မော်ရုံ (ရန်ကုန်မြို့အငွေ့အသက်)

( 2 မှတ်ချက်)

7000 (ကျပ်)

မောင်ကိုကို (အမရပူရ) ၏ အက်ဆေးစုဖွဲ့မှုစာအုပ်ဖြစ်ပြီး ရန်ကုန်မြို့ အငွေ့အသက်များ ယှက်သန်းနေသည်။ စာအုပ် title ကိုက ရန်ကုန်မြို့၏ အထင်ကရ ‌ကော်ဖီဆိုင်လေး ဖြစ်သည့် ‘မော်ရုံ’… ကိုနေမျိုးဆေး၏ မော်ရုံ။

စာရေးသူရဲ့ ထိယှက်ဖြတ်သန်းမှုတွေကနေ ခံစားတင်ပြထားတဲ့ ရန်ကုန်ခံစားမှု အက်ဆေး ၃၇ ပုဒ်။ ရန်ကုန် အကုန်မဟုတ်ပါ။ သို့သော် ရန်ကုန်မြို့ကို ပန်းစကြာမှန်ပြောင်းနှင့် ကြည့်ကြည့်ရသလို ခံစားရမည်…

ဖတ်ကြည့်လျှင် အကြည်ဓာတ်များ၊ အလွမ်းများ… သင့်ရင်ထဲသို့၊ သင့်သွေးသားထဲသို့ စီးဝင်သွားမည်။ ကွက်လပ်ကလေးများ ပါရှိနေပါက သင့်ခံစားမှုနှင့် ဖြည့်စွက်ခံစားကြည့်ရတာကလည်း သင့်အတွက် အရသာတစ်မျိုး ရှိနေပါလိမ့်မည်…

စာမျက်နှာ

199

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ ၊ 2023 နိုဝင်ဘာလ (ပထမအကြိမ်)

စာအုပ်အရွယ်အစား

5 .4× 0.5 × 8.1 inches

33 in stock (can be backordered)

မော်ရုံ (ရန်ကုန်မြို့အငွေ့အသက်) အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    သူ့အမည်က “မော်ရုံ”…
    ငပလီနားက ရွာကလေးတစ်ရွာရဲ့နာမည်ကို သဘောကျလို့ ပေးထားတဲ့ နာမည်လေးတဲ့။ ၃၉လမ်းအောက်ဘက်က ဆရာနေမျိုးဆေးရဲ့ ကော်ဖီဆိုင်လေးပေါ့…။
    ဆိုင်လေးထဲက ပုံစံလေးတွေ၊ပြင်ဆင်ထားတဲ့ ရည်ရွယ်ချက်လေးတွေကို ဖတ်ရတော့ လေးစားမိပါတယ်။ဆိတ်ငြိမ်အေးချမ်းတဲ့ အနုပညာရပ်ဝန်းလေးတစ်ခုကို ဖန်တီးတည်ဆောက်ထားတာလေး
    ပေါ့။စာဖတ်သူမိတ်ဆွေတွေရဲ့
    သွားရောက်လည်ပတ်ထားတဲ့ ပုံလေးတွေကို မြင်ရတဲ့အခါမှာလည်း သဘောကျနေမိတော့တာရယ်…။
    စာရေးသူကတော့ ဆရာမောင်ကိုကို(အမရပူရ) ဖြစ်ပါတယ်။ဒီစာအုပ်လေးထဲမှာတော့ ရန်ကုန်မြို့ရဲ့ အငွေ့အသက်တွေ အထူးသဖြင့် စာပေ၊ပန်းချီ၊ကဗျာ၊ရုပ်ရှင် စတဲ့ အနုပညာ ခံစားမှုတွေ စီးဝင်နေတဲ့ အက်ဆေးလေးတွေကို ဖတ်ရှုရမှာပါ။
    အမှန်အတိုင်းပြောရရင် အခုခေတ်
    ရန်ကုန်နဲ့ မတူကွဲပြား တည်ရှိခဲ့တဲ့ နေရာဟောင်း၊လမ်းဟောင်း၊လက်ဖက်ရည်ဆိုင်လေးတွေ၊ရပ်ကွက်လေးတွေက အစ
    ပြုလို့ သက်ရှိထင်ရှားရှိခဲ့တဲ့ အနုပညာသမားစစ်စစ်တွေ အကြောင်းကို သိခွင့်ရလိုက်တာမို့ ခံစားချက်က ထူးခြားပြီး
    အံ့သြနေမိတာ အမှန်ပါပဲ။
    ဆရာ့အက်ဆေးတွေက လွတ်လပ်တယ်။
    နောက်ပြီး ပွင့်လင်းတယ်။တက္ကသိုလ်မှာ
    ကဗျာစာအုပ် ရောင်းတဲ့ ယဥ်ကျေးမှုလေးကိုလည်း သဘောကျရသလို စာအုပ်အဟောင်းဆိုင်တွေရဲ့ အငွေ့အသက်တွေကိုလည်း ခံစားမိစေပါတယ်။
    ရှမ်းလမ်း- စမ်းချောင်းဆိုပြီး
    အမည်တွင်လာပုံ၊ တရုတ်နှစ်သစ်ကူး ဒဏ္ဍာရီပုံပြင်လေးနဲ့ ဟုန်ပေါင်းပေးတဲ့
    အလေ့အထ စတာတွေကိုလည်း
    သိခွင့်ရပြန်တယ်။
    နောက်ပြီး အနုပညာတစ်ခုတည်းကို တစိုက်မတ်မတ် ကြိုးစားခဲ့သူများအကြောင်းကို ဖတ်ရတဲ့အခါမှာလည်း လေးစား အားကျမိပါတယ်။
    နောက်ပြီး အက်ဆေးတွေထဲမှာ ပါတဲ့
    ဆရာ့ရဲ့ ခံစားမှုအပိုင်းအစလေးတွေကိုလည်း သဘောကျမိပါတယ်။
    “ဓါတ်ကြိုးတွေပေါ်မှာ ခိုတွေအများကြီး နားနေတာကို ငါတွေ့တယ်။ငါ့ရင်ထဲက အဆွေးများကို ဘယ်သူတွေ့သလဲ။”
    (ရှမ်းလမ်း-စမ်းချောင်း)
    “အခုခေတ်ကြီးက ဒဲ့ရှင်း။
    လိုင်းပေါ်မှာလည်း ဒဲ့ရှင်း။
    ကြာပွင့်လေးနဲ့ ကျွန်တော်နဲ့
    ဒဲ့ရှင်းစရာအကြောင်း မရှိပါ။
    ကြာပွင့်လေးက သူ့ဘာသာသူ
    အေးအေးလူလူ ပွင့်လို့။
    ကျွန်တော်က ကြာပွင့်လေး
    ငြိမ်းချမ်းတာကို အားကျလို့။
    နောက်ပြီး ကြာပွင့်လေးကို
    တစ်ဖတ်သတ်ချစ်လို့။”
    (ဦးထောင်ဘို အဝိုင်းနားက ကြာနီကန်)
    နောက်ပြီး လှည်းတန်းနဲ့ လူငယ်တွေ၊
    သင်တန်းစာရွက်ဖြူဖြူတွေ၊ စာရေးသူရဲ့
    လွမ်းချင်းတွေထဲ ကြည်မွေ့စရာတွေလည်း ပါသလို အောက်မေ့ဖွယ် လူပုဂ္ဂိုလ်တွေ၊ နေရာတွေ တော်တော်များများလည်း ပါဝင်နေလေရဲ့…။
    ထိုခေတ်အခါက သူတစ်ချို့ဖတ်မိရင်
    အောက်မေ့တသစိတ်နဲ့ လွမ်းမိမယ်။
    အခုခေတ်ကာလတွေထဲ ရှင်သန်လာရတဲ့
    လူငယ်တွေအတွက်ဆိုရင်တော့ ထိုအချိန်ကာလကို မျက်မြင်ကိုယ်တွေ့ ရောက်ဖူးချင်လိမ့်မယ် ထင်ပါတယ်။ကိုယ်တိုင် အပါအဝင်ပေါ့လေ…။
    #မော်ရုံ
    #ရန်ကုန်မြို့အငွေ့အသက်
    #မောင်ကိုကို(အမရပူရ)
    #ပန်းဆက်လမ်းစာပေ
    #reviewby하은
    #21Dec2023

  2. Htet Htet Tin Zar (verified owner)

    💭 ဆရာမောင်ကိုကို (အမရပူရ) ရဲ့ “မော်ရုံ” စာအုပ်လေးက ရန်ကုန်မြို့ရဲ့ အငွေ့အသက်တွေ၊ အနုပညာ အငွေ့အသက်၊ ခေတ်ကာလတစ်ခုရဲ့ အငွေ့အသက်တွေကို ခံစားသက်ဝင်မိစေမှာပါ။ တကယ်တော့ ဒီစာအုပ်လေး လက်ထဲရောက်လာတည်းက တစ်ပုဒ်၊ နှစ်ပုဒ် မြည်းကြည့်ဖူးတယ်။ အက်ဆေးလေးတွေရဲ့ taste ကို သိပ်သဘောကျသွားတယ်။ အဲဒါနဲ့ပဲ ဖတ်ပြီးသွားမှာစိုးလို့ ဆက်မဖတ်ဖြစ်ဘဲ နေလှန်းထားပြီး ခုမှ အေးအေးဆေးဆေး တစ်ပုဒ်ချင်း ခံစားမိတယ်။ အဲဒီကတည်းက ဆရာ့စာအုပ်လေးတွေလည်း တွေ့ရင် ဝယ်ထားဖြစ်တော့တယ်။

    💭 အက်ဆေးလေးတွေက လွတ်လပ်တယ် ~
    ရန်ကုန်မြို့ရဲ့ အငွေ့အသက်တွေကို ဖမ်းဆုပ်မိမယ် ~
    အနုပညာအငွေ့အသက်ကို ရှူရှိုက်ရမယ် ~
    ခေတ်ကာလတစ်ခုရဲ့ အငွေ့အသက်ကို စီးမြောနိုင်မယ် ~

    💭 လှည်းတန်း၊ မာလာဆောင်၊ ပန်းဆိုးတန်း၊ ဆူးလေ၊ လေထန်ကုန်း၊ လောကနတ်၊ နာနတ်တောလမ်း၊ သမိုင်းလမ်းဆုံ အစရှိတဲ့ နေရာတွေကို ဗဟိုပြုထားတဲ့ ရန်ကုန်အငွေ့အသက် ခံစားမှုတွေ …

    💭 အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး၊ ပန်းချီကိုဝင်းမြင့်၊ ပိုင်စိုးဝေ၊ ကိုရန်ပိုင်၊ မြေချစ်သူ၊ သခွပ်နီ၊ မောင်လူမှိန်၊ စိန်ဝင်းစိန်၊ ကျော်ခန့်လူ၊ ခိုင်ထူး၊ ကိုနေဝင်း၊ ပန်းချီချမ်းငြိမ်းကျော်၊ ပန်းချီအာချီ စတဲ့ စာပေ ဂီတ ပန်းချီအနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ အငွေ့အသက် ခံစားမှုတွေ၊ သူတို့ရဲ့ ဘဝအကြောင်းတွေ၊ အပြုအမူတွေ၊ သူတို့ကျင်လည်ကျက်စားရာ နေရာ၊ သူတို့ရဲ့ ဘဝရပ်တည်မှုတွေ စတာတွေကို တို့ထိခံစားမိရပါတယ်။
    __________________________

    ❝အမှာစာ❞

    💭 မော်ရုံ (maw yon) မှာ ကိုနေမျိုးဆေး၏ မော်ရုံဖြစ်ပါသည်။ ဆိုင်ကလေးကို ချစ်လို့၊ နာမည်လေးက လှလို့၊ ဤစာအုပ်၏ title အဖြစ် ရွေးချယ်ခဲ့ပါသည်။

    💭 ရှမ်းလမ်း (စမ်းချောင်း)။ တောလမ်း (ကြည့်မြင်တိုင်)။ ရွှေတောင်ကြားမှာ သာလိကာငှက်ကလေးတစ်ကောင်။ ဆူးလေတဝိုက်။ ပန်းဆိုးတန်း။ ဗဟန်းမှာ ငါတို့။ ယုဇနညများ။ လသာရယ် ၁၉ လမ်း အနီးအနားရယ်။ လောကနတ်ဂယ်လာရီရယ် သာကေတက ဘာသာပြန်ဆရာရယ်။ စုစုပေါင်း ရန်ကုန်ခံစားမှု ၃၇ ပုဒ်ဖြစ်ပါသည်။ ရန်ကုန် အကုန်မဟုတ်ပါ။ သို့သော် ရန်ကုန်မြို့ကို ပန်းစကြာမှန်ပြောင်းနှင့် သင် ကြည့်ကြည့်ရသလို ခံစားရမည်။ သမိုင်းလမ်းဆုံရော၊ successful ညများရော၊ ဦးထောင်ဘိုအဝိုင်းနားက ကြာနီကန်ရော။

    💭 ၃၇ ပုဒ်ဆိုတော့ စာအုပ်လေး နည်းနည်းထူသွားသည်။ ဖတ်ကြည့်လျှင် အကြည်ဓာတ်များ၊ အလွမ်းများ … သင့်ရင်ထဲသို့၊ သင့်သွေးသားထဲသို့ စီးဝင်သွားမည်။ ကွက်လပ်ကလေးများ ပါရှိနေပါက သင့်ခံစားမှုနှင့် ဖြည့်စွက်ခံစားကြည့်ရတာကလည်း သင့်အတွက် အရသာတစ်မျိုး ရှိနေပါလိမ့်မည်။
    __________________________

    💭 မော်ရုံ
    မော်ရုံဆိုတာ ၃၉ လမ်းအောက်ဘက်မှာ တည်ရှိပြီး ပန်းချီနေမျိုးဆေးရဲ့ ကော်ဖီဆိုင်လေး။ မော်ရုံဆိုတာ ငပလီနားက ရွာလေးတစ်ရွာရဲ့အမည်ကို ပန်းချီနေမျိုးဆေးက သဘောကျလို့ ဒီဆိုင်နာမည်အဖြစ် ပေးလိုက်တာ။

    နေရာက ချောင်ကြတဲ့ ၃၉ လမ်းအောက်ဘက်မှာ။ သံတံခါးကြီးကလည်း ပိတ်ထားသေးတယ်။ ညိုမည်းတဲ့ သံတံခါးကြီးအပေါ်မှာ ဂျပ်စက္ကူဝါဝါ ဟောင်းဟောင်းလေးကို ကြိုးနဲ့ တွဲ လောင်းဆွဲထားပြီး ဂျပ်စက္ကူဟောင်းပေါ်မှာ စာရွက်အဖြူလေး ကပ်ထားတယ်။ အဲဒီစာရွက်ဖြူလေးပေါ်မှာ maw yon စာလုံးသေးသေးလေးကို ပန်းချီ နေမျိုးဆေးက ဖန်တီးထားတာ ဖြစ်တယ်။ အပြင်က ကြည့်ရင်တော့ ဂိုဒေါင်အဟောင်းကြီးတစ်ခု။ ကျွီခနဲ သံတံခါးကြီးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လိုက်တာနဲ့ လှပ ဆန်းကြယ်တဲ့ အံ့အားသင့်ဖွယ် အနုပညာကို တွေ့မြင်ခံစားသွားရမယ်။

    ကြိုက်နှစ်သက်ရာ ခုံလေးတစ်ခုမှာ ဝင်ထိုင်လိုက်တာနဲ့ အပြင် ပြန်မထွက်ချင်အောင် Atmosphere က လုံးဝ ပြောင်းလဲသွားတယ်။ ပစ္စည်းအဟောင်းတွေအလယ်မှာ စိတ်က သစ်နေပြီး ကြည်နူး ချမ်းမြေ့ လန်းဆန်းနေမယ်။ ဘယ်လောက်ကြာကြာထိုင်လည်း အဲ့ဒီအတွက် အခကြေးငွေ ပေးစရာမလိုဘူး။ စာအုပ်စင်ကြီးလည်း ထားပေးထားတယ်။ ဂစ်တာနဲ့ အဆိုပါ ထားပေးထားပြီး မော်ရုံထဲ ရောက်ရင် ၁၉၆၀၊ ၁၉၇၀ vibe ကို ပြန်ခံစားရတယ်။

    ဖန်တီးသူ ပန်းချီနေမျိုးဆေးရဲ့ စိတ်ကူးနဲ့ decoration ကို ပန်းချီဒီဇိုင်းတွေ၊ recycle လုပ်မယ့် ပစ္စည်းအဟောင်းတွေပဲ အသုံးပြုထားတယ်။ ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စာထိုင်ဖတ်လို့ရပြီး တစ်ခေတ်တစ်ခါက တေးသီချင်းမှာ စီးမျောရင်း အနုပညာတွေနဲ့ ထူးခြားတဲ့ decoration တွေကို လေ့လာနိုင်မယ့် “မော်ရုံ”

    💭 မာလာဆောင်
    မာလာဆောင်သူ မမြင့်ဆီကို ညစောင့်ကနေတဆင့် ရာမညသုပ်လေး သွားပို့ပေးပြီး မိုးဖွဲလေးတွေကြားထဲ ကိုကျော်မြင်နဲ့ ထီးတစ်လက်ကို နှစ်ယောက်အတူ ဆောင်းပြီး ပြန်လာခဲ့ကြပြီး နောက်ဆုံးနှစ်သမားတွေဆိုတော့ အဲဒီကတည်းက မမြင့်နဲ့ ပြန်မဆုံဖြစ်တော့တဲ့ အကြောင်းလေး …

    💭 ခရမ်းပြာ
    တော်ရုံလူဆို ကြာကြာမနေနိုင်ဘဲ ထွက်ပြေးတတ်ပြီး အနုပညာဓာတ်ခံရှိသူဆိုရင်တော့ ပျော်ပြီး အနေကြာသွားတတ်တဲ့ ခရမ်းပြာ …
    ပြည်လမ်း၊ ၁ (က)၊ ၅ မိုင်ခွဲ၊ ရတနာမြိုင်မှာ တည်ရှိတဲ့ ခရမ်းပြာ …
    ကိုရဲလွင်ရဲ့ ပန်းခရမ်းပြာသီချင်းလေးကို တက္ကသိုလ်ဝန်းကျင်မှာ လူတွေ အတော်သီဆိုပြီးမှ နာမည်တွင်လာတဲ့ ခရမ်းပြာ …
    တစ်ချိန်က ဂီတသမားတွေ စုဝေးနေထိုင်ခဲ့ရာ ခရမ်းပြာအဆောင်အကြောင်း …

    💭 ယုဇနညများ
    ယုဇနဆိုတာ အိမ်ပြန်ရခက်တဲ့ မြို့တော် …
    သောက်ရင်း မိုးချုပ်သွားလို့ တာမွေက ပန်းချီဆရာတိုက်ခန်းမှာ အိပ်ရတဲ့ ညတွေ …
    ပန်းချီကိုဝင်းမြင့်၊ ကဗျာဆရာနဲ့ လမ်း ၄၀ ကနေ ကားစီးပြီး အတူပြန်ခဲ့ကြတဲ့ ညတွေ …
    စာရေးသူ လိုက်တိုက်တဲ့ညက အိမ်ပြန်နောက်ကျလို့ ဓာတ်ဆရာကို သူ့မိန်းမက လမ်းကစောင့်ပြီး ယုဇနအဝင်မှာ တင်ပါးကို ဝါးလုံးနဲ့ ဆက်တိုက်ဆော်ခဲ့တဲ့ည … စသဖြင့် ယုဇနညတွေ။

    💭 ပန်းဆိုးတန်း
    စာအုပ်ဟောင်း တစ်ပုံတစ်ပင်ကြီး ရှိတဲ့ ပန်းဆိုးတန်း …
    ပန်းဆိုးတန်းလမ်းဘေးက စားသောက်ဆိုင်တွေမှာ ညစဉ် ထိုင်ခဲ့ကြဖူး။
    အယ်ဒီတာလုပ်ရင်း ကဗျာရေးရင်းနဲ့ ရန်ကုန်ဘဝကို စခဲ့သု လင်းထိပ်နဲ့ ပန်းဆိုးတန်းက ဖြစ်ရပ်တွေအကြောင်း …

    💭 ဆူးလေတဝိုက်
    စေတီရင်ပြင်ပေါ် မရောက်ဘဲ ဆူးလေဘိုးဘိုးကြီးကို နှင်းဆီပန်း မပူဇော်ဘဲ ကပ်ကပ်ကျော်သွားတတ်ကြတဲ့ ဆူးလေ …
    ဆူးလေစေတီ အနောက်ဘက်က စာရေးသူ red label မှာသောက်နေကျ စားသောက်ဆိုင်အသေးလေး …
    ဖက်ပေါ်မှာ ထမင်းပုံ၊ ပဲဟင်းနဲ့ နယ်ဖတ်ပြီး ဆိတ်ဦးနှောက်ဟင်းနဲ့ စားကာ မန်ကျည်းသီးနဲ့ ထန်းလျက်နဲ့ ရောစပ်ထားတဲ့ မနုဿနီရည်ကို စတီးခွက်အသေးလေးနဲ့ စာရေးသူ သွားစားနေကျ ၁၉၇၂ က စဖွင့်ခဲ့တဲ့ ၂၉လမ်း၊ မြင့်မိသားစု ချစ်တီးထမင်းဆိုင် …
    ဆူးလေအနီးနားက တရားရုံးချုပ် အဆောက်အအုံ၊ ဧမာနွေလ ဘုရားကျောင်း၊ မြို့တော်ခန်းမ၊ ဆူးလေက ခိုတွေ …

    💭 ဝါဇီ၊ ရွှေကြည်အေး မရှိတော့ပါ။
    လေထန်ကုန်း မရှိတော့ပါ။
    အနော်ရထာလမ်းမဘေး ခရေပင်လေးအနီးက ဝါဇီလက်ဖက်ရည်ဆိုင်မှာ၊ ရွှေကြည်အေး လက်ဖက်ရည်ဆိုင်မှာ တစ်နေကုန်အောင် ထိုင်ခဲ့ကြတဲ့ စာရေးသူ၊ မောင်ချောနွယ်၊ ကိုရန်ပိုင်၊ အောင်ချိမ့်၊ ဖော်ဝေး …
    ခုတော့ …
    ဝါဇီလက်ဖက်ရည်ဆိုင်၊ ရွှေကြည်အေးလက်ဖက်ရည်ဆိုင် မရှိတော့ပါ။
    ၃၃ လမ်း လေထန်ကုန်း မရှိတော့ပါ။
    အယူခံမလိုသော အယူမှန်သူ လည်း မရှိတော့ပါ။
    ကြွေတာကိုက ပွင့်ခြင်းပဲဟေ့လို့ ရေးစပ်ခဲ့သူမှာ မရှိတော့ပါ။ ငါ ရှုံးပါစေ တရားက နိုင်ပါစေ။ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်လို့ ပြောသူလည်း မရှိတော့ပါ။
    ခရေပင်လေးအောက်မှာ ညနေဆို မတ်တတ်ရပ်လို့။ ချစ်သူစာအုပ် ရေးသူလည်း မရှိတော့ပါ။
    ထို့နောက် ကဗျာဆရာ မြေချစ်သူ မရှိတော့ပါ။
    မြေချစ်သူ၏ ဘော်ဒါအညာသား အောင်ခက် မရှိတော့ပါ။
    “ပြည်” (~ မောင်ချောနွယ်)
    လဝန်းထဲ
    ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား
    လမ်းရွေးမှားသူ မြစ်
    နှစ်ထပ်သင်္ဘောမြို့ကလေးပေါ် နားခဲ့ပေါ့။

    💭 သာလိကာငှက်ကလေး
    ရောင်နီလာတော့မည်လို့ Facebook မှာ တင်တတ်ပြီး သူ့သားနဲ့သမီးကတော့ အင်္ဂလန်မှာ ကျောင်းတက်နေကြကာ ဒီတိုင်းပြည်က ကလေးတွေကို ကျောင်းမတက်ဖို့ မကြာမကြာ တင်ခဲ့ဖူးတဲ့ ခြံပိုင်ရှင်သူဌေး ဦးမိုးကောင်းကင် …
    ကိုမြေကြီးလို့ အမည်ရတဲ့ သူ့ရဲ့ကားမောင်းသမား။ တစ်ယောက်တည်းနေပြီး စိတ်အနားယူတဲ့သဘော စာဖတ်တယ်။ ဒီရက်ပိုင်းမှာ သူစိတ်ဝင်စားတာ Corruption ဆိုတဲ့ စကားလုံး။
    Our community leaders – everyone we know is touched by corruption. (Jenifer Lawrence)
    The duty of youth is to challenge corruption. (Kurt Cobain)
    “ရောင်နီလာတော့မယ်” လို့ အမြဲအော်တတ်တဲ့ ဦးမိုးကောင်းကင် မွေးထားတဲ့ သာလိကာလေးတစ်ကောင် …

    💭 ဟိုတယ်
    ရန်ကုန်မြို့၊ ချိုင်းနားတောင်းရပ်ကွက်တစ်ခုက အဆင့်မြင့်တည်းခိုခန်း ဒုတိယထပ် အခန်း ၂၀၅ …
    စမ်းချောင်းလမ်းက ပဒုမ္မာတည်းခိုခန်း …
    အဲဒီမှာ ကြာကြာတည်းတတ်တဲ့ မိန်းမတစ်ယောက် …
    ပဒုမ္မာဇာတ်ရုံက စိုင်းထီးဆိုင်တစ်ကိုယ်တော် သီဆိုပွဲ …
    ဆီဆုံလမ်းမှာနေတဲ့ ကဗျာဆရာ ငသိုင်းချောင်းဝံသာ …
    “တို့ဘုရားတို့ဖူးပြီ” စာအုပ်အတွက် စာမူခ ကြိုတင်ငွေနှစ်သိန်းမှာ တစ်သိန်းခိုးခံခဲ့ရ …
    ခုတော့
    တည်းခိုခန်းခေတ်ရှိသေးလား။
    ဟိုတယ်ခေတ် ရောက်နေပြီလား။
    လူတိုင်းလူတိုင်း ဟိုတယ်မှာ တည်းနိုင်ပြီလား။

    💭 ကိုအောင်ချိမ့်သို့ အမှတ်တရ
    ပထမဆုံး ဖတ်ဖူးတဲ့ အောင်ချိမ့်ရဲ့ကဗျာက လက်ရေးမင်ကူး ကဗျာစာအုပ်လေးထဲက နေ့စွဲကျော် ဒိုင်ယာရီစာမျက်နှာများ …
    အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ရဲ့ သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ လက်ရေမင်ကူး ကဗျာစာအုပ်ကို ရောင်းပေးခဲ့ဖူး …
    အနော်ရထာလမ်း ၃၃လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဝင်းမင်းထွေးက အောင်ချိမ့်နဲ့ မိတ်ဆက်ပေးခဲ့ …
    အရက်သောက်ရင် သွေးမဆိုးဘဲ စိတ်သဘောထား ပိုမိုနူးညံ့သိမ်မွေ့လာတတ်တဲ့ အောင်ချိမ့် … စတဲ့ အောင်ချိမ့် အမှတ်တရတွေ …

    “ရုပ်ရှင်ကြည့်ခြင်းကဗျာ”
    အဲဒီ မနက်က
    ညွန့်ညွန့်သိန်းလေးဟာ
    ခဏလေးပါ ကိုကိုရယ်ဆိုပြီးတဲ့နောက်
    ဓာတ်သဘာဝ၏
    ကောက်ကွေ့မှုကို နားမလည်ရှာ
    ခုများ ဘယ်လို နေပါလိမ့်

    💭 ဒီအိမ်လေးထဲမှာ
    ဒီအိမ်လေးဆိုတာ ခြံအမှတ် ၂၉၊ အဓိပတိလမ်း။
    ဒီအိမ်ရောက်မှ စာအုပ်တွေ အများကြီး ထုတ်ဖြစ်
    ဒီအိမ်ရောက်မှ ထွန်းဖောင်ဒေးရှင်းစာပေဆု နှစ်ကြိမ် ရခဲ့ဖူး
    ဒီအိမ်ရောက်မှ တက္ကသိုလ်ထဲက လက်ဖက်ရည်ဆိုင်မှာ ကြာသပတေးနေ့တိုင်းရှိတဲ့ ကိုရွေးတို့ရဲ့ ကြာသပတေးဝိုင်းကို အပတ်စဉ်မပျက် မကွက် သွားဖြစ်ရောက်ဖြစ်
    ဒီအိမ်လေးရဲ့ နံရံတွေမှာ ပန်းချီကားများစွာ ချိတ်ဆွဲထားဖူး
    ဒီအိမ်လေးထဲမှာ စာအုပ်စင်ကြီးက ဟည်းထနေ၊ စာအုပ်တွေက အိမ်အပြည့်များပြား
    အိမ်ရှေ့လမ်းပေါ်က လူတွေက အိမ်ရဲ့ မှန်ပြတင်းကနေ အိမ်ထဲကို ထိုးဖောက် မြင်ရ။ စာအုပ်တွေ၊ ပန်းချီကားတွေ များပြားလှပါကလား။ ဒီအိမ်က စာကြည့် တိုက်လားတဲ့။
    စာရေးသူ ၆နှစ်ကြာနေခဲ့တဲ့ ဒီအိမ်အကြောင်း …

    💭 ရှမ်းလမ်း – စမ်းချောင်း
    ၁၂၂ဝ ခုနှစ်မှာ ရှမ်းလူမျိုးတွေဟာ ဒီနေရာတစ်ဝိုက်မှာ တောကို ရှင်းပြီး ရွာတည်တယ်။ ရွာကို ဖြတ်ပြီး စမ်းချောင်းလေးတစ်ခု စီးဆင်းနေတယ်။ ဒါကြောင့်မို့ စမ်းချောင်းလို့ ခေါ်တွင်စေခဲ့တယ်။ ရွာကလေးဟာ ဖက်ပင်တွေ၊ အုန်းပင်တွေနဲ့ စိမ်းစိုလှပတဲ့ ရွာကလေး ဖြစ်ခဲ့ဖူးတယ်။
    ရှမ်းကုန်သည်တွေ ပြေးခိုလှုံလာပြီး နေထိုင်ကြလို့ ရှမ်းလမ်း။
    ရှင်စောပု စံတော်မူသွားတဲ့ နေရာဟာ ရှင်စောပုရပ်ကွက်၊ ရှင်စောပုလမ်း။
    အထက်မြန်မာနိုင်ငံက မင်းဆွေမင်းမျိုးတွေ ထွက်ပြေးခိုလှုံလာပြီး အခြေကျခဲ့တဲ့ လမ်းကို မင်းလမ်း။
    အမတ်ကြီး နေထိုင်ရာ လမ်းက ဦးဖီးလမ်း။
    ရှမ်းအမျိုးသား ဦးဂွယ် နေထိုင်ခဲ့တာ အစွဲပြုလို့ ဦးဂွယ်လမ်း။
    မြင့်မိုရ်ပွဲများကို အစွဲပြုကာ မြင့်မိုရ်လမ်း။
    ဆီဆုံတွေ တည်ရှိခဲ့ဖူးတော့ ဆီဆုံလမ်း။

    💭 လသာ
    ချိုင်းနားတောင်းက ကွမ်တုံမယ်တော် ဘုရားကျောင်း
    ငါးရံ့ဆန်ပြုတ်ထဲ အီကြာကွေး ထည့်သောက်နေကျ လမ်း ၂၀
    ဦးလေးကြီးရဲ့ နို့ကြက်ဥပေါင်း
    ၁၉လမ်းက တရုတ်မကြီးရဲ့ ပေါ်ပြူလာဆိုင် … စတဲ့ လသာအငွေ့အသက်တွေ။

    💭 SERENITY
    အင်းလျားလမ်းပေါ်က SERENITY လက်ဖက်ရည်ဆိုင် …
    ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းက ထွက်လာရင် SERENITY နဲ့ တည့်တည့် …
    ခိုင်ထူးနေခဲ့ဖူးတဲ့ စစ်ကိုင်းလမ်းက အိမ် …
    ကိုနေဝင်းရဲ့ စစ်ကိုင်းလမ်း သီချင်း …
    ဘလက်ချောကြိုက်တဲ့ SERENITY က နန်းကြီးသုပ်၊ လက်ဖက်ရည် …
    စာရေးသူကြိုက်တဲ့ ပဲပလာတာ၊ လက်ဖက်ရည် …
    SERENITY ဆိုတာ ကိုင်ဇာသီချင်းထဲက ဦးချစ်ဆိုင်၊ ငြိမ်းကျော်ဝတ္ထုထဲက ဦးချစ်ဆိုင် …
    ရှေ့မှာ ပန်းခရမ်းရောင် စက္ကူပန်းရုံလေးရှိတဲ့ ကဗျာ၊ စာအုပ်၊ သီချင်းတွေအကြောင်း ပြောဆိုခဲ့ရာ Serenity လက်ဖက်ရည်ဆိုင်လေး အခုမဖွင့်တော့ပါ။
    အလွမ်းကဖီး Serenity …
    ယခု Serenity မရှိပြီ။
    မရှိခြင်းတွေ ရှိခဲ့ပြီ။
    မတည်ငြိမ်ခြင်းတွေ တည်ငြိမ်ခဲ့ပြီ။
    ပန်းစက္ကူ ပန်းခရမ်းရောင်လေး ဘယ်ဆီမှာလဲ။

    💭 ဦးထောင်ဘိုအဝိုင်းနားက ကြာနီကန်
    ဦးထောင်ဘို အဝိုင်းနားက ရေကန် …
    ရေကန်ထဲမှာ ကြာပန်းနီနီတွေ ပွင့်နေတယ် …
    ခုံတန်းလျားတစ်ခုပေါ် ထိုင်ပြီး ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ကြည့်ရင်း၊ ရွှေတိဂုံစေတီကို လှမ်းမျှော်ဖူးရင်း အတိတ်ရုပ်ပုံကားချပ်တွေဆီ …

    💭 ၃၃ လမ်း
    ၃၃ လမ်းအပေါ်ဘက်မှာ စာရေးသူတို့ ရေးတဲ့ စီးပွားရေးဆိုင်ရာ မဂ္ဂဇင်းတိုက် တည်ရှိတယ်။
    တိုက်နဲ့ ခြေလှမ်းဆယ်လှမ်း အကွာလောက်မှာ လေထန်ကုန်း …
    ၃၃ လမ်းမှာ စာပေလောကစာအုပ်ဆိုင်လည်း ရှိသေးတယ်။ ဂုဏ်ထူးစာပေလည်းရှိတယ်။
    လေဘာတီဆိုင်က အချိုမုန့်တွေ၊ မလိုင်မုန့်လည်း ဝယ်လို့ရတယ်။
    ချယ်ရီမဂ္ဂဇင်းတိုက် ဒေါ်သပြေ ရှိတယ်။
    ကိုကြည်အောင်ရဲ့ မိတ်ဆွေ ပုံနှိပ်တိုက်ပိုင်ရှင် ဦးမြတ်ကျော် ရှိတယ်။
    ၃၃ လမ်းမှာ တေးထုတ်လုပ်ရေးလည်းရှိတယ်။ ကွန်ပျူတာ ဆိုင်တွေလည်း ရှိတယ်။

    💭 ဗဟန်းမှာ …. ငါတို့
    စာရေးဆရာကြီး စစ်ကိုင်းအေးလွင်ရဲ့သား ကဗျာဆရာ ဇော်မိုးလွင်နဲ့ တိရစ္ဆာန်ရုံကို ဖြတ်ပြီး ကန်တော်ကြီးဘေးက ဖြတ်ပြန်လာပြီး စာရေးသူ တည်းခိုနေတဲ့ လှရတနာဘုန်းကြီးကျောင်းဆီ ပြန်လာတဲ့ ညတွေ …
    သူ့ညီမ သွေး(စစ်ကိုင်း) နဲ့ ဆရာမမြူပါးရ်တို့နဲ့ အကြောင်းတွေ …
    စာရေးသူဆီ ဘုန်းကြီးကျောင်းမှာ အလည်လိုက်အိပ်တဲ့ ဆရာဝေမှူးသွင် …

    💭 အနော်ရထာလမ်းမဘေး ခရေပင်လေးအောက်မှာ
    ကဗျာဆရာ‌တွေ၊ မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာတွေ၊ မဂ္ဂဇင်းဝတ္ထုတိုတွေ ရေးတဲ့ စာရေးဆရာတွေ ခေတ်အဆက်ဆက်က မတ်တတ်ရပ်ခဲ့ကြတဲ့ အနော်ရထာလမ်းမဘေး ခရေပင်လေး …
    အသိမိတ်ဆွေတွေ မရှိတတ်ကြတဲ့ တနင်္ဂနွေ မနက်ခင်းတစ်ခုမှာ ခဏတဖြုတ် မောင်ချောနွယ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နေရာ …

    💭 အလင်းဆိုင်မှာ CNK
    မြောက်ဒဂုံ၊ ၆၆၊ ဘုရင့်နောင်လမ်းက အလင်းဆိုင် ဂယ်လာရီကဖေး
    ချမ်းငြိမ်းကျော် တစ်ကိုယ်တော်ပန်းချီပြပွဲ
    CNK ရဲ့ artist life အကြောင်း …

    💭 လပြည့်ဝန်း ကဖေး ကာလများ
    ဗိုလ်ချုပ်လမ်းပေါ်က လပြည့်ဝန်းလက်ဖက်ရည်ဆိုင်
    လပြည့်ဝန်းပိုင်ရှင်မိသားစုက မန္တလေးကမို့ သူတို့ဆိုင်ကို မန္တလေးလပြည့်ဝန်း လက်ဖက်ရည်ဆိုင်လို့ ဆိုင်းဘုတ်တင်ထားတယ်။
    လပြည့်ဝန်း ထိုင်တယ်။ ပျင်းရင် ဗိုလ်ချုပ်လမ်းမှာ လမ်းလျှောက်တယ်။
    မောင်ထော်လေးလမ်းထိပ်က ကိုတင်ထွန်းဆိုင်မှာ TIME မဂ္ဂဇင်းအသစ်ကို အမြဲ ဝယ်တယ်။
    စာရေးသူနာမည်ကို အော်ခေါ်ရင်း လပြည့်ဝန်းကို ရောက်လာတတ်တဲ့ တေဇလင်းအကြောင်း …

    💭 လောကနတ်မှာ … အာချီ
    လောကနတ်ပန်းချီပြခန်းမှာ မန္တလေးသား အာချီရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ။
    အလယ်တန်းကျောင်းသားဘဝမှာ မြသန်းတင့်တွေ ဖတ်နေပြီဖြစ်တဲ့ အာချီ …
    အနုပညာကို စုပ်ယူဖို့ သူ့ပတ်ဝန်းကျင်မှာ အဆင်သင့်ရှိတဲ့ အာချီ …
    ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို အလွန်ကြိုက်တဲ့ အာချီ …
    ပိုက်ဆံရဖို့ မသေချာတဲ့ ပန်းချီကို အသေအချာ ရေးနေပြီး ပိုက်ဆံ အသေအချာ ရတာတွေ မလုပ်တော့တဲ့ အာချီ …
    ကမ္ဘာကြီး ပျက်စီးပြိုလဲ မှောင်မိုက်နေလည်း ပန်းချီတွေ ရေးနေတဲ့ အာချီ …

    💭 ပန်လေးတစ်ပွင့်
    စီးပွားရေးတက္ကသိုလ် နံရံကပ်စာစောင်မှာ ဖော်ပြခံရပြီး နှစ်လည်မဂ္ဂဇင်းမှာပါ ထပ်မံဖော်ပြခံရတဲ့ စာရေးသူရဲ့ ပထမဆုံးကဗျာ “ငရဲခန်းထဲက ညည်းချင်းလေးတစ်ပုဒ်”
    ဒီကဗျာလေး ရေးဖြစ်ခဲ့တာ အိမ်ကျဉ်းလေးတစ်အိမ်က ယောက်ျားလေး ဧည့်သည်တွေကို လက်ခံတဲ့ မိန်းကလေးတစ်ယောက်ကြောင့်။
    မနေ့ကမှ အစ်မဝမ်းကွဲနဲ့အတူ ဒီနေရာကို ရောက်လာတဲ့ မိန်းကလေး …
    ဒီလိုလောကက မိန်းမသားမျိုးနဲ့ အပြောအဆို အပြုအမူမျိုး မရှိတဲ့ မိန်းကလေး …
    စာရေးသူမကြိုက်တဲ့ အနံ့အသက်မျိုး မစွဲကပ်သေးတဲ့ မိန်းကလေး …
    သံဝေဂရသွားပြီဆိုပြီး နောက်တစ်ရက် ထပ်ရောက်သွားတော့ အဲဒီအိမ်မှာ မရှိတော့တဲ့ မိန်းကလေး …

    💭 ငါ့အသည်းကို ခွဲကြည့်ပါ
    ငါ့အသည်းကို ခွဲကြည့်ပါဆိုတာ ကဗျာဆရာ မြေချစ်သူရဲ့ ကဗျာအမည် …
    သစ္စာနီ မိတ်ဆက်ပေးလို့ သိခွင့်ရခဲ့တဲ့သူ …
    အင်္ဂလိပ်ဝတ္ထု ပါးပါးတစ်အုပ် အမြဲပါတတ်တဲ့သူ …
    စာရေးသူကို ပန်းချီခံစားတတ်လာအောင် ပျိုးထောင်ပေးခဲ့သူ …
    သားအပေါ် တန်ဖိုးထား လေးစားတတ်သူ …

    💭 သခွပ်နီသို့
    ကဗျာတစ်ပုဒ် အသပြာအတွက် ရေးဖွဲ့ ထုတ်လုပ်မိပါက သူ့လည်ပင်းအား ကြိုးကွင်းရစ်ပတ် ယခု သတ်လော့ဟု မြင့်မြတ်သော ဒဂုံမြို့သစ် ညတစ်ည၌ သူ ကြွေးကြော်အော်ဟစ်ခဲ့ဖူးတဲ့ ကဗျာဆရာ သခွပ်နီ …
    သခွပ်နီသည် ကဗျာအတွက် အသက်ရှင်ခဲ့သည်။
    အမှန်တရားအတွက် အသက်ရှင်ခဲ့သည်။
    သူသည် အသက် ၂၂ နှစ်၊ လူငယ်ဘဝမှာ နိုင်ငံရေးဖြင့် ဆိတ်ဖလူးရနံ့သင်းသော လေးဘက်လေးတန် အုတ်နံရံတို့ ညှိုးထန်ပိတ်ဆီးထားသော အစိုးရအကျဉ်းထောင်ထဲသို့ ရောက်ခဲ့ရဖူးသည်။
    ကြည်အေးရဲ့ စာတွေကို သူ ရူးမူးခဲ့ဖူးသည်။
    ကြည်အေးရဲ့ မီကို သူချစ်ခဲ့ဖူးသည်။
    “ပျော်တုန်းပဲ သေချင်ပါတယ်။ ပျော်တုန်းမှာ သေရတာဟာ ဘဝကို အနိုင်နဲ့ ပိုင်းလိုက်တာပေါ့နော်” ဆိုတဲ့ ဟိုး လွန်ခဲ့သော ဆယ့်ငါးနှစ်က သူချစ်ခဲ့ဖူးသော မီ …

    💭 သဘာဝ သင်းကွဲ
    မြင်းခြံသား က‌ဗျာဆရာ မောင်လူမှိန် …
    ဘာမဆို ရှေ့ကပြေးသော၊ စာပေမှာလည်း ရှေ့ကပြေးသော ပထမမြို့တော် ရန်ကုန်ကိုသာ ခင်တွယ်သူ …
    ကဗျာအရွေ့ကို သိနိုင်စွမ်းရှိအောင် ပါးနပ်သူ …
    မန္တလေး ပန်တျာကျော်ဝင်း ဇာတ်သဘင်မှာ သီချင်းရေးသူ …
    အမြဲပိုက်ဆံ မရှိတတ်ဘဲ ဘေးလူက သူ့ကိစ္စ အဝဝကို ကူညီဖြေရှင်းပေးရသူ …
    မြင်းခြံမြို့တောင်ပိုင်းက ရေကန်ကြီးထဲ ကျပြီး သေဆုံးခဲ့သူ …
    သူ့ဘဝ‌နေထိုင်မှုက သူ့ကဗျာလို သဘာဝသင်းကွဲ …

    💭 လှည်းတန်း
    လှည်းတန်းရဲ့ အပေါ်မှာ လူငယ်တွေက တရုန်းရုန်း။ လူငယ်နဲ့အတူ လှည်းတန်းက စာအုပ်တွေ လိုက်ဖတ်ရမှာလား။ သင်တန်းတွေ လိုက်တက်ရမှာလား။ လှည်းတန်းက ဂျပန်ကို မသွားပါဘူး။ လှည်းတန်းက လှည်းတန်းမှာပဲ နေထိုင်ခဲ့တာ ကြာ ကြာလှပြီ။ လှည်းတန်းက အခုလူငယ်တွေလို ခေတ်ပြိုင်ကဗျာတွေ လိုက်ဖတ်ရမှာလား။ ခေတ်စမ်းလား။ လှည်းတန်းက ဇော်ဂျီရဲ့ ပိတောက်ရွှေဝါ ကဗျာများကို အလွတ်ရတာပေါ့။ ကဗျာဆရာကြီး ဆရာဇော်ဂျီကို လှည်းတန်းက သိတာပေါ့။ ရှိန်းဆာယာပိုမောက် ကိုယ်ပျောက်သည့် တန်ခိုးကို လှည်းတန်းက သိတာပေါ့။

    ဦးထွန်းလင်းခြံလမ်းထဲမှာ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သပြေညိုခြံကြီး ရှိခဲ့ဖူးတာ၊ သပြေညိုအိမ်ကြီး ရှိခဲ့ဖူးတာကို လှည်းတန်းက ဂုဏ်ယူခဲ့မိ။ သပြေညိုခြံရဲ့ ထမနဲပွဲမှာ ဇော်ဂျီနဲ့ မင်းသုဝဏ် ဆရာကြီးနှစ်ဦးက ကဗျာသမား စာသမားတွေကို သပြေညိုအိမ်ကြီးအတွင်းက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့တာတွေ လှည်းတန်းက ဘယ်မေ့လိမ့်မလဲ။ လှည်းတန်းမှာ အထင်ကရတွေ ရှိခဲ့တယ်။ လှည်းတန်းမှာ သမိုင်းတန်ဖိုးတွေ ရှိခဲ့တယ်။ လှည်းတန်းက လှည်းတန်းအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးပေါ့။

    လှည်းတန်းမှာ အောင်ချမ်းသာ ရပ်ကွက်ကလေးဟာ အလွန်အေးချမ်းပြီး ချစ်စရာကောင်းခဲ့တာပေါ့။ လှည်းတန်းမှာ ဆရာကြီး ဦးခင်မောင်လတ်ရဲ့ အင်္ဂလိပ်စာသင်တန်း ရှိခဲ့ဖူးသလို ဆရာထင်လင်းရဲ့ ဘာသာပြန်သင်တန်းလည်း ရှိဖူးတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်လည်း လှည်းတန်းအရိပ်မှာ ခိုလှုံဖူးသလို သော်တာဆွေလည်း လှည်းတန်းဈေးမှာ မနက် မနက် ဈေးလာဝယ်တာပေါ့။ သခွပ်နီက ရင်ခုန်သံ စာပေဆက်ဆံရေးဆိုတဲ့ စာအုပ်အငှားဆိုင် ဖွင့်ဖူးတယ်။ လှည်းတန်းမှာ ဝင်းဆံပင်ညှပ်ဆိုင်၊ ယူနီယံဓာတ်ပုံဆိုင်၊ ဗဟိုစည်စားသောက်ဆိုင်၊ ဂိုးရှိုးစတိုး၊ ရှမ်းတောင်တန်းစားသောက်ဆိုင်၊ အောင်ကဖီး၊ ကိုယုံကြေးအိုး၊ အလိမ္မာစာပေ …၊ ရတနာထွန်းစတိုး … ရှိခဲ့ဖူးတယ်။၂ဝဝ၃ မှာ အောင်ချမ်းသာရပ်ကွက်ဟာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရရှာပြီး အဲဒီနေရာမှာ လှည်းတန်းစင်တာကြီး ထီးထီးမားမား ပေါ်ထွန်းလာပြန်ရော။ လှည်းတန်းနဲ့ ဘူလ်ဒိုဇာဟာ စေ့စပ်သင့်မြတ်လို့မရနိုင်တဲ့ ရန်သူတွေပေါ့။

    💭 နာနတ်တောလမ်း
    ကျွန်းပင်တွေရှိလို့ ကျွန်းတောလမ်း
    နာနတ်ပင်တွေ ထူထပ်စွာ ပေါက်ရောက်ခဲ့လို့ နာနတ်တော
    ကြံတွေ အပြိုင်းအရိုင်း ထွားကျိုင်းပေါက်ရောက်ခဲ့ရာ အရပ်မို့ ကြံတော
    နာနတ်တောမှာ ခရစ်ယာန်သင်္ချိုင်း
    ကြံတောမှာ မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့သုသာန်
    ကြံတောသုသာန်မှာ စာရေးသူ လိုက်ပါပို့ဆောင်ခဲ့ဖူးတဲ့ စာရေးဆရာတွေနဲ့ နာမည်ကျော်ကြားသူတွေရဲ့ ဈာပနတွေနဲ့ အုတ်ဂူတွေအကြောင်း …

    💭 သာကေတက ဘာသာပြန်စာရေးဆရာရဲ့ ရန်ကုန်အကြောင်း စာအုပ်
    ကြာသပတေးနေ့ စကားဝိုင်းမှာ ခင်မင်ခွင့်ရခဲ့တဲ့ ဘာသာပြန် စာရေးဆရာ စိန်ဝင်းစိန် ဘာသာပြန်ခဲ့တဲ့ စာအုပ်နှစ်အုပ်ဖြစ်တဲ့ NOEL F. SINGER ရေးသားတဲ့ OLD RANGOON နဲ့ B.R. PEARN ရေးသားတဲ့ A HISTORY OF RANGOON ရန်ကုန်အကြောင်း စာအုပ်နှစ်အုပ်ထဲက ၁၈၈၅ခုနှစ်တစ်ဝိုက်အကြောင်း ကောက်နုတ်ဖော်ပြချက် …

    💭 ရန်ကုန်တက္ကသိုလ်ရှေ့က တက္ကစီ (၁)
    ရန်ကုန်တက္ကသိုလ်ရှေ့ အဓိပတိလမ်းမကို ခေါင်းတည်၊ ဖင်ထိုးထားတဲ့ ကြက်တူရွေး တက္ကစီကို မောင်းနှင်နေတဲ့ ကိုမောင်ကလေးအကြောင်း …
    ကားထိုးထားပေမဲ့ ကားထဲ အိပ်ပျော်လို အိပ်ပျော်
    ကားခေါင်းထဲထိုင်ပြီး ဖုန်းထဲက ကိုရီးယားဇာတ်ကား ကြည့်လိုကြည့်
    ဘယ်မှ သွားစရာမရှိလည်း ကားငှားမယ့်သူက အားလားမေးရင် မအားဘူး ပြောပြပြီး နှပ်နေတတ်တဲ့ ကိုမောင်ကလေး …

    💭 ရန်ကုန်တက္ကသိုလ်ရှေ့က တက္ကစီ (၂)
    ရန်ကုန်တက္ကသိုလ်ရှေ့ တက္ကစီဂိတ်မှာ ဆရာကျလာတဲ့ ကိုမောင်ကလေး …
    လမ်းနာမည်တွေကို ဖတ်လေ့ဖတ်ထ မရှိသူမို့ လမ်းတော်တော်များများရဲ့နာမည်ကို မောင်ကလေး မသိ။
    တစ်ရက် ထမင်းစားပြီး မိုးရွာနေချိန် ကိုမောင်ကလေးတစ်ယောက် ကားထဲဝင် မှိန်းနေရင်း သူ့ငယ်ဘဝကို တွေးတောနေမိတဲ့အကြောင်း …

    💭 တောလမ်း – ကြည့်မြင်တိုင်
    မြင့်ဟန် (ကျော်ခန့်လူ) နဲ့အတူ စာရေးသူ ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ကြည့်မြင့်တိုင်က တောလမ်း ဘော်ဒါဆောင်
    တောလမ်းက ထိုင်နေကျ လက်ဖက်ရည်ဆိုင်
    အိမ်ရှင်အမေကြီးက အိမ်ရောင်းလိုက်တော့ ဗိုလ်ဥတ္တမလမ်းက အဆောင်ကိုပြောင်း
    ဗိုလ်ဥတ္တမလမ်းအဆုံးက ဗားကရာချောက်ရဲ့အပေါ်က တစ်ယောက်တည်း သွားထိုင်တတ်တဲ့ ဟေမာန်လက်ဖက်ရည်ဆိုင်
    အဲဒီနေရာကနေ ဗားကရာချောက်ကို ကြည့်ပြီး နောက်ဆက်တွဲ အတွေးတွေ …

    💭 ၃၇လမ်း (ရွှေရောင် မျှော်လင့်ချက်)
    အမှတ် ၃၈၀၊ မဟာဗန္ဓုလလမ်းနဲ့ ၃၇လမ်းထောင့်၊ ပထမထပ်မှာ စာရေးသူနဲ့ စီးပွားရေးတက္ကသိုလ် တက်စဉ်က ခင်မင်ခဲ့တဲ့ ကိုကျော်အောင်ရဲ့ ကုမ္ပဏီရှိတယ်။
    စာရေးသူရဲ့ စာအုပ်တွေကို ထုတ်ရင်းက အဓိကလုပ်ငန်း ကားအငှားလုပ်ငန်းအပြင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းကိုပါ စိတ်ဝင်စားလာခဲ့တဲ့ ကိုကျော်အောင်အကြောင်း …

    💭 Successful ည
    Successful ဆိုတာ restaurant လေးတစ်ခုရဲ့ အမည် …
    ဆိုင်ရှေ့မှာ အထက်ဗဟိုလမ်း၊ သမိုင်းချောင်းရဲ့ နံဘေးကဆိုင်လေး …
    စာအစုံဖတ်တဲ့ လူငယ်သုံးဦးနဲ့ သောကြာညတိုင်း စာအုပ်အကြောင်းတွေ ပြောဖြစ်ကြတဲ့ ဆိုင်လေး …
    ခုတော့ Successful မှာ စာရေးသူတစ်ယောက်တည်း ထိုင်ဖြစ်တဲ့ည …

    💭 သမိုင်းလမ်းဆုံ
    သမိုင်းလမ်းဆုံမှာ နေရောင်ခြည်အသစ် ကျရောက်ပြီ။ မီးပွိုင့်က နီနေသည်။ ကားများက ရပ်ထားကြသည်။ မိန်းကလေးတစ်ယောက်က သတင်းစာရောင်းနေသည်။ သဘာဝဓာတ်ငွေ့ ဖြည့်ရန် တန်းစီနေသော ဂက်စ်ကားတွေက တစ်ဖက်မှာ တစ်တန်းကြီး။

    💭 ဘာပြုလို့ ဘုရား မဖူးရမှာလဲ
    အကြီးအကျယ် လွတ်လပ်ပြီး အကြီးအကျယ် ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတစ်ခုကို ရောက်သွားတဲ့အခါ မင်းက ခက်ခဲတဲ့ တိုင်းပြည်ထဲမှာ ခက်ခဲနေတဲ့ ငါတို့ကို “စောက်တောသားတွေဟာ ဘာမှ စောက်သုံးမကျဘူး။ နင်တို့ ဒီလိုဖြစ်တာဟာ ကိုယ်စိုက်ပျိုးတဲ့အပင်ကို ကိုယ်ရိတ်သိမ်းရတာပဲ” လို့ Live လွှင့်လိုက်၊ fb တင်လိုက် လုပ်နေပေါ့။ မင်းက စဆရကလား။ ငါတို့ဆီမှာ ပန်းချီပြပွဲတွေ လုပ်ရင်လည်း မင်းက တတိယနိုင်ငံကနေ ဆဲရေးပြစ်တင်ပေါ့။ ဒီလိုပဲ ခလုတ်တိုက်ရင်း လောကကို အဆိုးမြင်ရင်း။ ထားပါတော့…ထားပါတော့…။ (“ လူပေါတွေကတဲ့ ပြဇာတ်ကို ကြေးကြီးကြီးပေး ကြည့်ရတယ် မဟုတ်လား”) ကိုအောင်ချိမ့်ရဲ့ ကဗျာအပိုင်းအစလေးကို ငါ သတိရသွားမိတယ်။

    💭💭💭💭💭

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မောင်ကိုကို (အမရပူရ) စာအုပ်များ