ပျောက်ဆုံးအချစ် ကူးလွင့်ပင်လယ်

( 2 မှတ်ချက်)

6500 (ကျပ်)

ဝတ္ထုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတွေ ပါမလဲ ဆိုတာကို စာရေးသူက အမှာစာ မဟုတ်တဲ့ ရှေ့ပြေးစကားထဲမှာ ဒီလို ပြောထားပါတယ်။

“စက္ကူလှေ၊ တောင်တန်း၊ ရေပြင်၊ တိမ်ထု၊ ညီမျှခြင်း၊ ရွေးချယ်ခွင့် . . . ဒီစကားလုံးတွေက စိတ်တံခါးကို လာခေါက်ကြတယ်။ ကိုယ်တိုင်က မဖွင့်ပေးလိုက်ရဘဲ အားလုံး တိုးဝင်၊ တံခါးကို အလုံးစုံ ဖွင့်ချပြီး ဒီလူကိုပါ သူတို့နဲ့အတူ ပျောက်ဆုံးစေခဲ့တယ်၊ ချစ်စေခဲ့တယ်၊ ကူးလွင့်စေခဲ့တယ်၊ ပင်လယ်ဆီ ခေါ်သွားပြီးမှ မျှင်မျှင်သေးသေး ကြိုးလေးတစ်ချောင်းနဲ့ တွယ်ဆက်ပေးခဲ့တယ်။ စာမျက်နှာတွေပေါ်က စကားလုံးတွေ ခေါ်ဆောင်ရာကို ခြေဆန့်ကြည့်ရအောင် . . . “ (ရှေ့ပြေးစကား မှ)

ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ထူးထူးခြားခြား သတိမထားမိဘဲ ရှင်သန်နေကြတဲ့ လူသားတွေ ရှိကြတယ်။ သူတို့လဲ နေ့စဉ်ဘဝကို သူလိုငါလို ဖြတ်သန်းနေကြတယ်။ ပုံမှန်ပါပဲ လို့ ကျွန်တော်တို့ ထင်မိကြတဲ့ သူတို့မှာ ကျွန်တော်တို့ ကြားမိရင် ပုံမှန်မဟုတ်ဘဲ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ဖြစ်ပျက်နေရတာမျိုး ရှိနိုင်ပါတယ်။ ဒီဝတ္ထုဟာ အဲဒီလိုပုံစံပါ။

ခင်လေးငယ် ဆိုတဲ့ အမျိုးသမီးကို ပင်တိုင်ဇာတ်ဆောင်အနေနဲ့ ဖန်တီးထားတယ်။ သူ့ကို ဦးတည်ပြီး အခြားဇာတ်ဆောင်တွေ အလိုအလျောက် ပေါ်လာကြတယ်။ ဇာတ်လမ်းအဖြစ်အပျက်တွေ ဖြစ်ပျက်လာကြပါတယ်။ ခင်လေးငယ်ကို မိသားစုဒဏ်၊ ပတ်ဝန်းကျင်ဖိအားအပြင် ကိုယ်ကိုယ်တိုင်ရဲ့ ဖိအားတွေအောက်မှာ ညှိုးညှိုးငယ်ငယ် ပွင့်လန်းလာရတဲ့ ပန်းကလေးတစ်ပွင့်လို့ ပြောရင် မှန်မယ်ထင်တယ်။ အဲဒီပန်းကလေးရဲ့ အတွေးတွေကတစ်ဆင့် ဖတ်ရမဲ့ ဝတ္ထုပဲ ဆိုပါတော့။

ဒီဝတ္ထုမှာ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ အချိန်အပိုင်းအခြားတွေ၊ နေရာအပိုင်းအခြားတွေကို အထိန်းအကွပ်တွေ ဘေးဖယ်ပြီး စိတ်စေရာ သုံးချင်တဲ့အတိုင်း သုံး၊ ကူးချင်တဲ့အတိုင်း ကူးထားတဲ့ ရေးဟန်ပဲ။ အဲဒီရေးဟန်နောက်ကို လိုက်ရင်း ခင်လေးငယ် ခေါ်ဆောင်ရာနောက်ကို စကားလုံးတွေကတစ်ဆင့် လိုက်ပါသွားမိခဲ့တယ်။

လူတွေရဲ့ ချစ်ခြင်းမေတ္တာကို သံသယတွေက ဝါးမြိုသွားတဲ့အခါမှာ ဘာတွေ ဖြစ်လာတတ်သလဲ။

ကိုယ် တကယ် ချစ်ရတဲ့ မိဘဆီက ချစ်ခြင်းမေတ္တာအစား မမျှော်လင့်ထားတဲ့ အရာတွေ ရလာရင်ရော . . . ။

လောကဓံတရားမှာ အကောင်းအဆိုးနှစ်မျိုး ရှိတယ် လို့ သိထားပေမဲ့ အကောင်းတွေ ကင်းမဲ့သလောက် ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သူ့ဘဝကို ဘယ်လိုစိတ်နဲ့ ဆက်ရှင်သန်နေနိုင်သလဲ။

ဒဏ်တွေ၊ ဖိအားတွေ၊ မွန်းကျပ်မှုတွေရဲ့ အကျိုးဆက်တွေက လူတစ်ယောက်ရဲ့ စိတ်အပေါ် ဘယ်လောက်ထိ သက်ရောက်နိုင်သလဲ။ ဒီထဲက တစ်ခု ရွေး၊ နှစ်ခုထဲက တစ်ခု ရွေး လို့တောင် ပြောမရတဲ့ ရွေးချယ်ခွင့် ဆိုတာထက် ရွေးချယ်ဖို့ မစွမ်းနိုင်တဲ့ အချိန်တွေ ကြုံဖူးလား။ ကြုံလာရင်ရော ဘယ်လိုလုပ်မလဲ . . . ။ ဒီထက် ထပ်တွေးလို့ ရမဲ့ အချက်တွေ အများကြီး ကျန်ပါသေးတယ်။ ဝတ္ထုအဆုံးသတ်မှာ စာရေးသူက စာဖတ်သူကို မေးခွန်းပြန်ထုတ်သွားတယ်။ အဲဒီမေးခွန်းကြောင့်ပဲ ဆက်ပြီး တွေးလို့ ရတဲ့ ဇာတ်ကြောင်းတွေ ပေါ်လာရပြန်တယ်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.5 × 0.2 × 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 စက်တင်ဘာလ(ပထမ အကြိမ်)

18 in stock

ပျောက်ဆုံးအချစ် ကူးလွင့်ပင်လယ် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Vine

    “မှန်ထောင်ပြီး မေးလိုက်ပါရဲ့။ သို့သော် ရေရေရာရာ မသိခဲ့ပါ”

    ဖတ်ပြီးတာ ကြာပြီဆိုပေမဲ့ အခုမှ သေချာရေးဖြစ်တာပေါ့။ စကားလုံးလှလှလေးနဲ့ ခေါင်းစဉ်မှာတင်ကို ဆွဲဆောင်မှုရှိတယ်။ ရှည်ရှည်ဝေးဝေးတောင် ပြောစရာမလိုပါဘူး။ အဓိက ဇာတ်ကောင် မိန်းကလေး ဖြစ်မယ်ဆိုတာလဲ အဖုံးကို ကြည့်တာနဲ့ တန်းသိနိုင်တယ် (အဖုံးကတော့ ရှယ်လှတာ။ ဖြုတ်ဖြုတ်ဖြုတ် နဲ့ကို ပစ်ကြွေ)

    ခင် ဆိုတဲ့ အမျိုးသမီးအကြောင်းပေါ့။ ဒါပေမဲ့နော် ဒါပေမဲ့ ခင့် အကြောင်းကို ခင်ဗျားတို့ သိလိုက်ရမှာ မဟုတ်ဘူး။ ခင်ကိုယ်တိုင် ခင်ဗျားတို့ ရှေ့မှာ ထိုင်ပြီး ပြောပြသွားမှာ။ မေးမေး၊ မ မေးမေး။ အကုန်လုံးကို ပြောပြသွားလိမ့်မယ်။ အမှန်လား၊ အမှားလား၊ သေချာရဲ့လား၊ မသေချာတာလား ဆိုတာတွေကိုတော့ ဘယ်လိုမှ သိလိုက်မှာမဟုတ်ဘူး။

    ခင့် ဘ၀က ခါးတယ်။ ဒါပေမဲ့ လှလှပပလေး ခင်က ပြောပြလိမ့်မယ်။

    ခင့် အကြောင်းတွေက ရိုးရှင်းတယ်။ မသိလိုက်ခင်မှာ ၀င်္ကပါထဲ ရောက်သွားလိမ့်မယ်။

    ခင့်ရဲ့ အကြောင်းကိုသာ သင်္ချာလို အရှင်းဆုံးပုံစံနဲ့ ပြောလို့ရရင်တောင် ရာဇ၀င်လို တုတ်ထမ်းပြီး ပြောမှရမယ်။

    ဥပမာ ဒီမေးခွန်းတွေလိုမျိုးပေါ့။

    ခင်ပြောတဲ့ တူးတူး ဆိုတာ ဘယ်သူလဲ။ တူးတူးနဲ့ ခင့်ကြားမှာ ဘာဖြစ်သွားတာလဲ။

    ခင်ပြောသွားတဲ့ အချစ်ဆိုတာကြီးက ဘယ်လိုများလဲ။

    အသက်တစ်နှစ်ကြီးတိုင်း ခင့်ဘ၀က ဘယ်လို ပြောင်းလဲသွားလဲ။

    ခင့် မိခင်ရဲ့ ကျေးဇူးရှင်က ဘယ်သူလဲ။ ခင့်အမေနဲ့ သူနဲ့က ဘယ်လို ပတ်သက်တာလဲ။ ခင့်အဖေက အကြောင်းမဲ့ စွတ်စွဲနေတာလား။

    အောင် ဆိုတဲ့ အမျိုးသားက ခင့်ကို ဘာလုပ်ခဲ့လဲ။ အောင်နဲ့ ကလေးရခဲ့တာလား။ သေချာလား။

    သေချာသလိုလို၊ မသေချာသလိုလိုပါပဲ။

    ခင် လွတ်မြောက်သွားတယ်။ သေဆုံးခြင်းနဲ့လား။

    ဆိုတော့ ခင်က ခင်ဗျားကို အစကနေ အဆုံးထိ အကုန် ပြောပြလိမ့်မယ်။ အပေါ်က မေးခွန်းတွေကို သူ(မ) လုံး၀ ဖြေသွားမှာ မဟုတ်ဘူး။ ဖြေကောင်း ဖြေသွားနိုင်တယ်။ လွယ်လွယ်တော့ မပြောထားဘူး။

    ခင်က အသက်ရှင်နေသေးလား။ ဒါမှမဟုတ် သေဆုံးသွားသလား။ ဒါကတော့ ကျွန်တော်လဲ မသိသေးပါ။

    ဆိုတော့ ခြုံပြောရရင် ခင့်ကို ခင်ဗျားတို့ ဘယ်လောက်ပဲ မေးမေး။ သူ(မ) ပြောတော့ ပြောလိမ့်မယ်။ ခင်ဗျားတို့ ရေရေရာရာ သိရမှာ မဟုတ်ဘူး။ ခင်ဗျားတို့ တွေးလိုက်တာ မှန်လား၊ မှားလား ဆိုတာလဲ သူ(မ) ဝေဖန်မှာမဟုတ်ဘူး။

    မသေခင် ဖတ်သင့်လားဆိုရင် ဖတ်သင့်တယ်။ အရေးအသားတွေက နူးညံ့ပြီး လှပတယ်။ မျက်စိရှေ့မှာ ရုပ်ရှင်ကြည့်နေရသလိုမျိုး ကွင်းခနဲ ပေါ်အောင် ရေးထားတဲ့ စာမျိုး။ တစ်ခုတော့ရှိတယ်။ ရိုးရိုးလေး ဖတ်ပြီး ကျေနပ်မလား။ တွေးရင်း ရူးသွားမှ ကျေနပ်မလား။ အဲ့တာကတော့ စာဖတ်သူရဲ့ အပိုင်းပါပဲ။ တော်ရုံ စာဖတ်သူတွေအနေနဲ့ ဒီစာအုပ်ကို စဖတ်ရင် ဒိဗ္ဗစက္ခုကြီး ချာချာလည်ပြီး ရွှေဉာဏ်တော်မှာ ယိုးဒယားဘုရားပွဲလို ဝုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားနိုင်တယ်။

    (ဘွင်းဘွင်း ပြောရရင်တော့ စာဖတ်တာ အဆင့်တစ်ခုက်ု ရောက်ထားမှ တော်ကာကြမယ်လို့ ပြောတာ)

    စကားလုံးလှတွေ သုံးပြီး လိမ်ယှက်နေတဲ့ ဇာတ်မှာ ကနေတဲ့သူက ခင် …

    ခင့်သာ အပြင်မှာရှိခဲ့ရင် ရှေ့မှာထိုင်ခိုင်းပြီး အပေါ်က မေးခွန်းတွေကို တရားခံစစ်သလို မေးပစ်လိုက်ချင်တဲ့ အထိပါပဲ။

    ခင်က ရိုးတယ်။
    ခင့်ဘ၀က ခါးတယ်။
    ခင့်အကြောင်းက နားလည်ရခက်တယ်။
    ခင့်ပြောတဲ့ အချစ်က ပုံစံမျိုးစုံ ပါနေတတ်တယ်။

    ပျောက်ဆုံးသွားသည့် အချစ်များ ပင်လယ်ပြင်သို့ ကူးလွင့်သွားကာ ပါးသော ကြိုးမျှင်က တစ်ဖန် ‌ဘောင်ခတ်လိုက်ပြန်၏။

  2. Aeri Myat

    “ပျောက်ဆုံးအချစ် ကူးလွင့်ပင်လယ်” ဒီစာအုပ်လေးကို စာရိပ်မြိုင်ကနေ
    ထွက်မယ်ဆိုကတည်းက စိတ်ဝင်စားမိခဲ့တယ်။ မျက်နှာဖုံးပန်းချီ၊ စာအုပ်နာမည်၊
    နောက်ပြီး ရှေ့ပြေးစကား…။

    စက္ကူလှေ၊တောင်တန်း၊ရေပြင်၊တိမ်ထု၊ညီမျှခြင်း၊ရွေးချယ်ခွင့်…ဒီစကားလုံးတွေက စာရေးသူရဲ့ စိတ်တံခါးကို လာခေါက်ကြသတဲ့…။

    စာဖတ်သူ ကျွန်မလည်း ခင်လေးငယ်ရဲ့အတွေးတွေနောက်လိုက်ရင်း ဒီစာအုပ်ထဲ
    စီးမျောလိုက်ပါမိသွားတယ်။

    တစ်ခါတလေကျွန်မတို့ အခုလို တွေးမိတာမျိုး ရှိကြတယ်မလား။စိတ်လွတ်လပ်ခွင့် မရတဲ့အခိုက်အတန့်မျိုးတွေမှာသဘာဝတရားကြီးထဲ စိတ်ကို နှစ်မြုပ်ထားလိုက်ချင်တာမျိုးပေါ့။

    အခုစာအုပ်လေးထဲက “ခင်လေးငယ်”ဆိုတဲ့ အမျိုးသမီးလေးကိုလည်း ကျွန်မ အဲ့လိုပဲ ခံစားနားလည်မိပါတယ်။

    သူမ ရခဲ့တဲ့ စိတ်ဒဏ်ရာတစ်ချို့ကို ပွေ့ပိုက်ရင်း ရှင်သန်ခဲ့ရလေတော့
    သူ့ခမျာ အတွေးတွေများပြီး စိတ်ပင်ပန်းရတယ်။

    မိသားစုရဲ့ သမီးကြီးလည်း ဖြစ်လေတော့
    မောင်လေးနဲ့ ညီမလေးတို့ကိုလည်း
    ငဲ့ကွက်ပြီး အရာရာကို သူပဲ ခံစားလိုက်တာ များတယ်။

    “ခင်လေးငယ်”၇နှစ်သမီးအရွယ်က ကြည်နူးစရာကောင်းခဲ့တဲ့ အတိတ်နေ့ရက်စွဲတွေမှာတော့ ဖေဖေဖတ်ပြတဲ့စာလေးတွေ၊ မေမေ့ရဲ့ ပြုံးတုံ့တုံ့ဟန်လေးတွေရယ်နဲ့ ကြည်နူး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ခဲ့ပါတယ်။

    မိသားစုဝင်တွေကို မေတ္တာဆိုတဲ့ နှောင်ကြိုးလေးတွေနဲ့ ချည်ချင်တဲ့ သူမက ချစ်သူဖြစ်သူ “အောင်”ကိုတော့ဖြင့်
    မေတ္တာမပျက်ယွင်းဘဲ ခွင့်လွှတ် ရှင်သန်စေပြန်တယ်။

    စက္ကူလှေကလေးတွေက ရေနဲ့ထိတိုင်း
    ပျက်စီးသွားတတ်သလား။

    ရေစီးကြောင်းပေါ်လိုက်ပြီး ကြိုးစားလှော်ခတ်ရင်း အရှိန်တစ်ခုနဲ့
    သွားကြရသလိုပဲ…..

    ကျွန်မတို့ ဘဝတွေလည်း အလားတူပေါ့။
    ပြည့်စုံခြင်းကို မျှော်လင့်တာထက်
    ရောက်နေတဲ့ နေရာမှာ အဆင်ပြေအောင်
    ရှင်သန်နိုင်ဖို့ ကြိုးစားကြရမယ်ဆိုတဲ့
    အတွေးလေး တွေးမိစေပါတယ်။

    လောကကြီးက အေးမြငြိမ်းချမ်း နွေးထွေးချစ်ခင်မှူတွေနဲ့ပဲ ပြီးပြည့်စုံနေခဲ့တာမဟုတ်တဲ့လေ….။

    ပင်ကိုယ်ရေးလုံးချင်းဖြစ်တဲ့ ဒီစာအုပ်လေး ရေးသားတဲ့ ဆရာထက်ဘုန်းရှိန်ကိုဖြင့် လေးစားမိပြီး ချီးကျုးချင်ပါတယ်။

    စကားလုံးအဖွဲ့တွေကအစ ရသမြောက်ပြီး ဖတ်ရတာ အများကြီး သဘောကျမိပါတယ်။

    ဇာတ်ကြောင်းကို တဖြည်းဖြည်းချင်း
    နောက်ပြန်သွားတာလေးကလည်း ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။

    စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသွားတဲ့အခါမှ အစပိုင်းက ခင်လေးငယ်ရဲ့ အတွေးတွေအားလုံးကို အားလုံးဆက်စပ်
    သဘောပေါက်စေတယ်။

    စာအုပ်လေးကို စာဖတ်သူမိတ်ဆွေတွေကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

    ခံစားမှုရသကို ပြည့်ပြည့်ဝဝ ရစေတဲ့အပြင် အတွေးတွေကိုလည်း လွတ်လွတ်လပ်လပ် ဆက်တွေးလို့ ရစေတဲ့စာအုပ်လေးပါ။

    #ပျောက်ဆုံးအချစ်ကူးလွင့်ပင်လယ်
    #ထက်ဘုန်းရှိန်
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #25Sep2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထက်ဘုန်းရှိန် စာအုပ်များ