ချစ်ခြင်းမေတ္တာ၏ အုတ်မြစ်များ

( 2 မှတ်ချက်)

5500 (ကျပ်)

ဒီစာအုပ်လေးဟာ February လရဲ့ ချစ်ခြင်းမေတ္တာတွေ ဖော်ပြရာ အချိန်ကာလမှာ ချစ်ခြင်းမေတ္တာတွေကို စစ်မှန်စွာ ဖော်ပြနိုင်ဖို့၊ တည်ဆောက်နိုင်ဖို့ တန်ဖိုးထားနိုင်ဖို့ အတွက် ရည်ရွယ်ပါတယ် . . .💑

အိမ်တစ်လုံးဆောက်ဖို့ရာ သေချာခိုင်ခံ့တဲ့ အုတ်မြစ်ကို လိုအပ်သလို ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်ကတော့ ” ချစ်ခြင်းမေတ္တာ ” ဖြစ်ပါတယ် . . .

ဒီစာအုပ်လေးဟာ ချစ်ခြင်းမေတ္တာအပေါ် အခြေခံပြီး ကျန်းမာ ပျော်ရွှင်ရတဲ့ Healthy Relationship တွေ၊ Romantic Relationship တွေကို ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပါတယ် . . .

ချစ်ခြင်းမေတ္တာရဲ့ သဘောသဘာ၀ . . . မေတ္တာပေးခြင်းရဲ့ အနှစ်သာရကို သဘောပေါက် နားလည်စေဖို့ . . .

ချစ်ခြင်းမေတ္တာအပေါ် အခြေခံပြီး ဆက်ဆံရေးတွေကို နည်းလမ်းမှန်ကန်စွာ တည်ဆောက်ဖို့ . . .

မိမိတို့ ဘ၀မှာ ရှိတဲ့ ဆက်ဆံရေးတိုင်းအတွက် ချိန်ဆ အသုံးပြုနိင်ဖို့ . . .စာရေးသူရဲ့ အတွေ့အကြုံတွေ ၊ အတွေးအခေါ်တွေကို မျှဝေရေးသားထားတာကို ဖတ်ရှုရမဲ့စာအုပ်လေးဖြစ်ပါတယ် . .

စာမျက်နှာ

112

စာအုပ်အရွယ်အစား

5.5× 0.2×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဖေဖော်ဝါရီလ (ပထမအကြိမ်)

16 in stock

ချစ်ခြင်းမေတ္တာ၏ အုတ်မြစ်များ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat (verified owner)

    အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေ ပိုင်ဆိုင်လိုသူများအတွက် ဖတ်သင့်တဲ့စာအုပ်ကောင်းလေး တစ်အုပ်….။

    Healthy Relationship လိုချင်ကြတယ်၊အချစ်ရေးမှာ အဆင်ပြေချင်ကြတယ် ဆိုသူများအတွက် ထားရှိအပ်တဲ့
    စိတ်နေစိတ်ထား၊ ဆောင်ရန် ၊ရှောင်ရန်
    အချက်များစွာကို စာပိုဒ်ခွဲပေါင်း(၄၀)တိတိမှာ ထည့်သွင်းရေးသားပေးထားပါတယ်။

    RS တွေပဲ ဖတ်သင့်တာမဟုတ်ဘဲ Single လေးတွေလည်း ဖတ်သင့်ပါတယ်။ချစ်ခြင်းမေတ္တာ ကင်းမဲ့တဲ့သူရယ်လို့ မရှိဘူး မဟုတ်လားနော်…🥰

    အဓိကအချက်လေးတွေအနေနဲ့ကတော့
    နှစ်ဦးနှစ်ဖက် ဟန်ချက်ညီမျှဖို့၊ personal spaceလေး ထားရှိဖို့၊ နောက်ပြီး Healthy Fighting ဆိုတဲ့အချက်လေးကလည်း စိတ်ဝင်စားစရာ အချက်လေးတစ်ချက်ပါပဲ။

    Mental Health အတွက် Counselling Session တွေယူတာမျိုး သိပေမယ့် RS or Couple Counselling ယူလို့ရတဲ့ အချက်လေးကိုလည်း မှတ်သား သိရှိရတာမို့ ဗဟုသုတရစေပါတယ်။

    တစ်ဦးနဲ့ တစ်ဦး ချစ်ကြပေမယ့် Love Languages တွေ ဖော်ပြပုံချင်း မတူတဲ့အခါ အဆင်မပြေမှုလေးတွေ ရှိနိုင်တာကိုလည်း reflectလုပ်မိစေပါတယ်။

    ဒီစာအုပ်ထဲက စကားလေးနဲ့ ပြောရမယ်ဆိုရင် ….

    “ပျက်စီးခြင်းတွေဟာ လွယ်ကူသလောက် တည်ဆောက်ခြင်းတွေဟာ ခက်ခဲပါတယ်။ နှစ်ယောက်စလုံးက တည်ဆောက်ချင်စိတ်ရှိဖို့ရယ်နဲ့ ယိုင်နဲ့တဲ့အခါ ပြန်ပြီး တည့်မတ်ချင်စိတ် ရှိဖို့လိုပါတယ်။”

    🍀ဘဝမှာလေ ဘယ်သူ့ကို မဆိုပါ…
    ကိုယ်ပေးနိုင်သမျှ အကောင်းဆုံးသောဆိုတဲ့ အရာတွေပဲပေး။ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ၊ ကူညီဖြည့်ဆည်းမှုတွေ ဘာပဲပေးပေး အကောင်းဆုံးတွေပဲ ပေး။ ကိုယ့်ဘက်က သန့်ရှင်းစွာနဲ့ပေးလေ ကိုယ့်မှာ abundant ဖြစ်လေပါပဲ။

    သဘောကျပြီး လက်ခံယုံကြည်တဲ့ စကားလေးပေါ့🥰🍀

    ကိုယ့်ဘက်က စေတနာ၊မေတ္တာတွေပေးရင် ကိုယ့်ရဲ့ဘဝထဲကို အေးချမ်းခြင်းတွေ၊ကံကောင်းခြင်းတွေ၊ ပြည့်စုံကြွယ်ဝခြင်းတွေ ပေးလိုက်တာထက် ပိုပြီး ပြန်ရလာတာမျိုး ကြုံဖူးတာမို့ ဖတ်ရင်း ပြုံးမိရပါတယ်❤️

    ချစ်ခြင်းမေတ္တာတွေခိုင်မာစေဖို့ ဖတ်သင့်တဲ့ မေတ္တာအုတ်မြစ်လေးရယ်ပေါ့။

    ရေးသားပေးတဲ့ ညီမလေး Hsu(စူးရှမေ)ကိုလည်း ကျေးဇူးတင်၊ချစ်ခင်ရပါတယ်🥰

  2. Htet Htet Tin Zar

    🩷 ဆရာမစူးရှမေရဲ့ “ချစ်ခြင်းမေတ္တာ၏အုတ်မြစ်များ” ဆိုတဲ့ ဒီစာအုပ်လေးကို ဒီနှစ် (၂၀၂၄) ချစ်သူများနေ့ အမှတ်တရအဖြစ်နဲ့ ထုတ်ဝေလိုက်တာဖြစ်ပြီး ဆရာမရဲ့ (၆) အုပ်မြောက်စာအုပ်လည်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ မကင်းနိုင်တဲ့ ပုထုဇဉ်လူသားတွေအတွက် romance relationship နဲ့ပတ်သက်တဲ့ သိမှတ်စရာများစွာကို စုစည်းရေးသားထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

    🩷 စာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာအချို့ဆိုရင် –
    ▪ အိမ်နဲ့တူတဲ့လူမျိုးကို ရွေးချယ်ဖို့
    ▪ Type မတူသူတွေ ချစ်မိရင် ဘယ်လို့သွားသင့်တယ်ဆိုတာ
    ▪ Relationship မှာ ကြုံရတတ်တဲ့ bare minimum
    ▪ LDRS တွေ သာယာအဆင်ပြေဖို့ လိုက်နာသင့်တဲ့ အချက်တွေ
    ▪ Relationship တိုင်း လိုအပ်တဲ့ personal space နဲ့ စိတ်လုံခြုံမှုအကြောင်း
    ▪ ဘယ်အချက်တွေနဲ့ ညီမှ healthy fighting ဖြစ်မှာလဲ
    ▪ ကိုယ့်ရဲ့အမှားကို တာဝန်ယူ၊ တာဝန်ခံဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ
    ▪ Relationship မှာ ghost လုပ်ခြင်းအကြောင်း
    ▪ Toxic relationship မှန်း သိနိုင်တဲ့ အချက်တွေ
    ▪ Normalize ဖြစ်ဖို့မလိုတဲ့ ဖောက်ပြန်မှုအကြောင်း
    ▪ Relationship counselling ယူတဲ့အခါ အကျိုးကျေးဇူးတွေ
    ▪ Self-loathing ဆိုတာ
    ▪ Love Languages (၅) မျိုး
    အစရှိသဖြင့် အပုဒ်ရေ (၄ဝ) ပါဝင်ပါတယ်။
    __________________________

    ❝စာ‌ရေးသူ၏ အမှာစာ❞

    🩷 “ချစ်ခြင်းမေတ္တာ၏ အုတ်မြစ်များ” လို့ နာမည်ပေးထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်မရဲ့ ဆဋ္ဌမမြောက်စာအုပ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာအပေါ် အခြေခံပြီး ကျန်းမာပျော်ရွှင်ရတဲ့ Healthy Realtionship တွေကို တည်ဆောက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဒီစာအုပ်ကလေးထဲမှာ မိမိတို့ ဘဝမှာ ရှိတဲ့ ဆက်ဆံရေးတိုင်းအတွက် ချိန်ဆအသုံးပြုလို့ ရနိုင်မဲ့ အတွေးအခေါ်လေးတွေကို မျှဝေထားပါတယ်။ အထူးသဖြင့်တော့ Romantic Relationship တွေအတွက် အဓိကထား ရေးသားထားပါတယ်။

    🩷 ဒီစာအုပ်ကလေးဟာ ကျွန်မရဲ့ အဆင်မပြေခဲ့တဲ့ ဆက်ဆံရေးတွေကို ပြုပြင်တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံရဲ့ အမှတ်တရ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့်မိုလို့ ပြုပြင်တည်ဆောက်နိုင်ခဲ့တဲ့၊ သာယာပျော်ရွှင်ရတဲ့ ဆက်ဆံရေးတွေအတွက် မိမိကိုယ်မိမိလည်း အသိအမှတ်ပြုချင်ပါတယ်။ ကျွန်မရဲ့ ဖြစ်တည်မှု တိုင်းမှာ ချစ်ခြင်းမေတ္တာတွေ ပေးအပ်ခဲ့ကြတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်သလို ချစ်ခြင်းမေတ္တာကို နားလည်စေခဲ့တဲ့ တစ်ယောက်သောသူကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။
    __________________________

    🩷 “အိမ်” နဲ့ တူတဲ့လူ 🩷

    “Find someone who feels like Home”

    ဘဝရဲ့ လောကဓံတွေကြားမှာ အတူယှဉ်တွဲ နေထိုင်ပြီး ရှင်သန်သွားနိုင်ရာ “အိမ်” နဲ့ တူတဲ့ လူကိုပဲ ရွေးချယ်ပါ။

    “အိမ်” ဆိုတဲ့ အဓိပ္ပာယ်ဟာ နွေးထွေးစွာ ခိုလှုံနိုင်တဲ့ နေရာ၊ ချစ်ခြင်းမေတ္တာတွေ၊ ခွင့်လွှတ်ခြင်းတွေ၊ စာနာ နားလည်မှုတွေနဲ့ ဘယ်အချိန်မဆို ကြိုဆိုတဲ့ နေရာဟာ “အိမ်” ဖြစ်ပါတယ်။

    “အိမ်” နဲ့ တူတဲ့ လူတွေကို မြင်ဖူးလားဟင်။
    လူတစ်ချို့ဟာ “အိမ်” နဲ့ သိပ်တူပါတယ်။
    “အိမ်” ဆိုတဲ့ ခံစားချက်လေးကို ပေးစွမ်းနိုင်တဲ့ လူတွေ ရှိကြပါတယ်။

    ဘယ်အချိန်မှာမဆို ကိုယ့်ကို စိတ်လုံခြုံမှုတွေ ပေးပြီး ကာကွယ်ပေးတယ်။ သိမ်ငယ်မှုတွေ၊ အတွေးလွန်မှုတွေ မရှိအောင်ကို ဘယ်လိုကိစ္စရပ်အတွက်မဆို စိတ်ရှင်းအောင်၊ သံသယကင်းအောင် ထားပေးနိုင်တယ်။

    တစ်ခုခု အမှားလုပ်မိတဲ့အခါ “ဒီလိုဖြစ်ရကောင်းလား၊ မပြောဘူးလား ဖြစ်မှာပေါ့” ဆိုတဲ့ အပြစ်တင်၊ ဝေဖန်စကားတွေထက် “အဆင်ပြေရဲ့လား” လို့ အရင် ဖေးမတာမျိုး၊ “ဘာမှမဖြစ်ဘူး၊ အဆင်ပြေသွားမှာနော်” လို့ အားပေးတတ်တယ်။

    ချစ်ခြင်းမေတ္တာကို မြင်နိုင်အောင်၊ ခံစားနိုင်အောင် နည်းမျိုးစုံနဲ့ ပြသတယ်။ နည်းမျိုးစုံနဲ့ ဂရုစိုက်ပေးတယ်။ ကိုယ့်ရဲ့မျက်နှာကိုပဲ အရိပ်တကြည့်ကြည့် ကြည့်လို့ မျက်နှာတစ်ချက် အညှိုးမခံနိုင်တဲ့သူတွေ ရှိကြတယ်။

    ကိုယ့်ဘဝရဲ့ ကောင်းကောင်းဆိုးဆိုး အချိန်တိုင်းကို မျှဝေခံစားပေးဖို့အတွက် နားတစ်စုံအဖြစ်၊ မှီစရာ ပခုံးတစ်ဖက်အဖြစ်၊ ခိုနားစရာ ရင်ခွင်တစ်ခုအဖြစ်၊ ဘယ်တော့မှ လွှတ်မချမဲ့ လက်တစ်စုံအဖြစ် တည်ရှိပေးနေကြတဲ့ ဖြစ်တည်မှုတွေ ရှိတယ်။ တစ်နည်းအားဖြင့် “အိမ်” နဲ့ တူတဲ့ သူတွေပေါ့။

    🩷 အလွယ်တကူ လက်မလျှော့လိုက်ပါနဲ့ 🩷

    “ဘာလို့အမြဲ ငါ့ကိုဆို စွန့်ပစ်ခဲ့ဖို့ လွယ်ကူနေတာလဲ” တဲ့။
    ကျွန်မကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားတစ်ကားထဲက စာသားလေး ဖြစ်ပါတယ်။ ကြာပြီဆိုတော့ နာမည်တောင် မမှတ်မိတော့ဘူးရယ်။

    အဲဒီ့ခံစားချက်ကို ခံစားဖူးလား။ အရာအားလုံးထဲမှာမှ ဘာလို့များ ကိုယ့်ကိုဆို ချန်ထားခဲ့ဖို့ လွယ်ကူနေရတာလဲ။ ငါက ပစ္စည်းတစ်ခုမို့လို့လား ပစ်ချချင်တဲ့ နေရာမှာ ပစ်ချထားခဲ့ရအောင်ဆိုတဲ့ ခံစားချက်မျိုးကို ခံစားဖူးရင်တော့ သေမလောက် နာကျင်ရတယ်ဆိုတာကို သိပါလိမ့်မယ်။

    လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ပြဿနာတွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ ဒါပေမဲ့လို့ လူတစ်ချို့ဟာ စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်ကြပါဘူး။ စီးပွားရေးပဲ အဆင်မပြေဖြစ်ဖြစ်၊ မိသားစုရေး အဆင်မပြေတာပဲ ဖြစ်ဖြစ် ဘာလေးပဲ အဆင်မပြေပြေ သူတို့ဘဝထဲမှာ ရှိတဲ့ ဆက်ဆံရေးတွေကို လွှတ်ချတတ်တဲ့သူတွေ ရှိပါတယ်။ အဲဒီဆက်ဆံရေးတွေက သူတို့ကို ဘာမှ မလေးပင်စေရင်တောင်မှ အရာအားလုံးကို လွှတ်ချတတ်တဲ့သူတွေ ရှိပါတယ်။

    တစ်ဖက်သူရဲ့ စိတ်မှာ “ဘာလို့ ငါ့ကိုပဲ လွှတ်ချဖို့ ရွေးချယ်ရတာလဲ” ဆိုတဲ့ သေရာပါ စိတ်ဒဏ်ရာမျိုး မပေးမိဖို့ လိုပါတယ်။ ဒီလိုမျိုး ထစ်ခနဲရှိတိုင်း ဆက်ဆံရေးတွေကို လွှတ်ချတတ်တာဟာလည်း ကောင်းတဲ့အရာ မဟုတ်ပါဘူး။

    အဲဒီအစား တစ်မျိုးပြောင်းတွေးပြီး ရင်ဆိုင်ကြည့်လို့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူဟာ ကိုယ့်ရဲ့ ကောင်းကောင်းဆိုးဆိုး အချိန်တိုင်းမှာ အတူရှိနေပေးတာဟာ ကံကောင်းခြင်း ဖြစ်ပါတယ်။ ငွေကြေးအဆင်မပြေဖြစ်နေတာက ပြဿနာလား။ တစ်ယောက်ကို တစ်ယောက် လက်လျှော့ကြမဲ့အစား Budget Plan တစ်ခု အတူဆွဲကြတာမျိုး၊ တစ်ယောက်ကိုတစ်ယောက် အလုပ်တွေ ရှာပေးတာမျိုး၊ ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ယောက်ကိုတစ်ယောက် Support လုပ်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။ အခက်အခဲတွေဆိုတာ ခဏတာသာ ဖြစ်ပြီး ကျော်ဖြတ်ချင်စိတ်ရှိရင် ကျော်ဖြတ်နိုင်သွားပါလိမ့်မယ်။

    🩷 Healthy Relationship ဆိုတာ တည်ဆောက်ယူရတဲ့ အရာပါ 🩷
    ကျန်းမာပျော်ရွှင်ရတဲ့ Relationship တစ်ခုဆိုတာ အမှုမဲ့ အမှတ်မဲ့ ရလာတာ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် တည်ဆောက်ယူပြီးမှ ရလာတဲ့ အရာပါ။

    တစ်ဖက်က စကားတွေအများကြီး ပြောနေချင်ပေမဲ့ တစ်ဖက်မှာ ပြောစရာစကားတွေ ရှိမလာတော့တဲ့အခါ၊ တစ်ဖက်က နီးစပ်ဖို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာနေပေမဲ့ တစ်ဖက်က နောက်ပြန်ဆုတ်နေတဲ့ အခါမျိုးတွေဟာ ဆက်ဆံရေးတွေ စတင်ပျက်စီးဖို့အတွက် အချက်ပြနေတဲ့ Warning Sign တွေပါပဲ။

    ဘဝမှာ ဘယ်အရာကမှ အလကားမရပါဘူး။ ကြိုးစားအားထုတ်မှုဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ ဘယ်အရာမဆို ပျက်စီးဖို့သာ လွယ်ကူတာ တည်ဆောက်ဖို့ကတော့ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့လည်း အခက်အခဲတွေကြားက ကြိုးစားတည်ဆောက်နိုင်ခြင်းဟာလည်း အရည်အချင်း တစ်ခုပါပဲ။

    Relationship ဆိုတာ နှစ်ဦးနှစ်ဖက် နေ့စဉ်တည်ဆောက်နေရတာပါ။ တစ်ယောက်က နားလည် ခွင့်လွှတ်မှုတွေ ပေးနေရင် တစ်ယောက်က အလိုက် တသိ နားလည်ရမယ်။ တစ်ယောက်က ကြိုးစားတည်ဆောက်နေရင် ကျန်တဲ့ တစ်ယောက်က လိုအပ်တာ ဖြည့်ဆည်းရမယ်။

    အရေးကြီးတာကတော့ Relationship တိုင်းမှာ ပိုပြီး ချစ်ရတဲ့လူဆိုတာ ရှိစမြဲပဲ။ ကိုယ်နဲ့ နီးစပ်ဖို့ နေ့နေ့ညည ကြိုးစားပြီး လျှောက်လှမ်းလာနေတဲ့သူအတွက် ကိုယ့်ရဲ့ ခြေလှမ်းတွေကို နောက်ပြန် မဆုတ်မိဖို့ လိုပါတယ်။

    Happy Endingဆိုတာ ကံနဲ့လည်း ဆိုင်သလို ကြိုးစားတည်ဆောက်မှုတွေနဲ့လည်း ဆိုင်သေးတယ်။ လူရွေးမှန်ခဲ့ရင်တောင် မှန်ကန်တဲ့ ဆက်ဆံရေးတစ်ခု ရဖို့ရာ ကြိုးစားတည်ဆောက်မှုတွေ လိုအပ်ပါသေးတယ်။

    🩷🩷🩷🩷🩷

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စူးရှမေ စာအုပ်များ