လွန်းလေနောင်း

( 2 မှတ်ချက်)

6000 (ကျပ်)

. နာဂဒေသနောက်ခံဝတ္ထု။ ဆရာ ဇေဉီးယျာရဲ့ နာဂဒေသနောက်ခံ ဝတ္ထုဆိုရင် တောင်ခါးပန်းဆီက ပဲ့တင်သံရယ်တဲ့ ခပ်ချိုချို ဆိုတဲ့ ဝတ္ထုတိုလေးကို ပြေးအမှတ်ရမိကြပါလိမ့်မယ်။ ဆရာက နာဂဒေသမှာ နှစ်ရှည်လများ နေဖူးသူမို့ သွေးရင်းနာဂတို့ရဲ့ ရိုးရာဓလေ့တွေ၊ လူနေမှုဘဝတွေကို လေးလေးနက်နက် ကျွမ်းရင်းခဲ့သူ၊ နာဂဒေသရဲ့ ခက်ခဲခေါင်းပါးမှုတွေကို နှလုံးသားစစ်စစ်နဲ့ နားလည်ခဲ့သူမို့ ဝတ္ထုကို သရုပ်ပီပြင်စေခဲ့ပါတယ်။ မြန်မာစာပေသမိုင်းမှာ စာရေးသူတွေရဲ့ စိတ်ဆန္ဒအလျောက် ရသမြောက်အောင် လွတ်လွတ်လပ်လပ် ဖန်တီးရေးဖွဲ့ထားတဲ့ တိုင်းရင်းသားဒေသနောက်ခံ မြန်မာဝတ္ထုတွေဟာ လက်ချိုးရေလို့ရအောင် ရှားပါးပါတယ်။ အခုတော့ ဆရာဇေဉီးယျာရဲ့ လွန်းလေနောင်း ဆိုတဲ့ နာဂတိုင်းရင်းသားဒေသနောက်ခံ လုံးချင်းဝတ္ထု ထပ်တိုးလာတဲ့အတွက် အလွန်အားတက် ဂုဏ်ယူရပါတယ်။ ဒါကလည်း ထူးခြားမှု တခုလို့ ဆိုရပါလိမ့်မယ်။ ပြီးတော့ ဝတ္ထုပါ စကားပြေအရေးအသားကိုလည်း ထူးခြားတစ်ခုအဖြစ် ထည့်ရပါလိမ့်မယ်နော်။

စာမျက်နှာ

189

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

1 in stock

လွန်းလေနောင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    ကိုယ်မဖတ်ဖူးတဲ့ ကလောင်တစ်ခုကို ဖတ်ဖြစ်ဖို့ဆိုတာ၊ စာညွှန်းကောင်းတစ်ခုဖတ်မိဖို့လည်း လိုသေးတယ်လို့
    ထင်ပါတယ်။

    အခုလည်း “ဆရာမပျိုး” ဖတ်ညွှန်းလေးကြောင့် ဖတ်ဖြစ်သွားတဲ့ စာအုပ်ကလေးပါ။ “ညီမလေး ကြိုက်မှာသေချာတယ်”
    ဆိုတဲ့ စကားလေးကို ဒီစာအုပ်ကလေးဖတ်အပြီးမှာ ပြန်မြင်ယောင်ပြီး ပြုံးမိရတယ်။ ကျေးဇူးတင်ရ ချစ်ရတဲ့၊
    ဆရာမပျိုးပါ။ 😘💗

    ဆရာဇေဦးယျာရဲ့ စာအုပ်ကလေး
    နာမည်က “လွန်းလေနောင်း” တဲ့…။

    စာအုပ်လေးဖတ်ရင်း စိတ်မှန်းနဲ့
    နာဂတောင်တန်းတွေဆီ
    အလည်တခေါက် ရောက်ခဲ့ရပါတယ်။

    “မင်းထက်”ဆိုတဲ့ ဆရာဝန်လေး
    “ဆွမ္မရာရွာကလေး”ဆီ သွားဖို့
    အကြောင်းဖန်လာပုံကိုက
    ကံကြမ္မာလို့ပဲ ပြောရမလိုပေါ့…။

    “မင်းထက်” မထင်ထားခဲ့တဲ့ သူ့ရဲ့
    ငယ်ဘဝ အတိတ်ဇာတ်ကြောင်းကနေ
    သူရှာဖွေချင်ခဲ့တဲ့ အရာတွေကို
    တွေ့မလားဆိုတဲ့ စိတ်ကလည်း
    “မင်းထက်” နဲ့ ထပ်တူ
    သိချင်စိတ်တွေ၊
    အလိုမကျမှူတွေက
    ဖြစ်နေတော့တာရယ်…။

    နာဂမျိုးနွယ်စုတွေ အများကြီးရှိကြတာရယ်၊ ဒေသအခေါ်အဝေါ် ၊
    အသုံးအနှုန်းတွေကိုလည်း
    ဗဟုသုတရဖွယ် ဖတ်ရှူရပါတယ်။
    နောက်ပြီး လမ်းပန်းဆက်သွယ်ရေး
    ခက်ခဲတာတွေကိုလည်း စာအုပ်ကလေးကတဆင့် သိခွင့်ရတယ်။ ရောင့်ရဲတင်းတိမ်လွယ်တယ်ဆိုတဲ့ နာဂလူမျိုးတို့ရဲ့ စိတ်ကလေးကိုလည်း လေးစား
    ချစ်ခင်မိတယ်။
    မျက်ရည်ဝဲရတဲ့ အခန်းကလေးတွေလည်း ပါသေးရဲ့..။

    “မင်းထက်”နဲ့ သူ့အပိုး(အဖေ)
    ပြန်တွေ့ကြတဲ့ နေရာလေး၊
    အပိုးသားက လူမျိုးခြား(ဗမာ)ဖြစ်သွားပြီလို့ တွေးမိလို့ ဆိုပြီး အပိုးပြောတဲ့
    နေရာလေးရယ်၊
    “ကျော်ပေါ့”(မင်းထက်) နဲ့ “ယားပေါ့”
    ညီအစ်ကို နှစ်ယောက်ပြန်တွေ့တဲ့အခန်း၊
    ညီလေးက အကိုကြီးကို ချစ်ပါတယ်လို့
    ပြောတဲ့အခန်းလေးတွေမှာပေါ့…။

    နောက်ပြီး “မွန်ဗိုင်း”အကြောင်း
    ပြောပြနေတဲ့ အပိုး ရင်ထဲကို
    မြင်ရသလို ခံစားရပြီး
    ထပ်တူ နာကျင်နေမိတာပဲ။

    “လွန်းလေနောင်း” လွမ်းစရာကောင်းတဲ့
    ရွာကလေးတဲ့…။ တောင်ခါးပန်းပေါ်
    မေးတင်တည်ထားတယ်ဆိုတဲ့
    ဒီရွာကလေးကို
    စာအုပ်ကလေး ဖတ်ရင်း သံယောဇဥ်တွယ်မိရတယ်။ လွမ်းမိရတယ်။ မိဘနဲ့ သားသမီးကြားက၊ သွေးရင်းတွေ
    ကြားက ချစ်ခြင်းမေတ္တာတွေက နူးညံ့လွန်းသလို နှလုံးသားကိုလည်း လှုပ်ခတ်စေနိုင်တဲ့အရာမို့ ခံစားမိစေပါတယ်။
    ဖတ်ကြည့်ရင် “လွန်းလေနောင်း” ဆိုတဲ့
    ရွာကလေးကိုရော ဒီစာအုပ်ကလေးကိုရော ချစ်မိမှာအသေအချာပါပဲ။
    အရေးအသားပိုင်းမှာလည်း စကားလုံးလေးတွေက တဆင့် ခံစားချက်တွေက စိတ်ထဲအထိ စိမ့်ဝင်လာစေတာမို့လို့ ဖတ်ရတာ ကျေနပ်မိပါတယ်။
    စာအုပ်ကောင်းလေးအတွက်
    “ဆရာဇေဦးယျာ”ကိုလည်း
    ကျေးဇူးတင်ပါတယ်။

    #ဇေဦးယျာ
    #လွန်းလေနောင်း
    #DecBook
    #No85

  2. Thet Naing Aung

    🔰တောင်ပေါ်ဒေသနောက်ခံ ၊တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအကြောင်းတွေပါဝင်ထားတဲ့ ဇာတ်လမ်းမျိူးမဖတ်ရတာအတော်ကြာခဲ့ပါပြီ။ မဖတ်ရတာကြာဆို အရေးလည်းနည်းကြတော့ ခုလိုရေးသားပေးလာတဲ့ ဆရာဇေဦးယျာ ကို ကျေးဇူးတင်ရမှာပါပဲ။ ဆရာ့ကျေးဇူးကြောင့် ရေငတ်တုန်းရေတွင်းထဲ ကျဆိုသလို အဆင်သင့်လိုက်လေခြင်းလို့ ပြောရမလားပဲ။

    🔰 ဒီဝတ္တုလေးကြောင့် ကျွန်တော်နာဂတိုင်းရင်းသားတွေဆီ အလည်ရောက်ခဲ့ရသလို ခံစားရပြီး တိမ်တွေကြားက လေရှီးမြို့ ၊ အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဆွမ္မရာမြို့တွေကိုပါ ရောက်ရှိသွားရသလိုခံစားရပါတယ် ။ နောက်ပြီးတော့ အသည်းတထိတ်ထိတ်ဖြစ်စေခဲ့တဲ့ တောင်တက်လမ်းတွေအပြင် တောင်ဇလပ်အဖြူ ၊ တောင်ဇလပ်နီတွေကိုပါ တမေ့တမောငေးမောခွင့်ရတာပါပဲ။

    🔰ထူးခြားတာကတော့ ဒီဇာတ်လမ်းဟာ ၁၅၀၀ အချစ်ဇာတ်လမ်းမျိုးမဟုတ်ပဲ ကွဲကွာခဲ့ကြရတဲ့အဖေနဲ့သား ၊ အမွှာညီကိုနှစ်ယောက်ရဲ့ပြန်လည်ဆုံစည်းမှုကို ဆွေးတမြေ့မြေ့ဖတ်ရခြင်းပါပဲ။ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ထိ တန်ခိုးရှိသလဲဆို ဘယ်လိုမှပြန်မတွေ့နိုင်တော့ဘူးလို့ ထင်နေရင်းက ပြန်လည် ဆုံစည်းစေခဲ့တာပါပဲ။ သူတို့ရဲ့ ကွဲကွာမှု ၊ပြန်လည်ဆုံတွေမှုတွေဟာ သာမန်ဝတ္တုတွေထဲကလိုမဟုတ်ပဲ မထင်မှတ်တဲ့ကံကြမ္မာလှည့်ကွက်တခုလို ဖတ်မှုခံစားရတာပါ ။ ဇနီးဖြစ်သူဟာ သားအမွှာလေးမွေးဖွားပြီး သေဆုံးသွားချိန် ၊ တပြိုင်နက်တည်းမှာပဲ သားနှစ်ယောက်ပျောက်ဆုံးသွားတဲ့ ဖခင်တယောက်ရဲ့ ရင်ဘတ်ထဲကို ခံစားဝင်ကြည့်မိတဲ့အခါ ကိုယ့်မှာ ရူးမတတ်ခံစားရသလိုပါပဲ။ ထင်မှတ်မထားတဲ့ ဇာတ်လမ်းအဖွဲ့အနွဲ့ အရေးသားတွေကြား လွန်းလေနောင်း ဟာ ကိုယ့်အတွက် စိတ်ကျေနပ်စေခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ ဘယ်လိုမှထင်မထားတာက လွန်းလေနောင်း ဆိုတာ ရွာနာမည်လေးဖြစ်နေပြီး ဒီစာအုပ်ဖတ်ပြီးသွားချိန် ကိုယ့်မှာလည်း ဘာကိုလွမ်းလို့လွမ်းမိမှန်းမသိ ဖြစ်ရတာပါပဲ ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဇေဦးယျာ စာအုပ်များ