အညာရယ် အလွမ်းရယ် မိချောရယ်

( 2 မှတ်ချက်)

5500 (ကျပ်)

ခေတ်ကာလ အညာမှာဖြစ်ပေါ်နေရတဲ့ ပုံရိပ်တွေက ကျွန်မကို တော်တော်ပဲ နာကျင်စေခဲ့ပါတယ်။ သည်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်၊သုံးဆယ် ကာလများဆီက ကျွန်မမွေးဖွားကြီးပြင်းခဲ့ရာ၊ ဖြတ်သန်းခဲ့ရာ ၊ အေးချမ်းခဲ့ရာ အညာပုံရိပ်များဆီကို တမ်းတမ်းတတ၊ ကြည်ကြည်မွေ့မွေ့ပဲ လည်ပြန်ငေးမိပါတော့တယ်။

အညာမှာမွေးပြီး၊ အညာမှာ ဆယ်နှစ်သမီးအရွယ်လောက်ထိ နေထိုင်ကြီးပြင်းခဲ့ရတဲ့ အညာသူကျွန်မဟာ အညာကို သိပ်ချစ်ရ၊ တွယ်တာရ၊မြတ်နိုးရပါတယ်။ တမာပင်၊ထန်းပင်ကလေးတွေကစလို့၊ မန်ကျည်း၊ ကုက္ကိုလ်၊ ရှား၊ ထနောင်း၊ လက်ပံ၊ အဝေရာလို ကန္တာရလိုအပင်ကလေးတွေအဆုံး အညာနဲ့ပတ်သက်သမျှ ချစ်မိရတာပါပဲ။ ကုန်ကုန်ပြောရရင် လှည်းလမ်းချောက်ထဲက၊ ပဲမှော်နံ့မကင်းတဲ့ နွားချေးခြောက်ကလေးကစလို့ ကျွန်မအတွက်တော့ မြတ်နိုးရာပါပဲ။

ကျွန်မတို့ငယ်ဘဝများဆိုတာ၊ ခုခေတ် သည်ကာလလိုမျိုး ဘယ်ဟုတ်ခဲ့ပါလိမ့်မတုန်း။ထန်းတောအုပ်အုပ်ကြီးထဲမှာ မြူအိုးကောက်ရင်း၊ ထုံးဖြူးရင်း၊ ယာတောတစ်ခွင်စီမှာ ပဲကလေး၊ ဝါကလေးကောက်ရင်း၊ မန်ကျည်းရွက်ကလေး၊ ငရံ့ပလူရွက်ကလေးခူးရင်းကနေပဲ ကျောင်းစာလည်း မလစ်ဟင်းရလေအောင် သည်လိုပဲ ဘဝကို တရွတ်သီတိုးဖြတ်သန်းရင်း ကြီးပြင်းလာကြရတာပဲ။ ဒါပေမယ့် သည်လို ခက်ခဲကြမ်းတမ်းလို့များ အညာကျေးလက်ငယ်ဘဝကို မပျော်ပိုက်ဘူးရယ်လို့များ ထင်ခဲ့ရင် ကျွန်မ ဆယ်ခါပြန် ခေါင်းခါမိမှာပါပဲ။ ခက်ခဲမှုမှန်သမျှ ရင်ဆိုင်ဖြေရှင်းပြီး ရှင်သန်ရတာကိုက လူ့ဘဝရဲ့အနှစ်သာရပဲ မဟုတ်လား။

မိုးခေါင်ရေရှားလှတဲ့ ရပ်ဝန်းလေးမှာ ခြောက်သယောင်းထ ပက်ကြားအက်နေတဲ့ မြေသားထဲကနေ စိမ်းလဲ့စွာ ရှင်သန်လာခဲ့တဲ့ ကန္တာရလိုအပင်ငယ်ကလေးတွေဟာ လောကမှာ ကျွန်မတို့ ဘယ်လိုရှင်သန်ကြရမလဲဆိုတာကို အကောင်းဆုံးသက်သေပြခဲ့တဲ့ ပြယုဂ်တစ်ခုပါပဲ။ အညာဟာ မခမ်းနားသလို၊ ဆန်းလည်း မဆန်းပြားပါဘူး။အင်မတန်ရိုးရှင်းပြီး ချစ်စဖွယ်ဓလေ့စရိုက်တွေနဲ့သာ ပြည့်နှက်ထုံမွမ်းနေတဲ့ အရပ်ဒေသတစ်ခုပါ။ သာကြောင့် ကျွန်မရဲ့ သည်စာအုပ်ကလေးဟာလည်း ခမ်းနား၊ ဆန်းပြားခြင်း အလျဥ်းမရှိဘဲ အညာနဲ့သာ အသွင်သဏ္ဍာန် တူနေပါလိမ့်မယ်။

စာမျက်နှာ

247

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2022 စက်တင်ဘာလ (ဒုတိယအကြိမ်)

8 in stock

အညာရယ် အလွမ်းရယ် မိချောရယ် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. မေသူအောင်

    လေးစားရတဲ့ စာရေးဆရာ/ဆရာမတွေ အတော်များများညွှန်းထားတာကို ဖတ်ပြီး စိတ်၀င်စားလို့ (အညွှန်းကောင်းလို့ ထင်ပြီး) ၀ယ်ဖတ်ကြည့်မိတယ်။ ညွှန်းထားတာတွေနဲ့ တန်အောင် တန်ဘိုးရှိတဲ့ စာအုပ်မှန်း ဖတ်ရင်းနဲ့ ပိုပိုသိလာရတယ်။ စာရေးသူခေါ်ဆောင်ရာ အညာဒေသကို စီးမျောလိုက်ပါသွားမိတယ်။ စဖတ်တာနဲ့ လက်ကမချချင် အစ/ဆုံး အကြိမ်ကြိမ်အခါခါ ဖတ်လိုတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

  2. Aung Kyaw Min

    ဆရာမပျိုးရဲ့စတုတ္ထမြောက် လုံးချင်းဝတ္ထုတစ်အုပ်ဖြစ်တဲ့ ‘အညာရယ် အလွမ်းရယ် မိချောရယ်’ ဆိုတဲ့ ဝတ္ထု #review လေးပါ။

    သိပ်ချစ်စရာကောင်းတဲ့ အညာသူမိချောဆိုတဲ့ကလေးမလေးတစ်ယောက်ရဲ့ငယ်ဘဝကို သဘာဝကျကျမိသာစုဘဝနဲ့အတူ အရေးသားထိထိမိမိနဲ့ တဖြည်းဖြည်းဆွဲခေါ်သွားတဲ့ အညာမြေလွမ်းချင်းဝတ္တုတစ်ပုဒ်ပါပဲ။

    မောင်နှမတွေအများကြီးနဲ့ သိပ်ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေရှိသလို၊သိပ်ဝမ်းနည်းစာနာမိရတဲ့အခိုက်အတန့်တွေလည်းရှိတယ်။

    ဖတ်နေရင်းကနေ ကိုယ်ကိုယ်တိုင်ကတစ်ဦးတည်းသောမို့ မောင်နှမတွေအပြန်အလှန်နွဲ့ဆိုးနေကြတာတွေမြင်တော့လည်း နှစ်လိုဖွယ်မက်မောမိတာတော့အမှန်ပါပဲ။တစ်အူထုံ့ဆင်းမောင်နှမ အရင်းတွေပဲမဟုတ်လား။

    မိချော သူ့မောင်လေးအလွှမ်းကိုချော့သိပ်တဲ့သီချင်း၊ကဗျာလေးတွေကိုဖတ်မိတော့ တခဏလောက်ငယ်ဘဝတွေကိုတောင်ပြန်တမ်းတမိပါရဲ့။မိဘနှစ်ပါးရဲ့ သားသမီးတွေအပေါ် ဂရုဏာသက်ဒေါသလေးတွေနဲ့ ပြောဆိုဆုံးမစကားလေးတွေကိုလည်းကြားရောင်နေမိတယ်။

    သိပ်ချစ်စရာကောင်းတဲ့အညာမြေကမိသားတစ်စုရဲ့ အင်မတန်ရိုးရှင်းတဲ့အပြန်အလှန်မေတ္တာတွေကို အထင်းသားမြင်ရတာကတော့ ဝတ္ထုရဲ့တစ်ခန်းချင်းစီတိုင်းမှာပါပဲ။အရှင်းဆုံးပြောရရင် သိပ်ရိုးစင်းတယ်၊သိပ်ချစ်စရာကောင်းတဲ့သဘာဝတွေပဲ။

    တဖက်ကမိသားစုအကြပ်အတည်းကိုကြည့်ရင် သနားစာနာမိသလို မိချောကိုမြင်မိပြန်တော့ ကလေးသဘာဝပျော်ပျော်ပါးပါးနဲ့ အပူအပင်ကင်းပြီး သူမအစ်ကိုတွေကိုချစ်တဲ့မေတ္တာတွေပေါ်လွင်နေတယ်။အထူးသဖြင့် နောက်ပြောင်ပြောင်နေတတ်တဲ့ အစ်ကိုလေးကိုဝဏ္ဏအပေါ်ကိုပေါ့။

    လူဆိုတဲ့သတ္တဝါတွေဟာ ဘဝချောင်လည်ဖို့အရေး ရေကြည်ရာမြက်နုရာအရပ်ကို ရွေ့ရတာတွေရှိပေမယ့် ငယ်ဘဝရဲ့အမှတ်တရေတွတသီကြီးပြည့်နှက်နေတဲ့ ကိုယ့်မွေးရပ်ကိုတော့ ဘယ်တော့မှမမေ့ကောင်းတတ်ကြဘူးမဟုတ်လား။သိပ်ကြည်နူးစရာကောင်းခဲ့တဲ့အခိုက်အတန့်တွေရှိခဲ့ရင် ပိုလို့တောင်လွမ်းမောတမ်းတမိကျမယ်ဆိုတာ ဘယ်သူကငြင်းနိုင်ဦးမှာလဲ။

    နှစ်တွေအကြာကြီးခွဲသွားခဲ့ရတဲ့မွေးရပ်အညာမြေကိုပြန်လည်ခြေချမိချင်းမှာပဲ မိချောတစ်ယောက်မျက်ရည်ကျမိတယ်။ဒါဟာမိချောရဲ့အညာမြေကိုလွမ်းဆွတ်မိလို့ကျတဲ့မျက်ရည်ဖြစ်မည်။သည်ထက် ကိုဝဏ္ဏကိုအောင့်မေ့လို့ကျတဲ့မျက်ရည်ဆိုပိုမှန်မယ်ထင်ပါလေရဲ့။

    #အညာရယ်အလွမ်းရယ်မိချောရယ်
    #ပျိုး
    #bookreview
    #bookreader
    #readingbookswithleon

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ပျိုး စာအုပ်များ