လှိုင်းပေါ်ကလူ
3500 (ကျပ်)
• လှိုင်းပေါ်ကလူ စာအုပ်လေးထဲမှာ ၀တ္ထုတို (၁၅) ပုဒ် ပါဝင်လေရာ အားလုံးကို ရေးမပြနိုင်သောလည်း ဆရာငဒိန်း၏ အလေးထား အားစိုက်မှုတွေကို မြင်တွေ့ရသည့်အတွက် ရသစာပေမျိုးဆက်သစ်အတွက် အားတက်မှုဖြစ်ရကြောင်းကိုတော့ မှတ်တမ်းတင်ပါသည်။ အပြောကျယ်လှသော ပင်လယ်ပြင်ထဲမှာ သင်္ဘောသားဖြတ်သန်းမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ချင်ပါသေးသည်။ ဒီလောကထဲရောက်လို့ ဒီစာရေးနိုင်တာဟု မှတ်ချက်ပေးသူရှိသလို ဒီလောကထဲရောက်သူတိုင်းလည်း ပြန်လည်ရေးသားတင်ပြဖို့ စာရေးဆရာ မဖြစ်နိုင် ဆိုသည်ကို ပြန်လည်ဆင်ခြင်ပေးလိုက်ပါသည်။
— ဆရာမ မိချမ်းဝေ• ကုန်းမြေပေါ်မှာသာ ရှင်သန်နေထိုင် လုပ်ကိုင်စားသောက်နေရသည့် လူအများစုအတွက် ဆရာငဒိန်း၏ သေင်္ဘာသားများဘ၀ကို အခြေခံထားသော ၀တ္ထုများသည် ရသအရသာ ပြည့်၀သည့် ဟင်းပွဲကို သုတဟင်းခတ်မှုန့်လေး ထပ်ဖြူးလိုက်သလို စားရသည်မှာ လေးလေးပင်ပင် အရသာ ပြည့်၀လှသည်။ ဖတ်ရသည်မှာ နင့်နင့်နဲနဲ ထိထိရှရှဖြစ်ရသည်။ ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” စာအုပ်သည် ဆရာငဒိန်းအတွက် အမှတ်တရ ဖြစ်ရမည့် စာအုပ်ဖြစ်သလို အားပေးဖတ်ရှု့ရမည့် စာဖတ် ပရိသတ်အတွက်လည်း အားပေးရကျိုးနပ်စေမည့် စာအုပ်တစ်အုပ်ဟု ညွှန်းဆိုရင်း ….. ( ဆရာမြစ်ကျိုးအင်း မုဒိတာစကားမှ )
• ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” ဆိုသည့်အတိုင်း ငဒိန်း၀တ္ထုတိုတွေက တကယ့်လှိုင်းပေါ်က ၀တ္ထုတိုစစ်စစ်တွေ ဖြစ်နေသည်။ တချို့ ၀တ္ထုတိုတွေက ပင်လယ်လှိုင်းပေါ်က ၀တ္ထုတိုတွေဖြစ်ပြီး တချို့ ၀တ္ထုတိုတွေက လောကဓံလှိုင်းပေါ်က ၀တ္ထုတိုတွေဖြစ်ကြသည်။ ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” ဆိုသည့်အတိုင်း ငဒိန်း၀တ္ထုတိုတွေက မူးယစ်စေသည်။ ပြီးတော့ စီးဆင်းအားကောင်းသော သူ့၀တ္ထုတိုတွေက စွဲလမ်းစရာကောင်းသည်။ (ဆရာမိုးကျော်ဇင် အမှာစာမှ)
ဒီစာအုပ်လေးကို ထူးထူးခြားခြားအနေနဲ့ အမျိုးသားစာပေဆုရ စာရေးဆရာနှစ်ယောက်က မုဒိတာစကားနဲ့ အမှာစာ ချီးမြှင့်ပေးထားပါတယ် .. တစ်ခါမှ အမှာစာ မရေးသားဖူးသေးတဲ့ ဆရာမြစ်ကျိုးအင်းရဲ့ မုဒိတာစကားနဲ့ အမှာစာ အရေးအသားကောင်းတဲ့ ဆရာမိုးကျော်ဇင်တို့ရဲ့ အမှာစာပဲ ဖြစ်ပါတယ် ..
ရွှေအမြုတေ မဂ္ဂဇင်းလို စာပေအစဉ်အလာရှိတဲ့ မဂ္ဂဇင်းမှာ ၀တ္ထုတွေဖော်ပြခံရတဲ့ ကမ်းလက်ရဲ့ ၂၀၁၈-၂၀၁၉ တစ်နှစ်တာ အကောင်းဆုံးဆုရှင် စာရေးဆရာငဒိန်းရဲ့ ၀တ္ထုတိုတွေဟာ စာဖတ်သူတွေသာမက စာရေးသူတွေကပါ သတိထားမိပြီး စောင့်ေမျှာ်ဖတ်ရှုနေရတဲ့ ၀တ္ထုတိုတွေပဲ ဖြစ်ပါတယ် ..
ဒီစာအုပ်ထဲမှာ မဂ္ဂဇင်းပါ ၀တ္ထုတိုများအပြင် မည်သည့်မဂ္ဂဇင်း ၊ ဂျာနယ်များတွင်မှ မဖော်ပြရသေးသော လက်ကမချချင်တမ်း ဖတ်ရှုချင်လောက်အောင် စွဲဆောင်အားကောင်းသည့် ရသ၀တ္ထုတို ၁၅ ပုဒ်ကို ဆရာမ မမြတ်မွန်ရဲ့ သရုပ်ဖော်လက်ရာတွေနဲ့တကွ ဖော်ပြပေးထားတဲ့အတွက် ဝယ်ယူလိုက်ရတာ နောင်တမရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ် …..
စာမျက်နှာ | 184 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 စက်တင်ဘာလ (ပ-ကြိမ်) |
12 in stock
The Bibliophile: Book Reviews By MSL –
⛵️မြန်မာနိုင်ငံမှ သင်္ဘောတက်အလုပ်သမားများ ဘဝ ကို အခြေခံထားတဲ့ ဝတ္ထုတို အများစုနဲ့အတူ လူတွေရဲ့ အချိန်အခါ နေရာဒေသအလိုက် စိတ်နေစိတ်ထား သဘာဝအကြောင်းလေးတွေကို ထိထိမိမိ ရေးသားထားတဲ့ စာအုပ်လေးပဲဖြစ်တယ်။ အကြောင်းအရာလေးတွေဟာ ဖတ်ပြီးသွားသည်အထိ ဆွဲဆောင်နိုင်ဒါတော့ ဧကန်ပဲ။ ဒိ့ပြင် ဖွဲနွဲ့ရေးသားပုံလဲ မဟုတ်သလို တုံးတိကြီးလဲ မဟုတ်ပြန်တဲ့ ဒီစာအုပ် အရေးအသားဟာ လူတွေရဲ့ ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်း ဒဲ့ရေးသားဖော်ပြထားတော့ ပျင်းရိမနေပဲ ဖတ်ရသူအဖို့ ရိုးအီမနေဘူး။
⛵️လူသိနည်းတဲ့ ပင်လယ်ပြင်ပေါ်က သင်္ဘောသားများရဲ့ ခက်ခဲမှုတွေ၊ အမောတွေ၊ နက်ရှိုင်းတဲ့ ခံစားချက်တွေ နဲ့ လူ့ဘောင်အတွင်း ရှင်သန်ဖို့ ရှုန်းကန်မှုတွေကို အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ရေးသားဖော်ပြထားတာပဲဖြစ်တယ်။ ဝတ္ထုတို အပုဒ်ပေါင်း (၁၅) ပုဒ် ပါဝင်ပြီး ထက်ဝက်လောက်ဟာ ပင်လယ်ပြင်ပေါ်က လုပ်သားများအကြောင်းဖြစ်တယ်။ ဒီ (၁၅) ပုဒ်ထဲ ကျနော်အကြိုက်ဆုံးကတော့ ❝ငါးစီးပို့တ်က အသံ❞ ဆိုတဲ့ ဝတ္ထုတိုလေး။ အလုပ်လုပ်တဲ့ သင်္ဘောမတူပေမယ့် ကိုယ့်လူမျိုးအချင်းချင်း သင်္ဘောရပ်နား ဆိပ်ကမ်းတွေမှာ ဆုံမိရင် အပြန်အလှန် ကူညီဖေးမတတ်တဲ့ စိတ်ထားနဲ့ ပင်လယ်ပြင်ပေါ်မှာအလုပ်လုပ်ရတာချင်းတူတူ တစ်ချို့တွေရဲ့ ဘဝဟာ ဆုတ်လဲဆူး စားလဲရူး ကြိတ်မိတ်ဖြတ်ကျော်နေရပုံကို ရေးဖွဲ့ထားတာ တကယ်ကို ဂရုဏာသက်မိပါတယ်။
နောက်တစ်ပုဒ်ကတော့ ❝မြစ်ရဲ့ရိုးရာ❞။ ဒါလေးကျ မိဘတွေဆိုတာ ကိုယ့်သားသမီးကို ဇရာကုန်ခန်းသည်ထိ မေတ္တာရည်မခန်းပဲ ဘယ်လိုအခြေအနေဖြစ်ဖြစ် ပံ့ပိုးပေးနေပုံလေးကို လွမ်းမောဂရုဏာသက်စရာလေး ရေးဖွဲ့ထားပုံဟာ စာဖတ်သူအဖို့ မိဘမေတ္တာအကြောင်းတရားလေး သတိထုံးနှလုံးမှုစေတာပေါ့။
အပုဒ်တိုင်းဟာ ဖတ်ပြီးတိုင်း တွေးတောစရာလေးတွေ ချန်ထားပေးတာလေး ကို သဘောကျတယ်။ အကြောင်းအရာလေး ကို ရော့ အင့်ဆိုပြီး အပြည့်အစုံဖော်ပြတာမဟုတ်ပဲ ဇာတ်သိမ်းတစ်ချို့ကို ကိုယ့်ဘာသာ စိတ်ကူးဆင်ချင် အဆုံးသတ်စေတာဟာ ဖတ်ရသူအဖို့ ရသတစ်ခုပဲလေ။
⛵️ပင်လယ်ထဲ လှိုင်းလုံးကြီး၊ငယ် အစုန်အဆန် ဗြောင်းဆန်နေသလို လောကပင်လယ်ကြီးထဲ လူတို့သည်လဲ လောကဓံလှိုင်းလုံးများကြား နိမ့်ချည် မြင့်ချည် နဲ့ ကူးခတ်နေကြရတာပါပဲ။ ဒါလေးကို အနုပညာအပြည့်အဝနဲ့ ရေးသားထားဒါကို ဖတ်ရတော့ စာရေးဆရာရဲ့ စေတနာအပြည့်အဝကို ခံစားမိစေပါတယ်။ ကိုယ့်ရဲ့ လောကဓံတွေ ဘယ်လောက်ထိ ခက်ထန်လဲ၊ လောက မှာ ငါတစ်ယောက်ပဲ ခက်ခဲရှုန်းကန်နေရတယ်လို့ ခံစားနေရလား…. ဒီစာအုပ်လေးကို မြည့်စမ်းကြည့်ပါလို့ စာညွှန်းပေးရင်း တိုက်တွန်းလိုပါတယ်။
⭐️Rating: 6.5/10
ကျေးဇူးတင်ပါတယ် 🌸🌿
Chris Mg –
စာအုပ်အကြောင်း မပြောခင် စာရေးသူ ဆရာငဒိန်း အကြောင်း အရင်ပြောချင်ပါရဲ့။ စာရေးသူ ငဒိန်း အကြောင်းပြောရမယ်ဆို ရွှေအမြူတေက မပါမဖြစ် ဖြစ်ရပြန်တယ်။ ကိုယ် နဲ့ ကလောင်ရှင် ငဒိန်း ရဲ့ ဆုံမှတ်က ရွှေအမြူတေမို့ပါ။
လစဥ်ထုတ် ရွှေကို ဝယ်ပြီးတာနဲ့ အရင်ဆုံး လှန်ကြော ကြည့်မိတဲ့ ကဏ္ဏက ရွှေ အသစ်ပါ။ အားကျခြင်းတဝက် ဂုဏ်ယူခြင်း တခြမ်း နဲ့ ရွှေကလောင်တွေရဲ့ လက်ရာကို စောင့်စားဖတ်ရှု ခဲ့ရတာ ရင်ခုန်စရာ။
ငဒိန်း ဆိုတဲ့ကလောင်အမည်ကို တွေ့ရတော့ ဒိန်းခနဲ ဖြစ်သွားရပါတယ်။ ပထမဆုံးသတိထားမိတာ ရွှေအသစ်မှာ ပါဝင်ခဲ့တဲ့ “လှိုင်းပေါ်ကလူ လူပေါ်ကလှိုင်း” ဝတ္ထုတိုပါ။ ဇာတ်ကောင်တွေနဲ့အတူ သဘော် ကြီးထဲမှာ ဝင်ရောက်ရင်း အသက်ရှု ကြပ်မိလျက်သား ဖြစ်သွား ခဲ့ရတဲ့ ဝတ္ထုပါ။ “ချစ်ခြင်းရဲ့ လိပ်ပြာ” မှာတော့ အမျိုးသမီးတစ်ဦး ရဲ့ ခံစားချက်ကို လှစ်ခနဲ တွေ့လိုက်ရပါတယ်။ သူ့ကို သည် နှစ်ပုဒ်နဲ့တင် ရွှေ ဝတ္ထု ကဏ္ဏ မှာ ဆက်လက် ပါဝင်နိုင်စေဖို့ အကြိမ်ကြိမ် ဆန္ဒ ပြုနေမိတာပါ။
မကြာပါဘူး။ “မြစ်ရဲ့ရိုးရာ” နဲ့ ကိုယ့်ဘဝင် ကို ခိုက်စေခဲ့ပါတယ်။ မှတ်မှတ်ရရ ဆိုရရင်” မြစ်ရဲ့ရိုးရာ” က မျက်လုံးမမြင်ရတဲ့ အခိုက်အတန့် ကာလမှာ
အမေက အနားထိုင်ရင်း ဖတ်ပြတာကို ခံစားခဲ့ရတဲ့ ဝတ္ထုလေးပါ။ ဝတ္ထုထဲက သက်ကြီးဇနီးမောင်နှံ ၂ ဦးရဲ့ ပုံရိပ်ကို အမှောင်ကျနေတဲ့ စက္ခုထဲမှာ အလင်းသား မြင်ရရင်း သမီးဖြစ်သူကို ကျိန်ဆဲခဲ့မိပါတယ်။လေတိုးလိုက်တိုင်း လှုပ်ယိမ်းနေတဲ့ ပြောင်းဖူးခင်းကို မျက်စိထဲ မြင်ယောင်ရင်း မိဘများရဲ့ မခမ်းနိုင်တဲ့ မေတ္တာကို မှန်းဆမိခဲ့ရတဲ့ ဝတ္ထုလေးပါ။
“သည်လှိုင်း သည်လှေ သည်လူတွေ” ကတော့ ဝတ္ထုရှည်အဖြစ်နဲ့ ရွှေမှာပါဝင်ရင်း ကိုယ့်ရဲ့ အားကျခြင်း တလှေကြီး ထွားခဲ့ရတဲ့ ဝတ္ထုဆိုပါတော့။
အခုတော့ စွဲငြိခဲ့ရတဲ့ ဝတ္ထုတိုလေးတွေ ပါဝင်တဲ့ ဆရာငဒိန်း ရဲ့ အတိုစုလေး ထွက်ရှိလာတာ ဝမ်းသာမိပါတယ်။
ဝတ္ထုတိုပေါင်း ၁၅ ပုဒ်ပါဝင်ရမှာ သဘော်သားဘဝ နောက်ခံ ဝတ္ထုတိုက (၆) ပုဒ်ဖြစ်ပြီး ကျန်ရှိတဲ့ အတိုများကတော့ အခြားဘဝ နောက်ခံ များကို သီကုံးထားပါတယ်။ အနှစ်သက်ဆုံး အချို့ကို ကောက်နှုတ်လို့ မုဒိတာ ပွားရင်း မေတ္တာအရင်းခံ နဲ့ ဖတ်ဖို့လက်တို့လိုက်ချင်ရဲ့။
သဘော်သားတွေရဲ့ ဘဝ ကို အကြောင်းအရာလုပ် ဖန်တီး ရေးဖွဲ့ ထားသမျှထဲမှာ ” ငါးစီးပို့တ်က အသံ” က ရင်ဘတ်ကို အထိဆုံးပါ။ တနယ်တကျေးမှာ ရုန်းကန်လှုပ်ရှား ကြရရှာတဲ့ နိုင်ငံသားတူသူအချင်းချင်း ခံယူချက် ကွဲပြားစွာ အသက်ရှင်ပုံ၊ ရိုင်းပင်းကူညီပုံ နဲ့ ဆက်ဆံပုံတွေကို ဖတ်ရတာ ရင်ထဲ မကောင်းလှပါဘူး။ သူစိမ်းမြေမှာ အချင်းချင်းမို့ အားကိုးမလားဆို နောက်ကျောကို ဓါးနဲ့ထိုးတတ်တဲ့ ဇာတ်တူသားတွေ နဲ့ ယှဥ်တွဲနေထိုင်ဖူးသူမို့ သည်ဇာတ်လမ်းက ပေးတဲ့ ရသက ကိုယ့်အတွက် အပြည့်အဝ ဖမ်းဆုပ်မိခဲ့ရပါတယ်။ အဆိုးကြားထဲမှာပဲ အကောင်းတွေ ရှိတတ်တဲ့ သဘာဝကို ပါပါးလေး ထည့်ရေးပြသွားတော့ တနယ်တကျေးက ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေကို သတိရမိပါရဲ့။
“သောက်တော်အိုးရယ်တဲ့ အို…မကွာ” ဖတ်ရတော့ လူတွေရဲ့ချစ်စရာ စွဲလမ်းမှုလေးတွေကို ပိုက်ထွေးမိရပါတယ်။ အဖိုးအိုရဲံ အစွဲကို ရင်ထဲကနေ နွေးနေအောင် ကိုယ်ချင်းစာပေးမိပါတယ်။ တန်ဖိုးမရှိပေမယ့် မလဲပစ်နိုင်တဲ့ အမှတ်တရာတွေ ဂျိုးကပ်နေမယ့် အဘိုးအိုရဲ့ ခရားအိုး အိုအိုကို ပုံဖော်ရင် ကိုယ်တွယ်တာမိတဲ့ အချို့သော အဟောင်းအနွမ်းလေးများကို သတိရမိပါရဲ့။
စာရေးခြင်း ဆိုတဲ့ ဖန်တီးမှုမှာ စျာန်ဝင်စားခြင်းက အဘယ်မျှ အရေးပါ နက်နဲကြောင်းကို တို့ထိခွင့် ရခဲ့တာကတော့ ” ခုလိုက်တဲ့တုံးဟာ အငိုမျက်လုံး မပြုံးသာ” ဆိုတဲ့ ဝတ္ထုတိုမှာပါ။ အမျိုးသား တစ်ဦးရဲ့ အားထုတ်မှုက နားမလည်သူတွေအတွက်ဆို ရှုံချစရာကောင်းနေတတ်ပါတယ်။ အားထုတ်မှုတစ်ခုကို အချိန်မှီ အပြီးသပ်နိုင်ဖို့ ကြိုးစားရင်း အမှတ်မထင်ပြုမိတဲ့ အမူအရာက ကိုယ့်ရဲ့ရင်သွေးငယ်ကို ဝမ်းနည်းစေတတ်ပြန်ပါတယ်။ ဖခင်တစ်ဖြစ်လဲ ခင်ပွန်းသည် တစ်ဦးရဲ့ အပူကို အငှားဝင်ခံစားမိရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ။
ဆရာငဒိန်းရဲ့ ရေးဟန်တွေက “ရေးတတ်ရင် ဝတ္ထုဖြစ်တယ်” ဆိုတဲ့ စကားလေးကို ပြန်ပြောင်း ကြားယောင်စေပါတယ်။ တချို့ အတိုလေးတွေက အရှည်တွေထဲက ဇတ်ခနဲ ခွဲထွက်လာပြီး တခန်းရပ် အပြလေးတွေအဖြစ်နဲ့ စိတ်ကို ဖြေဖျော် ၊ အသိကို ထွန်းလင်းစသလိုပါပဲ။
မဝေးတဲ့ကာလမှာ လုံးချင်းလေးတွေကိုလည်း စာဖတိသူတွေ လက်ထဲ ထည့်ပေးနိုင်ဖို့ မျှောလင့်မိပါတယ်။
အာရုံညောင်းတဲ့ ကာလမှာ အတိုစုလေးတွေနဲ့ စိတ်ဓါတ်အင်အားပေးလေတဲ့ ဆရာသမားတိုင်းကို ကျေးဇူးတင်မိပါရဲ့။ ဘေးကင်းရန်ကွာလို့ ဖန်တီးမှုအသစ်တွေ ဆက်လက် လုပ်ဆောင်နိုင်ကြပါစေ။
Mon Halsey –
ကျွန်မအဖေပြောတတ်တဲ့.. လက်သုံး စကားတစ်ခွန်း ရှိပါတယ်..ဖီလင်လာတယ်..ဖီလင်မလာဘူး.. စသည်ဖြင့်သူပြောတတ်တယ်..
ဒီစာအုပ်ကလေး..လက်ထဲရောက်လာတော့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ..အပြီးဖတ်ဖြစ်လိုက်ပါတယ်..ဖီလင်လာတယ်ပဲ ဆိုကြပါစို့..
ဒီစာအုပ်ထဲကအဖြစ်အပျက်တွေ..အတော်များများဟာ ကျွန်မငယ်ငယ်ကတည်းက..ကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေနဲ့ အတော်တူပါတယ်.. စာအုပ်ထဲကဝတ္ထုတိုလေးတွေ အတော်များများမှာ သင်္ဘောသားတွေရဲ့ ဘဝတွေ ထင်ဟပ် နေတာကိုတွေ့ရတယ်..
ကျွန်မအဖေက ရာထူးအနိမ့်စား သင်္ဘောသားတစ်ဦးပါပဲ ..သင်္ဘော လိုက်ပြီးကျွန်မတို့ကို ပံ့ပိုးပေးခဲ့တဲ့အတွက် သူ့ကျေးဇူးတွေ..အများကြီးရှိပါတယ် ..သနားစရာကောင်းတာက သူ့ဘဝအချိန်အတော်များများဟာ..ရေထဲမှာ ကုန်ဆုံးခဲ့ရပေမဲ့.. သူကရေကို ..သံရောစဉ်မရှိဘူး.. ရေတွေကိုအမြဲမြင်နေရတာ တစ်ကယ်ကိုကျွတ်တာပဲလို့သူပြောတယ်..
အဖေပြန်ရောက်လာရင် ပျော်ရွှင်တက်ကြွပြီး သူ့စိတ်ကလေးတွေ ငြိမ်သက် လုံခြုံ
ခြင်းရှိနေတာ… တစ်ခေါက်တော့ပြီးပြန်ပြီလို့…စိတ်ချနေတာ.. ပါလာတဲ့လက်ဆောင်ကလေးတွေထုတ်ပြရင်း.. ရောက်ခဲ့တဲ့နေရာကအကြောင်းတွေ.. ဝေဝေဆာဆာပြောပြရင်း သူ့ကိုယ်သူဂုဏ်ယူနေတာ..
ကျွန်မသိတယ်..ကျွန်မတို့လည်းပျော်ကြတယ်
..ဒါပေမဲ့ကျွန်မသိတတ်လာတဲ့အချိန်ကျတော့ အဖေ..သင်္ဘောကပြန်လာတိုင်း..သူ့လက်ချောင်းကလေးတွေ..လက်သည်းလေးတွေမှာဆီချေးလေးတွေ..မပြောင်တာကို သတိထားမိတယ်…အဖေ့ကိုမေးခွန်းမထုတ် မိပေမဲ့ အဖြေကိုသိနေခဲ့ပြီး..စိတ်မကောင်းဖြစ်ခဲ့ရတယ်..အဖေ ပင်ပန်းခဲ့ရတာကိုသိတယ်..
ဒီစာအုပ်ကလေးကိုဖတ်ရတော့ အဲဒီခံစားချက်တွေဟာ..ရင်ထဲကို..ဒိုင်းဒိုင်းဒိုင်းဒိုင်းနဲ့ ဝင်လာတယ်.. ကျွန်မအဖေလို..သင်္ဘောပေါ်က လူတွေရဲ့အကြောင်းကို ဖတ်ရတော့ မျက်ရည်ကျမိတယ်.. ဒီအကြောင်းတွေဆက်ပြီးမသိချင်ပေမဲ့ကျွန်မက ဇွတ်နှစ်ပြီးဖတ်နေခဲ့မိတယ်..
စက်ချုပ်တို့..သူကြီးတို့.. ကုန်းပတ်တိုက်ရတာတွေ.. ရိုက်ကြေးဆိုတဲ့အကြောင်းတွေ.. ဖဦးထုပ်တွေ..ရွှေတွေ..ကကြီးကောင်တွေ ကိုရီးယားချဉ်ဖတ်တွေ.. အဖေနောက်ဆုံး လိုက်ခဲ့တဲ့သင်္ဘောပေါ် မှာ.. အကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ကိုရီးယားတွေ.. ဒီအကြောင်းတွေ ဖတ်ရတာ ကျွန်မအဖေနဲ့ ပြန်တွေ့ပြီးသူပြောတာလေးတွေ နားထောင်လိုက်ရသလို လွမ်းသွားခဲ့ရတယ်..
တစ်ခေတ်တစ်ခါက သတို့သမီးတွေရဲ့အိမ်မက်က သတို့သားဟာသင်္ဘောသား/ သင်္ဘောအရာရှိ ဖြစ်ရမယ်.. တိုယိုတာကိုရိုလာကား/ ဆန်နီပစ်ကပ်ကား ဝယ်လာနိုင်ရမယ်.. အင်းယားလိပ်မှာမင်္ဂလာဆောင်နိုင်ရမယ်.. ဒါဆိုရင်ဘဝ.. တစ်ခုရဲ့အစဟာ..ပြည့်စုံပြီလို့ လူတွေက အမြင်နဲ့အားကျကြလေ့ရှိတယ်..
တကယ်တော့အသက်နဲ့ရင်းပြီး ရေထဲမှာ အလုပ်လုပ်ရတဲ့ ဘဝတွေပါပဲ ..သူတို့မှာ မိသားစုကို ပြန်မသိစေချင်တဲ့ အကြောင်းတွေအများကြီးရှိတယ် .. ပါလာသမျှကုန်ခါနီးပြီဆိုရင် သင်္ဘောကပြန်ခေါ်ဖို့ကိုမျှော်ရပြီ ..
ခေါ်ပြီဆိုရင်လည်း တစ်ခါတလေ..သုံးရက်လောက်အတွင်းမှာပဲ..အကုန်လုံး ပစ္စည်း
တွေ သိမ်းကြုံးထည့်ရင်း..
မျက်နှာလေးငယ်ငယ်နဲ့ အဖေက ပြန်ထွက်သွားရလေ့ရှိတယ်..
ကျွန်မအဖေက ငါးဖမ်းသင်္ဘောလည်း..လိုက်ဖူးတော့ ငါးတွေများကြီးပါလာတဲ့ထဲကနေ ..ငါးကြီးကြီးတစ်ကောင်ကို ယူပြီးပြန်လွှတ်ပေးလိုက်တယ်.. ဒါကမေမေ့အတွက် ..ငါးသေးသေးလေးတစ်ကောင်ကိုယူပြီးပြန်လွှတ်ပေးလိုက်တယ်.. ဒါက မွန်မွန့် အတွက်.. သူတို့မိသားစုတွေလည်းပြန်ဆုံကြပါစေ လို့…ဆုတောင်းတယ်တဲ့.. ပြောခဲ့တာကို မှတ်မိသေးတယ် ..
ခုပြန်စဉ်းစားကြည့်တော့ အဖေဟာ ..သူတတ်နိုင်သလောက်ကုသိုလ်လေးတွေ လုပ်ခဲ့သေးတာပဲလို့..သနားစိတ်ဖြစ်လာရပြန်ပါတယ် ..
စာအုပ်ထဲက ဝတ္ထုတိုလေးတွေ အကြောင်းကိုတော့ စိတ်ဝင်စားသူများကိုယ်တိုင်ဖတ်ကြည့်မှပဲ..ခံစားနားလည်နိုင်ပါလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောသားတွေရဲ့နောက်ကွယ်က ဘဝတွေ..ခံစားမှုတွေကို ရေးပေးခဲ့တဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်..
ကျွန်မတို့လို..သက်ဆိုင်တဲ့မိသားစု အသိုင်းအဝိုင်းက လူတွေအတွက်
ဒီအကြောင်းတွေကို သိသင့်တယ်လို့ ယူဆပါတယ်..ကျွန်မအတွက်
ကတော့..ခံစားချက်တွေတိုက်ဆိုင်ပြီး တကယ်ကိုဖီလင်လာခဲ့တယ်စာအုပ်ပါပဲ..
ကျွန်မနာမည်ကိုထိုးပြီး တခုတ်တရလက်ဆောင်ပို့ပေးတဲ့..စာရေးဆရာဆိုတာ ဆယ်ယောက်တောင်မရှိသေးပါဘူး.. ကျွန်မကိုလည်း စာရေးသူတစ်ယောက်အဖြစ်အသိအမှတ်ပြုပြီး ဒီစာအုပ်ကလေးကိုပို့ပေးတဲ့အတွက်..ကျေးဇူးတင်စွာနဲ့..တန်ဖိုးထား ဖတ်မိပါတယ်..
#ငဒိန်း
#လှိုင်းပေါ်ကလူ
#မွန်ဟော်စီ
#bookreview
#booksiveread