင့်တဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အကြောင်းလေး။

    (၁၀) အပြောအပြတွေရယ်က ကုဋေကုဋာ

    အထက်လူကြီးတွေ ရွာကို လာစစ်ဆေးမယ်ဆိုတာကြောင့် ဥက္ကဌဦးမောက်ထောင်တစ်ယောက် ရွာသားဆယ်ယောက်လောက်နဲ့ အစည်းအဝေးလုပ်တယ်။ အထက်လူကြီးတွေ လာစစ်ဆေးမယ်ဆိုတာက မနှစ်က ရွာမှာ လှူပေးထားတဲ့ ရေတုံကင်နဲ့ အုတ်ရေကန်မှာ ရေကောင်းရေသန့်တွေ ထွက်တာကို ကွင်းဆင်းလေ့လာကြမှာ။ ရေတုံကင်က ရိုက်ပြီးကာစကတော့ ရေတွေ‌တဝေါဝေါနဲ့ပါပဲ။ ဒါပေမဲ့ တစ်လလောက်ကြာတော့ နှိပ်လိုက်တိုင်း ဂွီဂေါ်အသံထွက်ပြီး လက်မောင်းပြုတ်မတတ် နှိပ်မှ ထွက်လာတဲ့ရေ နည်းနည်းက ဝါကျင့်ကျင့် နီကြောင်ကြောင်။ သို့ပေမဲ့ ဥက္ကဌက ဒီအဝီစိရေတုံကင်က ရေကောင်းရေသန့်ထွက်ကြောင်း မြို့နယ်အစည်းအဝေးတက်တိုင်း ပြောထားလေတော့ အခုလိုလာစစ်ဆေးမယ်ဆိုတော့ အခက်တွေ့ရော။ ဒါနဲ့ ရွာလယ်ကန်က ရေကို အုတ်ရေကန်မှာ ရွာသားတွေ အကူအညီနဲ့ ဖြည့်ပြီး ရေတုံကင်က ရေကောင်းတွေ ထွက်တဲ့အကြောင်း လူကြီးတွေ လာတဲ့အခါ လိမ်လည်ပြောဖို့ စည်းရုံးတော့ ရွာသားတွေက သဘောမတူကြပါဘူး။ ဒီတော့ ဥက္ကဌတစ်ယောက် ရေပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့တဲ့ ဖြစ်ရပ်လေး။

    (၁၁) အလွမ်းဆွတ်ဆွတ်ဆောင်း

    သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဖြစ်သူ အသုဘရှုပွဲအကြောင်း‌လေး။ အကယ်ဒမီနှစ်ထပ်ကွမ်းဆုရှင် ဒါရိုက်တာလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့အပြင် သားဖြစ်သူကလည်း သူငယ်ချင်းကလည်း သရုပ်ဆောင် ဒါရိုက်တာတစ်ယောက်ဖြစ်လို့ အသုဘစည်ကားပြီး အသုဘရှုလာသူများကို ကြည့်ရင်း တစ်ချိန်က အမေဖြစ်သူရဲ့ အသုဘကို အပြေးအလွှား ရွာပြန်ခဲ့ရပုံနဲ့ အသုဘပြင်ဆင်ထားမှုအကြောင်းတွေကို ပြန်ပြောင်းသတိရရင်း ဒေသတွေဘက်က ရှေးရိုးစွဲဓလေ့စရိုက်တွေအကြောင်း ထင်ဟပ်ရေးသားထားတဲ့ ဝတ္ထုလေးတစ်ပုဒ်။

    (၁၂) နောက်တစ်နေ့ အစီအစဉ်

    လွင်မိုးနဲ့ ဒွေးလို့ နာမည်ရတဲ့ ကောင်လေးနှစ်ယောက်နဲ့ ဆရာမင်းဝေဟင်တို့ တွေ့ဆုံဖြစ်ကြတဲ့ ဇာတ်လမ်းလေးပါ။ လွင်မိုးနဲ့ ဒွေးတို့က ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ညီအစ်ကိုတွေ။ တောင်ဒဂုံမှာနေပြီး မနက်ဆို သင်္ဃန်းကျွန်း သုဝဏ္ဏဘက်ကို လာရင်း လူ‌မနေတဲ့ခြံတို့ ရထားလမ်းဘေးတို့က ဒန့်သလွန်ရွက်‌တွေ၊ ရဲယိုရွက်တွေကို ခူးပြီး နီးရာဈေးမှာ ရောင်းတယ်။ မိုးချုပ်ရင် လမ်းထိပ်က ဆရာက ဖိုးဖလားဝါးလို့ နာမည်ပေးထားတဲ့ ညဘက်တွေမှာသာဖွင့် ထမင်းကြော်ဆိုင်မှာ ညစာစားပြီး တောင်ဒဂုံပြန်ကြတဲ့ ကောင်လေးနှစ်ယောက်။ အဲဒီဆိုင်မှာ ဆရာလည်း ညစာသွားစားရင်း ဆုံဖြစ်ကြတာပဲ။ သူတို့နှစ်ယောက်ရဲ့ နာမည်နဲ့ ပြောစကားတွေက ထူးဆန်းနေတာမို့ ဆရာက သွားစကားပြောရင် ခင်မင်သွားကြတယ်။ မကြာမကြာဆိုလည်း ကောင်လေးနှစ်ယောက်ကို ထမင်းကြော်ဝယ်ကျွေးဖြစ်သတဲ့။ ဒီလိုနဲ့ တစ်ရက်မှာ တောင်ဥက္ကလာဘက်က တိုက်ခန်းအသစ်ဆောက်တဲ့ဘက်မှာ အလုပ်ရသွားပြီး နေစရာလည်း ရသွားလို့ တောင်ဒဂုံပြန်စရာ မလိုတော့တဲ့အတွက် လာနှုတ်ဆက်တာလို့ ပြောတော့ ရှေ့ဆက်ရဦးမယ့် မနက်ဖြန် အစီအစဉ်တွေအတွက် စားဝတ်နေရေးကို ဘယ်လိုများ ရှေ့ဆက်ရင်ဆိုင်ကြရမလဲဆိုပြီး တွေးတောနေမိတဲ့ ဖြစ်ရပ်လေးပါ။

    (၁၃) ကျန်ရှိနေသေးသော သတင်းများ

    စာသင်ရက် သိပ်မကျန်တော့မှ ၇တန်းကျောင်းသား တစ်ယောက်ကို မလွှဲမရှောင်သာ သင်ကြားပေးရတဲ့ ဆရာမလေးဇွန်။ ကျောင်းသားနာမည်က ဆက်ပိုင်ထူး။ မိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲဇာတ်လမ်းကြားမှ စိတ်ဓာတ်တွေ ပျက်ယွင်းနေတဲ့ ကလေးတစ်ယောက်မို့ ဆရာမတွေ မမြဲ။ စာသင်တော့ ကောင်လေးရဲ့အိပ်ခန်းထဲမှာ သင်ရတယ်။ အခန်းက ညစ်ပတ်ပေရေနေပြီး ခုတင်ပေါ်မှာ ခေါင်းအုံး၊ စောင်တွေ ရှုပ်ပွနေတယ်။ သံလှောင်အိမ်တွေ၊ ပလပ်စတစ်ပုံးတွေနဲ့ ထူးဆန်းတဲ့ အကောင်တွေကို မွေးထားတယ်။ အကောင်တွေက ဈေးကြီးပြီး အတော်များများက အဆိပ်ရှိကြတယ်။ ကောင်လေးရဲ့ ထူးခြားတဲ့ အပြောအဆို၊ အပြုအမူကြောင့် ကောင်လေးအကြောင်းကို ပြောပြထားတဲ့ စာသင်ဘက်ဆရာမတစ်ယောက်က စိတ်ရောဂါဆရာဝန်နဲ့ပြဖို့ ပြောကြည့်သင့်တယ်လို့ အကြံပေးပေမဲ့ မလုပ်ဖြစ်ဘဲ တစ်ရက်တော့ စာသင်ဖို့အသွား ထူးခြားတဲ့ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရလို့ အကြံပေးတဲ့အတိုင်း မပြောပြမိတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဆရာမလေးနဲ့ မိဘတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကျောင်းသားလေးအကြောင်း။

    (၁၄) မြင်းမိုရ်နှစ်စင်း

    အရပ်သားလေးငါးယောက် အကူအညီနဲ့ မွေးခါနီး ဗိုက်နာလို့ ဆေးရုံရောက်လာတဲ့ စိတ်မနှံ့ရှာသူ သက်မွန်မြင့်။ လူကြီးအသက်ရှင်ဖို့တောင် ကြိုးစားခဲ့ရတာမို့ ကလေးကတော့ အဖတ်မတင်။ တစ်ခန်းခြားက မွေးလူနာရဲ့ကလေးကို သွားချီလို့ ကလေးမိခင်လည်း ကြောက်ပြီး ဆေးရုံက ချက်ချင်း ဆင်းသွားတယ်။ နောက်တော့ အဲဒီအခန်းကို ခင်ကျော့ရှင်းဆိုသူ မွေးလူနာတစ်ယောက် မိခင်နဲ့အတူ ကလေးလာမွေးတယ်။ တစ်ရက် ကလေးငိုနေတာကို နို့မတိုက်ဘဲ ထိုင်ကြည့်နေလို့ သက်မွန်မြင့်က မြင်ပြီး ပြောတော့ စကားများရာက ခင်ကျော့ရှင်းက ဆောင့်တွန်းလိုက်လို့ လက်ထောက်လျက် လဲကျသွားရာက ခွဲစိတ်ထားတာကြောင့် သက်မွန်မြင့် သွေးတွေထွက်ပြီး လဲကျသွားကာ အရေးပေါ်ရောက်သွားတယ်။ အဲဒီည ကလေးငိုသံကြောင့် သက်မွန်မြင့်နိုးလာပြီး အခန်းထဲသွားတော့ ကလေးကလွဲပြီး ဘယ်သူမှမရှိကြဘဲ ကလေးထားပြီး ပြေးသွားကြပြီ။ သက်မွန်မြင့်က ကလေးကို ကောက်ချီပြီး နို့တိုက်တယ်။ စိတ်မမှန်ပေမဲ့ မိခင်စိတ်အပြည့်ရှိတဲ့ သူတစ်ယောက်ရဲ့အကြောင်း ဝ‌တ္ထုတိုလေး။

    (၁၅) မနက်ဖြန်တို့၏ ဟိုဘက်ကမနက်ဖြန်

    မင်္ဂလာဆောင်ဖို့ ပစ္စည်းတွေ ဝယ်ယူစုဆောင်းနေကြတဲ့ မီနဲ့ သူတို့နှစ်ယောက်ကို အစ်မလုပ်သူက အသက်က ထက်ဝက်ကျိုးတော့မှာဖြစ်ပြီး ကောင်မလေးဘက်ကလည်း စုဆောင်းရတဲ့ ပစ္စည်းတွေ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး၊ လူ့ဘဝဆိုတာ မပြည့်တဲ့အိုး‌တွေ ဖြည့်ဖို့လာနေကြရတာလို့ ပြောတော့ သူစိတ်ထဲ စနိုးစနောင့်ဖြစ်သွားခဲ့ရတယ်။ တက္ကသိုလ်တက်တုန်းက ထားခဲ့ဖူးတဲ့ ရည်းစားသုံးယောက်က အလုပ်လုပ်ဖို့ စိတ်မကူးဘဲ ဘွဲ့တွေတစ်ခုပြီးတစ်ခုယူနေပြီး တက္ကသိုလ်မှာပဲ ဆရာပြန်လုပ်ဖို့ စိတ်ကူးတဲ့သူ့ကို ထားခဲ့ကြတယ်။ မီနဲ့မှ အိမ်ထောင်ကို ထူထောင်ဖို့ ပစ္စည်းတွေ စုဆောင်းနေကြတာ။ ထပ်ပြီး အစ်မလုပ်သူက ရေခဲသေတ္တာကို လူမနေတဲ့ တိုက်ခန်းမှာ မီးပိတ်ထားရင် ကြာရင်ပျက်မှာဖြစ်ကြောင်းနဲ့ ထမင်းစားပွဲလည်း ဒီအတိုင်းချခင်းထားတော့ ဖုန်တက်နေပြီ ပြောချိန်မှာ သူက ခွန်းတုံ့ပြန်ဖို့အလုပ် မီ့ဆီက ဖုန်းဝင်လာလို့ ဖုန်းဖြေအပြီး အစ်မပြောတဲ့ လူ့ဘဝဆိုတာ မပြည့်တဲ့အိုးတွေ ဖြည့်နေကြရတာဆိုတဲ့ စကားကို ပြန်ကြားယောင်ရင်း ပြန်ပြောမယ့် စကားတွေလည်း ပျောက်ကွယ်ကုန်တယ်။

    (၁၆) လက်ထရယ်ဒစ်ပလေ့မန့်

    ‌မမလေး စင်္ကာပူသွားမှာမို့ ဖြူဖြူ့ကို အိမ်မှာ ခိုင်းဖို့ လွန်ခဲ့တဲ့တစ်နှစ်က ခေါ်ခဲ့တာ။ အိမ်မှာက မမလေး အဖေ၊ အမေနဲ့ မမလေးရယ် ညီမဖြစ်သူရယ်ပဲရှိတယ်။ သူမရှိရင် အိမ်မှာ လုပ်ကိုင်မယ့်သူမရှိလို့ဆိုပြီး ဖြူဖြူ့ကို ငှားခဲ့တာ။ တစ်နှစ်နေပြီ ခွင့်နှစ်ပတ်နဲ့ ပြန်ရောက်လာတဲ့ မမလေးဟာ စင်္ကာပူမသွားခင် ဖြူဖြူလုပ်သမျှ အကောင်းမမြင် ဇီဇာကြောင်တတ်သူက ပြန်ရောက်လာတော့ အပြစ်မပြောဘဲ သဘောကောင်းလာတယ်။ တစ်ရက် မမလေး ပြောလာတာက ရှေ့တစ်ပတ်ထဲ သူပြန်မှာမို့ ဖြူဖြူလည်း တောကိုပြန်တော့တဲ့။ ရန်ကုန်မှာနေလို့ အိမ်ဖော်လေးကနေ အိမ်ဖော်ကြီးပဲ ဖြစ်လာမယ်။ တောမှာပဲ ‌တိုးတက်ရာတိုးတက်ကြောင်း ရှာတော့တဲ့။ နောက်တော့ သူ့ကို ဘာကြောင့် ရွာပြန်ခိုင်းရသလဲဆိုတာ ရှင်းပြတယ်။ မမလေး ရှင်းပြတဲ့ အရွေ့တွေ၊ ဘေးတိုက်အရွေ့တွေကို ဖြူဖြူနားမလည်ပေမဲ့ ဖြူဖြူနဲ့ မမလေးက ဘဝတူတွေပါပဲဆိုတဲ့ စကားကိုတော့ ပုံဖော်ကြည့်နေမိတယ်ဆိုတဲ့ ဇာတ်လမ်းလေး။

    (၁၇) နှုတ်မဆက်ရစ်ခဲ့ပါ မြကျွန်းညိုညို

    သူငယ်ချင်း မျိုးမင်းပိုင် Ph.D ဘွဲ့ယူဖို့အတွက် လာရင်း ရန်ကုန်တက္ကသိုလ်ထဲ ပြန်လည်ခြေချမိခဲ့တဲ့ စောရန်နိုင်တစ်ယောက် တစ်ချိန်က မခိုင်အကြောင်း တွေးမိပါတယ်။ မခိုင်ဆိုတာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနရဲ့ ကွန်ပျုတာကိုင် သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တက္ကသိုလ် ဝန်ထမ်းတန်းလျားမှာနေတယ်။ ၁၀ နှစ်နဲ့ ၈နှစ်အရွယ် ကလေးနှစ်ယောက် ရှိပြီးတော့ ရူပဗေဒဌာနကို သံယောဇဉ်ရှိသူလည်း ဖြစ်တယ်။ စစ်ဗိုလ်တွေ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းလာတက်မယ်ဆိုတော့ စောရန်နိုင်တို့လို မဟာကျောင်းသားတချို့ ဒဂုံတက္ကသိုလ်ကို ပြောင်းပေးခဲ့ရတယ်။ ဒါကို မခိုင်က မကျေမနပ်ဖြစ်တော့ စောရန်နိုင်က “မခိုင်ရေ . . . ဒီခေတ်ကြီးထဲမှာ ပညာရေးဝန်ထမ်းတွေဆိုတာ ပညာရေးဝန်၊ ကျောင်းသားဝန်ကို ထမ်းနေကြတာ မဟုတ်ဘူးဗျ။ အစိုးရဝန်ကို ထမ်းနေကြရတာ၊ အစိုးရဝန်ကို ထမ်းနေသရွေ့၊ ပညာရေးနဲ့ ကျောင်းသားဝန်ကို မထမ်းသရွေ့ ပညာရေးလောကကြီး ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး” လို့ ပြောခဲ့တဲ့ စကားအပေါ် မခိုင်က အမှန်တကယ် အကောင်အထည်ဖော်ခဲ့လို့ ပြဿနာတက် အလုပ်ပြုတ်ပြီး အခုတော့ မခိုင်မရှိတော့ပါဘူး။ နမိုးနီးယားဖြစ်ချိန်မှာ အလုပ်မရှိဘဲ ကလေးနှစ်ယောက်နဲ့ ဘယ်လိုများ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုပြီး တာဝန်ကျေခဲ့တဲ့ မခိုင်ကို အောက်မေ့သတိရတဲ့ ဖြစ်ရပ်လေး။

    🌕🌧️🌕🌧️🌕🌧️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မင်းဝေဟင် စာအုပ်များ