အိုင်ဗင် တူရဂေညက်ဗ်ရဲ့ အဖေနဲ့သားများ
12000 (ကျပ်)
ကမ္ဘာကျော်စာအုပ် ၁၀၀’ မှ
‘နွယ်သစ်’၏
အဖေနဲ့သားများ အမှာစာ
အဖေ၏ ခေတ်နှင့် သား၏ခေတ်သည် ကွာခြားမြဲ ဖြစ်သည်။ ခေတ်ကွာခြားသောအခါ အဖေ၏ တွေးပုံခေါ်ပုံ၊ ပြုပုံမူပုံ၊ ကြည့်ရှုပုံများ နှင့်သား၏တွေးပုံခေါ်ပုံ၊ ပြုပုံမူပုံ၊ ကြည့်ပုံ ရှုပုံတို့သည်လည်း ကွာခြား လာမြဲဖြစ်သည်။ ဤအဖြစ်ကို ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး ”တူရဂေညက်” က အဖေများနှင့်သားများဝတ္ထုတွင် တင်ပြထားလေသည်။ တူရဂေညက်၏ ဇာတ်လမ်းများသည် ဇာတ်လမ်းအသားပေး စာရေးဆရာများအတွက် လှပဆန်းကြယ်သော ဇာတ်ကွက်များ၊ ဇာတ် လက်တက်များ ဖန်တီးနိုင်အောင် ခိုင်ခန့်ကျယ်ပြောသည်။ သို့သော် တူရဂေညက်သည် ဇာတ်လမ်းအသားပေးတတ်သူမဟုတ်ဘဲ ဇာတ်ဆောင်များကိုသာ အသားပေးသူဖြစ်သည်။ အဖေများနှင့်သားများ ဝတ္ထုတွင်လည်း တူရဂေညက်သည် ဇာတ်ဆောင်များကို အသားပေးဖွဲ့ သည်။ ဗာဇာရော့၊ ပါဗဲ၊ အာရကားဒီ၊ နီကိုလိုင်တို့ကား အဖေများနှင့် သားများတွင် အဓိကဇာတ်ဆောင်များ ဖြစ်ကြသည်။
နီကိုလိုင်သည် တစ်ခုလပ် မြေပိုင်ရှင်ကြီးဖြစ်သည်။ အခြားမြေ ပိုင်ရှင်ကြီးများနှင့်မတူသည့်အချက်မှာ နီကိုလိုင်သည် သူနှင့်ခေတ်ပြိုင် မြေရှင်ကြီးများထက် အတွေးအခေါ်အရာ၌ ရှေ့ကပြေးနေသူဖြစ်သည်။ လစ်ဘရယ်ဝါဒီဖြစ် သည်။ ထို့ကြောင့် သူပိုင်ကျေးကျွန်များကို လွတ်လပ် ခွင့်ပေးသည်။ သူ့တွင် သားတစ်ဦးရှိသည်။ သားအမည်ကား အာရကား ဒီဖြစ်သည်။ အာရကားဒီသည် စိန့်ပီတာစဘတ်မြို့တော်သို့ သွားရောက် ပညာသင်သည်။ ပညာသင်စဉ် ဗာဇာရော့နှင့် တွေ့ဆုံခင်မင်သည်။ ဗာဇာရော့ကား မင်းမဲ့ဝါဒသမားဖြစ် သည်။ တွေးပုံခေါ်ပုံ၊ ပြုပုံမူပုံရဲရင့် သည်။ ပြတ်သားသည်။ အစဉ်အလာသမားများနှင့်အလွန်ခြားနား သည်။ ဗာဇာရော့၏အတွေးအခေါ်များသည်အာရကားဒီကိုလွှမ်းမိုး၏။
၁၈၅၈ ခု မေလတွင် အရာကားဒီသည် စိန့်ပီတာစဘတ် တက္ကသိုလ်မှ ဘွဲ့ရပြီး သူ့ဇာတိနယ်မြေ၊ သူ့ဖခင်ထံသို့ ပြန်လာသည်။ အာရကားဒီနှင့်အတူ ဆရာဘွဲ့ရပြီးစ ဗာဇာရော့လည်း အလည်လိုက် လာသည်။ ဖခင်ဖြစ်သူ နီကိုလိုင်သည် သားနှင့်သား၏မိတ်ဆွေအား ဝမ်းပန်းတသာ ကြိုဆိုသည်။ နီကိုလိုင်သည် မင်းမဲ့ဝါဒီဗာဇာရော့ကို မနှစ်ခြိုက်လှ။ နီကိုလိုင်ထက် ပို၍ရှေးဆန်သော သူနှင့်အတူနေ အစ်ကို ပါဗဲကမူ ဗာဇာရော့ကို မြင်ပြင်းကပ်သည်။ ပါဗဲသည် စစ်ဗိုလ်ဟောင်း ဖြစ်သည်။ မင်းသမီးတစ်ပါးနှင့် ချစ်ကြိုက်ပြီးကွဲသွားကြသဖြင့် အချစ်ကို စိတ်နာသည်။ ထို့ကြောင့် သူ့ညီနီကိုလိုင် နောက်အိမ်ထောင်သစ်ထူ ရန် ကြိုးစားနေသည်ကို အပြင်းအထန်ကန့်ကွက်သည်။ နီကိုလိုင်သည် နောက်အိမ်ထောင်သစ်ကို အတိအလင်းမထူသော်လည်း ဖယ်နစ်ချကားဆိုသည့် မိန်းမတစ်ဦးနှင့်ပေါင်းသင်းနေသည်။ ကလေးတစ်ဦးပင် ရနေသည်။ ဖယ်နစ်ချကားသည် နီကိုလိုင်၏တရားမဝင်ဇနီးဖြစ်သော်လည်း နီကိုလိုင်၏ အိမ်၌ပင် နေသည်။ ဖခင်ဖြစ်သူ နီကိုလိုင်သည် သူဖယ်နစ်ချကားနှင့်ပေါင်းသင်း နေသည်ကို သားဖြစ်သူ အာရကားဒီ ကန့်ကွက်မည်ကို စိုးရိမ်သည်။ အာရကားဒီရောက်လာသောအခါ သူ့ဖခင်ထင်သလိုမဟုတ်ဘဲ ဖယ်နစ်ချကား သားအမိကိုပင်အရေးတယူဆက်ဆံလေသည်။
အာရကားဒီနှင့် မိတ်ဆွေ ဗာဇာရော့တို့သည် သူတို့နှင့် အမူအကျင့်အတွေး အခေါ်မတူသေ အသိုင်းအဝိုင်းတွင် နေထိုင်ရသည်မှာ ပျော်ပိုက်စရာမကောင်းသည့်အတွက် အနီးအနားရှိခရိုင်မြို့ကြီးသို့ သွား ရောက်လည်ပတ်လေ့ရှိသည်။ ထိုမြို့တွင် ကျင်းပသော ကပွဲတစ်ခု၌ ဗာ ဇာရော့နှင့် အာရကားဒီတို့သည် ချမ်းသာကြွယ်ဝသော မုဆိုးမကလေး ‘အန်နာဆီဂရေလက်ဖနားအော်ဒင်းဆော့’နှင့် သူ့ညီမ ‘ကာကျာ’တို့ ကို တွေ့ဆုံမိသည်။ အန်နာသည် ကပွဲတွင် ထူးထူးခြားခြားပြောဆိုပြု မူတတ်သော လူငယ်နှစ်ဦးကို သဘောကျကာ သူ့အိမ်သို့အလည်အပတ် ဖိတ်ခေါ်သည်။
အန်နာတို့ ညီအစ်မအိမ်သို့ မကြာခဏလည်ပတ်ရင်း ဗာဇာရော့သည် မုဆိုးမအန်နာကို လိုချင်လာမိသည်။ အန်နာကမူ ဗာဇာရော့ ကိုမချစ်။ အာရကားဒီကလည်း လက်ဦးကမူ ဗာဇာရော့ကဲ့သို့ပင် အန်နာကို သူသဘောကျသည်ဟု ထင်မှတ်မိသည်။ နောက်တော့ သူတကယ် ပဲသဘောတွေ့သူမှာ အန်နာမဟုတ်ဘဲ အန်နာညီမ ‘ကာကျာ’ဖြစ်သည် ကို ခံစားသိ သိလာလေသည်။ အန်နာက ဗာဇာရော့ကို ခပ်အေးစက် စက် ဆက်ဆံသောအခါ ဗာဇာရော့သည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူ့မိဘများအိမ်သို့ အာရကားဒီကိုပါခေါ်ဆောင်ပြီး ပြန် သွားလေသည်။ ဗာဇာရော့၏ ဖခင်သည် အငြိမ်းစားစစ်တပ်ဆရာဝန်ဖြစ် သည်။ မိခင် မှာမူ အလွန်ရိုးသားသော မိန်းမတစ်ဦးမျှသာဖြစ်သည်။ ဗာဇာရော့တို့ အိမ်၌ တည်းခိုနေစဉ် အာရကားဒီသည် ဗာဇာရော့နှင့် သူ့အကြားတွင် ခြားနားချက် များစွာရှိနေကြောင်း သတိမူမိသည်။ သည် ဗာဇာရော့ ကဲ့သို့ မင်းမဲ့ဝါဒီ စစ်စစ်ဖြစ်နိုင်မည်မဟုတ်ကြောင်း သိလာသည်။ အထူးသဖြင့် ရှေးအစဉ်အလာကို ထိန်းသိမ်းလိုသော သူ့ဦးလေးအပေါ် ဗာဇာရော့၏ ရှုတ်ချသော သဘောထားကို အာရကားဒီ မနှစ်မြို့နိုင်။ ဗာဇာရော့နှင့် အာရကားဒီတို့သည် အာရကားဒီ၏ ဖခင် နီကိုလိုင်တို့ အိမ်သို့ပြန်လာကြပြီး နေထိုင်ပြန်သည်။ ဗာဇာရော့သည် အန်နာနှင့် မနီးစပ်သောအခါ နီကိုလိုင်၏ တရားမဝင်ဇနီးသည်ကလေးကို ရိသဲ့သဲ့ လုပ်လာသည်။ အချင်းအရာကို အာရကားဒီ၏ ဦးရီးပါဗဲက မြင်သွားသည်။ ထို့ကြောင့် ဗာဇာရော့နှင့်တစ်ယောက်ချင်းတိုက် ခိုက်ရန်တောင်းဆိုသည်။ သူတို့နှစ်ဦးသည် သေနတ်ချင်းယှဉ်၍ ပစ်ခတ် ရာ ဗာဇာရော့မှာမူ မည်သို့မျှမဖြစ်။ ပါဗဲသာ အနည်း ငယ်ဒဏ်ရာရ သွားသည်။ အဘယ်ကြောင့် သေနတ်ချင်းယှဉ်၍ ပစ်ခတ်ရသည်ကို မည်သူ့ကိုမျှ အသိမပေးပေ။
ပါဗဲသည် ဒဏ်ရာကြောင့် အိပ်ရာ၌ လဲနေစဉ် သူနှင့်ကွဲကွာခဲ့ရသော သူ့ချစ်သူမင်းသမီးကို သတိရမိသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခင်လျှင် ပေါင်းဆုံဖို့သင့်သည်ဟုလည်း သဘောပေါက်လာသည်။ ထို့ကြောင့် နာလန်ထသောအခါ သူ့ညီ နီကိုလိုင်ကိုဖယ်နစ်ချကားနှင့် တရားဝင်လက်ထပ်ယူရန် တိုက်တွန်းလေသည်။ အာရကားဒီ၏ အချစ် ကိုလည်း ကာကျာက လက်ခံလိုက်သည်။ ဗာဇာရော့ကား အာရကားဒီနှင့်ခွဲကာ သူ့မိဘထံသို့ ပြန်သွားပြီးဖခင်၏ ဆေးကုသမှုတွင် လက်ထောက်အဖြစ်ဝင်ရောက်ကူညီလုပ် ဆောင်သည်။ တစ်နေ့တွင် ဗာဇာရော့သည် တိုက်ဖွိုက် (အူရောင်ငန်းဖျား) ရောဂါကို ခွဲစိတ်ကုသရင်း လက်၌ဓားဖြင့်ခြစ်မိသော ဒဏ်ရာရ သည်။ ထိုဒဏ်ရာမှ တိုက်ဖွိုက်ပိုးဝင်ကာ ရောဂါရခဲ့သည်။ ဗာဇာရော့သည် ရဲရဲဝံ့ဝံ့ပင် သေမင်းကို လက်ခံတွေ့ဆုံခဲ့လေသည်။
ဝတ္ထုအဆုံးတွင် နီကိုလိုင်တို့ မိသားစု၌ နှစ်မင်္ဂလာပွဲကျင်းပလေသည်။ နီကိုလိုင်နှင့် ဖယ်နစ်ချကား၊ အာရကားဒီနှင့် ကာကျာတို့ နှစ်စုံတွဲလက်ထပ်ကြ၏။ အန်နာသည်လည်း ဝတ်လုံတစ်ဦးနှင့်လက်ထပ်သည်။ ပါဗဲမှာမူ ဂျာမနီသို့ သွားရောက်နေထိုင်သည်။ ဘဝပူပူကို နှစ်သက်ခဲ့သူ ဗာဇာရော့၏ မြေပုံအပေါ်၌ကား စိမ်းစိုအေးမြသော မြက်ပင်ကလေးများသည် လေပြည်လေညင်းတွင် ယိမ်းကနေလေသည်။
စာမျက်နှာ | 400 |
---|---|
ပုံနှိပ်မှတ်တမ်း | ကိုနေ(မန်း)စာပေ၊ 2022 ဧပြီလ (ပ-ကြိမ်) |
စာအုပ်အရွယ်အစား | 4.9 x 0.5 x 8.1 inches |
စျေးနှုန်းအပြောင်းအလဲ | 1.11.2023 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 12000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ