ကုန်းဘောင်ရယ် လွမ်း

( 1 မှတ်ချက်)

12000 (ကျပ်)

အလောင်းမင်းတရား ဟံသာ၀တီကို သိမ်းပိုက်ပြီးနောက်ပိုင်း အကြောင်းအရာ တချို့ကို တမူထူးခြားသောဟန်ဖြင့် ရေးဖွဲ့ထားတဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ် . . .

အလောင်းမင်းတရား ဦးအောင်ဇေယျ သန်လျင်ကို သိမ်းပြီး ဟံသာ၀တီ ပဲခူးမြို့ကို သိမ်းပိုက်ဖို့ ဝိုင်းရံထားချိန် ကာလ . . .

တိုက်ဆိုင်စွာနဲ့ပဲ ၂၀၂၂ခုနှစ်ကနေ ကုန်လွန်ခဲ့တဲ့ ခုနှစ်သက္ကရာဇ်‌များဆီကို အချိန်ကူးပြောင်းသွားတဲ့ ရဲမြတ်ဆိုတဲ့ လူငယ်တစ်ယောက် . . .

ကုန်းဘောင်ခေတ်က နန်းတွင်းအပျိုတော်လေး မယ်စံနဲ့ ၂၁ရာစုက ရဲမြတ်တို့ကြားမှာ ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်း . . .

ဗိုလ်တွန် (ခေါ်) မင်းခေါင်နော်ရထာ နဲ့
မင်းသား မောင်ရွ (ခေါ်) ဆင်ဖြူရှင်မြေဒူးမင်းတို့ရဲ့ ပဋိပက္ခ ၊ စစ်ရေးစစ်ရာ ရင်ဆိုင်မှုတွေ အကြောင်း . . .

ကုန်းဘောင်ခေတ် လူနေမှုအသွင်ပြင် ၊ စစ်တပ်ဖွဲ့စည်းပုံ ၊ စစ်ရေးအခင်အကျဥ်းနဲ့ စစ်ပွဲများအကြောင်းကို ပီပီပြင်ပြင် ရေးဖွဲ့ထားတဲ့ ရသမြောက် ဝတ္ထုတစ်ပုဒ် . . .

စာမျက်နှာ

312

စာအုပ်အရွယ်အစား

5 .5x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

7 in stock

ကုန်းဘောင်ရယ် လွမ်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🟠 “ကုန်းဘောင်ရယ်လွမ်း” စာအုပ်လေးက ကလောင်သစ်စာရေးဆရာ ရဲမြတ်ရဲ့ ပထမဆုံးစာအုပ်လေးပါ။ ဇာတ်လမ်းက ကုန်းဘောင်ခေတ်ကာလ အလောင်းမင်းတရား ဦးအောင်ဇေယျက သန်လျင်ကို သိမ်းပြီး ဟံသာဝတီပဲခူးကို သိမ်းပိုက်ဖို့ ပြင်ဆင်နေချိန်ကာလနဲ့ ပစ္စုပ္ပန် နှစ်ဆယ်ရာစု အချိန်ကာလနှစ်ခုအပေါ်မှာ အခြေတည်ထားပြီး အဲဒီအပေါ်မှာမှ ကုန်းဘောင်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားနဲ့ နန်းတွင်းအပျိုတော်တို့ရဲ့ ချစ်ခြင်းမေတ္တာအကြောင်း ပုံဖော်ထားပါတယ်။

    🟠 ဒါ့အပြင် အလောင်းမင်းတရားကြီးရဲ့ မြို့များကို တိုက်ခိုက်သိမ်းပိုက်မှုများနဲ့ စစ်ရေးပရိယာယ်များ၊ အလောင်းမင်းတရားကြီး နတ်ရွာစံကံကုန်တော့ သားတော်အစဉ်လိုက်ဆို‌တဲ့ မင်းတရားကြီးရဲ့ အမိန့်တော်ကို မနာခံဘဲ ဒုတိယသားတော် မောင်ရွက ဝန်ကြီးမှူးမတ်များကို ဘုရားမှာ အတင်းအကြပ် သွေးသစ္စာ စည်းကြပ်ခဲ့တဲ့အပေါ် အလောင်းမင်းတရားကြီးကို သစ္စာစောင့်သိတဲ့ လက်ရုံး မင်းခေါင်နော်ရထာ (ဗိုလ်တွန်) က လက်မခံတာကြောင့် မောင်ရွက မင်းခေါင်နော်ရထာကို ပုန်ကန်သူဖြစ်အောင် လုပ်ကြံခဲ့တာကြောင့် ပုန်ကန်သူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပြန်လည်ပုန်ကန်သူရဲ့ နေဝင်ချိန်မလှခဲ့တဲ့ ကုန်းဘောင်ခေတ်ရဲ့ အကြီးကျယ်ဆုံး၊ အတော်ဆုံး စစ်သူကြီးရဲ့ ကျဆုံးခန်း စတဲ့ သမိုင်းကြောင်းများကို လေ့လာဖတ်ရှုရပါတယ်။
    __________________________

    🟠 အချိန်ကား သက္ကရာဇ် ၁၁၁၈ ခုနှစ်ဖြစ်ပြီး အလောင်းမင်းတရား ဦးအောင်ဇေယျ သန်လျင်ကို သိမ်းပြီး ဟံသာဝတီပဲခူးကို ဝိုင်းထားကာ အပြီးတိုင်သိမ်းရန် ပြင်ဆင်ဆဲအချိန်ကာလ။

    🟠 ဒီအချိန်မှာ လှည်း‌ပေါ်မှာ လူတစ်ယောက်ရဲ့ ခြေလက်တွေကို ကြိုးချည်နှောင်ပြီး ခံတပ်အတွင်းဘက်ကို ရဲမက်လေးယောက် ဝန်းရံပြီး ဝင်လာတယ်။ အဝတ်အစား ပြောင်ပြောင်လက်လက်၊ ဆံပင်ကလည်း သျှောင်နဲ့ မဟုတ်လို့ ဖမ်းဆီးလာသူကို တအံ့တဩ ကြည့်နေကြတယ်။

    🟠 ထိုသူကား ရဲမြတ် …
    သူလာရောက်တဲ့ အချိန်အခါက ၂၀၂၂ ခုနှစ်။ အဖေဖြစ်သူ ငယ်ကတည်းက ဆုံးပါးသွားလို့ မိသားစုဆိုလို့ အမေနဲ့ ငါးနှစ်ကြီးတဲ့ အစ်မတစ်ယောက်တည်းသာ ရှိတယ်။ သူက အသက်နှစ်ဆယ်ဖြစ်ပေမဲ့ နိုင်ငံရဲ့ အခြေအနေတွေကြောင့် တက်လက်စ တက္ကသိုလ်ကို ထွက်ခဲ့ပြီး လက်ရှိအလုပ်မရှိလို့ မျက်နှာငယ်နေရှာတယ်။

    🟠 ရဲမြတ်က သမိုင်းဘာသာရပ်ကို စိတ်ဝင်စားတာမို့ သမိုင်းစာအုပ်တွေ အဖတ်များတယ်။ ကိုယ်တိုင် လေ့လာကြည့်မှ ငယ်စဉ်က သင်ယူခဲ့ရတဲ့ သမိုင်းကြောင်းတွေက ဆယ်ပုံမှာ ရှစ်ပုံလောက်က အလိမ်အညာတွေဆိုတာ သိလာခဲ့ရပြီး လူမျိုးရေးဝါဒကို အခြေခံပြီး နှစ်ဖက်စစ်ပွဲတွေမှာ ကိုယ့်ဘက်ကိုသာ အသာဖြစ်အောင် တစ်ဖက်စောင်းနင်း ရေးထားတာ‌တွေကို မြင်လာခဲ့တယ်။

    🟠 တစ်ရက်တော့ အမေနဲ့ ဦးလေးတို့ ဆူပူတာမို့ အိမ်ကနေ YBS စီးပြီး တာမွေ ကျောက်မြောင်းက သူငယ်ချင်း အောင်ကျော့်ဆီ ထွက်လာခဲ့တယ်။ အဲဒီအချိန် သူရောက်သွားတာက အလောင်းမင်းတရားကြီး အုပ်စိုးတဲ့အချိန်ကာလ …

    🟠 အလောင်းမင်းတရားကိုယ်တိုင် သူ့ကို စစ်မေးကြည့်တော့ သူ့အဖြေစကားကြောင့် သူက အနာဂတ်က လာသလို ဖြစ်နေတာမို့ သူ့စကား မှန်ကြောင်း သက်သေပြခိုင်းပါတယ်။ ဒီတော့ ရဲမြတ်က လက်ဝဲသုန္ဒရ အမတ်၊ မုံရွေးဆရာတော်၊ တွင်းသင်းဝန်ကြီးတို့က စာတင်ခဲ့တဲ့ အလောင်းမင်းတရားကြီးရဲ့ အောင်ပွဲတွေ၊ ကြိုးပမ်းအားထုတ်မှုတွေအကြောင်း၊ အလောင်းမင်းတရားကြီးရဲ့ ဘွဲ့တော်နဲ့ ငယ်နာမည်တွေကို နှောင်းခေတ်မှာ လမ်းနာမည်၊ တံတားနာမည်တွေ ပေးထားကြောင်းနဲ့ ပြတိုက်တွေမှာ ပုံတူရုပ်ထုတွေ ထားရှိကြောင်း စသဖြင့် ရှင်းပြပေမဲ့ မယုံနိုင်ဘဲ ရှိနေခဲ့တယ်။

    🟠 နောက်တစ်ကြိမ် အလောင်းမင်းတရားကြီးက ရဲမြတ်အား ခေါ်ယူခစားစေပြီး မိမိနဲ့ မိမိအုပ်စိုးချိန်ကာလများအကြောင်း မေးမြန်းပြောကြားစေတော့မှ ရဲမြတ်အပေါ်မှာ အရင်ကလို သံသယမရှိတော့ဘဲ လွတ်လပ်စွာ သွားလာခွင့်ပေးလိုက်တော့တယ်။

    🟠 ဒီကြားထဲ ရဲမြတ်တစ်ယောက် မယ်စံဆိုတဲ့ နန်းတွင်းအပျိုတော် တစ်ဦးနဲ့ မေတ္တာမျှခဲ့ကြတယ်။ မယ်စံက မထင်မရှား အမတ်တစ်ဦးရဲ့ သမီးဖြစ်ပြီး ရုပ်ဆင်းအင်္ဂါပြည့်စုံလှသဖြင့် အလောင်းဘုရားရဲ့ မိဖုရားခေါင်ဖြစ်သူ စန္ဒာဒေဝီ ခင်ယွန်းစံဆီမှာ နန်းတွင်း အပျိုတော်အဖြစ် ခစားနေခြင်းဖြစ်တယ်။ နန်းတွင်းအပျိုတော်ဆိုတာ ဘုရင့်ပိုင်ဆိုင်မှု ဖြစ်တာမို့ သွားပတ်သက်မိတာ သိသွားခဲ့ရင် ရာဇဝတ်ဘေးသင့်နိုင်ပါတယ်။

    🟠 တစ်ရက်တော့ ချစ်သူမယ်စံနဲ့ ညဘက် ချိန်းတွေ့ပြီးပြန်အလာ ရဲမြတ်တစ်ယောက် ဖမ်းဆီးခြင်း ခံလိုက်ရပါတယ်။ သူ့ကို ဖမ်းဆီးခေါ်ဆောင်ဖို့ အမိန့်ပေးခဲ့သူကတော့ အလောင်းမင်းတရားကြီးရဲ့ ဒုတိယသားတော်ဖြစ်ပြီး ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းအနေနဲ့ သမိုင်းမှာ နာမည်ကြီးလာမယ့် မင်းသားမောင်ရွပါ။ တကယ်တော့ ‌မင်းသားမောင်ရွ ဖမ်းဆီးခေါ်ဆောင်လာစေရတဲ့ အကြောင်းက အနာဂတ်မှာ သူဘာဖြစ်လာမလဲဆိုတာကို အနာဂတ်အကြောင်း သိနေတဲ့ ရဲမြတ်ကို မေးမြန်းချင်ရုံသက်သက်ပါ။ ရဲမြတ်ကိုလည်း နန်းတွင်းအပျိုတော်နဲ့ ပတ်သက်နေမှုကို သတိထားဖို့ သတိပေးပြောကြားလိုက်တယ်။

    🟠 တစ်ရက်တော့ နန်းတွင်းအပျိုတော် မယ်စံနဲ့ လွန်ကျူးမှုကို ဘုရင်မင်းမြတ် သိရှိသွားခဲ့ပြီး သေဒဏ်ချမှတ်ခဲ့တယ်။ ကွပ်မျက်မယ့်ရက် မရောက်ခင်မှာ မင်းသားမောင်ရွ အကူအညီနဲ့ မယ်စံနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ရတယ်။ ဒီလိုနဲ့ ကွပ်မျက်ခံရမယ့်နေ့ကို ရောက်လာပါတော့တယ်။

    🟠 ဒါပေမဲ့ ရဲမြတ်တစ်ယောက် လွတ်မြောက်လာခဲ့ပြီး ရွှေမော်ဓောစေတီရဲ့ ပရဝုဏ်တစ်ခုထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရောက်လာခဲ့တယ်။ အဲဒီမှာ ငမှုံနဲ့ တွေ့ရှိခဲ့တယ်။ ငမှုံကနေမှတဆင့် ငမှုံ့သူငယ်ချင်း ငမွန်းစံ၊ မြတ်ညိုတို့နဲ့ပါ သိလာပြီး ကုန်းဘောင်တပ်မှာ အမှုထမ်းဖို့ အိုးစားဖက်သွေးသောက်တွေ ဖြစ်လာခဲ့ကြတယ်။ ဒီလိုနဲ့ အမှုထမ်းဖို့ ရောက်လာချိန်မှာ သာယာဝတီသား ငထွန်းသာနဲ့ ထပ်မံတွေ့ဆုံကြပြီး ငါးယောက်အဖွဲ့ အိုးစားဖက်များအနေနဲ့ ရဲမြတ်၊ ငမှုံ၊ ငမွန်းစံ၊ မြတ်ညိုနဲ့ ငထွန်းသာတို့ ငါးဦး မင်းခေါင်နော်ရထာ (ဗိုလ်တွန်) လက်အောက်မှာ တပ်သားများအနေနဲ့ စတင်အမှုတော်ထမ်းခဲ့ပါတယ်။

    🟠🟠🟠

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ရဲမြတ် စာအုပ်များ