ငါ့ဘဝအတွက် ငါကိုယ်တိုင်ဖွင့်ခဲ့တဲ့ သော့

( 2 မှတ်ချက်)

6000 (ကျပ်)

“တခါတလေမင်းက အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်မှာ ခေါင်းမော့ရင်ကော့ထားဖို့လိုတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေက မင်းကို စမ်းသပ်နေတာ”

“အမြဲတမ်းပိုက်ဆံအိတ်တောင့်နေအောင်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ အိတ်က ဖောင်းနေရင် ပိုဖောင်းတဲ့အိတ်ရလာနိုင်တယ်။”

ကမ္ဘာကျော် DJ Khaled

နာမည်ကျော် DJ ဖြစ်လာဖို့ သူဘယ်လို ကြိုးစားခဲ့လဲ၊ အခက်အခဲတွေ အများကြီးထဲက မှ ကမ္ဘာနာ့မည်ကြီး တန်းဝင် DJ ဖြစ်လာဖို့ သူဘယ်လို ကျင့်ဝတ်တွေထားပြီး အလုပ်လုပ်ခဲ့လဲ ဆိုတာတွေကို ဒီစာအုပ်မှာ ဖတ်ရူရမှာလည်း ဖြစ်ပါတယ်။

အသက် ၄၈ အရွယ်ရှိပြီဖြစ်တဲ့ Khaled ဟာ ၁၉၈၈ ခုနစ်ကစပြီး မီယာမီမှာ Music Production လုပ်ငန်းကိုအခက်အခဲပေါင်းများစွာကြားက အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ကြွယ်ဝချမ်းသာမှုတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ်တိုင် စည်းကမ်းရှိဖို့ ၊ ကိုယ့်ချမှတ်ထားတဲ့ စည်းမျဥ်း စည်းကမ်းတွေကို အကောင်းဆုံးလိုက်နာနိုင်ဖို့ လိုမယ်လို့ Khaled က ဒီစာအုပ်ထဲမှာပြောထားပါတယ်။

အောင်မြင်မှုတစ်ခုအတွက် အကောင်းဆုံး ကြိုးစားမယ်လို့ စိတ်ဆုံးဖြတ်ထားသူ လူငယ်တိုင်း ဖတ်ရူသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်လို့ ညွှန်းဆိုလိုပါတယ်။ ပြည်တွင်းမှာ DJ အဖြစ် အသက်မွေး ဝမ်းကြောင်း လုပ်ဆောင်နေတဲ့သူတွေ အပါအ၀င်၊ Music Production လုပ်ဆောင်ဖို့ ဆန္ဒရှိသူတွေအပါအ၀င်၊ ကိုယ်ပိုင်လုပ်ငန်း နဲ့ ဘဝကိုရှင်သန်ရပ်တည်မယ်လို ဆုံးဖြတ်ထားသူတိုင်းအတွက် အကြံဉာဏ်များစွာ ရရှိမယ့် စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

”စောဒက တက်တာ ဆင်ခြေတွေပဲ၊ ဆင်ခြေဆိုတာ စိတ်ပျော့ညံသူတွေအတွက်” လို့ Khaled က ပြောထားပါတယ်။

”အခု သော့ချက်တွေကို ဖတ်ပြီးရင် ကမ္ဘာကြီးကို အနိုင်ယူပြလိုက်ပါ”လို့ သူက စာအုပ်အဆုံးမှာ ပြောထားပါတယ်။

အခုစာအုပ်ထဲမှာ အခု ထက် စိတ်ဝင်စားစရာ အချက်တွေ ဘာတွေများ ပါရှိနေသေးလဲ။

စာမျက်နှာ

158

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Northern book ၊ 2023 နိုဝင်ဘာလ(ပထမအကြိမ်)

9 in stock

ငါ့ဘဝအတွက် ငါကိုယ်တိုင်ဖွင့်ခဲ့တဲ့ သော့ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Anonymous

    very good

  2. Htet Htet Tin Zar

    🎙️ ဆရာနေထွန်းလင်း ဘာသာပြန်တဲ့ “ငါ့ဘဝအတွက် ငါကိုယ်တိုင်ဖွင့်ခဲ့တဲ့သော့” ဆိုတဲ့ စာအုပ်လေးက မူရင်းရေးသားသူက DJ Khaled ဖြစ်ပြီး စာအုပ်နာမည်ကတော့ “The Key” ဖြစ်ပါတယ်။ ရက်ပ်နဲ့ ဟစ်ဟော့ကို ရူးသွပ်ခဲ့တဲ့ DJ Khaled က အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပရိုဂျူဆာ ဒီဂျေတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ။ ဒီစာအုပ်က သူအောင်မြင်လာပုံ သူ့အကြောင်းကို သူကိုယ်တိုင် ရေးထားတာဖြစ်ပေမဲ့ အတ္ထုပ္ပတ္တိစာအုပ်တော့ မဟုတ်ပါဘူး။

    📀 သူ့ဘဝရဲ့ အဆင့်တစ်ခု၊ အခက်အခဲတစ်ခုကို ဖြတ်ကျော်ခဲ့ရချိန်တိုင်းမှာ သူက ဘယ်လိုစိတ်မျိုးခံယူပြီး ဒါကို လုပ်ဆောင်ခဲ့တယ်ဆိုတာကို သူ့ရဲ့ဘဝဖြစ်စဉ်အလိုက် ခံယူချက်အမြင်သဘောထားတွေကို ဥပမာပေးပြီး ချိန်ထိုးပြောပြသွားတဲ့ ပုံစံမျိုးနဲ့ ရေးပြထားပါတယ်။ သူ့ရဲ့ ခံယူချက်သဘောထားတွေနဲ့ မဆုတ်မနစ် ကြိုးပမ်းသွားတာတွေ၊ အောင်မြင်လာချိန်မှာလည်း ဘယ်လိုခံယူချက်တွေ၊ ဘယ်လိုပုံစံတွေနဲ့ အလုပ်အပေါ်မှာ ကြိုးစားလုပ်ကိုင်နေတယ်ဆိုတာကို ခေါင်းစီးတစ်ခုချင်းစီ ပိုင်းခြားပြီး ပြောပြသွားတာမျိုးဖြစ်ပါတယ်။ ဘဝထဲကလာပြီး ကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးပြီး အောင်မြင်လာသူတစ်ဦးရဲ့ ခံယူချက်အမြင်တွေကို ဖတ်ရှုရမှာပါ။
    __________________________

    🔐 Khaled က အလုပ်ကြိုးစားတယ်။ ဒီအကျင့်ကို မိဘတွေဆီကနေ ရလာခဲ့တာ။ Khaled ၇နှစ်ဝန်းကျင်မှာ မိဘတွေက ပျံကျဈေးမှာ ကားနောက်ဖုံးကနေ အဝတ်တွေ ထုတ်ရောင်းတယ်။ သူမိဘတွေကို ကူညီပေးခဲ့ရတယ်။ ဒီလိုနဲ့ ကြိုးစားလာတာ ဖလောရီဒါ ကုန်တိုက်မှာ Park Avenue ဆိုတဲ့ဆိုင် ဖွင့်လာနိုင်ခဲ့တယ်။ နာမည်ကြီးဆိုင်ကြီး ဖြစ်လာခဲ့တယ်။

    🗝️ တစ်နေ့တော့ သူအပြင်သွားနေတုန်း အိမ်မှာ အနုကြမ်းစီးခံလိုက်ရပြီး ရှာထားတာတွေ ပြောင်သွားခဲ့တယ်။ နောက်တော့ မိသားစုက နယူးအော်လန်စ်က ဆွေမျိုးတွေဆီ ပြောင်းနေပြီး သူကျန်ခဲ့တယ်။ နောက်တော့ သူလည်း ကြပ်တည်းခက်ခဲပြီး မိဘတွေဆီ တစ်နှစ် သွားနေခဲ့ရတယ်။ မိဘအိမ်မှာနေပြီး စားပွဲထိုးလုပ်တယ်၊ အခွေဆိုင်မှာလည်း အလုပ်လုပ်တယ်။ ပိုက်ဆံမဖြုန်းဘဲ ခြစ်ကုပ်စုခဲ့တယ်။ နောက်တော့ ဒီဂျေပြိုင်ပွဲတစ်ခုကို တွေ့တယ်။ ခွေဆိုင်မှာ အမြဲ‌လုပ်နေကျမို့ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်ဆိုတာ သိပြီး ဝင်ပြိုင်တော့ ဒေါ်လာ ၅၀၀၀ ရခဲ့တယ်။ ဒါနဲ့ အိပ်မက်တွေနောက် လိုက်ဖို့ ဖလော်ရီဒါကို ပြန်ရောက်လာတယ်။

    🎙️Khaled အသက် ၁၅ လောက်မှာ Hitmen Production ကို တည်ထောင်ပြီး လုပ်ငန်းစတယ်။ ပါတီတွေလုပ်ပြီး အဲဒီကနေ မြိုးမြိုးမြက်မြက်ရတယ်။ အဲဒီနောက် မိုင်ယာမီကို ပြောင်းပြီး နိုက်ကလပ်တွေမှာ ဒီဂျေလုပ်တယ်။ မိုင်ယာမီကို အပြီးပြောင်းလာကာစကဆို ကောင်မလေးအိမ်မှာ ကပ်နေရတယ်။ ကောင်မလေးအမေက ကြမ်းပြင်မှာ အိပ်ခွင့်ပေးတယ်။ တချို့ညတွေဆို ကားပေါ်မှာ သွားအိပ်ရတယ်။ နေစရာနေရာ အတည်တကျ မရှိခဲ့ဘူး။

    📀 Joey Budafuco ဆိုသူက မိုင်ယာမီမှာ အမိုက်စားပါတီလုပ်တယ်။ Khaled က ဒီဂျေလုပ်ချင်ပေမဲ့ ကျင့်ဝတ်ကို လေးစားပြီး အချိန်တစ်ခုအထိ စာစောင်ကမ်းရင်း၊ VIP တွေအတွက် လုံခြုံရေးလုပ်ပေးရင်း အခွင့်အရေး ရလိုရငြား စောင့်နေခဲ့တယ်။ တစ်နေ့တော့ ၁၅မိနစ်စာ ဒီဂျေလုပ်ခွင့် ပေးခဲ့ပြီး အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ဒီလိုနဲ့ Khaled က သူ့ရဲ့ဘဝကို စတင်ပြီး အောင်မြင်မှုရတဲ့အထိ မဆုတ်မနစ် တက်လှမ်းလာခဲ့တယ်။
    __________________________

    🎙️ ပိုများတဲ့ အောင်မြင်မှုတွေဆီ သွားရာလမ်းကို ကျွန်တော်နဲ့ အတူ လျှောက်လှမ်းလိုက်ပါ 📀

    ဒီစာအုပ်က ကိုယ့်ဒူးကိုယ် ဘယ်လိုချွန်ရမလဲဆိုတာကို ပြောပြမှာပါ။ မဟုတ်တာတွေ မလုပ်သရွေ့၊ လုပ်ငန်းခွင်ကို လေ့လာနေသရွေ့၊ ကိုယ့်အလုပ်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုးစားနေသရွေ့ မင်းဘာကိုမဆို အောင်နိုင်လိမ့်မယ်။

    အောင်မြင်ရာဆီ ဆင့်ကဲဆင့်ကဲ သွားရာလမ်းက လွယ်တော့မလွယ်ဘူး။ လွယ်လိမ့်မယ်လို့လည်း ဘယ်သူမှ မပြောခဲ့ဖူးဘူး။ မုန်တိုင်းတွေကို ကြံ့ကြံ့ခံပြီး အရံအတားတွေကို ဖြတ်ကျော်ခဲ့ရတယ်၊ အထူးသဖြင့် “သူတို့” က သော့တွေကို ကျွန်တော်မမြင်အောင် ဖွက်ထားတာကိုး။ ကျွန်တော်ပြောတဲ့ “သူတို့” ဆိုတာ မင်းကျရှုံးမှာကို လိုလားကြတဲ့ လူတွေပါ။ သော့တွေဆိုတာက တိုးတက်ကြီးပွားဖို့အတွက် လမ်းပြပေးမယ့် စည်းမျဉ်းစည်းကမ်းတွေ။ အဲဒီသော့တွေက မင်းကို အောင်မြင်မှုကနေ အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် ပညတ်တော်တွေလို့ မြင်ယောင်လိုက်ပါ။

    🔐 ငါတို့က အကောင်းဆုံး 🗝️

    ကျွန်တော့်ရဲ့ အထူးစွမ်းရည်တစ်ခုက လမ်းကြောင်းကို အစောကြီးကတည်းက ကြိုမြင်ထားတာပဲ။ ကျွန်တော်ထုတ်ခဲ့သမျှ သီချင်းတိုင်းကို ပြန်ကြည့် လိုက်။ အောင်မြင်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့သမျှ အနုပညာရှင်တိုင်း အောင်မြင်လာတာချည်းပဲ။ မင်း ဘယ်မှာရောက်နေသလဲဆိုတာကို မကြည့်ဘူး။ ဘယ်ကိုသွားနေသလဲဆိုတာကိုပဲ ကြည့်တယ်။ အနာဂတ်ကို တည်ဆောက်ဖို့ အနာဂတ်ကို တွေးကြည့်မှရမယ်။

    📀 မင်း နိမ့်ကျနေချိန်မှာ “သူတို့” က မင်းကို ချနင်းကြတယ် မင်း အမြင့်ပျံနေချိန်မှာတော့ “သူတို့” က မင်းနဲ့အတူ ခြေလှမ်းချင်ကြတယ် 🎙️

    တစ်ခါတလေ မင်းက အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်မှာ ခေါင်းမော့ရင်ကော့ထားဖို့ လိုမယ်။ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေက မင်းကို စမ်းသပ်နေတာ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဘုရားသခင်က မင်းပတ်ဝန်းကျင်က လူတွေကိုလည်း စမ်းသပ်နေတာပဲ။ မင်းရဲ့မိသားစု၊ ညီအစ်ကို မောင်နှမတွေ၊ မင်းအတွက် တိုက်ပွဲဝင်ပေးမယ့်သူတွေ၊ မင်းကို ချစ်ခင်တဲ့သူတွေက အဲဒီစမ်းသပ်မှုကို အောင်မြင်လိမ့်မယ်။ ကျန်တဲ့သူတွေကတော့ အောင်မှာ မဟုတ်ဘူး။

    မင်းအပေါ်ရောက်သွားချိန်မှာ ဒီလိုလူတွေက မင်းရဲ့မိတ်ဆွေ ဖြစ်ချင်ကြတာကို ကြည့်ရတာ ရယ်ဖို့ကောင်းလိုက်တာဗျာ။ ဒါက အလုပ်မှာလည်း ဖြစ်နိုင်တယ်၊ ကျောင်းမှာလည်း ဖြစ်နိုင်တယ်၊ ဘယ်မှာမဆို ဖြစ်နိုင်တယ်။ ဒါက ကြည့်ရတာ တော်တော်အရသာရှိတဲ့ မြင်ကွင်းပဲ။ အဲဒါကြောင့် မင်းနိမ့်ကျနေချိန်မှာ ဒီလို အခိုက်အတန့်မျိုး ရောက်လာလိမ့်မယ်ဆိုတာကို သတိရပါ။ ဒီတိုင်း ပြုံးပြုံးလေးပဲ ကြည့်နေလိုက်ပါ။ ဒါက “မင်း နိမ့်ကျနေချိန်မှာ “သူတို့” က မင်းကို ချနင်းကြတယ်။ မင်း အမြင့်ပျံနေချိန်မှာတော့ “သူတို့” က မင်းနဲ့အတူ ခြေလှမ်းချင်ကြတယ်” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ပါပဲဗျာ။

    🔐 အိတ်ဖောင်းအောင် အရင်လုပ် 🗝️

    “အိတ်ဖောင်းအောင် အရင်လုပ်” ဆိုတာက နာမည်မရခင် ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးနဲ့လို့ ပြောချင်တာ။ ကျွန်တော့်ဆီက ငွေကြေးတာဝန်ယူမှု သော့တံကို မင်းမျှော်လင့်ထားမှာ မဟုတ်ပေမယ့် သြဇာကြီးမားတဲ့သူ ဖြစ်ချင်ရင် ဒါကို သိထားဖို့ လိုမယ်။ မင်း ဘဏ်အကောင့်ထဲမှာ ဂဏန်းတစ်ခု ခိုင်ခိုင်မာမာ မရှိခင်မှာ ရူးကြောင်ကြောင်တွေ မလုပ်မိပါစေနဲ့။ တစ်မိသားစုလုံး ကောင်းစားနိုင်မယ့် အခွင့်အရေးမျိုး ရလာနိုင်တယ်။ ဒါပေမယ့် အိတ်မဖောင်းခင်၊ ဘတ်ဂျက်မတောင့်ခင် ကိုယ့်ကိုကိုယ် လှည့်စားမိတာကြောင့် အခွင့်အရေးကို လက်လွှတ်ရတာမျိုး ဖြစ်သွားနိုင်တယ်။

    အမြဲတမ်း ပိုက်ဆံအိတ် တောင့်နေအောင် လုပ်ပါ။ ပိုက်ဆံ ဖြုန်းဖို့ထက် ရှာဖို့ပဲ အာရုံစိုက်နေအောင် လုပ်ထားပါ။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့အိတ်က ဖောင်းနေရင် အခွင့်အခါ သင့်လာချိန်မှာ လက်ထဲမှာ ငွေအဆင်သင့် ရှိနေတာကြောင့် ပိုဖောင်းတဲ့အိတ်ကို ရလာနိုင်တယ်။ ရင်းနှီးမြှုပ်နှံရာမှာ စရံချေဖို့ ပိုက်ဆံရှိနေတာကို ပြောချင်တာ။ အဖြေက အမြဲတမ်း ပိုများတဲ့ အောင်မြင်မှုလို့ ပြောတာက ဒါကို ပြောချင်တာ။ ပိုကောင်းတဲ့ အပေးအယူအတွက် ပိုက်ဆံ အလုံအလောက် ရှိနေတာကို ပြောတာ။

    🎙️ မင်းထုဆစ်လိုက်တာက မင်းဘဝပဲ
    အဲဒီတော့ ထုဆစ်လိုက်ကြရအောင် 📀

    အကောင်းမြင်ပါ။

    ရင်ဆိုင်ရမယ့် မုန်တိုင်းထန်တဲ့ နေ့ရက်တွေ ရှိသလို ပျော်ရွှင်မှုပဲ ပြည့်နှက်နေတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ ဒါတွေကို မြင်အောင် ကြည့်ပြီး လက်သင့်ခံနိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေ ဘုရားပေးတဲ့ ဆုလာဘ်တွေက အချိန်ကိုက် အမှတ်မထင် ရောက်လာတတ်လို့ပဲ။

    ဘဝက ကစားပွဲမဟုတ်ပေမယ့် ကျွန်တော်တို့လုပ်တဲ့အရာတွေက ပျော်ဖို့ ကောင်းပါတယ်။ ဂီတဖန်တီးတာက ပျော်ဖို့ကောင်းတယ်။ ဘုရားပေးတဲ့ ကောင်းချီးပါ။ ကျွန်တော် မြတ်နိုးတဲ့အရာက ဝင်ငွေရနေလို့ အရမ်းကျေးဇူးတင်မိတယ်။ ဒါကြောင့် မင်း အကောင်းမြင်တတ်ဖို့ လိုတာ။ သူတို့ကတော့ ငြင်းလိုက်မှာပဲလို့ တွေးပြီး လူတွေကို ချဉ်းကပ်ဖို့ မဖြစ်နိုင်ဘူး။ လူတွေက အဲဒီမကောင်းမြင် စိတ်ကြီးကို အာရုံခံမိမှာ။ ပြီးရင် မင်းက အနုတ်ပြနေတဲ့လူပဲလို့ ထင်ကြလိမ့်မယ်။ မနက်ခင်းတိုင်း နိုးလာတာနဲ့ ဒီနေ့ အကောင်းဆုံးအရာတွေပဲ ကြုံရလိမ့်မယ်လို့မျှော်လင့်ထားပါ။ မင်းရဲ့ မနေ့က ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ။ “ဘဝဆိုတာ မင်းထုဆစ်တဲ့အရာ” ဆိုတာ ဒါကို ပြောချင်တာ။ မင်းရဲ့ဘဝကို အကောင်းဆုံး ထုဆစ်ပါ။

    🔐 လူ့ကျင့်ဝတ်ကို လေးစားလိုက်နာပါ 🗝️

    ကျင့်ဝတ် လိုက်နာပါ။ ဒါက ရိုးရိုးလေးပဲ။ မင်းကို ဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း တစ်ပါးသူကို ဆက်ဆံပါ။ စကားတည်ပါ။ ယုံကြည်မှုနဲ့ ထိုက်တန်ပါစေ။ သစ္စာစောင့်သိပါ။ မယုတ်မာပါနဲ့။ ဒါတွေအားလုံးကို လိုက်နာတာနဲ့ မင်းရဲ့ ဆက်ဆံရေးတွေက အကောင်းဆုံး ဖြစ်လာလိမ့်မယ်။

    လေးစားမှုဆိုတာ ကျင့်ဝတ်ပဲ။ လေးစားတာခံချင်ရင် လေးစားခံ ထိုက်အောင်လုပ်။ ပြီးတော့ အရင်ဆုံး သူ့ကို လေးစားမှုပေး။ တစ်ခုခု မရွှေ့ခင် ဖုန်းဆက်ရမယ်ဆိုရင် ဆက်လိုက်။ မင်းသူငယ်ချင်း သဘောမကျတဲ့ လူနဲ့ မင်းက စာချုပ်ချုပ်တော့မယ်ဆိုရင် သူငယ်ချင်းကို အသိပေးလိုက်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုစိတ် မရှိကြောင်း ပြောလိုက်။ မင်းရဲ့ ပွင့်လင်းမှုအတွက် လူတိုင်းက လေးစားကြလိမ့်မယ်။ မင်းလုပ်တော့မယ့် အရာကို သူတို့ ကြိုက်ချင်မှ ကြိုက်လိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ ရိုးသားမှုကိုတော့ သူတို့က အသိအမှတ် ပြုကြလိမ့်မယ်။ ကျွန်တော်က နာမည်ကြီးတွေနဲ့ တွဲလုပ်နေတဲ့လူဆိုတော့ ရိုးရိုးဖြောင့်ဖြောင့်ပဲ နေတယ်။ လိုလည်း လိုအပ်တယ်။ ကျင့်ဝတ်မလိုက်နာဘဲနဲ့ နာမည်ကြီးတွေက နာမည်ကြီး ဖြစ်မလာဘူး။

    🎙️📀🗝️ 🔐 🔐🗝️📀🎙️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နေထွန်းလင်း စာအုပ်များ