မျက်ကွယ်မြစ်

( 2 မှတ်ချက်)

6000 (ကျပ်)

ဇမ္ဗူဒီပါ လကျ်ာတောင်ကျွန်း နိမိတ်ထွန်းတယ်လို့ဆိုကြသလို တစ်ချို့သောနှုတ်ထွက်စကားတွေဟာ နိမိတ်ဖြစ်သွားတတ်ပြီး၊တစ်ချို့သောနှုတ်ထွက်စကားတွေဟာ ကျိန်စာဖြစ်လာတတ်တယ်လို့ တွေးစရာဖြစ်လာတယ်ဆိုရင် မျက်ကွယ်မြစ်ဟာ အဲဒီနိမိတ်နဲ့ကျိန်စာတွေအတွက် သက်သေအဖြစ် ရောက်သွားလေမလား ..

ကြည့်နေသည်ဖြစ်စေ၊ကြည့်မနေသည်ဖြစ်စေ၊ မြင်ကြသည်ဖြစ်စေ၊မမြင်ကြသည်ဖြစ်စေ၊ မြစ်ကတော့ စီးဆင်းမြဲ စီးဆင်းနေမည်သာ ဖြစ်လေသည် ..ကြက်တိုက်ခြင်းကို ဝါသနာကြီးပြီး ကြက်နဲ့ပဲအချိန်ကုန်ကာ အိမ်အလုပ်၊အိမ်စီးပွားရေးကို စိတ်မဝင်စားတဲ့အစ်ကို ..

အိမ်အလုပ်ရော၊အိမ်စီးပွားရေးကိုရော မိဘနှစ်ပါးနဲ့အတူ မနားမနေ လုပ်ကိုင်ရုန်းကန်နေရတဲ့ နှမ ..
အစ်ကို့ကိုထိရင် ဆတ်ဆတ်ထိမခံတုန့်ပြန်တတ်ပေမယ့် အိမ်မှာကတော့ တစ်စက်ကလေးမှမတည့်ကြတဲ့မောင်နှမနှစ်ယောက် ..

နှမဖြစ်သူယောကျ်ားရသွားပြီးတဲ့နောက် အစ်ကိုဖြစ်သူရဲ့ကြမ္မာအလှည့်အပြောင်းမှာ ခါးသီးနာကျင်စရာ
ဖြစ်လာခဲ့သလို၊နှမဖြစ်သူရဲ့ကံကြမ္မာအလှည့်အပြောင်းကလည်း ရင်ကွဲစရာအဖြစ် သူတို့မောင်နှမဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့တယ် ..နှလုံးသားမြစ်သည်ကား ဒိုက်သရိုက်တွေ၊အတားအဆီးတွေကြားကနေ တွန်းတိုက်ထိုးဖောက်ကာ မျက်မြင်၊မျက်ကွယ် မခွဲမခြား ကျော်လွန်စီးဆင်းနိုင်သော မြစ်ဖြစ်လေသည် ..နာကျင်ကြေကွဲဖွယ်ရာတွေကြားကနေ ယိုစိမ့်လာတဲ့မေတ္တာဟာ မိုးမှောင်ကြီးထဲ ပြက်လိုက်တဲ့လျှပ်စီးလိုဖျတ်ခနဲ တောက်ပလင်းလက်သွားတယ် ..မောင်နှမနှစ်ယောက်ရဲ့ရင်နင့်ကြေကွဲဖွယ်ရာ ဘဝဇာတ်ကြောင်းအလှည့်အပြောင်းဟာ မမျှော်လင့်တဲ့လောကဓံရဲ့ပြင်းထန်သောလှည့်ကွက်တွေအောက်မှာမျက်ကွယ်မြစ်အဖြစ် ဖြစ်တည်လာပါတယ် …..

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 မေလ(ပထမအကြိမ်)

17 in stock

မျက်ကွယ်မြစ် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့ ဖတ်ပြီးသွားတာလေးကတော့
    ဆရာစိုးဘားဒိုင်ရဲ့ “မျက်ကွယ်မြစ်” စာအုပ်လေးပါ။

    ဒီစာအုပ်လေးဟာ “အေးဘ” ဆိုတဲ့
    သူတစ်ယောက်အကြောင်းကို
    အခြေတည်ပြီး ရေးဖွဲ့ထားတဲ့
    ရသဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။

    စာဖတ်သူအနေနဲ့ လေးစားအားကျစရာ၊
    အတုယူစရာ လူတစ်ယောက်တော့မဟုတ်ပေမဲ့ “အေးဘ”အကြောင်း ဖတ်ကြည့်ပြီးတဲ့အခါ သံဝေဂရစရာ ကောင်းသလို၊ သွေးသားရင်းချာ မောင်နှမနှစ်ယောက်ကြားက သံယောဇဥ်၊ သားသမီးအပေါ်မှာ ထားတဲ့ မိခင်မေတ္တာ စတာတွေကိုတော့ ခံစားမိစေမှာ အသေအချာပါပဲ။

    “အေးဘ”ကလွဲရင် တစ်အိမ်လုံးမှာ
    “အေးဘ”ရဲ့ မိအို ဖအို နှစ်ယောက််ရယ်
    နှမကလေး “မိညက်အေး”ရယ် အိမ်သားသုံးယောက်လုံးက အလုပ်လုပ်ကြတယ်။

    ဓနိပြင်တောမှာ အလုပ်လုပ်ကြရတော့
    “အေးဘ”အဖေဖြစ်သူက အလုပ်လုပ်ရင်း ထန်းရည်လေးက မပျက်၊
    “အေးဘ”ကလည်း သူ မွေးထားတဲ့
    တိုက်ကြက်ကလေး “ရွှေနီလင်း” ကလွဲရင် ကျန်တာ ဘာမှကိုစိတ်မဝင်စား၊
    တခါတလေ ထန်းရည်ပါ မူးသေးပေါ့။

    နှမကလေး “မိညက်အေး”က
    အိမ်မှာ အခရာ ဆိုတော့ အဖေနဲ့ အစ်ကိုကို သူပဲ ပြောပြောဆိုဆို ဆုံးမရတယ်။
    အမေဖြစ်သူကတော့ တခါတလေ
    အမြင်မတော်မှ ဝင်ပြောပြီး
    ခပ်အေးအေးသမားရယ်။

    “အေးဘ”ကတော့ ကြက်တိုက်တဲ့
    အလုပ်ကို လုပ်တယ်။
    တခါတလေ ဖဲကစားတယ်။
    ပွဲမနိုင်လို့ ကြွေးတွေများလာရင်
    အိမ်ကနေ တိတ်တဆိတ် ထွက်သွားတတ်လို့ အမေနဲ့နှမက သူ့အကြွေးတွေကို
    တဖြည်းဖြည်းချင်း ဆပ်ပေးရတယ်။

    “အေးဘ”အကြောင်း ဒီလောက်
    သိရင်ကို “မိညက်” ဆူတာ မလွန်ဘူးဆိုတာ ဖတ်ရင်း သဘောပေါက်သွားမှာရယ်….။😁

    ဒါပေမဲ့ ဒီလောင်းကစား တစ်မျိုးဖြစ်တဲ့
    “ကြက်တိုက်” တဲ့အကြောင်း ဖတ်ရတော့ ကြက်ကလေးတွေကို သနားမိ၊
    စိတ်မကောင်းဖြစ်မိတယ်။

    ဗဟုသုတရယ်လို့ မမြင်ဖူး မကြုံဖူးတာမို့ စာဖတ်ရင်း သိခွင့်ရပေမဲ့ အပြင်မှာတော့
    ကြည့်ရက်မယ် မထင်ဘူး။🥺

    ပြောရရင် အကုသိုလ် အကျိုးပေးဆိုသလို… သူ့ရဲ့ တိုက်ကြက်ကလေး
    “ရွှေနီလင်း” ကြောင့်ပဲ “အေးဘ”
    တစ်ယောက် ကြီးကြီးမားမား
    ဆုံးရှုံးမှုကြီး ခံစားရလိုက်တယ်။

    စာအုပ်ရဲ့ နာမည်လေးကလည်း အဲ့အချိန်မှာ တဖြည်းဖြည်း သရုပ်ပေါ်လာတယ်။

    “အေးဘ”ရဲ့ နှမကလေး “မိညက်အေး” မီးဖွားတဲ့ အခန်းဆိုရင်လည်း ဖတ်ရင်း
    မျက်ရည်ပါ ကျမိတယ်။

    ဒီစာအုပ်လေးကို ဖတ်ကြည့်ရင်
    ခံစားမိပါလိမ့်မယ်။

    ဘယ်တော့မှ တိမ်ကောသွားမှာ
    မဟုတ်တဲ့ နှလုံးသားမြစ်ရဲ့
    မေတ္တာ ရေစီးကြောင်းသံလေးတွေကိုရောပေါ့။

    #မျက်ကွယ်မြစ်
    #စိုးဘားဒိုင်
    #စာရိပ်မြိုင်စာပေ
    #하은
    #june12

  2. Khin Thida Htaik

    နှင်းသည်းလေရိုင်း၊မိုးသက်မုန်ဆင့် စတဲ့စတဲ့
    ဇာတ်အိမ်အကြီးကြီးတွေနဲ့အားပါးတရဖတ်ခဲ့ရတာမို့ ဆရာစိုးဘားဒိုင်ရဲ့လက်ရာတွေကိုကြိုက်
    နှစ်သက်ခဲ့ရသူပါ။
    သည်တစ်ခါစာအုပ်ကလေးဟာတော့ တစ်မျိုး
    တစ်မည်ချစ်စရာလေး။ကျေးလက်ဟန်ကလေးလည်းစွက်လို့။ အေးဘဆိုတဲ့ကိုလန်ဘားကြက်သမားနဲ့ သူ့အချစ်တော်ကြက်ဖကလေး ရွှေနီလင်းတို့ကြားက သံယောဇဥ်၊ စွာစိလန်နှမကလေး မိညက်အေးနဲ့ အေးဘကြားက
    မောင်နှမသံယောဇဥ် အဖွဲ့ကလေးတွေဟာ
    ချစ်စရာ၊မနောခွေ့စရာ၊ရယ်စရာ၊မောစရာကလေးတွေလည်းစွက်လို့။
    မြန်မာပြည်အောက်ပိုင်း၊ရေးတို့၊ထားဝယ်တို့
    ဘက်က ရွာကလေးမို့ မြင်ကွင်းတွေဟာ ကျွန်မအတွက်တစ်မျိုးတစ်မည်ဆန်းသစ်နေပါရော။
    မနက်စောစော ဓနိပြင်တောဆီသွားကြတဲ့ မိညက်အေးတို့မိသားစုရဲ့ပုံရိပ်ကလေးတွေဟာလည်း ရိုးသားအေးချမ်းလှပါတယ်။အညာမှာ
    ထန်းတက်သမားတွေ ထန်းတက်ကြသလိုမျိုး
    ထင်ပါရဲ့။
    “မိညက်တို့ နိရယ်ရှိုက လေးလေးပင်ပင်ချိုတယ်” ဆိုတဲ့ အသုံးကလေးမြင်ရတော့
    ဒေသိယစကား နိရယ်ရှိုဆိုတာ ဘာလေးပါလိမ့်ဆိုပြီး ဆက်ဖတ်တော့ ဓနိရည်ချိုကိုခေါ်မှန်းသိလိုက်ရတယ်။ကျွန်မတို့အညာအရပ်ကထန်းရည်ချိုကလေးလိုပဲထင်ပါရဲ့။အဲသလိုတွေးမိတော့
    ဓနိချိုရည်ဆိုတာလေးကို သောက်ဖူးချင်မိသားပဲ။
    ကြက်ကလေးတွေ နာမည်ကလည်း ချစ်စရာလေးတွေ။ ရွှေနီလင်းတဲ့၊ရွှေဝါဝင်းတဲ့။ ကြက်ဆိုရင် ကြက်သားလောက်သာသိတဲ့ကျွန်မအတွက်
    တိုက်ကြက်ကလေးတွေရဲ့ ဘဝဟာ၊သနားကြင်နာစရာပါပဲ။ဆရာအရေးကောင်းလေတော့
    ဆရာ့ကို ကြက်သမားများလားရယ်လို့ထင်မိသွားတဲ့အထိပါပဲ😁
    အပွဲပွဲနွှဲလာခဲ့တဲ့ ရွှေနီလင်းကလေး။ရှုံးပွဲသိပ်မရှိတဲ့ရွှေနီလင်းကလေး။ တတိယမြောက်ရှုံးပွဲမှာတော့ အေးဘရဲ့ချက်စားခြင်းကိုခံလိုက်ရတယ်။
    မျက်ရည်အလည်ရဆုံးအခန်းကလေး။
    ရွှေနီလင်းအပေါ်သံယောဇဥ်မကုန်ရှာတဲ့ အေးဘ
    တစ်ယောက်။ဗိုက်ထဲကရစ်ပြီးနာနေတာဟာ
    ရွှေနီလင်းအသားစတွေများလားဆိုပြီး နှောင်းနောင်တတွေ တသီတသန်းကြီးနဲ့။နောက်ဆုံး
    ရွှေနီလင်းကလေးမသေဘူးဆိုတာသိရတော့
    အပျော်ဆုံးသူဟာလည်း ကျွန်မပဲဖြစ်ခဲ့ပြန်တယ်။
    အော့ကြောလန်မိညက်အေးကလေး မီးဖွားတဲ့နောက်ဆုံးအခန်းကလေးဟာလည်း မျက်ရည်လည်စရာ။ သူ့အရပ်၊သူ့ဓလေ့ဟာ သည်လိုပါလားရယ်လို့ မှတ်သားရပြန်ပါတယ်။
    အမိ၊ အဖ၊ မိညက်အေး၊ ဒေါ်ဖွားညက်၊ နိရယ်ရှို
    စတဲ့ ဒေသိယအသုံး၊အမည်နာမကလေးတွေနဲ့ဖွဲ့တည်ထားတဲ့သံယောဇဥ်အဖွဲ့စာအုပ်ကလေးဟာ ကျေးလက်ရနံ့ကလေးလည်း သင်းလို့၊ မေတ္တာအရိပ်ကလေးဟာလည်း ထင်းလို့ပါပဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စိုးဘားဒိုင် စာအုပ်များ