မေတ္တာ…အလင်းနဲ့စွမ်းအား

( 61 မှတ်ချက်)

6500 (ကျပ်)

မေတ္တာဆိုတာ အင်မတန်ကြီးမားမြတ်တဲ့ အမြင့်မားဆုံး စွမ်းအားတစ်ခုဖြစ်ပါတယ်…အလင်းဆိုတာလည်း ဒီသဘောပါပဲ… အမှောင်ထဲက အလင်းစက်သေးသေးလေးပေမယ့် သူ့အလင်းရဲ့စွမ်းအားဟာ ကျွန်မတို့အတွက် အင်အားတွေကို ပေးတယ်… စွမ်းအားဆိုတာကတော့ စိတ်ရဲ့စွမ်းအား၊ အသိဉာဏ်ပညာရဲ့စွမ်းအား၊ သတိရဲ့အလေ့အကျင့် စွမ်းအားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

တကယ်တော့ ကျွန်မဟာလည်း မေတ္တာ…အလင်းနဲ့စွမ်းအားတွေကို ဝေမျှနေတာပါပဲ။ ဒီလိုဝေမျှမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံးမဟုတ်တောင် ကျွန်မရဲ့ပတ်ဝန်းကျင်… ကျွန်မစာတွေကို ဖတ်ကြတဲ့ စာဖတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ အချင်းချင်း ချိတ်ဆက်မျှဝေပြီး မေတ္တာတွေ..၊ အလင်းတွေ..၊ စွမ်းအားတွေ.. ပြည့်လျှံလာစေဖို့ ရည်ရွယ်ပါတယ်။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေ များနေလေ ကျွန်မတို့ရဲ့ ကမ္ဘာလောကကြီးဟာ အမှောင်ဓာတ်တွေ ကြီးစိုးလာလေပဲ ဖြစ်ပါတယ်…။ ဒါကြောင့် မေတ္တာ… အလင်းနဲ့စွမ်းအားတွေကိုလည်း အချင်းချင်း မျှဝေဖို့ ပြောလိုပါတယ်…။

စာမျက်နှာ

280

စာအုပ်အရွယ်အစား

4.6 × 0.5 × 7.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်)

13 in stock (can be backordered)

မေတ္တာ…အလင်းနဲ့စွမ်းအား အား ဝေဖန်သုံးသပ်မှု 61 ရှိပါသည်။

  1. Swan Arr Kyaw Zan (verified owner)

    #မေတ္တာအလင်းနဲ့စွမ်းအား Love, Light & Power
    #မွန်ဟော်စီ #monhalsey

    ဒီစာအုပ်ဟာ ကျွန်တော့်အတွက် ဖတ်မှတ်ရ အခက်အခဲဆုံးအပြင် Review ရေးရအခက်ဆုံး စာအုပ်တစ်အုပ်ပဲ။

    ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ကိုဗစ်အခြေအနေ၊ နိုင်ငံရေးပဋိပက္ခတွေနဲ့အတူ စီးပွားရေးကအစ ဘက်ပေါင်းစုံအကျပ်အတည်းတွေကြောင့် မြန်မာပြည်သူများအားလုံးရဲ့ စိတ်တွေ ကတောက်ကဆဖြစ်နေကြတာတွေ၊ စိတ်မလုံခြုံမှုဖြစ်နေကြတဲ့ အခြေအနေဆိုးကြီးတွေ ကြုံနေကြရတယ်။

    အခုလိုဒီအခြေအနေကာလမျိုးမှာ ကိုယ့်ဘဝအတွက်ဆိုတဲ့ အောင်မြင်မှု၊ ကျရှုံးမှုဆိုတဲ့ ပညတ်ချက်ဒဿနတွေ၊ လက်တွေ့ဖြစ်စဥ်တွေနဲ့ ရှင်သန်နေရတဲ့အချိန်မှာ မိမိကိုယ်တိုင် အကောင်းဆုံးဖြစ်အောင်ကြိုးစားတတ်ရုံပဲရှိတော့တယ်။ နိုင်ငံရေးအခြေအနေလှည့်ကွက်တွေ၊ ပယောဂတွေရဲ့ ကြားထဲမှာ သားကောင်ဖြစ်ရင် ကိုယ်ပဲ ရှုံးဖို့ပဲရှိတာပေါ့။

    ဆရာမ မမွန်ကလည်း ဒီအခြေအနေကို ဖြတ်ကျော်ရင်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်ခဲ့ရတယ်။ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြောင့် ဆရာမရဲ့စိတ်ကတောက်ကဆတွေ ဖြစ်ခဲ့ရဖူးတယ်။ ဒီလိုအခြေအနေမျိုးကိုဖြတ်ကျော်ဖို့ ဆရာမ မမွန်ကိုယ်တိုင် စိတ်ရဲ့ ငြိမ်းအေးမှုအတွက် စိတ်နဲ့ပတ်သက်တဲ့အရာတွေကို ကိုယ်တိုင်ရှာဖွေလေ့လာခဲ့တာ မေတ္တာ၊ အလင်းနဲ့ စွမ်းအား ဆိုတဲ့ အချက် ၃ ချက် ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသုံးချက် ထွက်ပေါ်လာခဲ့တဲ့ အတွေ့အကြုံနဲ့ယှဥ်ပြီး စာအုပ်တစ်အုပ်ဖြစ်လာတယ်။

    ဆရာမရဲ့ အတွေ့အကြုံအရ ဒီအခြေအနေကို ဖြတ်ကျော်ဖို့အတွက် အမှောင်ထဲမှာ လင်းအောင်လုပ်လို့ရတယ်၊ အပူထဲမှာ အေးနေအောင် လုပ်လို့ရတယ်၊ ဘဝမှာ နေတတ်အောင်နေရမယ် ဆိုတဲ့ အသိတရားရှိရင် လောကဓံကို ခံနိုင်ရည်စွမ်းရှိလာတယ်ဆိုတာကို ရေးပြထားတယ်။ ဆရာမ မမွန်ဟာ ကံကံရဲ့ အကျိုးကို ယုံကြည်တဲ့သူဖြစ်တာမို့ ကံသာလျှင် ကိုယ့်အလုပ်ပဲဖြစ်တာကြောင့် မိမိပြုခဲ့တဲ့ကံဟာ ကိုယ်စီရင်လို့ရနိုင်တယ်ဆိုတဲ့ ကံ ကံရဲ့ အကျိုးကို ယုံကြည်မှု အသိတရားရှိရင် လောကဓံကို ရင်ဆိုင်နိုင်စွမ်းရှိတယ်လို့ ရေးပြထားတယ်။ ကိုယ့်ရဲ့ စိတ်အဆင်မပြေမှုတွေကို ကိုယ့်အတွင်းထဲမှာပဲဖြေရှင်းလို့ရတယ်ဆိုတာ ဒီစာအုပ်ထဲမှာ ဖော်ပြထားတယ်။

    မေတ္တာဟာလည်း အကောင်းဆုံးစွမ်းအားဖြစ်တယ်။ အလင်းဟာလည်း အကောင်းဆုံးစွမ်းအားဖြစ်တယ်။ စွမ်းအားဆိုတာက သတိရဲ့စွမ်းအား၊ အသိဉာဏ်ရဲ့ စွမ်းအား၊ စိတ်ရဲ့စွမ်းအား၊ အလေ့အကျင့် စွမ်းအားတွေဖြစ်တယ်။

    အကုသိုလ်တရားတွေဟာ အမှောင်ဓာတ်တွေဖြစ်သလို ကုသိုလ်တရားတွေဟာလည်း အလင်းဓာတ်တွေလည်းဖြစ်တယ်။ မကောင်းတဲ့စိတ်လေးတွေကြောင့် Negative Energy ဖြစ်လာတယ်။ Vibration, Power, Frequency ကျစေတယ်။ ကောင်းတဲ့စိတ်လေးတွေကြောင့် Positive Energy ဖြစ်လာတယ်။ Vibration, Power, Frequency တက်စေတယ်။

    လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေအောက်မှာ ကျဆုံးနေကြတဲ့အချိန်မှာ မေတ္တာ၊ အလင်းနဲ့ စွမ်းအားကို အရယူချင်ရင် ကောင်းတာတွေ လုပ်၊ ကောင်းတာတွေ တွေး၊ မကောင်းတာတွေကို ကောင်းတာတွေနဲ့ အစားထိုးရမယ်။ ကိုယ်ကိုယ်တိုင်လည်း မေတ္တာထားရတယ်၊ ကိုယ်ကိုယ်တိုင်လည်း ခွင့်လွှတ်တတ်ရမယ်၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ဘဝကိုယ်ရှာဖွေတတ်ရမယ်။ ဒါဆိုရင် Vibration, Energy, Power, Frequency တွေဟာ မြင့်လာလိမ့်မယ်လို့ လမ်းညွှန်ထားပါတယ်။

    နောင်အနာဂတ်မှာဆိုရင် ကမ္ဘာကြီးဟာ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာမှာ အားသာသွားလိမ့်မယ်။ စိတ်အလုပ်လုပ်ကြတဲ့သူတွေ များလာလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ကြပြီး အစအစအရာရာပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ စိတ်အနေတတ်မှ ဘဝမှာ နေသာထိုင်သာရှိလိမ့်မယ်။ စိတ်အလုပ်လုပ်တယ်ဆိုတာ ကောင်းတာတွေလုပ်ပြီး မကောင်းတာတွေပယ်ဖို့ Negative Energy နေရာမှာ Positive Energy အစားထိုးဖို့ဆိုတာကို သဘာဝကျကျ လမ်းပြထားတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဒီလိုမျိုးဖြစ်နေကြတာကြာပါပြီ။ ကိုဗစ်တတိယလှိုင်းနဲ့ နိုင်ငံရေးအခြေအနေဆိုးတွေနောက်ပိုင်းမှာ Energy, Spiritually, Mental Healing ဆိုတဲ့အရာတွေကလည်း မြန်မာနိုင်ငံမှာ စတင်ရေပန်းစားလာခဲ့တယ်။

    Energy, Spiritually ဆိုတာ စိတ်ချည်းပဲသက်ဆိုင်တာမဟုတ်ဘူး။ ရုပ်ပိုင်းဆိုင်ရာ Physically ပါ တစ်ခုပြီးတစ်ခု ဆက်စပ်နေတယ်။ ဥပမာ – အစားအသောက်ဆိုပါတော့။ အသားပဲဖြစ်ဖြစ်၊ အသီးအရွက်ပဲဖြစ်ဖြစ် လောဘ၊ ဒေါသ၊ မောဟ တစ်ခုခုနဲ့စားသောက်မိခဲ့ရင် ကိုယ်ခန္ဓာထဲမှာက တစ်ခုခုပါသွားတော့ အခန့်မသင့်လို့ ရောဂါလည်းရတဲ့အပြင် Energy ပါ ကျစေတယ်။

    ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို Negative Energy နေရာမှာ Positive Energy အစားထိုးပြီး ကုစားမယ်ဆိုရင် ဘဝမှာ နေလို့ထိုင်လို့ကောင်းသွားမယ် လို့ ဆရာမ မမွန်ရဲ့အတွေ့အကြုံနဲ့ တကယ်ရေးပြထားတယ်။

    ဆရာမ မမွန်ရဲ့ “မေတ္တာ…အလင်းနဲ့ စွမ်းအား” စာအုပ်အရေးအသားမှာ လူ့ခန္ဓာကိုယ်ရဲ့ Energy, Power တွေ၊ လူတွေရဲ့ အသိစိတ်အဆင့် Consciousness ကို အကျယ်ချဲ့ပြီးရေးပြထားတဲ့အတွက် လောကရေးရာရော ဓမ္မရေးရာပါ အလယ်အလတ်လမ်းစဥ်ကျကျ ရေးဖွဲ့ထားတာမို့ ဘဝနေနည်းအတွက် သံသယဖြစ်ရာ အကြောင်းမရှိပါဘူးလို့ ပြောချင်ပါတယ်။

    ဘယ်ခေတ်အခြေအနေပဲဖြစ်ဖြစ် လူသားတွေရှင်သန်ရုန်းကန်နေရတဲ့ခေတ်ကြီးထဲမှာ ကောင်းတာလေးတွေတွေး၊ ကောင်းတဲ့စိတ်မျိုးတွေထားပြီး ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားအသက်ရှင်ရင်း ညစ်ပတ်မှုပေါင်းစုံတွေကြားထဲမှာ မေတ္တာ၊ အလင်းနဲ့ စွမ်းအားကို ကိုယ်တိုင်အရယူနိုင်ကြပါစေ ……။

    စွမ်းအားကျော်ဇံ
    ၁ – ၁၀ – ၂၀၂၂ (စနေနေ့)
    ၁၃၈၄ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၇ ရက်
    ည ၁၁ နာရီထိုးချိန်
    Edit – 5.11.2022 (Saturday)

    #tommybookreviews
    #ထွမ်မီစာညွှန်းစုံ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ