ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ

( 6 မှတ်ချက်)

5500 (ကျပ်)

၁၉၈၀ ကျော်ပြည့်နှစ်များတစ်ဝိုက်က တက္ကသိုလ်ကျောင်းသားများ၏ မရေရာ မသေချာလှသော ဘဝများ၊ ရုန်းကန်ရမှုများကို တစ်ကွက်ချင်းသရုပ်ဖော် ရေးဖွဲ့ထားသည့် စာရေးသူ၏ တက္ကသိုလ်နောက်ခံလုံးချင်းဝတ္ထုဖြစ်သည်။ ဘွဲ့ရသော်လည်း ဘဝရှေ့ရေးအတွက်ကျ အလုပ်အာမခံချက်မရှိ၊ သို့သော်လည်း ဘွဲ့ရပညာတတ်ဖြစ်ဖို့ အရေးကလည်း လိုအပ်ချက်တစ်ခုလို ၊ ဂုဏ်ဒြပ်တစ်ခုလို မိဘများ၊ ဆွေမျိုးသားချင်းများက သဘောထားပြီး သူများနဲ့ယှဉ်ရင် မျက်နှာမငယ်ရအောင် ဘွဲ့တစ်ခုတော့ ရစေချင်ကြပုံ ၊ အိမ်ထောင်တစ်ခု ပြုဖို့အရေးမှာလည်း အလှမ်းဝေးလှ စွန့်စားကြရပုံ၊ ဘွဲ့ရသူငယ်ချင်းတစ်စု၏ ဘဝပုံရိပ်များကလည်း လက်ဖက်ရည် ရောင်းသူ ရောင်း၊ သင်္ကန်းဝတ်၍ ဓမ္မကထိက လုပ်သူလုပ်၊ ရွာပြန်၍ လယ်သမားလုပ်သူလည်းရှိ၊ အစိုးရအရာရှိဖြစ်ဖို့ PSC စာမေးပွဲ ဖြေသူဖြေ၊ နိုင်ငံခြားအလုပ်သွားလုပ်ဖို့ ကြိုးစားရင်း ရောက်သွားသူ၊ ကြုံကျရာ ဈေးခင်းရောင်းသူ စသဖြင့် ရှိကြရာ တက္ကသိုလ်အနီးက မြေတိုက်ခန်းကျဉ်း အဆောင်လေးတွေထဲမှာ ကြွက်ကလေးတွေလို အောင်းရင်း လျှောက်ရမယ့်ဘဝလမ်းကို စမ်းတဝါးဝါးရှာနေတဲ့ ဘဝတွေလည်း ရှိခဲ့ကြသည်ကို နင့်နင့်နဲနဲ မဟုတ်သော်လည်း ကွက်ကွက်ကွင်းကွင်း ရေးဖွဲ့ထားပါသည်။ ဘွဲ့နှင်းသဘင် အခမ်းအနားကဝတ္ထုကို စပြီး ဝတ္ထုကို အဆုံးတွင်လည်း ပါမောက္ခချုပ်၏ ဘွဲ့နှင်းသဘင်မိန့်ခွန်းဖြင့် အဆုံးသတ်ထားပုံကလည်း ဝတ္ထုကို ပို၍ ပြင်းပြင်းရှရှ ရှိစေပါသည်။

စာမျက်နှာ

223

စာအုပ်အရွယ်အစား

5.4 × 0.4 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.7.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

ခေါင်းမော့လိုက်တော့မင်း ခေါင်းငုံ့လိုက်တော့သူ အား ဝေဖန်သုံးသပ်မှု 6 ရှိပါသည်။

  1. Myo Min Thu

    ဆရာမ နုနုရည် အင်းဝရဲ့ .. ခေါင်းမော့လိုက်တော့ မင်း .. ခေါင်းငုံ့လိုက်တော့ သူ … ဆိုတဲ့ ဝတ္ထုလေးက သိပ်ထူးခြားပါတယ်။
    ဇာတ်လမ်းစပြီ ဆိုကတည်းက ဘွဲ့နှင်းသဘင်ခန်းမ ထဲက ဘွဲ့ယူနေတဲ့ ဇာတ်ဆောင်တွေနဲ့ စ ထားတယ်။ တက္ကသိုလ်မြေမှာ အဆင်ပြေပြေ ပျော်ပါးစားသောက် ခဲ့တဲ့ အပိုင်းတွေကို ချန်ထားပြီး .. ဘွဲ့ရ ပညာတတ် လူငယ်မောင်မယ်တွေရဲ့ ဘဝနဲ့ စ ထားတာပေါ့။ တခြား စာရေးဆရာ/ဆရာမ တွေလို.. ဇိမ်ခံကားပေါ်က ပေါ့ပေါ့ပါးပါးဘဝတွေ မဟုတ်ဘဲ .. ဇိမ်ခံကားပြတင်းပေါက်ကို ဖွင့်ကြည့်မှ မြင်ရမဲ့ ဘဝတွေကို ရေးထားတာလေးဟာ .. သိပ်ကို လက်တွေ့ဆန်လွန်းပါတယ်။ ဇာတ်ဆောင်မင်းသားရဲ့ နာမည်ကိုပဲ ကြည့် … ထွန်းဇော်ထိုက် .. တဲ့။ ကဗျာမဆန် ဝတ္ထုမဆန်တဲ့ .. သာမန် နာမည်ရိုးရိုးလေးပါ .. ။ ဓာတုဗေဒ .. နဲ့ ဘွဲ့ရပြီး .. မိမိပညာ၊ ဝါသနာ နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို .. အသည်းအသန် ရှာနေတဲ့ သူပေါ့။ ဘွဲ့ယူတဲ့နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် သူ တွယ်ငြိမိတဲ့သူလေးကတော့ .. ဆရာဝန်ဖြစ်ချင်ပေမဲ့ ဓာတုဗေဒဘွဲ့နဲ့ပဲ ဖြေသိမ့်ရင်း ဝါသနာမပါဘဲ စာသင်နေရတဲ့ ကျောင်းဆရာမလေး တစ်ယောက်။ အစ်မကြီးတော့ အမိအရာ ဆိုသလို .. မိခင်မရှိတော့တဲ့ မောင်၊ညီမလေး တွေအတွက် စာသင်နေရတဲ့ ဆရာမလေး ပေါ့.. ။တိတိကျကျပြောရရင်တော့ .. နှာခေါင်းပေါ်မှာ မှဲ့နက်ကလေးနဲ့ “ညို” ဆိုတဲ့ .. ညိုမြင့်မေ.. ။
    ဝတ္ထုထဲက စာရေးသူရဲ့ .. အရေးအသားတွေမှာ ပျော်စရာတွေ ရှိမနေပါဘူး ။ ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်း မကျနိုင်တာတွေ ဖတ်ရမယ်။ ဘွဲ့လက်မှတ်ကိုင်ပြီး အလုပ်တစ်ခုကို ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ ဘွဲ့ရအလုပ်လက်မဲ့တွေ အကြောင်း ဖတ်ရမယ်။ မြန်မာ့ပညာရေးက ပေးတဲ့ ဘွဲ့လက်မှတ်ဟာ .. အသက်မွေးဝမ်းကြောင်းဖို့အတွက် မလုံမလောက် ဖြစ်နေတာတွေ ကို စာရေးသူက တစေ့တစောင်း မီးမောင်းထိုးပြသွားတာပါပဲ။ ဘွဲ့ရပညာတတ်သမီးရည်းစားနှစ်ယောက် ..အချင်းချင်း စိတ်ကောက်လို့ .. ချော့တာတောင် .. ” အလုပ် လိုချင်တဲ့သူ ပြုံးထားနော်” ဆိုတဲ့ စကားလေးနဲ့ ချော့တာလေးဟာ .. စာဖတ်သူကို ပြုံးနေရင်း ကြေကွဲမိစေပါလိမ့်မယ်..။
    ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်မှာမှ ထုတ်ဝေရတဲ့ စာရေးသူရဲ့ ရည်ရွယ်ချက်ကို စာဖတ်နေရင်း တစွန်းတစ သိမြင်လာရပါလိမ့်မယ်။ ဇာတ်အိမ်ကို ၁၉၈၀/၉၀ ဝန်းကျင် နှစ်ကာလတွေနဲ့ တည်ထားပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါက ဘွဲ့ရကျောင်းသားတွေ ဘွဲ့လက်မှတ်ကိုင်ပြီး .. ဒုက္ခပင်လယ်ဝေနေတာတွေကို ကွက်ကွက်ကွင်းကွင်း ချပြထားပါတယ်။ ဘွဲ့လက်မှတ်ကလေး အသာ သိမ်းပြီး ပြည်ပမှာ အလုပ် သွားလုပ်နေရတဲ့အဖြစ်တွေကို ဇာတ်အိမ်ထဲမှာပဲ ရေးပြထားပါတယ်။
    ဒီနေ့ခေတ် ဘွဲ့ရ တွေနဲ့ .. ဘာတွေ ကွာခြားသွားသလဲ ? အရာရာ အတူတူပဲလား?? ဒီကနေ့ခေတ် ဘွဲ့လက်မှတ်တွေရော ဝမ်းရေးအတွက် အသင့်ဖြစ်နေရဲ့လား?? ဆိုတာကို စာဖတ်သူက ဆက်ပြီး မေးခွန်းထုတ်ရမှာပေါ့။ နှစ် ၃၀/၄၀ အတွင်းမှာ အရာရာဘာတစ်ခုမှ မပြောင်းလဲ မတိုးတက်လာဘူး ဆိုရင်တော့ မြန်မာ့ပညာရေးဟာ တစ်ခုခု လွဲနေပြီပေါ့။ ဒီဝတ္ထုကို ဖတ်နေရင်း .. “ဟင်..!! ငါ့အတိုင်းပဲ …! တူလိုက်တာ..!! “ဆိုပြီး တွေးမိနေရင်တော့ .. ဒီတိုက်ဆိုင်မှုဟာ ဝမ်းသာစရာ မဟုတ်ပါဘူး .. ။ လုံးဝ ကြေကွဲရမဲ့ ပြသနာကြီးပါပဲ။
    ဇာတ်သိမ်းခန်းမှာတော့ … တတ်မြောက်ထားတဲ့ ပညာနဲ့ မဆိုင်သလို၊ ဝါသနာလည်း မပါတဲ့ အလုပ်တွေကို လုပ်နေရတဲ့ ဇာတ်ဆောင် လူငယ်စုံတွဲလေးဟာ အဓိပတိလမ်းမပေါ် ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်နေချိန် .. ဘွဲ့နှင်းသဘင်ခန်းမကြီးထဲက .. ပါမောက္ခချုပ်ကြီးရဲ့ .. နိဂုံးချုပ်စကားသံ သဲ့သဲ့လေးနဲ့ .. အဆုံးသတ်ထားတာလေးဟာ .. စာဖတ်သူကို တွေးစရာတွေ အများကြီး ချန်ထားပေးခဲ့ပါလိမ့်မယ်။
    အနှစ်ချုပ်ရရင်တော့ လက်တွေ့ဆန်တဲ့ ဝတ္ထုပါပဲ။ လက်တွေ့ အပြင်မှာ မြင်နေကြားနေကျ ဘွဲ့ရပြီး .. ငိုင်နေရတဲ့ ဘဝတွေကို ရေးထားတာပေါ့။ Wrong Message အဖြစ် ရသွားနိုင်တဲ့ Side effect တစ်ခုတော့ ရှိတယ်။ “ပညာသင်တာဟာ .. အလကားပါပဲလား!!!” .. “အစကတည်းက ပိုင်ရာဆိုင်ရာတွေနဲ့ ပေါင်းပြီး ငွေရှာမိခဲ့ရင် အကောင်းသား” ဆိုတဲ့ အသိတွေ ဝင်လာနိူင်ပါတယ်.. ။စာရေးသူရဲ့ ရည်ရွယ်ချက်ဟာ .. အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး .. ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့ ရည်ရွယ်ထားပုံပါပဲ။ ရသစာရေးဆရာမကြီးရေးထားတဲ့ ရသစာပေမို့ ရသ အနေနဲ့ ခံစားပြီးဖတ်ကြည့်လိုက်ပါလို့ … တိုက်တွန်းလိုက်ပါတယ်။

    M.M.T

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

နုနုရည်အင်းဝ စာအုပ်များ