မိုက်သွေး

( 0 မှတ်ချက်)

5000 (ကျပ်)

“လောက၌ အချို့သော ဖြစ်ရပ်မှန်ဇာတ်လမ်းများသည် လုပ်ကြံဖန်တီးထားသော ပုံဝတ္ထုများထက် ပို၍ ဆန်းကြယ်လေ၏” လို့ အဆိုရှိကြတယ်။ လူထဲကလူအများစုတို့ရဲ့ လောကဇာတ်ခုံပေါ်မှာ ရိုးရိုးရှင်းရှင်း ကပြတဲ့ သာမန်ဇာတ်လမ်းတွေ မဟုတ်ဘဲ တစ်ခေတ်မှာတစ်ယောက် ကိုယ်တိုင်သမိုင်းကို တည်ဆောက်သူ ရှာမှရှား အာဂလူသားအချို့ရဲ့ ဘဝဇာတ်လမ်းတွေမှာ အံ့ဘွယ်ဘနန်း စိတ်ဝင်စားဖွယ်အကြောင်းတွေ၊ အားကျစဖွယ် အောင်မြင်စရာ အချက်အလက်တွေ၊ သံဝေဂယူချင်စရာ အကြောင်းအရာတွေဟာ ကြက်သီးထစဖွယ် လေ့လာတွေ့ရှိရတတ်ပါတယ်။

Frank Lucas ရဲ့ Original Gangster (The Real Life Story of One of America’s Most Notorious Drug Lords) ကို ဆရာနေထွန်းလင်း က မိုက်သွေး ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ဆိုတဲ့ ဒီစာအုပ်ဟာ အထက်က တင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကိုက်ညီတဲ့ စာအုပ်မျိုးဖြစ်ပါတယ်။ The Real Life Story of One of America’s Most Notorious Drug Lords ဆိုတဲ့အတိုင်း ဒီစာအုပ်ဟာ အမေရိကန်နိုင်ငံက အကြီးကျယ်ဆုံး မူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်တဲ့ Frank Lucas ရဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိပဲ ဖြစ်ပါတယ်။ မြောက်ကာရိုလိုင်းနား ကျေးလက်ဒေသဘက်က သာမန်မိသားစုကနေ မွေးဖွားလာတဲ့ နီဂရိုးလေးတစ်ယောက်ဟာ တချိန်မှာ အမေရိကားသာမက ကမ္ဘာကျော်မူးယစ်ရာဇာ Gangster ကြီး ဘယ်လိုဖြစ်လာတာလဲ? သူ့ရဲ့အကြောင်းကို ကျွန်တော်တို့ ဘာကြောင့် ဖတ်သင့်သလဲ?

ကျေးလက်ဒေသက နီဂရိုးလေးဘဝကနေ ကမ္ဘာကျော်မူးယစ်ရာဇာဖြစ်လာတဲ့ကိစ္စကို Frank Lucas က လွန်ခဲ့တဲ့ အနှစ် ၇၀ က သူအသက် ၆ နှစ်သားအရွယ်မှာ ထိတ်လန့်စဖွယ် ကြုံတွေ့ရတဲ့ မနက်ခင်းတစ်ခုက စပြီးပြောပြပါတယ်။ Frank တို့မိသားစုနဲ့ အတူနေတဲ့ သူ့အစ်ကိုဝမ်းကွဲဖြစ်သူ အိုဘိုင်ဒါးဘိုင်ဒန် (အသက် ၁၃ နှစ်) ဟာ အဲ့ဒီမနက်မှာ ကူကလပ်ကလန်က လူဖြူ ၃ ယောက်ရဲ့ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဘိုင်ဒန် အသတ်ခံရတဲ့အကြောင်းက လူဖြူမိန်းကလေးတွေကို မျက်စိကစားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ .. ဒီတော့ ဘာမှ မဟုတ်တဲ့ကိစ္စရပ်လေးတစ်ခုအတွက်နဲ့ နီဂရိုးတစ်ယောက်ရဲ့ အသက်တစ်ချောင်း လွယ်လွယ်လေးဆုံးရှုံးနိုင်တဲ့ ဒေသကနေ ထွက်ခွာပြီး လူဖြူတွေထက် အောင်မြင်အောင်ကြိုးစားဖို့ Frank ဆုံးဖြတ်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိမ်ကပြေးခဲ့တယ်။ ရောက်ရာနေရာမှာ အလစ်သုတ်တယ်။ ခိုးဆိုးလုနှိုက်ပေါင်းစုံလုပ်ရာကနေ လူမည်းတို့ရဲ့ စုစည်းရာ ဟာလန်းကို ရောက်လာတယ်။ ဟာလန်းမှာ လူလားမြောက်ခဲ့တဲ့ Frank ဟာ ခိုးဆိုးလုနှိုက်ဓားပြတိုက်လုပ်ရုံမက ဘိန်းဖြူမှောင်ခို ရောင်းဝယ်တာကနေ Gangster လောကထဲကို ဝင်ရောက်လာခဲ့တယ်။

မိုက်သွေးရဲ့ မူရင်းစာအုပ် Original Gangster (The Real Life Story of One of America’s Most Notorious Drug Lords) ဟာ ၂၀၁၀ မှာ ထွက်ခဲ့တာဖြစ်ပြီး စာအုပ်ရေးသူ Frank Lucas ကတော့ အသက် ၈၈ အရွယ် ၂၀၁၉ မှာ ဆုံးသွားခဲ့ပါပြီ။ Frank Lucas က “ဒီစာအုပ်ကို ရေးသားရခြင်းက လူငယ်တွေကို ရည်ရွယ်ပါတယ်။ ကျွန်တော့်ရဲ့ အမှားတွေကို သင်ခန်းစာရယူနိုင်ကြပါစေ။ အမှားတွေထဲ တဝဲလည်လည် မလျှောက်မိစေဖို့နဲ့ ကျောင်းပညာရေးတွေမှာ အကောင်းဆုံးသင်ယူပြီး ရာထူးရာခံတွေနဲ့ တိုင်းကျိုးပြည်ပြုသူတွေဖြစ်ဖို့ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်” လို့ စာအုပ်ရဲ့ အစမှာ ရေးသားထားပါတယ်။ ဘာသာပြန်သူဖြစ်တဲ့ နေထွန်းလင်း ကလည်း “Original Gangster ဟာ အမေရိကန်လို နိုင်ငံကြီးမှာ ဘိန်းဖြူဖြန့်ချိတဲ့အလုပ်ကို နဖူးတွေ့ဒူးတွေ့ကြုံသူ Frank Lucas အကြောင်း၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဆန်ဆန်ဆိုပေမယ့် တကယ်တမ်းမှာ ဝတ္ထုတစ်ပုဒ်ထက်တောင် ပိုကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေရှိပြီး စိတ်ဝင်စားစရာ အခန်းတွေက တစ်ခန်းပြီးရင်တစ်ခန်း ဘာဖြစ်မလဲ သိချင်အောင် ရေးထားပါတယ်။ Frank Lucas ကို မြန်မာနိုင်ငံမှာ American Gangster ဇာတ်ကားကြည့်ဖူးသူတွေက မင်းသားဒန်ဇယ်ဝါရှင်တန်နဲ့ တွဲပြီး သိကြပါတယ်။ ရုပ်ရှင်အနေနဲ့ ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပေမယ့် ရုပ်ရှင်က Frank ရဲ့ ဘဝတစ်ခုလုံးကို ခြုံငုံမပြနိုင်သလို ပြောင်းရိုက်ထားတာတွေအများကြီးဆိုတာ စာအုပ်ဖတ်မှ သိရပါတယ်။ ထုံးစံအတိုင်း စာအုပ်က ရုပ်ရှင်ထက် ပိုကောင်းနေပါတယ်။ ဘိန်းမှောင်ခိုလုပ်ပြီး ဘီလျံနာဖြစ်ခဲ့တဲ့ လူဆိုးတစ်ယောက်အကြောင်းပါ။ ဒါပေမဲ့ ဘိန်းမှောင်ခိုသမားကြီးဆီက ပုံမှန်စီးပွားရေးသမားတွေထက် သာလွန်တဲ့ဖြတ်ထိုးဉာဏ်တွေနဲ့ သူဖြတ်သန်းတဲ့အတွေ့အကြုံတွေကိုတွေ့ရပါမယ်။ ဆင်းရဲတဲ့ဘဝကနေ အခက်အခဲတွေမျိုးစုံကို သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ်ရင်း လူဆိုးတစ်ယောက်ရဲ့ ဇာတ်သိမ်းကို အကောင်းဆုံး အဆုံးသတ်ပြခဲ့ပါတယ်” လို့ အမှာစာမှာ ဖော်ပြထားပါတယ်။

အာမခံနိုင်တာကတော့ One of America’s Most Notorious Drug Lords ဖြစ်သူ ကမ္ဘာကျော်မူးယစ်ရာဇာ Frank Lucas ရဲ့ ဘဝဇာတ်လမ်းကနေ အဆီအနှစ်တွေထုတ်ယူနိုင်ပြီး ဘဝကို ကောင်းကောင်းဆင်ခြင်သုံးသပ်နိုင်မယ်ဆိုတာပါပဲ။ ကျွန်တော့်ဘက်က ကြည့်ရင်တော့ ငွေတွေ၊ သူတို့ဘက်က ကြည့်ရင်တော့ ဘဝတွေပေါ့ဗျာ” ဆိုတဲ့ Original Gangster ကြီးဖြစ်သူ Frank Lucas ရဲ့ ဘဝဇာတ်လမ်းကို ရသစာအုပ်ကောင်းတစ်အုပ်အဖြစ် အရသာရှိရှိနဲ့ ဖတ်ရမှာ ဖြစ်ပါတယ်။

စာမျက်နှာ

340

စာအုပ််အရွယ်အစား

5.6 x 0.8 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2021 အောက်တိုဘာလ (ပ-အကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိုက်သွေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နေထွန်းလင်း စာအုပ်များ