ပထမ သူတို့ ကျွန်မအဖေကို သတ်လိုက်ကြတယ်
6000 (ကျပ်)
ခမာနီအစိုးရအုပ်စိုးစဉ် လေးနှစ်တာကာလအတွင်းမှာ ကမ္ဘောဒီးယားလူမျိုး နှစ်သန်း၀န်းကျင်လောက်ဟာ နည်းလမ်းပေါင်းမျိုးစုံနဲ့ သေဆုံးခဲ့ရပါတယ် .. ဒါဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံခန့်ဖြစ်ပါတယ် ..
ဖနွမ်ပင်မြို့မှာ မိသားစုနဲ့အတူ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ်ကောင်မလေးဟာ ခမာနီတွေ အာဏာမသိမ်းခင်က ကလေးပီပီ ဆော့ကစားရင်းနဲ့ ပျော်ရွှင်နေခဲ့တယ် ..
ခမာနီတွေ အာဏာသိမ်းလိုက်တော့ မြို့နေလူထုတစ်ရပ်လုံးက လက်ခုပ်လက်ဝါးတီးပီး အားပေးခဲ့ကြတဲ့အထဲမှာ သူမတောင် ပါ၀င်ခဲ့ပါသေးတယ် .. ကံကြမ္မာဆိုးကြီးကို ပျော်ရွှင်စွာနဲ့ ကြိုဆိုခဲ့မိကြတာပေါ့ ..
အာဏာသိမ်းပီး မကြာခင်မှာပဲ ခမာနီတွေဟာ အမေရိကန်တွေ ဗုံးလာကြဲတော့မလိုလို ပြောဆိုပီး မြို့နေလူထုကို တောနယ်တွေဆီ အလိမ္မာသုံး နှင်ထုတ်လိုက်ပါတယ် .. အဲ့အချိန်ကစပြီး ခမာနီတွေဟာ သူတို့ရဲ့ အစွန်းရောက်တဲ့ ကွန်မြူနစ်ဝါဒကို ကမ္ဘောဒီးယားလူမျိုးအားလုံးကို သက်ရောက်စေခဲ့တယ် ..
သူတို့သတ်မှတ်ထားတဲ့ အင်္ကျီသာ ၀တ်ဆင်စေခြင်း ၊ အစားအသောက်အနည်းငယ်ကို ခွဲတမ်းနဲ့သာ ရရှိစေခြင်း ၊ ကျန်းမာတဲ့ လူတိုင်းကို အလုပ်နဲ့ လက် မပြတ်အောင် လုပ်စေပြီး အလုပ်မလုပ်နိုင်သည့် မကျန်းမာသူများအား စောစောစီးစီး ကိစ္စတုံးပေးလိုက်ခြင်း ၊ သူတို့ မကျေနပ်သည့် သူများအား အချိန်မရွေး ရက်စက်စွာ သတ်ဖြတ်ခြင်း အစရှိတဲ့ နည်းလမ်းတို့ဖြင့် ကမ္ဘောဒီးယားလူမျိုးများအား အုပ်ချုပ်ခဲ့ပါတယ် ..
အဲ့ဒီအခြေအနေကြီးကို အသက် ၅ နှစ်အရွယ် လောင် လို့အမည်ရတဲ့ ကောင်မလေးဟာ ဖြတ်သန်းခဲ့ရပါတယ် .. ဒီစာအုပ်လေးဟာ သူမရဲ့ အဖြစ်သနစ်ဆိုလည်း ဟုတ်တယ် .. သို့တည်းမဟုတ် ထိုခေတ် ထိုအခါတုန်းက ကမ္ဘောဒီးယားမှာ ရှင်သန်နေထိုင်ခဲ့ကြသူတွေရဲ့ အကြောင်းဆိုလည်း ဟုတ်တယ်လို့ အမှာစကား ဆိုထားပါတယ် ..
ဒီစာအုပ်လေးကို ဖတ်ပီး ဘ၀ဆိုတာ ရှင်သန်ဖို့ အလွန်ခဲယဉ်းကြောင်း သင်သိသွားပါလိမ့်မယ် .. အထူးသဖြင့် အာဏာရှင်တွေ အုပ်စိုးတဲ့ တိုင်းပြည်မှာ မွေးဖွားလာသူအဖို့ နေ့ရက်တိုင်းဟာ ငရဲတွင်းထဲက ဘ၀တွေအလား ပူလောင်မွန်းကျပ်နေရပြီး အချိန်နဲ့အမျှ ရှင်သန်ချင်စိတ်ကို မနည်းအားတင်း မွေးမြူနေရတယ်ဆိုတာကို သင် ကောင်းကောင်းကြီး သိသွားပါလိမ့်မယ် …..
စာမျက်နှာ | 336 |
---|---|
စာအုပ်အရွယ်အစား | 5.7 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဖေဖော်ဝါရီလ (ပထမ-ကြိမ်) |
11 in stock
Win Thaw Ko –
ခမာနီ တွေ ရက်စက်၊ကြမ်းကြုတ်၊လူ မဆန်မှု များ ကို
စိတ်ဆင်းရဲ၊ ဒေါသ ဖြစ် ရင်း ဖတ် ရှု ရမှာပါ။
ဒီ စာအုပ်က မူရင်း စာရေးသူ ရဲ့ ခမာနီ လက်အောက် က လူနေမှုဘဝ ကို တစိတ်တ ပိုင်း ဖော်ပြထားပါတယ်။ ဒိုင်ယာရီ ဆန်ဆန် အရေးအသား။
ဘာသာပြန်သူ က လည်း ဆရာ ဝင်းငြိမ်းဆို တော့ အဆင်ပြေ ပြီးသား ပါ။
သမိုင်း စိတ်ဝင်စား သူများ လေ့လာ ဖတ်ရှု သင့်ပါတယ်။
Thet Naing (verified owner) –
🌺 ဒီစာအုပ်လေးဟာ ဖနွမ်ပင်မှာနေထိုင်ကြတဲ့ အန်းမိသားစုရဲ့တကယ့်အဖြစ်အပျက်ဇာတ်လမ်းကို မိသားစုဝင်တဦးဖြစ်တဲ့ ” လောင် ” က ပြန်လည်ပြောပြတဲ့အနေနဲ့ရေးဖွဲ့ထားတာပါ။
🌺အန်းမိသားစုဟာ ခမာနီတွေ အာဏာမသိမ်းခင်ကာလမှာ မိသားစုတွေပျော်ပျော်ပါးပါးနဲ့ ဖနွမ်ပင်မှာနေထိုင်ကြပါတယ်။ အန်းမိသားစုမှာ မိသားစုဝင် ကိုးယောက်ရှိပြီး ပါ ၊ မာ နှင့်အတူ သားသမီးတွေဖြစ်တဲ့ မဲန် ၊ ခိုရီ ၊ ကိဗ် ၊ ကင်မ် ၊ ချောင် ၊ လောင် ၊ ဂိက် တို့ပဲဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ” လောင် ” က အဲ့ဒီကာလမှာ အသက် ငါးနှစ်ပဲရှိပါသေးတယ်။
🌺 ၁၉၇၅ ခုနှစ် ဧပြီလရဲ့ တရက်သောနေ့မှာတော့
ဖနွမ်ပင်မြို့ထဲကို အာဏာသိမ်းထားတဲ့ ခမာနီတွေဝင်လာပြီး မြို့နေလူထုကို မောင်းထုတ်ကြပါတော့တယ်။ အကြောင်းရင်းကတော့ အမေရိကန်တွေက ဗုံးလာကျဲတော့မှာဆိုပြီး လိမ်လည်လှည့်ဖြားကာ မောင်းထုတ်တာမို့ အန်းမိသားစုအပါအဝင် မြို့နေလူထုဟာ အိုးပစ်အိမ်ပစ် ထွက်ပြေးရပါတယ်။ အစပထမပိုင်းမှာ အန်းမိသားစုဟာ ထရပ်ကားနဲ့ ထွက်ပြေးပေမယ့် လမ်းခုလတ်မှာ ဆီပြတ်သွားတာကြောင့် ကားကိုရပ်နားထားခဲ့ရပြီး လမ်းလျှောက်ကာ ထွက်ပြေးခဲ့ကြရပါတယ်။
🌺 အစားသောက်ပြတ်လတ်ခြင်း ၊ လမ်းခရီးမှာ ကြုံသလိုအိမ်စက်ရခြင်း စတဲ့ဒုက္ခများအမျိုးမျိုးကြုံတွေ့ကာ ခရီးဆက်ခဲ့ကြပြီး ခုနှစ်ရက်မြောက်နေ့မှာတော့ မိခင်ဖြစ်သူရဲ့မောင်ဖြစ်သူာဦးလေးလဲန်ဂ် နဲ့ ဆုံတွေ့ပြီး သူနေထိုင်ရာ ခရန်ထရုဆိုတဲ့ ရွာကိုရောက်ရှိခဲ့ကြပါတော့တယ်။ ခမာနီတွေခန့်ထားတဲ့ရွာလူကြီးဆီမှာ ခွင့်တောင်းပြီး အဲ့ရွာမှာနေထိုင်ဖို့တောင်းဆိုရာခွင့်ပြုတာမို့ နေထိုင်ဖို့အတွက် အဆင်ပြေခဲ့ပါတယ်။ ခရန်ထရု မှာ နှစ်လတာနေပြီးအကြာမှာတော့ နောက်ထပ်ပြောင်းရွှေ့ဖို့ဖြစ်လာပါတော့တယ်။
🌺 ဒုတိယရောက်ရှိလာတဲ့နေရာကတော့ အန်လန်တီမောလို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။ အန်ကာအစိုးရရဲ့ အစီစဉ်နဲ့ အဲ့ရွာမှာနေရပေမယ့် ခက်ခဲပင်ပန်းစွာဖြတ်သန်းကြရပါတယ်။ ပါ ၊ ခိုရီ ၊ မဲန် တို့သုံးဦးဟာ နေ့စဉ် နေဝင်မိုးချုပ်အလုပ်လုပ်ကြရပါတယ်။ စပါးနဲ့သစ်သီးဝလံတွေစိုက်ပျိူးရပြီး ဆည်မြောင်းတွေတူးရပါတယ်။ထင်းတွေခုတ်ကြရပါတယ်။ အဲ့လိုလုပ်ရပေမယ့် အစာရေစာကတော့ ခွဲတမ်းနဲ့ရပြီး မဝရေစာစားရပါတယ်။
🌺 ခမာနီတွေဟာ အဲ့အချိန်ကနေစပြီး ကမ္ဘောဒီးယားလူမျိုးအားလုံးကို အစွန်းရောက်တဲ့ကွန်မြူနစ်ဝါဒနဲ့အုပ်ချုပ်ပါတော့တယ်။ သူတို့သတ်မှတ်ထားတဲ့ အနက်ရောင်ဝတ်စုံကိုသာဝတ်ဆင်ရခြင်း ၊ ကျန်းမာရေးကောင်းသူများကို အလုပ်နှင့်လက် မပြတ်အောင် ခိုင်းစေပြီး မကျန်းမာသူများကိုသတ်ဖြတ်ခြင်းများပြုလုပ်ကြပါတယ်။အဲ့အခြေနေတွေကြားထဲမှာ အန်းမိသားစုဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့ကြရပါတယ်။
🌺 ဖနွမ်ပင်မှထွက်ပြေးခဲ့ရပြီး ခုနှစ်လအကြာမှာတော့ ရိုလိလို့ခေါ်တဲ့ရွာစီ ထပ်မံပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီရွာမှာနေရတာဟာ အရင်နေရတဲ့ရွာထက်အခြေနေပိုမိုဆိုးပါတယ်။ အရွယ်ရောက်ပြီးသားလူငယ်တွေကို အလုပ်စခန်းတွေမှာခေါ်ပြီးနေတာမို့ မဲန်နဲ့ခိုရီတို့ သွားရောက်ပြီးနေထိုင်ကာ အလုပ်တွေကို ပင်ပန်းကြီးစွာလုပ်ရပါတယ်။ အစပထမမှာ တပတ်ခြားတခါ အိမ်ပြန်ခွင့်ပေးပေမယ့် နောက်ကြာလာတဲ့အခါ သုံးလမှတကြိမ်ပြန်ခွင့်ပဲပြုတော့တဲ့အထိဖြစ်လာပါတယ်။သိပ်မကြာခင်မှာပဲ အမဖြစ်သူ ကိဗ် ကိုလည်းအလုပ်စခန်းကိုခေါ်သွားကြပြန်ပါတယ်။ ကိဗ် ထွက်သွားပြီး ဆယ့်ခြောက်လအကြာမှာတော့ သူတို့မိသားစုကို အပြီးတိုင်ခွဲခွါသွားခဲ့ပါတယ်။ သူသိပ်ချစ်တဲ့ ပါကိုတောင် သူမတွေ့မမြင်လိုက်ရရှာပါဘူး။
🌺 အန်ကာအစိုးရဟာ အရင်အစိုးရကိုထောက်ခံသူတွေကိုရှာဖွေဖမ်းစီးနေတဲ့သတင်းလည်းကြားရော ပါ့ အတွက် စိတ်သောကရောက်ကြရပြန်ပါတယ်။ ပါ က အရင်အစိုးရလက်ထက်မှာ ရဲအရာရှိအဖြစ်အမှူထမ်းခဲ့တာပါ။၁၉၇၆ ဒီဇင်ဘာလမှာတော့ သူမတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကြခဲ့ကြရပြီပဲဖြစ်ပါတယ်။ စစ်သားတွေဟာ ပါ့ကို လာရောက်ဖမ်းဆီးသွားကြပြီပဲဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းစရာရှိလို့ တရက်နှစ်ရက်သာကြာမယ်လို့ပြောသွားပေမယ့် ပါ့ကို လုံးဝတွေ့ခွင့်မရတော့ပါဘူး။ သိပ်မကြာခင်မှာ အတူနေရွာသူရွာသားမိသားစုတွေဟာ တနည်းမဟုတ်တနည်း နဲ့ အသတ်ခံနေကြရတာမို့ မာက သားသမီးတွေ အသက်ဆက်ရှင်ဖို့ ဆုံးဖြတ်ချက်ချကာ ကင်မ် ၊ ချောင် နဲ့ လောင်တို့ကို ထွက်ပြေးစေခဲ့ပြီး မာကတော့ အငယ်ဆုံးညီမဖြစ်သူ ဂိက် နဲ့ ကျန်နေရစ်ခဲ့ပါတော့တယ်။
🌺 အဲ့ဒီနောက်မှာ သူတို့မိသားစုတွေ ဘယ်လိုတွေခက်ခဲစွာကျော်ဖြတ်ကြရလဲ။ သူတို့မိသားစုတွေ ပြန်လည်ဆုံတွေ့ကြမလားဆိုတာကတော့ ……..။
🌺 ခမာရုဂ်အဖွဲ့တွေဟာ ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကမ္ဘောဒီးယားလူမျိုးနှစ်သန်းကျော်ကို အဆုံးစီရင်ခြင်း၊ ငတ်မွတ်ခေါင်းပါးစေခြင်း၊ရောဂါဘယထူပြောစေခြင်း၊ အဓမ္မလုပ်အားပေးစေခြင်း စသည့်နည်းမျိုးစုံတို့ဖြင့် သတ်ဖြတ်ခဲ့ကြပါသည်။လူဦးရေနှစ်သန်းကျော်ဆိုသည်မှာ တနိုင်ငံလုံးတွင်ရှိသောလူဦးရေ၏ လေးပုံတပုံခန့်ဖြစ်ပါသည်။
Phyo Thuzar (verified owner) –
တကယ်ဖတ်လို့ကောင်းတဲ့ စာအုပ်လေးပါ
Zaw Ye –
ဆရာဝင်းငြိမ်းစာအုပ်တွေအရင်ကမဖတ်ဖူးခဲ့ပေမဲ့ စာအုပ် titleက ကျွန်တော့်ကိုဆွဲဆောင်နိုင်ခဲ့လို့ လက်မနှေးပဲဝယ်ဖတ်ဖြစ်ခဲ့ပါတယ် အဆင်းကိုပဲကြည့်ပီးဝယ်ဖြစ်ခဲ့တယ်ပြောရမှာပဲ တကယ်တမ်းဖတ်ကြည့်မှ အဆင်းရော အချင်းရောကပြည့်စုံလွန်းလှပါတယ် ဒီစာအုပ်လေးက ရသရော သုတရောခံစားရနိုင်တာမို့ တကယ်ဖတ်ကြည့်သင့်ပါတယ်