မိုးနှောင်းသံထင်အခါ

( 1 မှတ်ချက်)

8000 (ကျပ်)

ပုဂံခေတ်မိဖုရားစောသုံးဦးအနက် ရာဇသူဖွားစောလို့ခေါ်တဲ့နရသီဟပတေ့မင်းရဲ့မိဖုရားကြီးဖွားစောနဲ့နံရံပန်းချီဆရာ သောတသင်္ခရာတို့ဖြတ်သန်းရတဲ့အေဒီ13ရာစုကာလကပုဂံမြေအကြောင်းပါ မင်းဝိုင်းဖွားစော(နရသီဟပတေ့ရဲ့အဖွား)နဲ့ဖွားစောရွာဆုတောင်းပြည့်ဘုရားဒကာမ ဖွားစော(ကျော်စွာမင်းရဲ့မိဖုရား)တို့ကိုလည်းထည့်သွင်းရေးထားပါတယ် ပုဂံစေတီပုထိုးတွေမှာနံရံပန်းချီပန်းပုတွေစဉ့်ကွင်းတွေပြုလုပ်ခဲ့တဲ့အနုပညာရှင်တို့ဖြတ်သန်းခဲ့ရတဲ့မွန်ဂိုကျူးကျော်စစ်ကာလပုဂံနဲ့နန်းတွင်းကဘဝတွေပါ…။

စာမျက်နှာ

470

စာအုပ်အရွယ်အစား

5.7 x 0.8 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ခင်မြဇင်စာပေ 2022 ဇွန်လ (ပထမအကြိမ်)

5 in stock

မိုးနှောင်းသံထင်အခါ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    “မိုးနှောင်းသံထင်အခါ
    အကြင်လိုသောဆု
    မရောက်သေးသရွေ့ကား
    အရွယ်မရောက်တဲ့ အနာညှင်းဆဲခြင်း၊
    သေခြင်း၊ အန္တရာယ်ကား မဖြစ်ရစေ”

    ဆရာမကြီး ခင်မြဇင် ရေးသားထားတဲ့
    “မိုးနှောင်းသံ ထင်အခါ” စာအုပ်ဟာ
    သမိုင်းနောက်ခံ ဝတ္ထုရှည် ဖြစ်ပါတယ်။

    တပ္ပဒီပ ခေါ် ပုဂံခေတ်က အမိဖုရှာတစ်ပါးဖြစ်တဲ့ ရာဇသူဖွားစော ခေါ်
    စောလှဝန်း….။

    မင်းစည်သူ ခေါ် နရသီဟပတေ့မင်းရဲ့
    မိဖုရားတစ်ပါး ဖြစ်လာခဲ့ရတဲ့အခါ…။

    တောင်ပြင်သည် အမိဖုရှာ အစော
    တစ်ယောက်.. မင်းစည်သူကို
    မချစ်မနှစ်သက်ဘဲ ပေါင်းသင်းရသည့်တိုင် နန်းတွင်းအရေးနဲ့ပက်သတ်သမျှ
    ဝင်ရှင်းပေးရ၊ မင်းကြီးကို
    ဖျောင်းဖျ ပြောဆိုပေးရနဲ့
    သူ့ခမျာ တာဝန်ကျေရှာပါတယ်။

    မင်းစည်သူရဲ့ မရင့်ကျက်မှု၊
    စကားအပြောအဆို ကြမ်းတမ်းမှု၊
    ဒေါသမာန်စွယ် ကြီးမားမှူတွေကြောင့်
    တပ္ပဒီပ ကို မွန်ဂိုတာတာတို့
    နယ်ချဲ့ ကျူးကျော်လာတဲ့အခါ။…။

    မွန်ဂိုတွေ ကျူးကျော်လာတော့
    တိုင်းပြည်ကိုပစ်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတဲ့သူ…။

    မြို့တံတိုင်းကာဖို့ တည်ထားတဲ့
    ဖုရှာစေတီတွေကို
    ဖြိုပြီး ပျက်စီးစေခဲ့သူ…။

    ဟင်းခွက်၃၀၀ပြည့်အောင်
    တည်ခင်း စားသောက်လေ့ရှိသူ….။

    သူ့အကျိုးဆက်နဲ့သူ
    သားတော်ပြည်စား သီဟသူ ကျွေးတဲ့
    အဆိပ်ထမင်းဟင်း စားရပြီး
    သေလွန်သူ….။

    မောင်းမမိဿံတွေ မိဖုရားတွေအပေါ်မှာလည်း အတော်လေး မစာနာတဲ့အပြင်၊ မိဖုရား တစ်ပါးဖြစ်တဲ့
    စောလုံကို ဖိုကျင်တစ်ထောင်မှာ
    ဖိုထိုးသ-တ်စေခဲ့သူ….။

    အတော်လေး ဆိုးသွမ်းတဲ့ မင်းတစ်ပါးဖြစ်တာမို့ ဖတ်ရင်း အားမလို အားမရဖြစ်ရတဲ့အပြင် ဒေါသထွက်မိတယ်။

    အစော ငယ်စဥ်ကတည်းက
    သံယောဇဥ်တွယ် ချစ်ခင်ခဲ့ရတဲ့
    ပန်းခီဆရာလေး သောတသခ်ရာ….။

    အစောနဲ့ ငသောတတို့နှစ်ယောက်ဟာ
    တစ်ဦးနဲ့တစ်ဦး မေတ္တာရှိကြပေမဲ့
    အမိဖုရှာ ဖြစ်ရမဲ့ “အစော”ကို လက်လွှတ်ပေးခဲ့သူ။

    သူ့အဖြစ်ကလည်း ရှင်လျှက်နဲ့
    ရင်ကွဲရတဲ့အဖြစ်ပေါ့။

    ပန်းခီဆရာလေး “ငသောတ” နဲ့
    ဆုံတွေ့ခဲ့တဲ့ “အိုသဲရာ”ဆိုသူ ချင်းအမျိုးသမီးလေး ပျောက်ချင်းမလှ ပျောက်သွားတာကိုတော့
    ပြန်ပေါ်လာစေချင်သေးတယ်။

    “အွယ်”လို့ အမည်တွင်တဲ့ အိုသဲရာ ၊
    တောတောင်တွေထဲမှာ နေထိုင်ပြီး မင်းစည်သူကို တွန်းလှန် ပုန်ကန်နေတဲ့
    အရည်းဆရာတို့အကြောင်း၊
    သူတို့ရဲ့ အယူဝါဒနဲ့ စိတ်ရဲ့ တပ်မက်မှူတွေအပေါ် အခြေခံတဲ့ ကျင့်စဥ်တွေကလည်း တကယ်ကို ဖတ်ရင်း
    ကြက်သီးထမိတယ်။

    အစောတစ်ယောက်တည်းကိုပဲ
    မြတ်နိုးတန်ဖိုးထားခဲ့တဲ့ “ငသောတ”
    “အိုသက်နှင်း” ဆိုတဲ့အမျိုးသမီးလေးနဲ့ ထပ်မံ ဆုံတွေ့ရပေမဲ့…. မဆုံတဲ့ ဖူးစာပဲ ဖြစ်သွားရပြန်တယ်။

    အချစ်ရေး ကံမကောင်းဘူး ပြောရမယ်။

    ငသောတက အိုသက်နှင်းကိုပြောတာလေး သဘောကျမိသေးတယ်။

    သူ့ကိုချစ်ရင် အမိဖုရှာ အစောနဲ့
    တူတော်လေး ရာဇသူကိုပါ
    ချစ်ပေးရမယ်တဲ့လေ။

    အစောအပေါ်မှာ ချစ်တယ်ဆိုတာထက်
    တန်ဖိုးထား မြတ်နိုးတာမျိုးပေါ့လေ။

    ဘယ်လိုမိန်းကလေးတွေနဲ့တွေ့တွေ့
    သူ့ရင်ထဲမှာ အစောက
    ပထမဦးစားပေးပဲ။

    တပ္ပဒီပ မြို့ပျက်နေတဲ့အချိန်မှာတောင်
    အစောရဲ့ အိမ်တော်ကို ကာကွယ်ရင်း စောင့်ကျန် ရစ်ခဲ့တဲ့သူပါလေ။

    သိပ်ကို သဘောကျဖို့ကောင်းတာပဲ။

    နန်းတွင်းရေးတွေ ၊ အာဏာတွေ
    စိတ်မဝင်စားဘဲ နံရံဆေးရေးပန်းခီတွေကိုသာတစိုက်မတ်မတ်
    ကြိုးစားသင်ယူခဲ့တဲ့ “ငသောတ”ကိုဖြင့် အများကြီး သဘောကျမိတယ်။

    အတွေးတွေလည်း အေးချမ်းတယ်။
    ကိုယ်ချင်းစာတရားလည်း ပြည့်ဝတယ်။
    ဆင်းရဲချမ်းသာ မခွဲခြားဘဲ ပေးကမ်းလှူဒါန်းတယ်။

    “မင်းစည်သူ” နဲ့ယှဥ်တွေးမိရင် အတော်လေး ကွာခြားနေတဲ့ စရိုက်နှစ်မျိုးကို
    မြင်တွေ့ရပါတယ်။

    အစောတစ်ယောက်ကတော့
    သားတော်လေး သီဟသူ ရှေ့ရေး၊
    တပ္ပဒီပရှေ့ရေးအတွက် ကျစွာမင်း နန်းတက်တဲ့အခါ တောင်ပြင်သည်
    အမိဖုရှာ ဘဝနဲ့ ဆက်ပြီး
    နေလိုက်သေးတယ်။

    သူ့ခမျာလည်း လှောင်အိမ်ထဲက
    ငှက်ကလေးလိုဖြစ်ပြီး လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ရလွန်းတယ်။

    ငဲ့ရတာတွေများပြီး စိတ်ထဲက ဆန္နတွေကို ချိုးနှိမ်ခဲ့ရတာတော့ “အစော”ရော
    “ငသောတ”ရော နှစ်ယောက်လုံးပဲ။

    တကယ်ကို ကြေကွဲစရာလည်း
    ကောင်းတယ်။

    ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းပြီး
    သဘောကျမိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

    အရှေ့မှာ ဆရာမကြီးရဲ့ “ဆည်းဆာချိန် တိမ်နီများ” ဖတ်ဖူးကတည်းက
    အရေးအသားအပိုင်းကို
    သဘောကျမိနေတာရယ်။

    ဒီစာအုပ်လေးကတော့ အရင်ထွက်ထားတာပေါ့။

    လက်ဆောင်ရထားတာ ကြာပီဆိုပေမဲ့ အခုမှပဲ ဖတ်ဖြစ်တော့တယ်။

    ဆရာမကြီး ခင်မြဇင် လက်ဆောင်ပေးထားတဲ့ စာအုပ်လေးမို့
    အမြတ်တနိုး တန်ဖိုးထားပြီး
    သေချာလေး ဖတ်ဖြစ်ပါတယ်။❤️

    သမိုင်းနောက်ခံဝတ္ထုကြိုက်သူများအတွက် ညွှန်းပေးချင်မိတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။

    အမိဖုရှာ – မင်းမိဖုရား
    ဖုရှာစေတီ – ဘုရားစေတီ
    ဖုရင် – ဘုရင်
    ပန်းခီဆရာ – ပန်းချီဆရာ

    Ps:ပုဂံခေတ်မှာ မိဖုရားဖွားစော သုံးယောက်ရှိသည့်အနက် အခုစာအုပ်ထဲက မိဖုရားကတော့ နရသီဟပတေ့မင်းရဲ့
    တောင်ပြင်သည် မိဖုရားကြီး
    “စောလှဝန်း”အကြောင်းကို
    ရေးဖွဲ့ထားတယ်လို့
    စာအညွှန်းမှာ သိရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခင်မြဇင် စာအုပ်များ