ကမာရွက်အိပ်မက် လှည်းတန်းပုံပြင်

( 3 မှတ်ချက်)

5000 (ကျပ်)

ကမာရွတ်အိပ်မက်၊ လှည်းတန်းပုံပြင် စာအုပ်ဟာ ကျွန်မရဲ့ငယ်ဘဝ တစ်စိတ်တစ်ပိုင်းကိုသာ အခြေခံပြီး ကျွန်မ ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ထဲက ဇာတ်ကောင်အမျိုးသမီးလေးကို စိတ်ကူးနဲ့ ကွန့်မြူး ပေါင်းစပ်ဖန်တီးထားတဲ့ ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ရယ်ပါ။
ကမာရွတ်မှာမွေး ကမာရွတ်မှာပဲ ကြီးပြင်းရှင်သန်ခဲ့ရတဲ့ ကျွန်မအတွက်တော့ ကမာရွတ်ဟာ အမည်နာမလေး ရေရွတ်မိရုံနဲ့ ချစ်စဖွယ် ခံစားမိရပါတယ်။
ထို့အတူပဲ ကမာရွတ်နဲ့ သိပ်မဝေးလှသလို တစ်ဆက်တည်း ရှိနေလေတဲ့ လှည်းတန်းဟာလည်း ကျွန်မရဲ့ စိတ်မှတ်ဉာဏ်ထဲ အမြဲတစေ ရှိနေပါတယ်။
ကမာရွတ်သူ ကျွန်မရဲ့ ကျောင်းတက်ရက် ငယ်ဘဝများမှာ လှည်းတန်းဟာလည်း ချန်ရစ်ခဲ့လို့မရတဲ့အရာတစ်ခုပါ။ ထန်းတပင်ကျောင်းလမ်း၊ ဇေယျာသီရိလမ်း၊ ဦးထွန်းလင်းခြံလမ်းနဲ့ ပေ ၅၀ လမ်း တစ်လျှောက်က ဈေးတန်း၊ ဆကာကြီး မုန့်ဟင်းခါး၊ လှည်းကလေးနဲ့ ဒိန်ချဉ်သည်ဆိုင်၊ ပြည်မြန်မာ ကုန်တိုက်နောက်က စာအုပ်အဟောင်း ဆိုင်လေးတွေကလည်း လွမ်းစရာကောင်းလှသလို ဘောလုံး ပန်းပင်ကြီးနဲ့ ပုဏ္ဍရိက်ပန်းကလေးများကလည်း ချန်ရစ်ခဲ့လို့မရတဲ့ အမှတ်တရတွေ ဖြစ်ပါတယ်။
ဆူးလေအထိ ရောက်တဲ့ ၄၅ ဘတ်စ်ကား၊ ၄၈ လိပ်ခုံးကားပေါ် တိုးဝှေ့ တက်နေတဲ့ ခရီးသွားများ၊ နာမည်ရအဆိုတော်များ၏ တေးစီးရီးသံများ လွင့်ပျံနေလေ့ရှိသည့် လက်ဖက်ရည်ဆိုင်ရဲ့ မြင်ကွင်းများ၊ အဆောင်သူလေးတွေရဲ့ ချစ်စဖွယ် ညနေခင်းများဟာ လှည်းတန်းပုံရိပ်ဖြစ်သလို အထင်ကရ ရှိပြီး အစဉ်အလာကြီးလှတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာလည်း ကမာရွတ်၊ လှည်းတန်းလို့ ပြောလိုက်ရင် တွဲမှတ်မိနေလေ့ရှိတဲ့ အရာတစ်ခုပါ။
ဒီလိုအရာတွေ ရှိရာ အရပ်၊ ငယ်ဘဝ မှတ်ဉာဏ်ထဲက ပုံရိပ်တစ်ပိုင်းတစ်စ၊ ချစ်ခင် ကျင်လည်ရာ အရပ်ဒေသကို ချစ်စိတ်၊ ပြန်ပြောင်းလွမ်းစိတ်နဲ့ ရေးဖြစ်ခဲ့ပါတယ်။

စာမျက်နှာ

127

စာအုပ်အရွယ်အစား

5.5× 0.2×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလ ၊ပထမအကြိမ်

20 in stock

ကမာရွက်အိပ်မက် လှည်းတန်းပုံပြင် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Aeri Myat

    “ကမာရွတ် အိမ်မက်၊ လှည်းတန်းပုံပြင်”
    တဲ့…။ နာမည်လေးနဲ့တင် လွမ်းစရာကောင်းနေတဲ့ စာအုပ်လေးပါ။
    ကမာရွတ်က ထိုအိမ်ကလေးမှာ ငယ်ငယ်နဲ့ သူရရယ်၊ကိုကိုတို့ အားလုံး အတူတူ ပျော်ခဲ့ဖူးတယ်၊ဝမ်းနည်းခဲ့ဖူးတယ်၊နေ့ရက်ပေါင်းများစွာကို ကြုံတွေ့ ဖြတ်သန်းခဲ့ရတယ်။တကယ်ကို နွေးထွေးတဲ့ မေတ္တာရိပ်မြုံလေးတစ်ခုကို ဖတ်ရင်း ခံစားမိခဲ့ပါတယ်။
    တစ်ယောက်ခံစားချက်ကို တစ်ယောက်သိနားလည်ကြပေမဲ့ ဖွင့်ဟမပြောဖြစ်ခဲ့တဲ့ ကိုကိုနဲ့ ငယ်ငယ့်အတွက်လည်း
    ဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်။
    ကိုကို့အတွက်တော့ ငယ်ငယ်က ချစ်ဦးသူ ၊မခူးဆွတ်ရက်ဘဲ ရင်ထဲမှာ အမြဲ ဖူးပွင့်နေမယ့် ပုဏ္ဍရိတ်ပန်းကလေးတွေ…။
    ချစ်သော်လည်း ဝေးကြရသည်လေ…
    တစ်ဘဝလုံးစာအတွက်ပေါ့💔
    “အတိတ်ကို စိတ်ဟာ ပြန်လည်ဖမ်းဆုပ်မိသည့် အခါတိုင်း ဘောလုံးပန်းဝါဝါကလေးများ ပါသည်။စာအုပ်ဆိုင် သွားခဲ့ရသည့် ညနေခင်းများပါသည်။မိုးပြာရောင် ဆွယ်တာလေး တစ်ထည်ပါသည်။ထို့အတူ ပုဏ္ဍရိတ်ပန်း နီနီကလေးများနှင့်အတူ ပုဏ္ဍရိတ်ပန်းကလေးများကို ချစ်တတ်သည့် ကောင်မလေး ငယ်ငယ်ပါလေသည်။
    အတိတ်ကာလမှာ လှပသည့် အမှတ်တရကောင်းများရှိခဲ့သည်။ငယ်ငယ်သည် ထိုအတိတ်ထဲက လှပသည့် အမှတ်တရတစ်ခု ဖြစ်သလို ကျွန်တော့်အသက် ရှင်သန်ရာအချိန်ထိ၊ ကျွန်တော့်နှလုံးခုန်သံတို့
    ရပ်တန့်မသွားခင်အချိန်ထိ ကျွန်တော် အမြဲတမ်း မက်နေဦးတော့မည့် အိမ်မက်လှလှကလေးလည်း ဖြစ်လေသည်။”
    ကမာရွတ်၊ လှည်းတန်းဆိုတဲ့နေရာဟာ
    ရန်ကုန်မှာ ကျောင်းတက်စဥ်အခါက ကျွန်မ မကြာခဏ သွားချင်ခဲ့တဲ့ နေရာတစ်ခုပါ။ဒီစာအုပ်လေးဖတ်ရင်းသူငယ်ချင်းတွေနဲ့ လှည်းတန်းစျေးမှာ သွားခဲ့၊စားခဲ့ဖူးတာလေးတွေ ပြန်ပြောင်း သတိရမိပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့
    စာအုပ်အဟောင်းဆိုင်၊စာအုပ်အငှားဆိုင်ခေတ်ကလေးကို မမှီပေမဲ့ လှည်းတန်းကတော့ ကျွန်မအတွက် မမေ့နိုင်တဲ့၊အမှတ်တရအနေနဲ့ စိတ်ထဲမှာ သတိရမိနေဆဲ နေရာလေးတစ်ခုပါပဲ။
    စာအုပ်လေးထဲမှာပါတဲ့ ချဥ်ပေါင်ဖူးထောင်း၊ဆောင်းမနက်ခင်းမှာ စားကြတဲ့ ထမင်းပူပူလေးနဲ့ အကြော်စုံ ပူပူနွေးနွေးပါဝင်တဲ့ မနက်စာထမင်းဝိုင်း၊ ရေနွေးပူပူကို တဖူးဖူး မှုတ်သောက်တယ်ဆိုတဲ့ အရေးမှာတော့ သဘောတကျ ပြုံးမိရပါတယ်🥰
    စာတစ်အုပ်လုံးမှာ ကျွန်မအချစ်ဆုံးက ငယ်ငယ်ပါ။ဇာတ်ပွဲကြိုက်တတ်တာလည်းတူ ၊ ဘဲဥချဥ်ရည်ဟင်း ကြိုက်တတ်တာလေးကအစ ကျွန်မနဲ့ တူလို့ပါ😁❤️ အားကျမိတာကတော့ ငယ်ငယ်က အမြဲတမ်း သွက်လက်နေတဲ့ ကောင်မလေး၊ နောက်ပြီး အစ်ကိုတွေကိုလည်း ချစ်တတ်သလို၊ စာအုပ်တွေကိုလည်း ချစ်တတ်တဲ့ ကောင်မလေးမို့ အချစ်ပိုရပါတယ်❤️ သီတင်းကျွတ်မှာ ငယ်ငယ်တို့ကိုယ်တိုင်လုပ်တဲ့ ဗာဒံမီးပုံးလေးတွေကိုလည်း ချစ်ရ၊ အကြည်ဓါတ်ရှိတဲ့ ငယ်ငယ့် ဖေဖေနဲ့ မေမေကိုလည်း ချစ်မိရပြန်တာပါပဲ🥰
    ဆရာမ ပန်းငုဝါဝါစာအုပ်ကို ပထမဆုံး
    ဖတ်ဖူးတာပေမဲ့ အရမ်းကို သဘောကျမိပါတယ်။စကားလုံးလေးတွေက တကယ်ကို နူးနူးညံ့ညံ့လေးနဲ့ စာဖတ်သူ စိတ်နှလုံးအိမ်အထိ ပျံ့နှံ့စီး
    ဝင်စေပုံများတော့ ဖတ်နေရင်း အခါခါ
    ချီးကျူးနေမိရတယ်🥰❤️
    ချစ်စရာကောင်းပြီး လွမ်းစရာလည်းကောင်းတာမို့ သဘောကျမိတဲ့စာအုပ်လေးပါ။အရင်ထွက်ထားပြီးတဲ့ စာအုပ်တွေရယ်၊အခုအသစ်ထွက်ထားတဲ့ စာအုပ်လေးကိုလည်း ဖတ်ဖြစ်အောင် ဖတ်ပါဦးမယ်။စာအုပ်လေး ရေးသားပေးတဲ့ ဆရာမကိုလည်း ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်🤗
    #ကမာရွတ်အိမ်မက်လှည်းတန်းပုံပြင်
    #ပန်းငုဝါဝါ
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #28Nov2023

  2. Swan Arr Kyaw Zan

    လှည်းတန်းဆိုတာ မြန်မာလူငယ်ထုအများဆုံး ကျင်လည်၊ ရုန်းကန်လှုပ်ရှားနေကြပြီး လူသူမပြတ် စည်ကားနေကြတဲ့ နေရာပါ။

    သူရ၊ ဖိုးဇော်၊ ငယ်ငယ် (ချောငယ်ငယ်) တို့ကို မွေးဖွားပေးခဲ့တဲ့ အဖေနဲ့အမေ ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူ ဦးမြတ်ငြိမ်းနဲ့ အဒေါ်ဖြစ်သူ ဒေါ်လေးနွယ်တို့ဆီမှာ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်။ သူတို့သုံးယောက်ဟာ ဦးလေးနဲ့ အဒေါ်ကို မိဘတွေလို အရမ်းချစ်ခင်ကြရာက ဖြစ်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

    သူတို့သုံးယောက်တွေဟာ လှည်းတန်းမှာမွေးပြီး လှည်းတန်းမှာ ကြီးပြင်းခဲ့ရသူတွေပါ။ ပေ ၅၀ လမ်း၊ လှည်းတန်း ၁ လမ်းကနေ ၇ လမ်းအထိ၊ ဇေယျာသီရိလမ်း၊ ဦးထွန်းလင်းခြံလမ်း၊ ရန်ကုန်တက္ကသိုလ်၊ လှည်းတန်းမှာရှိတဲ့ ရပ်ကွက်တွေမှာလုပ်တဲ့ သီတင်းကျွတ်ပွဲတော်၊ ညလုံးပေါက် ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေ၊ ဘောလုံးပန်းပင်နဲ့ ငယ်ငယ်ကြိုက်တဲ့ ပုဏ္ဍရိတ်ပန်းတွေဟာ သူတို့သုံးယောက်ရဲ့ လုံးဝမမေ့နိုင်တဲ့ အမှတ်တရတွေပါ။

    ဒီဝတ္ထုဟာ သူတို့ Family ရဲ့ ဘဝဇာတ်လမ်းတွေဟာ ချစ်စရာကောင်းတဲ့အပြင် ဝမ်းနည်းစရာတွေ၊ သင်ခန်းစာရစရာတွေ၊ သံဝေဂရစရာကောင်းအောင် တင်ပြထားတယ်။ သူတို့ Family ရဲ့ အမှတ်တရလေးတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာလေးဖြစ်အောင် ရေးပြနိုင်တယ်။ ဆရာမရဲ့ ငယ်ဘဝတွေကို အခြေခံပြီး ဒီဝတ္ထုကို ချရေးဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီဝတ္ထုဟာ မြန်မာလူငယ်ဘဝကို ထင်ဟပ်ပြတဲ့၊ ကလေးဘဝရဲ့ အမှတ်တရကို ထင်ဟပ်ပြတဲ့ စာအုပ်ဆိုလည်း မမှားပါဘူး။

    ကျွန်တော်အပြင် ရန်ကုန်သားတိုင်း၊ ရန်ကုန်မှာ ကျင်လည်ရမယ့်သူတိုင်း လှည်းတန်းကိုတော့ တစ်နေ့တစ်ချိန်ကျရင် ဖြတ်လျှောက်ကြရမှာပါ။

    လှည်းတန်းနဲ့ မကင်းနိုင်သူတိုင်း “ကမာရွတ်အိပ်မက် လှည်းတန်းပုံပြင်” ဝတ္ထုကို ဖတ်ကို ဖတ်ထားသင့်ပါတယ်။

  3. Htet Htet Tin Zar

    🩷 ငယ်ငယ်ကတော့ မချစ်တဲ့သူနဲ့ သက်ဆုံးတိုင် နေသွားဖို့ ယုံကြည်ချက် မရှိဘူး။ အချစ်ဆိုတာ ဝဋ် တစ်ခုလိုပါပဲလေ။ ကိုယ်မလိုချင်တဲ့သူဆီက ရတာလည်း ဝဋ်ပဲ။ ကိုယ်က ပေးချင်ပေမယ့် တစ်ဖက်သားက လက်မခံချင်တဲ့အခါ ခံစားရတဲ့ သူမှာလည်း ဝဋ်တစ်ခုလိုပဲ။ ထပ်တူကျတဲ့အချစ်ဆိုတာ သိပ်ရှားတာပဲ။ 💚 (~ ချောငယ်ငယ်)
    __________________________

    💚 ဆရာမပန်းငုဝါဝါရဲ့ “ကမာရွတ်အိပ်မက် လှည်းတန်းပုံပြင်” ဆိုတဲ့ စာအုပ်လေးက ဆရာမရဲ့ စတုတ္ထမြောက် စာအုပ်လေးပါ။ လှည်းတန်းကမာရွတ်တဝိုက်ကို အခြေခံပြီး မောင်နှမအရင်းမဟုတ်တဲ့ ဖိုးဇော်နဲ့ ငယ်ငယ်တို့ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ကြေကွဲဆို့နင့်ဖွယ်ရာ ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ ဒီနေ့အထိ ဆရာမစာအုပ် လေးအုပ်ဖတ်လာအပြီးမှာ ဆရာမက ပန်းလေးတွေကို မကြာမကြာ ထည့်ရေးတတ်တာတော့ သတိထားပါရဲ့။ ရှေ့မှာတုန်းကလည်း ဆိပ်ဖလူးပန်းတွေအကြောင်း ဝေဝေဆာဆာ ပြောသွားတဲ့ စာအုပ်လေး ရှိသလို ဒီစာအုပ်ထဲမှာတော့ ဘောလုံးပန်းပင် (မအူပင်ကြီး) နဲ့ ပုဏ္ဍရိက်ပန်းတွေကို ချစ်တတ်တဲ့ ကောင်မလေးအကြောင်းကို ရေးသားထားပါတယ်။
    __________________________

    🩷 ကမာရွတ်သူ ကျွန်မရဲ့ ကျောင်းတက်ရက် ငယ်ဘဝများမှာ လှည်းတန်းဟာလည်း ချန်ရစ်ခဲ့လို့မရတဲ့အရာတစ်ခုပါ။ ထန်းတပင်ကျောင်းလမ်း၊ ဇေယျာသီရိလမ်း၊ ဦးထွန်းလင်းခြံလမ်းနဲ့ ပေ ၅ဝ လမ်း တစ်လျှောက်က ဈေးတန်း၊ ဆကာကြီး မုန့်ဟင်းခါး၊ လှည်းကလေးနဲ့ ဒိန်ချဉ်သည်ဆိုင်၊ ပြည်မြန်မာ ကုန်တိုက်နောက်က စာအုပ်အဟောင်းဆိုင်လေးတွေကလည်း လွမ်းစရာကောင်းလှသလို ဘောလုံး ပန်းပင်ကြီးနဲ့ ပုဏ္ဍရိက်ပန်းကလေးများကလည်း ချန်ရစ်ခဲ့လို့မရတဲ့ အမှတ်တရတွေ ဖြစ်ပါတယ်။

    💚 ဆူးလေအထိ ရောက်တဲ့ ၄၅ ဘတ်စ်ကား၊ ၄၈ လိပ်ခုံးကားပေါ် တိုးဝှေ့တက်နေတဲ့ ခရီးသွားများ၊ နာမည်ရအဆိုတော်များ၏ တေးစီးရီးသံများ လွင့်ပျံနေလေ့ရှိသည့် လက်ဖက်ရည်ဆိုင်ရဲ့ မြင်ကွင်းများ၊ အဆောင်သူလေးတွေရဲ့ ချစ်စဖွယ် ညနေခင်းများဟာ လှည်းတန်းပုံရိပ်ဖြစ်သလို အထင်ကရရှိပြီး အစဉ်အလာကြီးလှတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာလည်း ကမာရွတ်၊ လှည်းတန်းလို့ ပြောလိုက်ရင် တွဲမှတ်မိနေလေ့ရှိတဲ့ အရာတစ်ခုပါ။ ဒီလိုအရာတွေ ရှိရာ အရပ်၊ ငယ်ဘဝ မှတ်ဉာဏ်ထဲက ပုံရိပ်တစ်ပိုင်းတစ်စ၊ ချစ်ခင်ကျင်လည်ရာ အရပ်ဒေသကို ချစ်စိတ်၊ ပြန်ပြောင်းလွမ်းစိတ်နဲ့ ရေးဖြစ်ခဲ့ပါတယ်။ (~ ဆရာမပန်းငုဝါဝါ၏ “ကမာရွတ်ရယ်၊ လှည်းတန်းရယ်၊ ရှေးရှေးတုန်းက အမှတ်တရတွေရယ် …” မှ)
    __________________________

    🩷 အဖေက အစာအိမ်သွေးကြောပေါက်လို့ ဆုံးပါးခဲ့ပြီး အမေက သူ ၁၁ နှစ်အရွယ်မှာ ဈေးအသွား လမ်းမှာ မူးလဲကျရင်း အသက်ပါပါရင်း ဆုံးပါးသွားခဲ့လို့ စောင့်ရှောက်ခေါ်ယူမယ့်သူ မဲ့နေတဲ့ “ဇော်လတ်” ကို အဖေတက္ကသိုလ်နည်းပြ လုပ်စဉ်က ကျေးဇူးပြုခဲ့ဖူးတဲ့ တက္ကသိုလ်ကထိကတစ်ဦးဖြစ်တဲ့ ဦးမြတ်ငြိမ်းနဲ့ ဒေါ်အေးမြနွယ်တို့က ခေါ်ယူမွေးစားခဲ့တယ်။

    💚 ဦးမြတ်ငြိမ်းမှာက “သူရအောင်” လို့ခေါ်တဲ့ သူနဲ့ရွယ်တူသားတစ်ယောက်နဲ့ “ချောငယ်ငယ်” လို့ခေါ်တဲ့ စတုတ္ထတန်းတက်မယ့် သမီးလေးတစ်ယောက် ရှိတယ်။ သူ့ကို မြင်ရင် ကြည်ဖြူပါ့မလားလို့ စိုးထိတ်နေခဲ့ပေမဲ့ မောင်နှမနှစ်ယောက်လုံးက လိုလားနွေးထွေးစွာ ကြိုဆိုခဲ့ကြတယ်။ ဦးနဲ့ ဒေါ်လေးနွယ်တို့ကလည်း သားသမီးရင်းများနဲ့တန်းတူ ဂရုတစိုက်ရှိခဲ့တယ်။

    🩷 ဒီလိုနဲ့ သုံးယောက်သာ အတူနေ၊ ကျောင်းလည်း အတူသွားကြပေါ့။ ငယ်ငယ်က မိုးသည်းထဲ ပြေးလွှားဆော့ကစားရတာကို သဘောကျတယ်။ ဘောလုံးပန်းတွေနဲ့ ပစ်ပေါက်တမ်းကစားရတာကို သဘောကျတယ်။ စာဖတ်တာ သဘောကျသလို ဖိုးဇော်နဲ့အတူ စာအုပ်ဆိုင်ကို အမြဲလိုက်တတ်တယ်။ ငယ်ငယ်က အိမ်သားအားလုံးကို ရယ်မောစေအောင် စွမ်းဆောင်ပြီး ငယ်ငယ့်ကြောင့် အိမ်သားတွေမှာ ရယ်သံတွေ မပြတ်စေရ။ ပြီးတော့ သူလုပ်ချင်တာကို လုပ်လိုက်ရမှ ကျေနပ်နေသူလေး။ နောက်ပြီး နေမကောင်းဖြစ်ခဲ့လေတဲ့အထိ အစွဲအလန်းကလည်း ကြီးတတ်ပါသေးတယ်။

    💚 ငယ်ငယ် ၉နှစ်ပြည့် မွေးနေ့မှာ အညိုရောင် ခွေးစုတ်ဖွားရုပ်ကလေး ဝယ်ပေးခဲ့တယ်။ ဇော့်အတွက်လည်း ဇော်ဝယ်ခဲ့တယ်။ တစ်ရက် အစ်မဝမ်းကွဲ မမထားက အိမ်လာလို့ အရုပ်လေးကို လိုချင်တယ်တောင်းလို့ ငယ်ငယ့်အမေက ပေးလိုက်တော့ ငယ်ငယ်သိချိန်မှာ ဆူပူသောင်းကျန်းပြီး တစ်ညလုံး ငိုယိုပါတယ်။ ဇော်က သူ့အရုပ်လေး အစားထိုးပေးလည်း မရပါဘူး။ အဲဒီညမှာပဲ အကြီးအကျယ်လည်း ဖျားပါ‌တော့တယ်။ အဖျားက ရက်ရှည်လာတာမို့ အရုပ်လေးကို ပြန်တောင်းပေးလိုက်ရပါတယ်။ အရုပ်လေး ပြန်ရောက်လာတော့ ငယ်ငယ်တစ်ယောက် အံ့ဩလောက်အောင် လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာခဲ့တယ်။

    🩷 ငယ်ငယ်က ဇော်ပေးတဲ့ ပထမဆုံး လက်ဆောင်မို့ သိပ်သဘောကျတာတဲ့လေ။ ငယ်ငယ်က ဇော်ဘယ်ပဲသွားသွား နောက်ကတကောက်ကောက် လိုက်ရမှ ကျေနပ်တတ်သူ။ မလိုက်နဲ့ပြောရင်လည်း ခြေနှစ်ချောင်းပွတ်ပြီး အသံပြဲနဲ့ အော်ငိုတတ်ပါသေးတယ်။ ငယ်ငယ်က သူ့အပေါ် သံယောဇဉ်ကြီးခဲ့ပါတယ်။ ဇော်ကလည်း ညီမလေးငယ်ငယ်အပေါ် အရာရာဦးစားပေးပြီး ချစ်မြတ်နိုးပါတယ်။ ဇော့်အတွက် ငယ်ငယ်က –

    💚 လှည်းတန်းဇေယျာ သီရိလမ်းမမှာ အတူတူ လျှောက်ခဲ့ဖူးတဲ့ ကောင်မလေး
    🩷 လှည်းတန်းဈေးရုံက ရုပ်ပြ အငှားဆိုင်ပါမကျန် ဇော်တို့ နေထိုင်ရာ လမ်းကလေးထိပ်က စာအုပ်အငှားဆိုင်ဆီ အတူသွားဖော်လေး
    💚 ဆကာကြီး မုန့်ဟင်းခါးနဲ့ လှည်းကလေးနဲ့ ဒိန်ချဉ်သည်ဆီက ဒိန်ချဉ်ကိုမှ တရှိုက်မက်မက် ကြိုက်တတ်တဲ့ ကောင်မလေး
    🩷 ဇာတ်ပွဲမှန်သမျှလည်း အလွန်ကြိုက်တတ်တဲ့ ကလေးမလေး
    💚 ဘောလုံးပန်းဝါဝါလေးတွေ ကြွေကျနေတဲ့ လမ်းကလေးထက်မှာ ပွင့်ကြွေတွေပေါ် မနင်းရက်လို့ ရှောင်ကွင်းသွားတတ်တဲ့ နူးညံ့လှတဲ့ စိတ်ထား ပိုင်ရှင် ကလေးမလေး
    🩷 ဇော့်ကို ကိုကိုလို့ ခေါ်တတ်ပြီး ဘယ်သွားသွား တကောက်ကောက် လိုက်တတ်တဲ့ ချစ်စဖွယ်ကောင်မလေး
    💚 ပဏ္ဍရိက်ပန်းကလေးတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ ကလေးမလေးလေးပါ။

    🩷 ပျော်ရွှင်ကြည်နူးရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ရတဲ့ ချစ်စရာမောင်နှနှစ်ဦးရဲ့ အနာဂတ်တွေဟာလည်း အမြဲပျော်ရွှင်သွားရမှာလား?
    __________________________

    💚 ဒီစာအုပ်လေး ဖတ်မိတော့ အရင်က သင်တန်းတက်ခဲ့မိတဲ့ အချိန်တွေကို လွမ်းမိပါရဲ့။ ကိုယ်လည်း ရန်ကုန်ဇာတိမဟုတ်ပေမဲ့ လွန်ခဲ့တဲ့ ၁၃နှစ်က လှည်းတန်းတစ်ဝိုက် သင်တန်းတွေတက်ရင်း ကျင်လည်ခဲ့ရဖူးတော့ စာအုပ်ထဲက နေရာအတော်များများ သိနေတယ်။ ပြည်မြန်မာကုန်တိုက်ဝန်းဆို ကိုယ်တွေ ကောင်းကောင်းကြီး မီခဲ့သေးတာရယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေဝယ်၊ ဟိုးဘက် တစ်ဖက်ပိတ်လမ်းလေးနားမှာဆို မိတ္တူဆိုင်တွေ နောက်ပြီး အဲ့တုန်းက ဆိုင်တွေမှာ သီချင်းသွားသွားထည့်ရတဲ့ခေတ်။ အဲ့လိုသီချင်းသွင်းပေးတဲ့ ဆိုင်လေးတွေရော ရှိခဲ့ဖူးတယ်။

    🩷 နောက်ပြီး ဆကာကြီး မုန့်ဟင်းခါး၊ လှည်းကလေးနဲ့ ဒိန်ချဉ်သည်၊ နွားဖြူဖိနပ်ဆိုင်ဆိုပြီး လှည်းတန်းတစ်ဝိုက် ရှိခဲ့ဖူးတဲ့ ဆိုင်လေးတွေအကြောင်း၊ ဘယာကြော်နဲ့ ချဉ်ပေါင်ဖူးထောင်း၊ အုန်းကပ်စေး၊ ထန်းလျက်ချောင်း၊ အိမဆီးထုပ်၊ ရှမ်းမဆီးသီးအစပ်၊ ခေါင်းအုံးမုန့်၊ မိုးပုလဲနေကြာစေ့ထုပ် စတဲ့ ငယ်ငယ်က စားခဲ့ရတဲ့ မုန့်နာမည်လေးတွေကို ကြားရတော့ ငယ်ဘဝကိုတောင် အောက်မေ့မိရဲ့။

    🩷💚🩷💚🩷💚

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ပန်းငုဝါဝါ စာအုပ်များ