ပျော်ရွှင်စွာနေထိုင်ပါ

( 2 မှတ်ချက်)

3800 (ကျပ်)

📍ပျော်ရွှင်မှုတွေရှားပါးလာတဲ့ခေတ်ထဲမှာ ဘယ်လိုပြဿနာ၊ဘယ်လိုအခက်အခဲရှိရှိ စိတ်ကလေးပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။
📍လူတော်တော်များများက ပျော်ရွှင်မှုကိုပဲလိုချင်ကြတာပါ။
ဒါပေမဲ့ သူတို့က ပျော်ရွှင်အောင်မနေတတ်ကြဘူး။
📍ဒီ #ပျော်ရွှင်စွာနေထိုင်ပါ စာအုပ်လေးထဲမှာ အထူးတလည် လုပ်ယူစရာမလိုပါဘဲ ကိုယ့်ဘဝ၊ ကိုယ့်ဖြစ်တည်မှုနဲ့တင် ပျော်ရွှင်နိုင်ကြောင်း ရှာဖွေသိရှိနိုင်မှာပါ။

စာမျက်နှာ

85

စာအုပ်အရွယ်အစား

5.3×0.2 8.2 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2023 အောက်တိုဘာလ

16 in stock

ပျော်ရွှင်စွာနေထိုင်ပါ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. အောင်ခန့်ပိုင်

    အရမ်းကြိုက်လို့ပါ

  2. Htet Htet Tin Zar

    😊 ဒီနေ့လို ပျော်ရွှင်မှုတွေ ရှားပါးလာတဲ့ခေတ်မှာ ပျော်ရွှင်အောင် နေထိုင်နိုင်ဖို့ ခက်ခဲလာပါပြီ။ ဒါကြောင့် “ပျော်ရွှင်စွာ နေထိုင်ပါ” ဆိုတဲ့ ဒီစာအုပ်လေးကို ဖတ်ဖို့ ရွေးချယ်လိုက်တယ်။ ဒီစာအုပ်ထဲမှာက ပျော်ရွှင်မှုနဲ့ ပတ်သက်တဲ့အကြောင်းတွေချည်းပဲ ရေးထားတာတော့ မဟုတ်ပါဘူး။ ဒီထဲမှာပါတဲ့ ဆောင်းပါးတွေထဲကနေ ဆောင်းပါးတစ်ပုဒ်ကို စာအုပ်နာမည်အဖြစ် ပေးထားတာပါ။

    😊 ကျန်တဲ့ ဆောင်းပါးလေးတွေကလည်း လူ့ပတ်ဝန်းကျင်မှာ နေထိုင်ရာမှာ လိုအပ်တဲ့အရာလေးတွေ၊ ပြုပြင်သင့်တဲ့အရာလေးတွေနဲ့ ကိုယ့်ရဲ့စိတ်ကိုလည်း ထားရှိတတ်ဖို့ ပြောပြထားတဲ့ ဆောင်းပါးလေးတွေပါပဲ။ စုစုပေါင်း အပုဒ်ရေ (၁၈) ပုဒ် ပါပါတယ်။
    __________________________

    😊 Overthinking တွေ လျှော့ပါ 😊

    ❝Overthinking ဆိုတာက အတွေးလွန်ခြင်းပါ။ တစ်စုံတစ်ခုကို လိုတာထက် ပိုတွေးပြီး စိတ်ပူပန်တတ်တာမျိုး၊ စိုးရိမ်စိတ်ကြီးတာမျိုးကို ဆိုလိုတာပါ။

    အဖြစ်အပျက်တစ်ခုကို အကောင်းဘက်ကမတွေးဘဲ အဆိုးဘက်ကချည်းပဲ တွေးနေတတ်ကြပါတယ်။ ကြုံရတဲ့ကိစ္စတွေကို တွေးပြီး ဝမ်းနည်းကြတယ်။ ငိုကြွေးနေတတ်ကြတယ်။ အချိန်တိုင်း မှိုင်ကုပ်ကုပ်နဲ့ ဖြစ်နေတတ်ကြပါတယ်။ ဖြတ်သန်းရတဲ့အချိန်တွေကို စိတ်ရှုပ်စရာတွေနဲ့ ကျော်ဖြတ်နေကြတယ်။ Overthinking များတဲ့သူတွေက အောင်မြင်ဖို့ လမ်းစနည်းပါတယ်။

    Overthinking ဖြစ်နေတယ်လို့ခံစားမိရင် စာအုပ်တွေများများ ဖတ်ပါ။ ဘာသာပြန်စာအုပ်တွေ၊ motivation စာအုပ်တွေ ပျော်ရွှင်စရာ စာအုပ်တွေကို ပိုဖတ်ကြည့်ပါ။ လေ့လာကြည့်ပါ။ လက်တွေ့လုပ်ဆောင်ကြည့်ပါ။

    Overthinking ဖြစ်နေတယ်လို့ခံစားမိရင် အလုပ်တွေ ပိုလုပ်ကြည့်ပါ။ အလုပ်တွေကို အာရုံစိုက်ပါ။ ဒီနေ့တစ်ခုလုပ်ရင် နောက်နေ့ နှစ်ခုလုပ်ပါ။ အလုပ်တွေမအားတဲ့အခါ တွေးပြီး ဝမ်းနည်းနေဖို့ အချိန်တွေ လျှော့နည်းလာပါလိမ့်မယ်။

    Overthinking ဖြစ်နေတယ်လို့ခံစားမိရင် အနီးနားက ချစ်ခင်ရသူတွေနဲ့ စကားတွေအများကြီးပြောပါ။ တစ်ယောက်တည်း မဟုတ်ပါဘူးဆိုတဲ့ အသိတွေ ပိုသိလာပါလိမ့်မယ်။❞

    😊 ပျော်ရွှင်စွာ နေထိုင်ပါ 😊

    ❝သဘာဝတရားကြီးက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေကို ဘယ်သူ့ကိုမှ ပိုမပေးခဲ့ပါဘူး။ အားလုံးကို တန်းတူညီမျှ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေကို ပေးတာပါ။

    သူက ပိုက်ဆံမရှိလို့ ဝမ်းနည်းစရာတွေ ပေးတယ်၊ သူက ချမ်းသာလာလို့ ပျော်ရွှင်ခြင်းတွေ ပေးတယ်၊ သူက ရုပ်ချောလို့ စိတ်ချမ်းသာစရာတွေ ပေးတယ်၊ သူက ရုပ်ဆိုးလို့ စိတ်ညစ်စရာတွေ ပေးတယ် စသည်ဖြင့် တွေးနေတာတွေကို ရပ်လိုက်ပါ။❞

    😊 Toxic Relationship 😊

    ❝Relationship ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် အထောက်အပံ့ကောင်းတွေ ပေးနေတာမျိုးပဲ ဖြစ်သင့်တယ်။ ချစ်ပါတယ်လို့ ပြောပြောပြီး အမြဲငိုကြွေးနေရတာက ချစ်ခြင်းမေတ္တာ မဟုတ်ဘူးနော်။

    “စိတ်အရမ်းဆိုးနေလို့ ပြောလိုက်မိတာပါ။ ဒေါသအရမ်းထွက်လို့ ရိုက်လိုက်မိတာပါ။ မတော်တဆ ရိုက်မိသွားတာပါ။ အရမ်းကို တောင်းပန်ပါတယ်။ ငါ့ကိုခွင့်လွှတ်ပေးပါ” လို့ တောင်းပန်လာတဲ့ တောင်းပန်စကားတွေက အသားနာတာကို မပျောက်စေဘူး။ ကိုယ့်အသားနာတာကိုမှ ဆက်ချစ်နေသေးတယ်ဆိုရင် သိပ်ကိုရူးမိုက်တဲ့သူပါ။ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဆက်မချစ်သင့်ဘူး။ ဘာကြောင့် ဆက်ချစ်လဲဆိုတာကိုလည်း ဆက်ချစ်တဲ့သူတွေကို မေးကြည့်ရမယ်ထင်တယ်။ အသားနာခံပြီး ဘယ်သူကိုမှ မချစ်သင့်ပါဘူး။❞

    😊 တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ပါ 😊

    ❝ကျွန်တော်တို့က မွေးဖွားလာကတည်းက တစ်ယောက်တည်းလေ။ အဖော်ရယ်လို့မှ ပါမလာတာ။ ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ အနားမှာ တိုင်ပင်ဖော် ရှိသင့်တယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ တိုင်ပင်ဖော်အပေါ်မှာ အပြည့်အဝ မှီခိုနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါကြောင့် တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ထားပါ။

    တစ်ယောက်တည်းနေတတ်အောင် လေ့ကျင့်ဖို့အတွက် …

    (က) အနားမှာရှိတဲ့သူအပေါ် အများကြီးမမှီခိုနဲ့။
    (ခ) သံယောဇဉ်တွေ နည်းအောင်နေပါ။
    (ဂ) မျှော်လင့်ချက် နည်းပါးစွာရှင်သန်ပါ။
    (ဃ) လေ့လာချင်တာတွေလေ့လာပါ။❞

    😊 ပျော်ရွှင်ခြင်းကို တန်ဖိုးထားပါ 😊

    ❝အရာရာခက်ခဲနေတဲ့ လောကကြီးမှာ ကိုယ့်ကိုပြုံးပျော်စေတဲ့ သူတွေကို တန်ဖိုးထားပါ။ ကိုယ်လုပ်ကျွေးနိုင်သရွေ့ မိဘတွေကိုယ်စား မိသားစုတာဝန်တွေ ပခုံးထက်မှာ ထမ်းပိုးထားပါ။ လူတိုင်းမရနိုင်တဲ့ ပျော်ရွှင်ခြင်းတွေရတဲ့အခါ ပျော်ရွှင်ခြင်းတွေကို တန်ဖိုးထားပါ။

    လူတိုင်းက ပျော်ရွှင်ခြင်းကို မက်မောကြပါတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်းတွေကိုတော့ လူတိုင်းမရရှိကြပါဘူး။ လူတိုင်းက အဆင်မပြေခြင်းတွေကို မမက်မောကြပေမဲ့ လူတိုင်းဆီကို အဆင်မပြေခြင်း တွေက ခဏခဏ လာလည်တတ်တယ်။

    တချို့သော ပျော်ရွှင်ခြင်းတွေက အနားက လူတွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ အနားက လူတချို့က အမြဲဝမ်းနည်းနေတတ်တယ်။ ကိုယ့်ကို အပူတွေပဲ ပေးတတ်တဲ့သူတွေလည်း ရှိတယ်။ အနားက လူ တချို့ကကျ အမြဲပြုံးနေတတ်တယ်။ သူတို့က ကိုယ့်ကို အမြဲပျော်စရာတွေပဲ ပေးတယ်။ ဟာသတွေ ပြောတယ် ရယ်မောကြတယ်။ စိတ်ကျေနပ်ရတယ်။ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ ဒီလိုလူကို တန်ဖိုးထားပါ။

    ပျော်ရွှင်ခြင်းတွေ အရမ်းကို ရှားပါးနေပါပြီ။ ပျော်ရွှင်ခြင်းက ဝယ်လို့ မရပါဘူး။ လိုချင်တိုင်းလည်း မရပါဘူး။ ကိုယ်တိုင်က လက်ခံနိုင်မှရမှာပါ။

    ပျော်ရွှင်ခြင်းတွေ ရှားပါးနေတဲ့ခေတ်မှာ မပျော်ရွှင်ရခြင်းတွေကြားမှာ အများကြီး ပျော်ရွှင်ခွင့်ရတာက အရမ်းကံကောင်းပါတယ်။

    ဒါကြောင့် ပျော်ရွှင်ခြင်းတွေကို တန်ဖိုးထားပါ။❞

    😊😊😊😊😊

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

Myo Thant စာအုပ်များ