ပြန်စာလေးတစ်စောင်

( 17 မှတ်ချက်)

8000 (ကျပ်)

၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ Christmas & New Year Edition အနေနဲ့ Just A Reply To You ပြန်စာလေးတစ်စောင်ဆိုတဲ့ စာအုပ်လေးကို ထုတ်ဝေလိုက်ပါတယ်။

ဒီစာအုပ်လေးထဲက စာတွေကတော့ .. စာဖတ်သူတွေဆီက မေးခွန်းလေးတွေကို စာရေးသူက..ပြန်ဖြေပေးထားတဲ့ပြန်စာလေးတွေအဖြစ် ဖတ်ရှုရမှာဖြစ်ပါတယ်။

Relationship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ .. မိဘနဲ့သားသမီးကြားကဆက်ဆံရေး ..စိတ်ပိုင်းဆိုင်ရာအဖုအထစ်လေးတွေ.. အစရှိသဖြင့် မေးခွန်းနဲ့ ပြန်စာအဖြေလေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဒီမေးခွန်းတွေနဲ့ အဖြေတွေ၊ အဖြစ်အပျက်တွေဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ သူတို့ရဲ့ အမည်နာမတွေကို ကိုယ်စားပြုဖော်ပြထားတာ မဟုတ်ဘဲ စာဖတ်သူတွေအနေနဲ့ မိမိနဲ့တိုက်ဆိုင်နေတဲ့ ဘ၀အခြေအနေတွေရှိခဲ့ရင် ဆက်စပ်ပြီး ဖတ်ရှုအဖြေရှာနိုင်ဖို့ ရည်ရွယ်ပါတယ်..

စာမျက်နှာ

210

စာအုပ်အရွယ်အစား

5.7 x 0.5x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

24 in stock

ပြန်စာလေးတစ်စောင် အား ဝေဖန်သုံးသပ်မှု 17 ရှိပါသည်။

  1. Htet Htet Tin Zar (verified owner)

    🎄 ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့ ဆရာမမွန်ဟော်စီရဲ့ “ပြန်စာလေးတစ်စောင် (Just a Reply to You)” စာအုပ်လေးက Christmas & New Year Edition အနေနဲ့ ထွက်ရှိလာခဲ့ပြီး Christmas Theme ဒီဇိုင်းလေးနဲ့ ပုံဖော်ထားပါတယ်။ pre-order ads post ကနေစပြီး ကိုယ့်လက်ထဲ စာအုပ်ရောက်လာတဲ့အထိ မျက်နှာဖုံးကို ကြည့်မိတိုင်း ခံစားမိတာတစ်ခုက စာအုပ်လို့ မျက်စိထဲမမြင်ဘဲ ပို့စကတ်တစ်ခုအနေနဲ့ မြင်နေမိတာပါပဲ။
    🎁 ပြန်စာလေးတစ်စောင်ဆိုတဲ့အတိုင်း ဆရာမဆီ အကြံဉာဏ်တောင်းလာတဲ့ မေးခွန်းလေးတွေကို ဆရာမကနေ ကိုယ့်ရဲ့အတွေ့အကြုံ၊ ထင်မြင်ချက်တွေနဲ့ အကောင်းဆုံး အကြံဉာဏ်ပေးထားတဲ့ ပြန်ကြားချက်တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တွေ့မြင်နေကျ ပြန်စာတွေပုံစံမျိုး စာဖတ်သူရဲ့အမေး ဆရာမရဲ့ အဖြေဆိုပြီး ရေးပြထားတာမျိုး မဟုတ်ဘဲ မေးထားတဲ့ မေးခွန်းရဲ့ အဓိကအချက်အကြောင်းလောက်သာ ပြောပြပြီး အဲဒီပြဿနာအပေါ် ဆင့်ပွားတွေးမိတာ၊ အမြစ်တွယ်လာရတဲ့ အကြောင်းရင်းနဲ့ ဖြေရှင်းဖို့ရာ အကောင်းဆုံးလို့ ဆရာမအနေနဲ့ ယူဆတဲ့ အကြံပေးချက်လေးတွေ ပုံစံမျိုးနဲ့ ရေးသားသွားတာ ဖြစ်ပါတယ်။
    🎄 အကြောင်းအရာတွေအားဖြင့်
    ▪ Relationship နဲ့ ပတ်သက်တာတွေ
    ▪ မိဘနဲ့ သားသမီးကြား ဆက်ဆံရေးတွေ
    ▪ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တာတွေ
    ▪ Mental Health ပြဿနာတွေ
    စသဖြင့် နယ်ပယ်အတော်များများ စုံလင်အောင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တော်တော်များများကလည်း လူတိုင်းနီးပါး တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူးကြတဲ့ ဖြစ်ရပ်တွေမို့ ပြဿနာတွေက လူတွေနဲ့ မစိမ်းပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဖြေရှင်းနည်းတော့ တူနိုင်ကြမှာမဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာ ဆရာမရဲ့အကြံဉာဏ်လေးတွေကို ဒီပြန်စာစာအုပ်လေးထဲမှာ ဖတ်ရှုပြီး လိုအပ်သလို လက်တွေ့ဘဝထဲမှာ အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ ဖြေရှင်းချက်မရှိတဲ့ တချို့ပြဿနာတွေအတွက်တော့ အကောင်းဆုံး ရင်ဆိုင်ပြီး စိတ်ထားတတ်ဖို့ လမ်းညွှန်ပေးထားပါတယ်။
    🎁 ကိုယ်ဆိုရင်လည်း မိဘနဲ့ပတ်သက်တာတွေ၊ အိမ်၊ ‌addiction စတဲ့ အကြောင်းအရာတွေက ကိုယ့်ဘဝမှာ ငယ်စဉ်ကတည်းက negative influence ရှိတာမို့ သေချာဖတ်ကြည့် သုံးသပ်ဖြစ်ခဲ့တယ်။ ဆရာမရေးထားတာတွေကလည်း တကယ့်လက်တွေ့ကျတဲ့ အမှန်တရားတွေပဲဆိုတာ ကိုယ်တိုင်ကြုံခဲ့ ခံစားခဲ့ဖူးတာမို့ ဒါတကယ်ပဲဆိုတာ သိနားလည်ရတယ်။ ဒါကြောင့် ဒီထဲက ပြန်စာတိုင်းက မြင်ဖူးကြားဖူးနေကျ ပြဿနာတွေ မထူးဆန်းဘူးလို့ ဘေးလူအနေနဲ့ဆို ထင်ရပေမဲ့ အဲဒီပြဿနာကို ကြုံနေရတဲ့သူအဖို့တော့ အဲဒီအချိန်ဟာ တကယ့်အခက်အခဲကြီးပါပဲ။ ဒီစာအုပ်ထဲက ပြဿနာတစ်ခုခုနဲ့ ကြုံနေရတဲ့သူ ဖတ်မိခဲ့ရင်လည်း ကိုယ့်ပြဿနာနဲ့ ယှဉ်ကြည့်ပြီး ဖြေရှင်းနိုင်ဖို့ အလင်းလေးတစ်ပွင့်ဖြစ်ဖြစ် ရနိုင်မယ်လို့ ထင်မိပါတယ်။
    __________________________
    🎄 မေးခွန်းတွေကို ဖြေဖို့အတွက် ရိုးသားဖို့လည်း လိုပါတယ်။ သတ္တိရှိဖို့လည်း လိုပါတယ်။ ကျွန်မရဲ့ အလုပ်သဘောအရ မေးခွန်းတွေကို လက်ခံဖြေဆိုပေးရတာမျိုးလေးတွေလည်း ရှိတတ်ပါတယ်။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ မေးခွန်းတွေဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ သူတို့အမည်နာမတွေကို ကိုယ်စားပြုဖော်ပြထားတာမဟုတ်ဘဲ စာဖတ်သူတွေအတွက် မိမိနဲ့ တိုက်ဆိုင်နေတဲ့ ဘဝအခြေအနေတွေရှိခဲ့ရင် ဆက်စပ်ပြီး ဖတ်ရှုအဖြေရှာနိုင်ဖို့သာ ရည်ရွယ်ပါတယ်။ ကျွန်မကိုယ်တိုင် မေးခွန်းတွေကို ဖြေပေးရင်း ကိုယ့်အတွက် အဖြေတွေ ပြန်ရလာတာလည်း ရှိပါတယ်။ ဒါကြောင့် မေးခွန်းတွေမေးကြည့်ပါ။ အတွေးထဲမှာ မေးကြည့်ပါ။ စာအုပ်ထဲမှာ မေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ဖြေနိုင်တဲ့သူကို မေးပါ။ ကျွန်မအနေနဲ့ မေးခွန်းတိုင်းကို ဖြေမပေးနိုင်ခဲ့ပေမဲ့ ဖြေသင့်တဲ့ မေးခွန်းလေးတွေကိုတော့ ပြန်စာလေးတွေအဖြစ် တတ်သိသလောက် ဖြေပေးလိုက်ပါတယ်။
    (~ ဆရာမမွန်ဟော်စီ၏ အမှာစာမှ)
    __________________________
    (ဒီအပိုင်းကတော့ စာအုပ်ထဲက တစ်ပုဒ်ချင်းစီက သဘောကျတဲ့ အပိုဒ်လေးတွေ ကူးထည့်ထားတာပါ။ ကိုယ့်အာဘော် မပါပါဘူး။)
    🎄 ပြန်စာ (၁) မိဘကိုရွေးချယ်လို့ မရပါ
    မကောင်းတဲ့မိဘကို ရခဲ့တာလည်း ဝဋ်ကြွေးပါ။ ဆိုးတဲ့မိုက်တဲ့ သားသမီးရခဲ့တာလည်း ဝဋ်ကြွေးတစ်ခုပါ။ အကြောင်းကြောင့် အကျိုးဖြစ်လာတာချည်းပါ။
    စိတ်ညစ်ခဲ့ရတဲ့အချိန်တွေလည်း ပြီးသွားခဲ့ပါတယ်။ အဖေလည်း သေသွားတယ်လေ။ သူသေသွားမှ ပြီးသွားတယ်ဆိုတဲ့ ဇာတ်သိမ်းမျိုးကတော့ မကောင်းပါဘူး။
    🎁 ပြန်စာ (၂) အိမ်
    အိမ်ဆိုတာ တကယ်တော့ နေရာတစ်ခုဆိုတာထက် ပိုပါတယ်။ အိမ်ဆိုတာဟာ ခံစားမှုတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လို ခံစားမှုလည်းဆိုရင် နွေးထွေးလုံခြုံတဲ့ ခံစားမှုပဲ ဖြစ်ပါတယ်။
    Home is not just a place.
    It is a feeling of love and security.
    🎄 ပြန်စာ (၃) မသောက်တာ ကောင်းပါတယ်
    Living with an addict can be a living hell.
    တချို့က မူးယစ်ဆေးဝါးစွဲတယ်။ တချို့က အရက်စွဲတယ်၊ ဘယ်ဟာကိုပဲစွဲစွဲ အဲဒီလို မူးယစ်စေတဲ့ အရာတစ်ခုမှာ စွဲလမ်းနေခြင်းဟာ ကိုယ့်အတွက် မကောင်းသလို ကိုယ်နဲ့အတူနေတဲ့ သူတွေအတွက်လည်း မကောင်းပါဘူး။ မိသားစုထဲမှာ ဒီလိုမျိုး တစ်ယောက်ပါလာနေပြီဆိုရင် သူနဲ့နေရတာဟာ မိသားစုအတွက် အရှင်လတ်လတ် ငရဲကျနေရသလိုပါပဲတဲ့။
    🎁 ပြန်စာ (၄) နောက် အနှစ် ၂၀ အတွင်းမှာ ပျောက်ကွယ်သွားကြမယ့်လူများ
    တကယ်တော့ မိသားစုဆိုတာလည်း မတူတဲ့ လူတွေအတူ စုပေါင်းနေထိုင်ကြရတဲ့ လူအဖွဲ့အစည်း အသေးစားလေးတွေပါ။ အကုန်လုံးတည့်ပြီး အဆင်ပြေနေကြတယ်ဆိုတာ မရှိပါဘူး။
    တစ်နေ့ကို တစ်နာရီတောင် မတွေ့ကြတဲ့ တစ်အိမ်တည်းနေကြသူတွေအချင်းချင်း မခေါ်နိုင် မပြောနိုင်ဖြစ်နေကြတယ်ဆိုတာမျိုးဟာ ဘာအဓိပ္ပာယ်မှ မရှိပါဘူးလေ။ သားသမီး ပေါက်စတွေ ရင်ခွင်ထဲမှာ ထွေးဖက်ထားလို့ရတာဟာလည်း ၁၅ နှစ်လောက်ပါပဲ။
    မိဘဆိုတာလည်း နောင်အနှစ် ၂ဝ အတွင်း ကျွန်မတို့ အိမ်ထဲမှာ ပျောက်ကွယ်သွားမဲ့ လူတွေပါ။ ဒါတောင်မှ ကျန်းမာရေးတွေ သိပ်ကောင်းနေပါမှ။
    🎄 ပြန်စာ (၅) မျှော်လင့်ချက်နဲ့ ရှင်သန်ပါ
    ကလေးတွေရှိနေလို့သာ မိခင်ဖြစ်ခွင့်ရတာပါ။ ကောင်းမွန်တဲ့ လူသားတွေဖြစ်လာဖို့ ကလေးတွေကို ပြုစုပျိုးထောင်ခွင့်၊ မေတ္တာပေးခွင့်၊ ဆုံးမပြုပြင်ခွင့်ရတယ် ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ ဘဝဟာ မြင့်မြတ်တဲ့ဘဝပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို အပြစ်ပုံချမနေစေချင်ဘူး။ မိခင်ဖြစ်ရတာကို ဂုဏ်ယူစေချင်ပါတယ်။
    မျှော်လင့်ချက်နဲ့ ရှင်သန်ပါ။ ငွေကြေးကျပ်တည်းနေတဲ့ အတောအတွင်း အခြိုးခြံဆုံးနဲ့ ရုန်းကန်ရှင်သန်ပါ။ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးကို ပိုလုပ်ပါ။ သစ္စာဆိုပါ။ တရားထိုင်ပါ။ လက်ရှိ အလုပ်လေးကို တန်ဖိုးထားပြီး လုပ်ပါ။
    🎁 ပြန်စာ (၆) ပျော်စရာတွေ အများကြီးပါ
    ကျွန်မတို့ လူတွေဟာ သူသူကိုယ်ကိုယ် ကြီးကြီးငယ်ငယ် ကိုယ့်အပူသာအကြီးဆုံး ထင်တတ်ကြတယ်။ ပြီးရင် ကိုယ့်အကြောင်းကိုတွေးပြီး ငါသာလျှင် သနားစရာအကောင်းဆုံး လူပါလားရယ်လို့ အသနားပိုတတ်ကြတယ်။ ခံစားတတ်ကြတယ်။ ကြေကွဲဝမ်းနည်းကြတယ်။ သေသွားရင် ကောင်းမှာပဲလို့ ညည်းတွားမိတတ်ကြတယ်။ သေသွားတိုင်းလည်း ကိစ္စပြီးမယ် မထင်နဲ့။
    တစ်နေ့ တစ်နေ့ အသက်ဆက်ရှင်သန်နိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးရင် ကျွန်မတို့ ဘဝကို အံတုရန် အဆင်သင့်ရှိနေလိုက်ဖို့ပါပဲ။ တစ်မနက် ဆေးရုံကို ဆေးစစ်ဖို့ ရောက်သွားတော့ ဒီနေ့ ကျွန်မ ကြည်လင်ရွှင်ပျစွာ နိုးထလာတဲ့ မနက်ခင်းဟာ တစ်စုံတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက် ဘဝနေဝင်ချိန်လည်း ဖြစ်နေတတ်ပါလား တွေးလိုက်မိတယ်။
    🎄 ပြန်စာ (၇) မုံတိုင်ပင်
    အရာဝတ္ထုတစ်ခု လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့နဂိုရင်းစွဲထက် ပတ်ဝန်းကျင်က သတ်မှတ်ပေးတတ်ကြတာများတယ်။ အဲဒီလို သတ်မှတ်တဲ့သူတွေမှာကို မတူညီတဲ့ သတ်မှတ်ပေတံမျိုးတွေ ရှိနေတတ်ကြတယ်။ အဲဒီပေတံတွေဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ အဆင့်အတန်းနဲ့ ပညာရပ်တွေအပေါ်မှာ မူတည်ပြီး ကွဲပြားသွားလေ့ရှိတယ်။
    🎁 ပြန်စာ (၈) ကန်ထဲမှာ ငါးတစ်ကောင်တည်းလား
    ကိုယ်နဲ့ လက်တွဲလို့မရတဲ့ သူနဲ့အတူရှိနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ထောင်ချထားတာနဲ့ အတူတူပဲ။ ဘာမှလည်း ဖြစ်မလာဘူး။ အချိန်တွေ ကုန်သွားတာပဲ ရှိတယ်လေ။
    Not everyone you lose is a loss. ကိုယ်တစ်ယောက်ယောက်ကို စွန့်လွှတ်လိုက်ရတယ်ဆိုတာဟာလည်း တကယ့် ဆုံးရှုံးမှုကြီး မဟုတ်သေးပါဘူးနော်။ တစ်ခါတလေကျတော့ သူ့တစ်ယောက်ကို စွန့်လွှတ်ဆုံးရှုံးလိုက်ရတာကိုက ကိုယ့်အတွက် ဘဝလမ်းကြောင်းတွေ ပွင့်သွားတာမျိုး ဖြစ်နေတတ်တယ်လေ။
    🎄 ပြန်စာ (၉) ရပ်တန့်မပစ်လိုက်နဲ့
    ဘဝဆိုတာ စာအုပ်ကလေးတစ်အုပ်နဲ့ တူတယ်လို့ ကျွန်မတို့ ပြောတတ်ကြပါတယ်။ တချို့အခန်းတွေဟာ.ဝမ်းနည်းစရာကောင်းတယ်။ တချို့အခန်းတွေကတော့ ပျော်ရွှင်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတယ်။
    ဒါပေမဲ့ နောက်စာမျက်နှာ တစ်ရွက်ကို မလှန်သရွေ့ကတော့ ဘယ်လိုအခန်းကဏ္ဍ မျိုးက ကျွန်မတို့အတွက် ရှိနေမလဲဆိုတာ မမှန်းဆနိုင်ပါဘူးတဲ့။
    🎁 ပြန်စာ (၁၀) ဝါသနာ
    Game ကစားတယ်ဆိုတာ ဝါသနာတစ်ခုလို့ ဆိုနိုင်ပေမယ့် စွဲလမ်းတဲ့ဘက်ကို ရောက်သွားတဲ့အခါ မကောင်းကျိုးတွေ ဖြစ်လာတာ များပါတယ်။
    Game ကို Reward ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့လောက်ပဲ ဆော့ရင် မကောင်းဘူးလား။ ဥပမာ အိမ်စာတွေပြီးမှ ခဏဆော့တယ်ဆိုတာမျိုး သင်ခန်းစာတစ်ခု နားထောင်ပြီးမှ အချိန်ကန့်သတ်ပြီး ဆော့တာမျိုးပါ။
    Game ကစားတဲ့ ကိစ္စမျိုးလေးကိုတောင်မှ တော်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ဘရိတ်မအုပ်နိုင်ဘူးဆိုရင် အရေးကြီးတဲ့ ဘဝရဲ့ဖြစ်ရပ်တွေနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုဆုံးဖြတ်နိုင်ပါလိမ့် မလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်သင့်ပါတယ်။
    🎄 ပြန်စာ (၁၁) ဆယ်လီမဖြစ်ချင်ပါနဲ့
    Facebook မှာ Follower ဘယ်လောက်ရှိရှိ သူငယ်ချင်း ဘယ်လောက်ရှိရှိ သေခါနီးလို့ ICU ထဲ ရောက်သွားတဲ့အခါ အပြင်မှာ စောင့်နေပေးမှာ ကိုယ့်မိန်းမ သို့မဟုတ် ယောက်ျား၊ ကလေးတွေ သို့မဟုတ် အဖေနဲ့ အမေသာ ရှိမှာပါ။
    နေ့ရှိသရွေ့ Follower တက်ဖို့ အရေး Like တွေ Share တွေရဖို့ အရေး တချို့ အဆဲခံပြီးတော့ကို လုပ်နေကြတယ်။ ကိုယ့်ပို့စ်ပေါက်ရင်ပြီးရော ထင်ရာ မြင်ရာတွေ လျှောက်လုပ်ကြတယ်။ သေချာတာပေါ့။ ပေါတောတောလည်း ဖြစ်သွားတတ်ကြတယ်။
    🎁 ပြန်စာ (၁၂) အတိုက်အခိုက်
    ကိုယ့်ကိုမုန်းတီးနေတယ်ဆိုတာဟာ ကိုယ့်ရဲ့အချိုးမပြေမှု တစ်ခုခုကြောင့် ဖြစ်နိုင်သလို သူတို့ ဘယ်လိုမှ ယှဉ်လို့မရတဲ့ ကိုယ့်ရဲ့သာလွန်နေတဲ့ အရည်အချင်းတစ်ရပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
    သူ့ဘာသူ ဘာတွေပြောပြော ကိုယ်က လက်မခံဘူးဆိုရင် ကိုယ့်ဆီကို ရောက်မလာပါဘူး။ မလိုအပ်ဘူးထင်ရင် ဘာမှခွန်းတုံ့မပြန်ဘဲ ခပ်ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်‌။ ပြောစရာ စကားတွေ ရှိမနေလို့တော့ မဟုတ်ဘူး။
    Avoiding certain people to protect your emotional health is not weakness. It’s wisdom.
    ဘဝမှာ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ ကျန်းမာသန့်ရှင်းရေးအတွက် ရှောင်ရှားသင့်တဲ့သူကို ရှောင်ရှားလိုက်တာဟာ အားနည်းပျော့ညံ့တာ မဟုတ်ပါဘူး။ အဲဒါဟာ ပညာပဲဖြစ်ပါတယ်။
    🎄 ပြန်စာ (၁၃) Comfort Zone
    အလုပ်အကိုင်နဲ့ ဘဝပျော်ရွှင်ရေးဆိုတာဟာ တိုက်ရိုက်နီးပါးလောက် အချိုးကျ ဆက်စပ်လျက်ရှိပါတယ်။ ပျော်တဲ့အလုပ်ကို လုပ်ကိုင်ခွင့်ရနေတဲ့သူတွေဟာ ဘဝမှာ ပျော်ရွှင်ရတဲ့သူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ဘဝဟာ အလုပ်လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
    🎁 ပြန်စာ (၁၄) သူမကောင်းပေမဲ့ … ကိုယ်ကောင်းတယ်
    သူကောင်းတယ်လို့ ပေါ်လွင်ထင်ရှားတာဟာ သူ့ဘေးကလူက သူ့အပေါ်မှာ မကောင်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့သူအပေါ်မှာလည်း လုံး မကောင်းဘူးလို့တော့ ပြောလို့ မရပြန်ဘူး။
    သူ့ကြောင့် ကိုယ်ဟာ ကောင်းတာတွေ လုပ်ဖြစ်လာတာရှိတယ်။ စိတ်အနေတတ်လာတယ်။ စိတ်ကိုကြည့်ရင်း အေးချမ်းအောင် နေတတ်လာတယ်။ သည်းခံတတ်လာတယ်။ တရားအားထုတ်ဖြစ်လာတယ်။ တရားတွေ နာဖြစ်လာတယ်။ အဖြူရဲ့ သဘောဟာ အမဲရှိတော့မှ ပေါ်လွင်ထင်ရှားလာသလိုပါပဲ။ တစ်စုံတစ်ယောက်ဟာ ကောင်းသင့်သလောက် မကောင်းခဲ့ဘူးဆိုရင်လည်း စိတ်မပျက်ပါ။ ဝဋ်ကြွေးတွေရှိတယ်ဆိုရင်လည်း ကျေအောင်ဆပ်လိုက်နိုင်တယ်လို့ သဘောထားလိုက်ပါ။
    🎄 ပြန်စာ (၁၅) စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ
    ရူးသွပ်မှုရှိမှ အောင်မြင်မယ် ဆိုတဲ့စကားဟာ မှန်သင့်သလောက်မှန်ပေမဲ့ ရူးသွပ်ခြင်းဟာ အချိန်အတိုင်းအတာတစ်ခုအထိပဲ ရှိသင့်တယ်။ တစ်နှစ်လား နှစ်နှစ်လား သုံးနှစ်လား။ ကိုယ်အကုန်အကျခံနိုင်တဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်သွားသည်အထိ ဘာမှဖြစ်မလာတော့ဘူးဆိုရင် အဲဒီရူးသွပ် သွပ်ခြင်း ဆိုတာကို စွန့်လွှတ်သင့်ပါတယ်။ မစွန့်လွတ်နိုင်ဘူးဆိုရင်တောင်မှ ကိုယ့်ဘဝကို တည်ငြိမ် ည်ငြိမ်စေမယ့် အလုပ်တစ်ခုကို ပြောင်းလုပ်သင့်ပါတယ်။
    စွန့်လွှတ်သင့်တာကို စွန့်လွှတ်လိုက်တာဟာလည်း သတ္တိပဲ။ ပြောင်းလဲသင့်တာတွေကိုလည်း ပြောင်းလဲပစ်လိုက်ဖို့ လိုတယ်။
    🎁 ပြန်စာ (၁၆) လောကအသိနဲ့ ဓမ္မအသိ မျှပါစေ
    တရားသဘောအရကြည့်ရင် လောဘဖြစ်တာဟာ မကောင်းပေမယ့် ပညာ၊ စီးပွား ရှာတဲ့ နေရာမှာတော့ လောဘမရှိရင် ဘာမှ မဖြစ်လာနိုင်ပြန်ပါဘူး။
    ဒါပေမဲ့ ပူပန်စိတ် မနာလိုစိတ်တွေ၊ ယှဉ်ပြိုင်လိုတဲ့ စိတ်တွေနဲ့ ပညာ၊ စီးပွားနောက်ကို ကောက်ကောက်ပါအောင် လိုက်နေမယ်ဆိုရင်လည်း စိတ်နှလုံးအေးချမ်းရမှာ မဟုတ်ပါဘူး။
    🎄 ပြန်စာ (၁၇) သေတိုင်းမပြီးဘူး
    သေသွားတိုင်းလည်း ကိစ္စပြီးတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ လောကကို အနိုင်ပိုင်းပြီး နှုတ်ဆက်ထွက်ခွာသွားတာ မဟုတ်ပါဘူး။
    နေမယ်လို့ ရွေးချယ်ထားတဲ့အတွက် ဘယ်တော့မှ မသေတော့ဘူးဆိုတာတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ နေရစဉ်အခါမှာ အကောင်းဆုံးဖြစ်အောင်တော့ နေသွားနိုင်ပါတယ်။ ဘယ်လောက်ထိ အသက်ရှည်ရှည်နေသွားသလဲဆိုတာ အရေးမကြီးဘူး။ ဘယ်လိုနေသွားသလဲဆိုတာက ပိုအရေးကြီးတယ်။
    🎁 ပြန်စာ (၁၈) ဖြစ်တတ်တဲ့သဘာဝတွေပဲလို့ လက်ခံပါ
    တစ်ခါတလေကျတော့ လူတွေမှာ ဖြစ်တတ်ပါတယ်။ တကယ့်ကို Down and Out ပဲ။ အရာအားလုံးရှိနေတယ် ပြည့်စုံနေတယ် ထင်ရပေမဲ့ တကယ်တမ်းကျတော့ ရင်ထဲမှာ ဟာပြီး ဗလာဖြစ်နေတယ်။ အောင်မြင်ကျော်ကြားတဲ့သူတွေဟာ ဒါမျိုးတွေ ပိုဖြစ်ကြသလိုပဲလို့ တွေးမိတယ်။ အနားမှာ လူတွေဝိုင်းဝိုင်းလည်နေကြပေမဲ့ အဲဒီလူတွေဟာ ကိုယ့်နားမှာ အကြာကြီးရှိနေမှာ မဟုတ်ဘူးဆိုတာလဲ သိနေတယ်တဲ့။
    🎄 ပြန်စာ (၁၉) ဒီနေ့မနက်နိုးလာတာ ကံကောင်းလို့ပါ
    အသက်ရှင်လျက် နိုးထလာတာကိုက အဓိပ္ပာယ် ပြည့်ဝနေခြင်း တစ်ခုပါ။ ဒီနေ့မနက် နိုးထလာနိုင်တာ ကံကောင်းလို့ပါ။ တချို့လူတွေ နိုးမထနိုင်တော့ဘဲ မနေ့ညကတည်းက သေဆုံး သွားကြတယ်နော်။ နိုးထလာခြင်းဟာ ရှင်သန်နေသေးလို့ပါ။ ရှင်သန်နေတဲ့အတွက် လုပ်စရာတွေ အများကြီးရှိနေသေးတာပါ။
    🎁 ပြန်စာ (၂ဝ) တွေးပူမနေပါနဲ့
    ပိုက်ဆံဆိုတာ အိုစာ နာစာ ရှိတော့ ရှိရမယ်။ ဒါပေမဲ့ တချို့ ကုပ်ကပ်ပြီး စုကြတာ။ အသက်ကြီးလာတော့ ဘယ်လောက်ရှိလဲ ဆိုတာတောင် မေ့သွားပြီ။ အချိန်တန်တော့ ထိုက်တဲ့သူပဲ ရသွားတာပဲ။ သူရဖို့အတွက် မလှူရက် မတန်းရက် မစားရက်မသောက်ရက် ခြစ်ကုတ်ပြီး စုပေးခဲ့ရသလိုပဲ။ မတန်ပါဘူး။
    သတိတွေကောင်းတုန်းမှာ အလှူအတန်းတွေ များများလုပ်ခဲ့ရမယ်။ ကိုယ့်နောက်ကို ပါမယ့် ကိစ္စမျိုးတွေပေါ့။ ကိုယ်သေသွားရင်တောင် ကိုယ်လှူဒါန်းခဲ့တဲ့ ကိုယ့်ငွေက မသေဘူး။ အမြဲတမ်း စီးဝင်နေသမျှ ကိုယ်လည်း ကုသိုလ်တွေ ရနေမယ်လေ။
    🎄 ပြန်စာ (၂၁) မိသားစုအပေါ်ပုံမချပါနဲ့
    ပြဿနာဖြစ်တော့မယ်ဆိုရင် တတ်နိုင်သလောက်တော့ ထိပ်တိုက်မတွေ့ဘဲ မျိုချလိုက် တာကောင်းပါတယ်။ စိတ်မှာ သတိဖြစ်အောင်နေတတ်တဲ့သူ Mindful ဖြစ်နေတဲ့သူဆိုရင်လည်း ဒေါသကို အချိန်မီ ဘရိတ်အုပ်နိုင်ပါတယ်။
    ဘာမဟုတ်တာလေးတွေနဲ့ ရန်ဖြစ်စရာမဟုတ်မှန်းတော့ သိနေတာပဲ။ ဒါပေမဲ့ တခြားအရာတစ်ခုနဲ့ပတ်သက်ပြီး အဆင်မပြေတာကနေ အရင်းနှီးဆုံးဖြစ်တဲ့ အိမ်သူအိမ်သား မိသားစုအပေါ်မှာ ပုံချလိုက်တာပါပဲ။ အဲဒီအခါမှာ ဘာမှမဟုတ်တာလေးတွေကြောင့်ပဲ အော်ကြဟစ်ကြ ပြောကြဆိုကြနဲ့ ဖြစ်ကုန်တယ်။
    🎁 ပြန်စာ (၂၂) အစွန်းရောက်အတ္တကြီးသူများ
    Narcissist ဆိုတဲ့သူတွေဟာ ကိုယ့်ဘဝရဲ့အနီးဆုံးနေရာတွေမှာလည်း ရှိနေတတ်ကြတယ်။ တစ်ခါတလေ အဲဒီသူတွေဟာ ကိုယ့်ရဲ့ မိဘဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက် လက်တွဲဖော်ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ရဲ့အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် လူကြီး စသည်ဖြင့်လည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။
    Narcissist Behavior ဆိုတာ ဘဝပုံစံအမျိုးစုံကနေ လာတတ်ပါတယ်။ စိတ် မပျော်ရွှင်မှုကြောင့် ဖြစ်နိုင်တယ်။ တစ်စုံတစ်ခုကြောင့် အကြီးအကျယ်အရှက်ရခဲ့တာမျိုးကနေ ဖြစ်နိုင်တယ်။ ငယ်ငယ်ကတည်းက စိတ်မလုံခြုံဖြစ်တတ်သူတို့မှာ ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ အရထိခိုက်နာကျင်မှုရှိခဲ့ဖူးတဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
    🎄 ပြန်စာ (၂၃) ကိုယ့်ခန္ဓာကိုယ်ကို မမုန်းပါနဲ့
    လူတွေအတော်များများဟာ ကိုယ့်ရဲ့မျက်နှာ၊ ကိုယ့်ခန္ဓာနဲ့ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်ကြတယ်ဆိုတာ သိပ်မရှိပါဘူး။ ဒီအဆင့်က လက်ခံလို့ရနိုင်ပါသေးတယ်။ ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ခန္ဓာ၊ ကိုယ့်ရုပ်ရည်ကို မုန်းတယ်ဆိုတဲ့ အဆင့်ထိရောက်လာတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုအရ အန္တရာယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်နဲ့စိတ်ဟာ connection မရတဲ့ သဘောပါပဲ။
    🎁 ပြန်စာ (၂၄) အလုပ်နဲ့တာဝန်
    ကလေးတွေကို အိမ်မှာ မုန့်ဖိုးပေးပြီး အိမ်အလုပ်တွေကို ကူညီလုပ်ပေးစေတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ငွေကြေးရဲ့တန်ဖိုးကို သိတာထက် အလုပ်ရဲ့ တန်ဖိုးကို သင်ယူတယ် ဆိုတာက ပိုကောင်းမှာ မဟုတ်ပါလား။ ဘာဖြစ်လို့လဲဆိုရင် အလုပ်ဆိုတဲ့အထဲမှာ တာဝန်ဆိုတာကလည်း ပါနေခဲ့လို့ပါ။
    🎄 ပြန်စာ (၂၅) မငြင်းပါနဲ့
    တချို့လူတွေမှာ Argumentative Personality ဆိုတာ ရှိတယ်။ အငြင်းသန် ရန်ဖြစ်တတ်ကြတယ်ပေါ့။
    Argumentative Personality ဆိုတာ ဘာလဲ။
    သူတို့ဆီမှာ ပြင်းထန်တဲ့အယူအဆတွေ ရှိတတ်ကြတယ်။ Argumentative Personality ဆိုတာ ပုံစံအမျိုးစုံကနေလာတတ်ပါတယ်။
    ငြင်းခုံတတ်တယ်ဆိုတာဟာ ငယ်စဉ်ဘဝ စိတ်မပျော်ရွှင်မှုတွေကြောင့် ဖြစ်နိုင်တယ်။ တစ်စုံတစ်ခုကြောင့် အကြီးအကျယ် အရှက်ရတာမျိုးကနေ ဖြစ်နိုင်တယ်။ စိတ်မလုံခြုံဖြစ်တတ်သူတို့မှာ ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်အရမ်းကာကွယ်တဲ့အခါမှာ ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်မှု ရှိခဲ့ဖူးတဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။
    🎁 ပြန်စာ (၂၆) Healthy Stress
    Stress စိတ်ဖိစီးမှုဆိုရင် အများက မကောင်းတဲ့အရာလို့ပဲ စွဲမှတ်ယူထားတတ်ကြပါတယ်။ Stress ကို စိတ်ဖိစီးမှုအစား ဘဝကို တွန်းအားပေးတဲ့ ခွန်အားတစ်ရပ်အနေနဲ့ တစ်ဖက်က စဉ်းစားကြည့်မယ်ဆိုရင် အဲဒီ Stress ရှိနေတာကိုက ကျွန်မတို့အတွက် ကောင်းပါတယ်။ Healthy Stress လို့ ဆိုနိုင်ပါတယ်။
    ကျွန်မတို့ ဦးနှောက်က Stress နဲ့ တွေ့ဆုံရပြီဆိုတဲ့အခါ သူက Fight or Flight ပြန် တိုက်ခိုက်မလား ထွက်ပြေးမလားဆိုတဲ့ တုံ့ပြန်မှု နှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ အသင့်အနေထားကို ရောက်သွားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မတို့ဟာ ဖြစ်လာတဲ့ ပြဿနာအပေါ် အာရုံစူးစိုက်မှုတွေ ရှိလာပါတယ်။ ဖြေရှင်းဖို့ စွမ်းအားတွေ ပြည့် လာပါတယ်။ ရင်ဆိုင်လိုက်ဖို့ သတိအနေအထားနဲ့ ဖြစ်လာပါတယ်။ Staying focused, energetic and alert ဖြစ်လာပါတယ်။
    🎄 ပြန်စာ (၂၇) အလုပ်ခွင်မှာ မပြောသင့်သော စကားများ
    (၁) နိုင်ငံရေး၊ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာနဲ့ လူမျိုးရေးဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးဝေဖန်မှုတွေ မပြုလုပ်သင့်ပါဘူး။
    (၂) အလုပ်မှာ Share မလုပ်သင့်တဲ့ အကြောင်းတစ်ခုက ကိုယ့်ရဲ့ Sex Life ဖြစ်ပါ တယ်။
    (၃) နောက်တစ်ချက်က ကျန်းမာရေးပြဿနာ Health Problems တွေနဲ့ ပတ်သက်ပြီး မပြောသင့်ဘူးလို့ မှတ်ထားမိပါတယ်။
    (၄) နောက်မပြောသင့်တဲ့အချက်တစ်ခုက ကိုယ့်ရဲ့ငွေကြေးဆိုင်ရာပြဿနာ Financial Problem တွေနဲ့ ပတ်သက်တဲ့အချက်ပဲဖြစ်ပါတယ်။
    (၅) နောက်တစ်ခုကတော့ အလုပ်ခွင်မှာပဲ အလုပ်ထဲကလူတစ်ယောက်ရဲ့ အကြောင်းကို ပြောတာမျိုးကို မလုပ်သင့်တာပါ။
    (၆) စဉ်းစားမိတဲ့ နောက်ဆုံးတစ်ချက် ရှိသေးတယ်။ ဒါကတော့ အလုပ်နဲ့ပတ်သက် နေတဲ့သူတွေကို ကိုယ့်ရဲ့ Facebook ထဲမှာ သူငယ်ချင်းအဖြစ် လက်ခံမထားမိဖို့ပါပဲ။ အထူးသဖြင့် မန်နေဂျာတွေ၊ အထက်လူကြီးတွေဆိုရင် လုံးဝလက်ခံ မထားသင့်ပါဘူး။
    🎁 ပြန်စာ (၂၈) လဲကျရင် ပြန်ထ
    ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လောက်ပဲ သေးငယ်ပါစေ။ ကိုယ့်အလုပ် ကိုယ့်‌စေတနာအပေါ် ယုံကြည်မှု ရှိဖို့လိုတယ်။ ကဲ့ရဲ့ခံရမှာ ကြောက်နေရင်တော့ ဘာမှလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလောကမှာ အကဲ့ရဲ့ မခံရတဲ့သူဆိုတာလည်း ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ အပြစ်တင်ချင်တဲ့သူဟာ ကိုယ်ဘာတွေ ဘယ်လောက်ကောင်းအောင်လုပ်လုပ် အပြစ်တင်နေမှာပါပဲ။
    🎄 ပြန်စာ (၂၉) အခြေအနေတိုင်းမှာ တောင်းပန်ဖို့မလိုပါ
    တကာရဲ့ စိတ်ကို အမြဲတမ်းပျော်ရွှင်ကျေနပ်နေစေလိုတဲ့ People Pleaser ဘဝတော့ ကိုယ့်ကိုယ်ကိုယ် အရောက်မခံသင့်ပါဘူး။ တကယ့်လက်တွေ့မှာ လူတိုင်းနဲ့ အဆင်ပြေအောင်နေဖို့ လူတိုင်းကို ပျော်ရွှင်ကျေနပ်စေဖို့ဆိုတာလည်း ဘယ်လောက်ခက်ခဲမှန်း သိနားလည် ကြမှာပါပဲ။
    ကိုယ့်ရဲ့ မလိုအပ်သော တောင်းပန်လိုက်မှုတွေဟာ တစ်ခြားလူတွေကို သွယ်ဝိုက်သော နည်းနဲ့ အချက်ပြနေတာက ကိုယ်ဟာအမြဲတမ်း မှားနေတယ် ကြောက်တတ်တယ်၊ ကိုယ့်ကို အစည်းအဝေးတွေမှာ၊ စကားဝိုင်းတွေမှာ လူရာသွင်းဖို့ အကြံဉာဏ်တောင်းဖို့ မသင့်တော်ဘူး မထိုက်တန်ဘူးဆိုတဲ့ အတွေးမျိုး တွေးမိစေတတ်ပါတယ်။
    ဒါကြောင့် ကိုယ်တကယ် မမှားဘဲ မလိုအပ်ဘဲ တောင်းပန်ခြင်း မပြုလုပ်ဖို့ သတိထားရမှာပါ။ ခဏခဏ တောင်းပန်လာတဲ့အခါမှာ ဘယ်လိုဖြစ်လာသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အလေးထားစိတ်ကလည်း လျှော့နည်းကျဆင်းလာတတ်ပါတယ်။ Low Self Esteem ဖြစ်လာတတ်တယ်။ တောင်းပန်တာကောင်းပါတယ်။ ဒါပေမဲ့ Self Esteem ကျတတ်တာကို သတိပြုဖို့ လိုပါတယ်။
    အဆင်မပြေတာတစ်ခု ဖြစ်လာပြီဆိုရင် အရင်ဆုံး ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားကြည့်သင့်ပါတယ်။ တောင်းပန်လိုက်တိုင်း ပြဿနာပြီး မသွားပါဘူး။ ဒါဟာ ပြဿနာဖြေရှင်းနည်း မဟုတ်ပါဘူး။
    🎁 ပြန်စာ (၃၀) အချစ်လည်း အမြဲမရှိ အမုန်းလည်း အမြဲမရှိ
    ကိုယ်က တစ်စုံတစ်ယောက်ကို အရမ်းမုန်းတီးစက်ဆုပ်တယ်ဆိုပါစို့။ သူက ကိုယ့် အပေါ်မှာ မကောင်းခဲ့တာတွေ၊ နာကျင်အောင်လုပ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်.။ မုန်းတီးဖို့ အကြောင်းလုံလောက်ပါတယ်။ ဒါပေမယ့် အချိန်တစ်ခုကိုရောက်လာတဲ့အခါ အဲဒီအမုန်းစိတ်ကလည်း အချစ်စိတ်တွေ လျော့ပါးသွားတတ်သလို လျော့ပါးသွားမှာပဲဖြစ်ပါတယ်။
    ကမ္ဘာမကြေတဲ့အမုန်းဆိုတာက ဝတ္ထုစာအုပ်ရဲ့နာမည်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမကြေတဲ့ အမုန်းဆိုတာ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာကြီး တည်တံ့နေသလောက် မုန်းတဲ့သူရော၊ အမုန်းခံရသူရော၊ သူ့ရဲ့အမုန်းစိတ်ကရော တည်တံ့နိုင်တာမှ မဟုတ်ဘဲ။
    🎄 ပြန်စာ (၃၁) ကံကြောင့်သာဖြစ်တယ်
    တချို့ကိစ္စတွေဟာ သိပ်တိုက်ဆိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့အခြေခံကျတဲ့ ယုံကြည်မှုအရဆိုရင်တော့ ဒါဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါပဲ။ ကံအကြောင်းတရားတွေ တိုက်ဆိုင်ပြီး အချိန်ကိုက် အကျိုးတွေ ဖြစ်လာကြတယ်။
    အချိန်တစ်ခု တိုက်ဆိုင်လာတဲ့အခါမှာ ကံတူအကျိုးပေးတွေ အကုန်လုံး သွားဆုံခဲ့ကြတာပဲ။ ဒါကို ဒီလိုတွေဖြစ်ရတာဟာ ဘယ်သူ့အပြစ်ကြောင့်၊ ဘယ်သူအသုံးမကျလို့ စသည်ဖြင့် ဘယ်သူ့ကိုမှလည်း လက်ညှိုးထိုးလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ကံကိုလည်း ဒီလူကိုယ်တိုင်ကလွဲလို့ တခြားသူကဝင်ပြီး ကူပေးလို့ မရပါဘူး။
    🎁 ပြန်စာ (၃၂) ကံတူအကျိုးပေး
    မိဘနဲ့သားသမီးဆိုတာ ကုသိုလ်ကံချင်း ဆက်စပ်နေတတ်ကြပါတယ်။ တချို့မိဘတွေ သားသမီးကံကောင်းတယ်ဆိုတာမိဘကလည်း ဒီသားသမီးရဲ့ ကောင်းကံကို ခံစားခွင့်ရှိတဲ့ အကြောင်းတရားတွေ ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ တချို့သားသမီးကံမကောင်းဘူးဆိုတာကလည်း ဒီသားသမီးနဲ့ ပတ်သက်ပြီး ပေးဆပ်ရမဲ့ အကြွေးတွေ ပါလာတာကြောင့် ဖြစ်နိုင်ပါတယ်။ အကြွေးရှိသလောက် ပေးဆပ်နေရတာပါပဲ။
    🎄 ပြန်စာ (၃၃) အကောင်းမြင်တတ်တယ်ဆိုတာ
    Positive Thinking
    Positive Thoughts
    Positive Energy ဆိုတာတွေက ကောင်းတဲ့အတွေးတွေ၊ ကောင်းတဲ့အမြင်တွေ ဆိုပေမယ့် ဖြစ်သင့်တာထက်ပိုပြီး အကောင်းမြင်နေတတ်ခြင်းဟာ ပုံမှန်မဟုတ်ပါဘူး။ ဒါကို အင်္ဂလိပ်လိုဆိုရင်တော့ Toxic Positivity လို့ ခေါ်ပါတယ်။
    အကောင်းမြင်တတ် တွေးတတ်တယ်ဆိုတာ ကောင်းပေမယ့် မကောင်းတဲ့အရာတစ်ခု သို့မဟုတ် အခြေအနေတစ်ခုကို ကောင်းပါတယ်လို့ အတင်းဇွတ်ပြီး ကောင်းနေရင်တော့ ဒါဟာ ပတ်ဝန်းကျင်မှာပါ ပြဿနာဖြစ်လာနိုင်ပါတယ်။
    မကောင်းတာကြီးကို ကောင်းတယ်လို့ လုပ်နေသရွေ့ ဘယ်သောအခါမှ တကယ့် ကောင်းခြင်းတွေကို ရလာနိုင်တော့မှာ မဟုတ်ပါဘူး။
    🎁 ပြန်စာ (၃၄) ဟိုဘက်ခြံက မြက်ကပိုစိမ်းတယ်
    တကယ်တော့ လူဆိုတာဟာ ဘဝမှာ ကိုယ့်ရဲ့ Timeline နဲ့ပဲ ကိုယ်သွားကြတာပါပဲ။ အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ဖြစ်ဖို့အကြောင်းတွေ အကုန်ပေါင်းစုံလာပြီဆိုရင် ဘယ်အရာကမှ တားဆီးလို့မရ ဖြစ်ကိုဖြစ်ပါတယ်။
    Don’t let other people’s timeline rush on your timeline.
    ကိုယ့် Timeline နဲ့ ကိုယ် သွားနေတဲ့ကိစ္စမှာ သူများ Timline က ဦးဆောင်သွားတာမျိုး မခံပါနဲ့။ ကိစ္စတစ်ခုမှာ ကိုယ်က စောနေရင်စောမယ်၊ နောက်ကျနေရင် နောက်ကျမယ်၊ ကိုယ့်အခြေအနေလေးနဲ့ကိုယ် အဆင်ပြေရင် ပြီးတာပါပဲ။
    🎄 ပြန်စာ (၃၅) အသုံးကျဖို့လိုတယ်
    LGBT ဆိုတာလည်း လူတွေထဲက လူတစ်ယောက်ပဲ။ ယောက်ျားဖြစ်ပေမဲ့ မိန်းမလို ခံစားချင်ခံစားမယ်။ မိန်းမဖြစ်နေပေမဲ့ ယောကျာ်းလိုခံစားချင် ခံစားမယ်။ သူ့ကြိုက်နှစ်သက်မှုဟာ သူ့ရဲ့လူ့အခွင့်အရေးပဲ။
    အကယ်၍များ ကျွန်မမှာ သားရှိခဲ့ပြီး အဲဒီသားလေးက Gay ဖြစ်လာမယ်ဆိုရင် I dont mind! ကျွန်မလက်ခံပါမယ်။ ဒါက သူ့ရွေးချယ်မှုပါပဲ။ အမေကိုယ်တိုင်က ကိုယ်သားရဲ့ ရွေးချယ်မှု ဖြစ်တည်မှုကို လက်မခံနိုင်ဘဲ စိတ်ဆင်းရဲပြနေရင် ကိုယ့်သားဘဝ ပိုဆိုးရုံရှိမှာပေါ့။ သူမှ ပြင်လို့ မရတဲ့ဟာကို။ သူ့ကိုအားပေးမယ်။ သူလုပ်နိုင်တာနဲ့ ဖြစ်ချင်တာကြားမှာ ရှင်သန်ခွင့်ပေးမယ်။ သူ့ကို ပျော်ရွင်စေမယ်။
    ဘဝမှာ ခြောက်တာ စိုတာ အဓိကမဟုတ်ဘဲ အသုံးကျဖို့သာ လိုတယ်ဆိုတာ ကလေးလည်းနားလည်ရမယ်။ မိဘလည်း နားလည်ရမယ်။ ပတ်ဝန်းကျင်ကတော့ အချိန်တန်ရင် သဘောပေါက်သွားလိမ့်မယ်။
    ကိုယ့်ဖြစ်တည်မှုကို သူတို့ မကြိုက်တာ ကိုယ့်ပြဿနာမဟုတ်ဘူး။ သူတို့ပြဿနာသာဖြစ်တယ်။ ဘာမှ နှိမ်စရာမရှိဘူး။

  2. Swan Arr Kyaw Zan

    မိသားစု၊ အလုပ်ခွင်၊ ငွေရေးကြေးရေး၊ ဘဝနဲ့ ပတ်သက်လာလို့ ကြုံရတဲ့ ကတောက်ကဆပြဿနာတွေကို ရင်ဆိုင်ကျော်လွှားဖို့၊ ဖြေရှင်းတတ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီလိုပြဿနာတွေကြားမှာ မဆုံးနိုင်အောင်သံသရာလည်ပေတော့ပဲ။

    ဘဝဆိုတာ ရွေးချယ်မှုတစ်ခုပဲ ဆိုပေမယ့် ရွေးချယ်မှုမှာ ထင်ရာစိုင်းရင် ကိုယ်ပဲဒုက္ခရောက်မှာ။ ဘဝမှာ ရွေးချယ်ခွင့်ရှိရှိ၊ မရှိရှိ ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုတယ်။

    ရှင်သန်ဖို့ခက်ခဲနေတဲ့ လူ့လောကကြီးရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိတ်နေသဘောထားလုံးဝမမှားဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းတတ်ဖို့၊ ကိုင်တွယ်တတ်ဖို့ လိုတယ်။

    ဒါ့ကြောင့် ပြန်စာလေးတစ်စောင် (Just A Reply To You) စာအုပ်က တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပုံ ရတယ်။

    လူတွေက ဘဝပြဿနာနဲ့ ပတ်သက်တဲ့ မေးခဲ့သမျှ မေးခွန်းတွေကို ပြန်စာပေါင်း ၃၅ စောင်ကို ဆရာမမမွန်ရေးနေကျ စာစုသဘောနဲ့ ရေးပြထားတာပါ။ ဒီ ၃၅ စောင်ဟာ ကိုယ့်အတွက်ကိုယ် မေးခွန်းထုတ်ပြီး အဖြေရှာနိုင်ဖို့ပဲ။

    အခု ဒီစာအုပ်ထဲမှာ လောကရေးရာမှာမကဘဲ ဓမ္မရေးရာမှာပါ အလယ်အလတ်လမ်းစဥ်ကျကျ ရေးပြနိုင်တယ်။

    ရှင်သန်ဖို့ မသေချာတဲ့ လူ့ဘဝမှာ ကိုယ့်ဘဝအတွက် ဆုံးဖြတ်ချက်မှန်ကန်ပြီး ကိုယ့်ရဲ့ဘဝပြဿနာတွေကို မှန်ကန်တဲ့အမြင်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ပါစေ…..။

    #စွမ်းအားကျော်ဇံ
    ၂၈. ၁. ၂၀၂၄ (တနင်္ဂနွေနေ့)

    #ပြန်စာလေးတစ်စောင်
    #Just_A_Replying_To_You
    #မွန်ဟော်စီ #MonHalsey
    #ပန်းဆက်လမ်း
    #SwanArrKyawZan
    #SAKZBOOKREVIEWS

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ